Friday, September 17, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၀)

ဝေဒနာဦးစီးသော ရှုနည်း

တဖန်ဝေဒနာကို ဦးစားပေး၍ ရှုသော ဒိဋ္ဌေဒိဋ္ဌမတ္တံ နည်းလမ်းရှိသေး၏။ အပြင်မှ တိုက်ခတ်သော ရူပါရုံ၊ သဒ္ဒါရုံစသည်တို့နောက်သို့မလိုက်ဘဲ၊ မိမိကိုယ်၌ ခံစားလျက်ရှိသော ဝေဒနာကို ရှုလိုသည်ဆိုအံ့။ မည်သည့်အချိန်အပိုင်းအခြား၌ဖြစ်စေ၊ သတ္တ၀ါသည် ဝေဒနာ တစ်မျိုးမျိုးကို ခံစားလျက်သာရှိ၏။ သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ သောမနဿသော်လည်းကောင်း၊ ဒေါမနဿသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း၊ တစ်ခုသောအချိန်အပိုင်းအခြားတွင် တစ်မျိုးမျိုး ခံစားလျက်ရှိ၏။ သုခဝေဒနာသည် မည်သို့ရှိလေသနည်းဟု အခြောက်တိုက်တွေးတောမှန်းဆနေရန်မဟုတ်။ ပစ္စုပ္ပန်တည့်တည့် ဆတ်ဆတ် ခံစားလျက်ရှိသော ဝေဒနာကို ရှုရန်ဖြစ်သည်။ မည်သည့်အနာရောဂါမျှ မရှိသော သူတစ်ယောက်သည်ပင် ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်လျက် မိမိကိုယ်၌ ခံစားလျက်ရှိသော ဝေဒနာတစ်ခုခုကို ရှာတတ်လျှင် တွေ့မည်သာဖြစ်၏။ တစ်စုံတစ်ရာ ဘာမျှမဖြစ်ပါဟုဆိုလျှင် ဥပေက္ခာဝေဒနာမျိုးဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ဘာမျှမဖြစ်ဆိုသော ဥပေက္ခာဝေဒနာဟူသည် ဘယ်လိုရှိနေသနည်းဟု မိမိကိုယ်၌ စူးစိုက်ရှာလိုက်လျှင် တွေ့ရမည်သာ ဖြစ်လေသည်။ ဥပေက္ခာဝေဒနာ ခံစားပုံကို တစ်ကြိမ်တွေ့အောင် ရှာတတ်ပြီးနောက် အာရုံပြုတိုင်း တွေ့လိမ့်မည်သာဖြစ်၏။

ထို့နောက်တွင် ၀မ်းသာခြင်း၊ ဒေါသဖြစ်ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းစသော ဝေဒနာများသည် တစ်လှည့်တစ်ပတ်စီ ပြောက်ကျားပြောက်ကျား ရံဖန်ရံခါ ပေါ်လာတတ်သည်ဖြစ်ရာ ပေါ်လာတိုင်း၊ ပေါ်လာတိုင်း ပစ္စုပ္ပန်တည့်တည့် သတိနှင့်ရှုခြင်းသည် ယောဂီ၏အလုပ်ဖြစ်၏။ စိတ္တနုပဿနာအလုပ်သည် စိတ်သဘာဝကို ယထာဘူတကျကျ သိစေရန်အတွက်ဖြစ်သကဲ့သို့ ဝေဒနာကိုရှုခြင်းသည်လည်း ဝေဒနာ၏သဘာဝကို ထိုးထွင်းသိမြင်စေရန်ဖြစ်၏။ ဝေဒနာတို့၏ပြောင်းလဲပုံ၊ အခိုက်အတန့်မျှ ပေါ်လာပုံ၊ အမြဲမဟုတ်ပုံ၊ ကိုယ်ပိုင်ပစ္စည်းမဟုတ်ပုံတို့ကို ထိုးထွင်းသိမြင်စေရန်အတွက်ဖြစ်၏။ ဤစကားသည် ယုတ္တိတန်မတန် စဉ်းစားသင့်လှသည်။

ဝေဒနာပျောက်အောင်ရှုသော်လည်း

အချို့ သောယောဂီများသည် မိမိတို့ကိုယ်၌ နာကျင်ကိုက်ခဲခြင်းတည်းဟူသော ဒုက္ခဝေဒနာကို ပေါ်လာအောင် ထိုင်ပြီးသည့်နောက်မှ ၄င်းဝေဒနာကို စိုက်၍ရှုကြ၏။

