Sunday, September 19, 2010
ဝိပဿနာနှင့် စိပ်ပုတီး
ယခုအခါ ၀ိပဿနရာတရားစခန်း အများစုတွင် ယောဂီများ ပုတီးမစိပ်ကြရန် စည်းကမ်းချက် သတ်မှတ်ထားသည်ကို တွေ့ရသည်။ သင့်ပါပေသည်။ တရားစခန်းတွင် တရားအားထုတ်ရေးသည်သာ အဓိကဖြစ်သည်။ တနေ့လုံးလိုလို တရားအားထုတ်ရသဖြင့် ပုတီးစိပ်ချိန် မပေးနိုင်ပေ။ တရားရှုနည်းကိုသာ အဓိက လေ့လာဆည်းပူး အားထုတ်ရမည်ဖြစ်သဖြင့် ပုတီးစိပ်ရန် မလိုအပ်ပေ။ ထိုစည်းကမ်းချက်ကို ကျွန်ုပ်တို့ သဘောပေါက်နားလည်၍ ထောက်ခံခြင်းပြုအပ်ပါသည်။
သို့ရာတွင် တရားစခန်းပြီးဆုံး၍ မိမိတို့နေအိမ်များသို့ ပြန်ရောက်ကြသောအခါ အချို့က စိပ်ပုတီးကို စွန့်လိုက်ကြသည်ကို ၀မ်းနည်းဖွယ် တွေ့ရသည်။ စင်စစ် နေအိမ်၌ တရားအားထုတ်မှုကို တစ်နာရီ နှစ်နာရီ စသဖြင့် တစ်ကြိမ် နှစ်ကြိမ်သာ ကြိုးကြားကြိုးကြား ပြုကျင့်နိုင်ကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ပုတီးစိပ်ရန် မလိုတော့ဟု ယူဆကာ ပုတီးကို စွန့်ပယ်လိုက်ကြသည်မှာ ၀မ်းနည်းဖွယ်ဖြစ်သည်။ ၀ိပဿနာတရား အားထုတ်သူသည် စိပ်ပုတီးကိုင်ဆောင်ရန် မလိုတော့ ဟူ၍ အချို့ ခံယူနေကြသည်ကို ၀မ်းနည်းဖွယ် မြင်တွေ့နေရသည်။
မူလအစက စိပ်ပုတီးသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ အသုံးပြုသော အသုံးအဆောင်ကား မဟုတ်ပေ။ ဗြဟ္မဏ၀ါဒနှင့် မဟာယာနတို့မှ ဆက်နွယ်လာသည့် တန္တရ၊ မန္တရ ဂိုဏ်းဝင်များ၏ ကိုယ်ပိုင် အသုံးအဆောင်သာ ဖြစ်သည်။ သို့ရာတွင် ရှေးထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာကြီးတို့သည် တန္တရ၊ မန္တရ ဂိုဏ်းတို့၏ ပုတီး အသုံးပြုနည်းကို အတုယူပြီး တီထွင်မှုပြုခဲ့ကြသည်။ မိမိတို့ကိုးကွယ်သည့် ဘာသာအရ ဘုရားဂုဏ်စသည့် ဂုဏ်တော်များကို ပွားများရာတွင် ဂုဏ်တော်အရေအတွက်ကိုလည်း သိရ၊ စိတ်တည်ကြည်မှုလည်း ရအောင် စိပ်ပုတီးကို အသုံးပြုခဲ့ကြသည်။ စိပ်ပုတီးအကူအညီဖြင့် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများခဲ့ကြသည်။ နောက်ပိုင်းတွင် ဂုဏ်တော်များ ပွားများမှု၌သာမက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာရေးသုံးပါးကို ဆင်ခြင်သည့်အခါတွင်လည်း စိပ်ပုတီးကို တိုးချဲ့ အသုံးပြုခဲ့ကြသည်။ ပုဂံခေတ်ကတည်းက ကျွန်ုပ်တို့၏ ဘိုးဘွားများ ပြုလာခဲ့သော အစဉ်အလာကောင်းပင် ဖြစ်သည်။
ထိုအစဉ်အလာကောင်းကို ပစ်ပယ်မည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ်သာ ဖြစ်ပေမည်။ တရားစခန်းများမှအပ အခြားနေရာများတွင် မည်သို့ပင် ၀ိပဿနာတရားကို အားထုတ်စေကာမူ အားလပ်ချိန်တွင် စိပ်ပုတီးကိုတော့ လက်စွဲ ပြုသင့်ပေသည်။ ၀ိပဿနာအားထုတ်မှုတွင် အလွန်ထင်ရှားကျော်ကြားသော လယ်တီဆရာတော် ဘုရားကြီး၏ ဓာတ်ပုံအချို့ကို ရှုပါ။ လက်တွင် စိပ်ပုတီးကိုင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။
အလားတူပင် အနာဂါမ်ဆရာသက်ကြီး၏ ဓာတ်ပုံကိုလည်း ရှုပါ။ လက်ထဲတွင် စိပ်ပုတီးကိုင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။(အချို့က ထိုအချက်ကို ပယ်ဖျက်လိုသဖြင့် ယခုခေတ်၌ လယ်တီဆရာတော်ဘုရားကြီးနှင့် အနာဂါမ်ဆရာသက်ကြီးတို့၏ ဓာတ်ပုံများကို ပြန်လည်ကူးယူ ပုံနှိပ်ရာ၌ စိပ်ပုတီးကို ကွန်ပျူတာဖြင့် ပယ်ဖျောက်ထားသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပေသည်။)
စိပ်ပုတီးနှင့်ပတ်သက်၍ စစ်ကိုင်းတောင် အနောက် ပရက္ကမဆရာတော်ဘုရားကြီး အဆုံးအမကို အကျဉ်းချုပ် တင်ပြလိုပါသည်။ ဆရာတော်ကြီးသည် ၀ိပဿနာတရားကို အံ့ချီးဖွယ်ကောင်းလောက်အောင်ပင် အားထုတ်တော်မူသော ဆရာတော်ကြီး ဖြစ်သည်။ တနေ့တွင် ဆရာတော်ကြီး၏ မနီးမဝေး၌ ဒကာသုံးဦး စုဝေး စကားပြောနေကြသည်။ စကားဝိုင်း တစ်နာရီခန့် ကြာသောအခါ ဆရာတော်ကြီးက ထိုသုံးယောက်ကိုခေါ်၍-မင်းတို့ကွယ်၊ ကလေးတွေလဲ မဟုတ်ဘဲနဲ့ ပြောရမှာ ၀န်လေးလိုက်တာ၊ စကားများနေကြလို့ ဖြစ်ပါ့မလားကွယ်၊ တော်ရုံပြောရ တော်ကြရော့ပေါ့။ စကားပြောနေမယ့်အစား ပုတီးများစိပ်နေကြရင် ဘယ်လောက်ကောင်းမလဲ ကွယ်-ဟု ဆုံးမတော်မူသည်။
ထိုအထဲတွင် ၀ိပဿနာတရား အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်တဦးလည်း ပါသည်။ ထိုပုဂ္ဂိုလ်က ၀ိပဿနာ အားထုတ်နေသူသည် ပုတီးစိပ်ရန် မလို-ဟု ခံယူထားသည်။ ထိုပုဂ္ဂိုလ်အား အထူးရည်ရွယ်လျက် ဆရာတော်ကြီးက ၀ိပဿနာ မည်မျှပွားများ အားထုတ်နေနေ ပုတီးကိုတော့ လက်မလွတ်ရဘူးကွယ့်။ အင်္ဂုတ္တိုရ် ဧကနိပါတ် အဋ္ဌကထာမှာ ဘယ်ကမ္မဋ္ဌာန်း စီးဖြန်းစီးဖြန်း ငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းရမယ်။ ဗုဒ္ဓါနုဿတိပွားများလို့ စိတ်ကြည်လင်လာတဲ့အခါကျမှ မိမိအားထုတ်နေကျ ကမ္မဋ္ဌာန်းကို ပြည်လည်ပွားများ အားထုတ်ရမယ်။
ဥပမာ-ခွန်အားဗလနှင့်ပြည့်ဝတဲ့ သစ်ခုတ်သမားယောက်ျားဟာ သစ်ပင်မပြတ်ခင် ရဲတင်းကျိုးပဲ့သော် ပန်းပဲသို့ ပြန်လည်ပြုပြင်ပြီး သစ်ပင်ကို ပြန်လည်ခုတ်ရသလိုပါပဲ။ အဲဒီတော့ ပန်းပဲနှင့်တူတဲ့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို လွှင့်ပစ်ထားလို့ မရဘူးကွယ့်။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာလဲ ပုတီးနဲ့က ပိုပြီး သမာဓိရတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိကို လက်မလွတ်သလို ပုတီးကိုလဲ လက်မလွှတ်ရဘူးကွယ့်။ ဟူ၍ ရှင်းပြမိန့်တော်မူခဲ့ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ၀ိပဿနာတရားကိုလည်း အားထုတ်ကြရပါမည်။ စိပ်ပုတီးကိုလည်း မပစ်ပယ်သင့် ကြပါ။ အရာရာတွင် အစွန်းမရောက်ဘဲ မဇ္ဈိမပဋိပဒါတည်းဟူသော လမ်းမှန်ကို ကျင့်သုံးတော်မူနိုင်ကြပါရန် တင်ပြအပ်ပါသည်။
(မြတ်မင်္ဂလာ ၂၀၀၃-ခု မတ်လ)
အနောက်ပရက္ကမ ဆရာတော်ကြီးနှင့် စိပ်ပုတီး
စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ကြီး ဘဒ္ဒန္တ၀ဏ္ဏာစာရ (၁၂၆၈-၁၃၃၇) သက်တော်ထင်ရှားရှိစဉ်က ဖြစ်သည်။
တစ်နေ့တွင် အနောက်ပရက္ကမချောင်၌ ဘိုးသက်ရှည်၊ ဘိုးလုံး၊ ဦးကျော်စိုးတို့သည် ဆရာတော်နှင့် မနီးမဝေးတွင် စုဝေးစကားပြောနေကြ၏။ စကားဝိုင်း တစ်နာရီခန့်ကြာသောအခါ ဆရာတော်ကြီးက ထို ၃-ယောက်ကိုခေါ်၍ "မင်းတို့ကွယ်၊ ကလေးတွေလည်း မဟုတ်ဘဲနဲ့ ပြောရမှာ ၀န်လေးလိုက်တာ၊ စကားများနေကြလို့ကွယ် ဖြစ်ပမလား။ တော်ရုံပြောကြ တော်ကြရော့ပေါ့။ စကားပြောနေမယ့်အစား ပုတီးများစိပ်နေကြရင် ဘယ်လောက်ကောင်းမလဲ ကွယ်"ဟု ကရုဏာရောယှက်ပြီး ညည်းညူသံပါ ဖက်၍ မိန့်မြွက်ပြောဆို၏။
သို့ပြောဆိုရာမှ ဆရာတော်ကြီးက မောင်လုံး ပုတီးပါလား-ဟုမေး၏။ ဘိုးလုံးသည် ပုတီးမကိုင်သည်မှာ နှစ်အတော်ကြာပြီဖြစ်၏။ သူသည် ၀ိပဿနာယောဂီတဦးဖြစ်၍ ပုတီးမကိုင်၊ ၀ိပဿနာ ကမ္မဋ္ဌာန်းချည်း ဦးစားပေးထိုင်၏။ ထို့ကြောင့် ပုတီး ပါမလာ။ ဆရာတော်ကြီးက မေးနေပြန်တော့လည်း ပုတီးမကိုင်ကြောင်း မလျှောက်ဝံ့၍ ပုတီးရှိပါတယ်ဘုရား-ဟု လျှောက်ထား၏။
ဆရာတော်ကြီးက ရှိရင် ပါသလား-ဟု မေး၏။ ဘိုးလုံးလည်း ကွယ်ဖုံး၍ မရတော့မှန်း သိသဖြင့် အိမ်မှာရှိပါ တယ်ဘုရား-ဟု လျှောက်၏။ ဆရာတော်ကြီးက အေး မင်းလိုဖြင့်ကွယ် ဈေးထဲမှာ ပုတီးတွေအများကြီး ရှိတာပေါ့-ဟု မိန့်တော်မူပြီး အရွယ်ကြီးလာရင် ပုတီးဆောင်ရမယ်။ ၀ိပဿနာ မည်မျှပွားများအားထုတ်နေနေ၊ ပုတီးကိုတော့ လက်မလွှတ်ရဘူး။ အင်္ဂုတ္တိုရ် ဧကနိပါတ် အဋ္ဌကထာမှာ ဘယ်ကမ္မဋ္ဌာန်း စီးဖြန်းစီးဖြန်း ငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းရမယ်။ ဗုဒ္ဓါနုဿတိပွားများလို့ စိတ်ကြည်လင်လာတဲ့အခါကျမှ မိမိအားထုတ်နေကြ ကမ္မဋ္ဌာန်းကို ပြန်ပွားများအားထုတ်ရမယ်။
ှုဥပမာ-ခွန်အားဗလနဲ့ပြည့်ဝတဲ့ သစ်ခုတ်သမားယောက်ျားဟာ သစ်ပင်မပြတ်ခင် ရဲတင်းကျိုးပဲ့တဲ့အခါ ပန်းပဲမှာ ပြန်လည်ပြုပြင်ပြီး သစ်ပင်ကို ပြန်လည်ခုတ်ရသလိုပါပဲ။ အဲဒီတော့ ပန်းပဲနဲ့တူတဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို လွှတ်ပစ်ထားလို့မရဘူးကွဲ့။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာလည်း ပုတီးနဲ့က ပိုပြီး သမာဓိရတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိ လက်မလွှတ်သလို ပုတီးကိုလည်း လက်မလွှတ်ရဘူး-ဟု အမိန့်ရှိ၏။
ဘိုးလုံးကို ဆုံးမပြီးလျှင် ဆရာတော်ကြီးက ဦးကျော်စိုး-အား ပုတီးပါလား-ဟု မေး၏။ ဦးကျော်စိုးက လည်ပင်းမှပုတီးကို ကပျာကသီဖြုတ်၍ ပြလေ၏။ ဆရာတော်ကြီးသည် ဦးကျော်စိုးအားလည်း ပုတီးစိပ်ရန် တိုက်တွန်းပြန်၏။ ထို့နောက် ဘိုးသက်ရှည်အား ပုတီးပါလား-ဟု မေးပြန်၏။
ဘိုးသက်ရှည်ကလည်း မရှိပါဘုရား-ဟု ရိုးသားစွာ လျှောက်၏။ အရင်ကရှိပါတယ်၊ ဘယ်ရောက်သွားလို့လဲ-ဟု ထပ်မံမေးပြန်၏။ ဘိုးသက်ရှည်က ရှဥ့်ချီသွားလို့ပါဘုရား-ဟု အမှန်ကို လျှောက်ထားလိုက်၏။ ဆရာတော်ကြီးက ဒါဖြင့် မောင်ရီ-လာလျှင် ပုတီးမှာလိုက်။ ပုတီးက ရှိမှဖြစ်မယ်-ဟု မိန့်တော်မူလေသည်။
အကိုး။ ။ စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်၏ ဖြစ်စဉ်နှင့် ကျင့်စဉ်များ။(အရှင်စာရိန္ဒ၊ ဓမ္မာစရိယ)
မင်းစောထက်
(မြတ်မင်္ဂလာ ၂၀၀၉-ခု ဒီဇင်္ဘာလ)
(မင်္ဂလာသတင်းစဉ် မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။)
2 comments:
  1. လှိုင်မြို့နယ်၊ ရန်ကုန်တွင် ရှိသော လှိုင်မဟာစည်ဆရာတော်ဘုရားမှ ပုတီးမစိပ်ရန် ညွှန်ကြားပြသထားပါသည်။ ဆရာတော်ဘုရားသည် အများနားလည်အောင် နာရီ၊ မိနစ်နှင့် ဆုံးမထားသည်။ ထိုညွှန်ပြချက်အားကျွန်မနားလည်သလို အဘိဓမ္မာနည်းဖြင့် ပြန်လည်ရေးပြထားပါသည်။
    ၁-မိနစ် ဂုဏ်တော်ပွားမည်ဆိုပါစို့။
    ၁-မိနစ် = ၆၀-စက္ကန့်