ဝေဒနာ၏သဘာဝကို ထိုးထွင်း၍ သိမြင်ခြင်းမဟုတ်ဘဲ၊ ဒုက္ခဝေဒနာကို ဒုက္ခဟုထင်လာအောင် ရှုခြင်းအားဖြင့် အကျိုးများ မများ စဉ်းစားထိုက်ပေသည်။

ဤဝေဒနာကို နိုင်နိုင်နင်းနင်း ရှုမှတ်လိုက်သောအခါ၌ ဝေဒနာပျောက်သွားသည်ဟု ဆိုကြသည်။ ဟုတ်ကား ဟုတ်ပါပေလိမ့်မည်။ သို့ရာတွင် ၄င်းဝေဒနာပျောက်သွားခြင်းသည် ပညာ၏အစွမ်းသတ္တိကြောင့်မဟုတ်။ သမာဓိ၏ အစွမ်းသတ္တိမျှသာ ဖြစ်ပေလိမ့်မည်။ ဝေဒနာပျောက်သွားခြင်းနှင့် ပတ်သက်၍ အိန္ဒိယပြည်၌ ဖကေးကုလားများ ကျစ်စန္ဒီနတ်ပူးသူများမှစ၍ လောက၌ အနည်းနည်းအဖုံဖုံ ရှိကြခြင်းကို ထောက်ခြင်းဖြင့် ဝေဒနာပျောက်သည်ဆိုရုံမျှနှင့် အထင်ကြီးထိုက်သည် မထင်ပေ။

ကမ္မဋ္ဌာန်းထိုင်ရင်း ကိုက်ခဲနာကျင်လာသည်ဆိုကတည်းက စိတ်ကြောင့်ဖြစ်သောဝေဒနာ (psychological cause) ဖြစ်တန်ရာပေရာ၊ စိတ်၌တည်သော သမာဓိအစွမ်းဖြင့် ပျောက်ကင်းနိုင်သည်ဆိုခြင်းမှာ ထူးဆန်းလှသည် မဟုတ်ပေ။ မည်သို့ဆိုစေ ဤနည်းဖြင့် ဝေဒနာကို ရှုခြင်းသည် ဗုဒ္ဓဟောတော်မူခဲ့သည့် ဝေဒနာနုပဿနာရှုနည်းနှင့် ကိုက်မကိုက် ညီမညီ ဆင်ခြင်စဉ်းစားသင့်လှသည်။ မည်သည့်ပုဂ္ဂိုလ်က မည်ကဲ့သို့ဟောပြစေကာမူ၊ ဗုဒ္ဓ ‘တား’ ထားခဲ့သော (ဓမ္မ)မျဉ်းကြောင်းနှင့် မလွတ်အောင် သတိပြုကြပါမှ မှန်းရွယ်ရာသို့ ရောက်နိုင်ကြပေလမ့်မည်။

ဓမ္မာနုပဿနာသမား၏ အမြင်

ထို့ပြင်တ၀လည်း သတိနှင့်ယှဉ်သော စိတ်ရှိသည်ဖြစ်၍ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအားဖြင့် မြင်ခြင်း၊ ကြားခြင်းစသည်တို့၌ ပစ္စုပ္ပန်တည့်တည့်ထားနိုင်သည့်အခါ၊ (ဉာဏ်ကြီးသောပုဂ္ဂိုလ် ဖြစ်ခဲ့လျှင်) ခန္ဓာ၊ အာယတန၊ ဓာတ် စသည်တို့၏ သဘာဝအချင်းအရာတို့သည် ဉာဏ်ထဲတွင်ထင်မြင်လာ၍ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဖြစ်နိုင်ပေသည်။ ဖြစ်ပုံမှာကား သတိနှင့်ယှဉ်သော စိတ်ရှိစေဖို့လေ့ကျင့်၍ ရင့်ကျက်လာသောအခါတွင် ထိုပုဂ္ဂိုလ်မျိုးသည် အသံကြားလိုက်သောတစ်ခဏ၌ ပစ္စုပ္ပန်တည့်တည့်ရှုနေရင်း အပြင်မှ သဒ္ဒဓာတ် (လေလှိုင်းဆိုချင်ဆို)နှင့် အတွင်းမှ သောတအကြည်ဓာတ်တို့ တိုက်ခိုက်မိခြင်းကြောင့် အသံကိုကြားသော၊ သို့မဟုတ် သိသော သောတ၀ိညာဉ်စိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကြားတတ်သော ငါကောင်ရှိသည်မဟုတ်။ အသံချုပ်ပျောက်သည်နှင့် တပြိုင်နက် ၄င်းအသံကို သိတတ်သော ကြားစိတ်ကလေးသည်လည်း ချုပ်ပျောက်လေတော့သည် စသည်ဖြင့် (စာဆိုမဟုတ်) ဉာဏ်ထဲတွင် ရှင်း၍မြင်လာရသည်။