    ၆၀-စက္ကန့် = ၂၈၈၀-မျက်တောင်ခတ် (၁-စက္ကန့် = ၄၈-မျက်တောင်ခတ်)
    ၂၈၈၀-မျက်တောင်ခတ် = ၂ ၈၈၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀-စိတ် ( မျက်တောင် ၁-ခတ်= နာမ် ကုဋေ ၁-သိန်း)
    ၂၈၈၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀-စိတ် = ၁၆၉ ၄၁၁ ၇၆၄ ၇၀၅ ၈၈၃-ဝီထိ ( ၁၇-စိတ် = ၁-ဝီထိ)
    ၁၆၉၄၁၁၇၆၄၇၀၅၈၈၃-ဝီထိ = ၁၁၈၅၈၈၂၃၅၂၉၄၁၁၈၁- ဇော ( ၁-ဝီထိ = ဇော ၇-ကြိမ်)
    ထို့ကြောင့် ၁-မိနစ်တွင် ဇော ပေါင်း ၁၁၈၅၈၈၂၃၅၂၉၄၁၁၈၁-ကြိမ် စောပါသည်။
    တစ်မိနစ် အတွင်းဖြစ်သော စိတ်တိုင်းသည် အကြောင်းစိတ်ချည့် မဟုတ်ပါ။ ဇော စိတ်တစ်မျိုးတည်း သာ အကြောင်းစိတ် ဖြစ်ပါသည်။
    ထို ၁-မိနစ်တွင် ခါတိုင်းပုတီးစိပ်သကဲ့သို့ စိတ်ထဲမှ အာရုံယူ၍ ဂုဏ်တော်ပွားလျှင် ဖြစ်သမျှ ဇောတို့သည် ကုသိုလ်ဇောချည့် စောပါသည်။
    ပုတီးစိပ်လျှင် မည်သို့ပင် ဈန်ဝင်ပါသည်ဆိုစေကာမူ- ဂုဏ်တော် တစ်ခုအပြီး ပုတီးကိုအာရုံပြောင်း ရသော စိတ်၊ ပုတီးစေ့တိုင်း ရည်တွက်ရသော စိတ်၊ ပုတီးပတ်တိုင်း ရည်တွက်ရသောစိတ် တို့သည် ပုံမှန်ဖြစ်လာရပါမည်။
    ထိုစိတ်တို့၌ပါသော ဇောတို့သည် ကုသိုလ်ဇော ဆက်တိုက်စောခွင့် မရအောင် ကြားဖြတ်ဝင်ကြမည့် လောဘနွယ်သော အကုသိုလ်ဇောများသာဖြစ်သည်။
    တချို့ TV ကြည့်ရင်း ပုတီးစိပ်၊ စကားပြောရင် ပုတီးစိပ်ကြသော မည်ကာမတ်တတ်ပုတီးစိပ်သူများအဖို့ ပြောဖွယ်ရာမရှိတော့။
    ကုသိုလ်ဇောတို့ ကြားမှ ဖြတ်နိုင်ပါလေစွ။
    ဆရာတော်၏ အဆုံးအမ၌ ဝိပဿနာလုပ်ရင် ပုတီးစိပ်စရာမလို ဟုဆိုလိုရင်းမဟုတ်ပါ။
    လောကီကိစ္စ အဖုံဖုံတို့တွင် တောင့်တကြောင့်ကြများစွာ ဖြင့်ကျင်လည်ကြသော ကျွန်မတို့ လူဝတ်ကြောင်များအဖို့ ကောင်းမှုပြုမိလိုက်သော မိနစ်ပိုင်း၌ ကုသိုလ်ဇောတို့သာ မပြတ် စောစေချင်သည်။
    တရားမထိုင်နိုင်၍ ဂုဏ်တော်ပွားလျှင် ၅-မိနစ်ဖြင့် ၅-မိနစ်၊ ၁၅-မိနစ်ဖြင့် ၁၅-မိနစ် အာရုံယူ၍ သေသေချာချာ ပွားများရန်ဖြစ်သည်။
    ဝိပဿနာ၊ သမ္မထ ခွဲခြားခြင်း မဟုတ်ပါ။
    အမှားပါလျှင် ခွင့်လွှတ်ပါ။
    ကုသိုလ်ဇောတို့ မပြတ်စောနိုင်ကြပါစေ။
    ReplyDelete
  2. အခုလို ၀င်ရောက်ဆွေးနွေးတာကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား။ ဗဟုသုတလည်း အများကြီးရလိုက်ပါတယ်။
    လေးစားစွာဖြင့်
    ReplyDelete