၎င်းဉာဏ်အမြင်ပေါ်လာခြင်းသည် စိတ်ကူးကြံစည်ခြင်းဖြင့် ပေါ်လာခြင်းမဟုတ်။ လက်ငင်းကြားလိုက်ရသော ပစ္စုပ္ပန်တည့်တည့်အာရုံကို အစွဲပြုပြီး ဖြစ်ပေါ်လာရသော ဉာဏ်ဖြစ်လေသည်။ စိတ်ကူးကြံစည်သော ဉာဏ်မျိုးမှာ ပစ္စုပ္ပန်တည့်တည့်ဟု မဆိုနိုင်သောကြောင့် ၀ိပဿနာဉာဏ်မဟုတ်ဘဲ၊ စိန္တာမယဉာဏ်မျိုးသာ ဖြစ်နိုင်ပေသည်။ အတွင်းနှင့်အပြင် တိုက်ခတ်မှုကြောင့် ၀ိဉာဉ် (အသိစိတ်) ဖြစ်ပေါ်လာရသည်ဟု ယခင်က ကြားသိဖူးသူဖြစ်လျှင်လည်း အသံကြားခိုက်တွင် စိတ်ထဲ နှလုံးထဲမှ ထပ်လောင်း၍ လှိုက်လှိုက်လှဲလှဲ သဘောကျပြီး ဖြစ်ပုံပျက်ပုံကိုလည်း ထင်းလင်းစွာ သိလိုက်ရသည်။

ဤသည်ကား ပထမတန်း ဉာဏ်ပညာကြီးသူတို့၏ အမြင်ဖြစ်သည်ဟု စာဆိုရှိပေရာ ကျွန်ုပ်မှာ စိတ္တနုပဿနာအတိုင်းသာလျှင် မြင်ရဖူးသူဖြစ်လေသည်။ ဤမျှလောက်ဆိုလျှင် ဒိဋ္ဌေဒိဋ္ဌမတ္တံ လမ်းစဉ်အတိုင်း အားထုတ်လိုသူများအဖို့  အထောက်အပံ့ဖြစ်လောက်ပြီဟု ယုံကြည်ပေသည်။

သတိအရေးအကြီးဆုံး

ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်အကြောင်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းကြသော ပုဂ္ဂိုလ်များနှင့် စမ်းသပ်အားထုတ်လိုသော ပုဂ္ဂိုလ်များအား အထူးသိစေလိုသော အချက်တစ်ခု တင်ပြလိုသေးသည်။ “သဒ္ဓါရက္ခတိ သီလံပိ” အစချီသော ပါဠိတော်အရမှာ သီလကို သဒ္ဓါက စောင့်၏။ သီလနှင့် သဒ္ဓါကို ပညာက စောင့်၏။ သီလ၊ သဒ္ဓါနှင့် ပညာတို့ကို သတိက စောင့်၏ ဟု ဗုဒ္ဓဟောတော်မူသည်။ (သင်က စောင့်သော အရာဟူ၍ တစ်ခုမျှ မပါချေ။)


စမ်းသပ်ကြည့်ပါ။ သတိနှင့်ယှဉ်သောစိတ်၊ သို့မဟုတ် သတိဦးစီးသောစိတ် ဖြစ်နေသည့် အခိုက်အတန့်အတွင်း၌ သီလလည်းလုံခြုံ၍ သဒ္ဓါနှင့်ပညာတို့လည်း တွဲဖက်လျက်ရှိသည်ဟု ဗုဒ္ဓဟောတော်မူခြင်းကို သဘောပေါက်ပါလိမ့်မည်။ သတိနှင့်ယှဉ်သောစိတ် ဖြစ်နေသည့်အခိုက်အတန့်အတွင်း၌သာ လုံခြုံသည်။ သတိလွတ်သော တခဏ၌ သီလချိုးဖောက်နိုင်သည်ဟု စောဒကတက်သူရှိခဲ့လျှင် သတိ လက်မလွတ်အောင် လုပ်ရန်သာရှိသည်။

လိုရင်းအချုပ်မှာ သတိနှင့်ယှဉ်သောစိတ် ဟူသည်မှာ မည်ကဲ့သို့ဖြစ်သည်ဟု နားလည်စေရန် တစ်စက္ကန့်မျှဖြစ်စေ၊ စမ်းသပ်ကြိုးစားကြည့်၍ သဘောပေါက်သည်နှင့် တစ်ပြိုင်နက် အချိန်ဆန့်ယူရန်သာ လိုတော့သည်ဟူလို။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment