Thursday, September 16, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၉)

တစ်ဆင့်တစ်ဆင့် တက်ရပုံ

ထို့နောက် တစ်ဆင့်ပြန်တက်သော် ကမ္မဋ္ဌာန်းထိုင်သူများကဲ့သို့ အချိန်သီးသန့်သတ်မှတ်၍ လေ့ကျင့်ခြင်းအပြင်၊ အားလပ်သော အခိုက်အတန့်များ၌လည်း သတိနှင့်ယှဉ်သော စိတ်နှင့်နေမည်ဟု ဆုံးဖြတ်ကာ ခဏတဖြုတ်လေ့ကျင့်ထိုက်ပေသည်။ အားလပ်သော အချိန်ဟူသည်မှာ ကျွန်ုပ်တို့ ထင်ကြသည်ထက် များလှပါသည်။ မည်မျှလောက် အလုပ်ရှုပ်သော လူတစ်ယောက်ဖြစ်စေကာမူ၊ အလုပ်နှင့် မပတ်သက်ဘဲ၊ တောင်ရောက် မြောက်ရောက် ထွေရာလေးပါး စဉ်းစားစိတ်ကူးသော အချိန်သည် မနည်းလှသည်ကို တွေ့ရပါလိမ့်မည်။ ထိုကဲ့သို့ အလဟဿ အချိန်ကုန်စေမည့် အတောအတွင်းကလေး၌ သတိနှင့်ယှဉ်သော စိတ်မျိုးထားဖို့ တစ်နေ့လျှင် (ခဏတဖြုတ်ဖြစ်စေ) အကြိမ်ပေါင်းများစွာ အလေ့အကျင့်ပြုလုပ်ပါက အံ့သြလောက်အောင် တိုးတက်လာခြင်းကို တွေ့ရပါလိမ့်မည်။

သတိကို အနှောက်အယှက်ပေးသော အရာ

သတိယှဉ်သောစိတ်ရှိဖို့ အလေ့အကျင့်ပြုလုပ်၍ သတိယှဉ်သော စိတ်ဖြစ်တိုင်း ပစ္စုပ္ပန်တည့်တည့်အပေါ်သို့ ကျရောက်လျက်ရှိကြောင်း တွေ့ရပါလိမ့်မည်။ စိတ်သည် သတိနှင့် ပူးလျက်ရှိသည့်အခါ အပြင်သို့မထွက်ဘဲ အတွင်းမှ စောင့်လျက်ရှိသကဲ့သို့ ဖြစ်လာ၏။ ထိုအတောအတွင်း အပြင်မှ အသံတစ်ခု ကြားလိုက်ရသည်ဆိုအံ့။ ဘာသံပါလိမ့်ဟူ၍ စုံစမ်းရန် အပြင်သို့ရောက်မသွားဘဲ၊ အတွင်း၌သာဖြစ်၍ ချုပ်ပျောက်သွားသည်ဟု သိလိုက်ရသည်။ အသံများ ဆက်ခါဆက်ခါဝင်လာခဲ့လျှင်၊ မိမိအတွင်း၌သာ ဆက်ခါဆက်ခါဖြစ်၍ တစ်ခုပြီးတစ်ခု ချုပ်ပျောက်သွားသည်ဟု သိလိုက်ရသည်။ သတိစောင့်သမျှ ကာလပတ်လုံး မြင်ခြင်း၊ ကြားခြင်း စသည်တို့ကိုသာ အမှတ်ပြုမိ၍ ပစ္စုပ္ပန်တည့်တည့် အပေါ်၌သာ တည်လျက်ရှိ၏။ ဤအတောအတွင်း ကြံစည်စိတ်ကူးခြင်း ၀င်လာသည်ဆိုအံ့။ သတိလွတ်၍ သွားချေပြီ။ သတိနှင့်ကြားခြင်း၊ သတိနှင့်မြင်ခြင်း၊ သတိနှင့်စားခြင်းဟူ၍ ဖြစ်နိုင်သော်လည်း သတိနှင့်ကြံစည်စိတ်ကူးသည်ဟူ၍ မဖြစ်နိုင်ချေ။ သတိကို အများဆုံး အနှောက်အယှက်ပေးသောအရာမှာ ကြံစည်စိတ်ကူးမှုပင်ဖြစ်သည်။

အထင်မှားပုံ အမျိုးမျိုး

“ဒိဋ္ဌေဒိဋ္ဌမတ္တံ” လုပ်ငန်းစဉ်အကြောင်းကို ဆက်လက်မဖော်ပြမီ ယောဂီပုဂ္ဂိုလ်၏ ဖြစ်တတ်သော သဘာဝကို ဖော်ပြရပေဦးမည်။ မည်သူမဆို ပုထုဇဉ်အဖြစ်တွင် ရုပ်ကိုသော်လည်း ‘ငါ’ ထင်သည်။ စိတ်ကိုသော်လည်း ‘ငါ’ ထင်သည်။ အချို့ မှာ စိတ်ကိုလည်း ငါမထင်၊ ရုပ်ကိုလည်း ငါမထင်။ သို့ သော်စိတ်နှင့်ရုပ်တို့ ကို ပိုင်ဆိုင်သည့် ငါကောင်ကလေး (အတ္တမာန်၊ သို့မဟုတ် ဆိုးလ်) ရှိသေးသည်ဟု ထင်ကြသည်။ ဤသုံးမျိုးအနက် တစ်မျိုးမျိုးဖြင့် အထင်လွဲတတ်ကြသည်ချည်း ဖြစ်လေသည်။ ကျွန်ုပ်ကိုယ်တိုင်မှာ ရုပ်ကို ငါထင်သည့်အထဲမှ မဟုတ်။ သေလျှင်ပုပ်၍မြှုပ်လိုက်ရသော ကိုယ်ကာယကြီးဖြစ်၍ ငါမဟုတ်နိုင်၊ ငါတည်းဟူသော စိတ်ကလေးခိုအောင်းရာဖြစ်သော ‘အိမ်’ အနေဖြင့်သာ မှတ်ထင်ခဲ့ဖူးသည်။ ဘ၀ကူးသောအခါ၌ စိတ်ဝိညာဉ်ကလေးသာ ကူးသွား၍ ရုပ်ကြီးကား နေရစ်သည်ဟု မှတ်ထင်ခဲ့ဖူးသည်။ ထို့ကြောင့် ကျွန်ုပ်၏ မျက်စိလည်ခြင်းမှာ ရုပ်နှင့်ပတ်သက်၍မဟုတ်၊ စိတ်နှင့်ပတ်သက်သော အထင်မှားမှုသာဖြစ်သည်ဟု ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကာ သက္ကာယဒိဋ္ဌိ ကင်းကွာစေလိုခဲ့လျှင် စိတ်အကြောင်းကိုဖိ၍ နှလုံးသွင်းပါမှ လျင်မြန်စွာ ပေါက်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ယင်းအတွက်ကြောင့် ဒိဋ္ဌေဒိဋ္ဌမတ္တံလမ်းစဉ်ကို မလုပ်မီကတည်းက သတိပဋ္ဌာန်လေးပါးအနက်မှ စိတ္တနုပဿနာအလုပ်ကို လုပ်ခဲ့ဖူးသည်။

ရုပ်ပေါ်၌လိုက်တတ်သူ

ဒိဋ္ဌေဒိဋ္ဌမတ္တံ လမ်းစဉ်အတိုင်း လေ့ကျင့်သော ယောဂီသည် သတိပဋ္ဌာန်လေးပါးအနက် မိမိအစွဲသန်ရာအတိုင်း တစ်ပါးပါးနောက်သို့ အာရုံစူးစိုက်မိခြင်းကို တွေ့ရပေလိမ့်မည်။ ဥပမာ ရုပ်ပေါ်၌ အစွဲသန်သူဖြစ်ခဲ့လျှင် ပစ္စုပ္ပန်တည့်တည့်ထားရာတွင် ကိုယ်ကာယအပေါ်၌ အာရုံပြုမိပေလိမ့်မည်။ ထိုယောဂီမျိုးသည် ထိုင်ခြင်း၊ ထခြင်း၊ လျောင်းခြင်း၊ သွားခြင်းစသော ဣရိယာပုတ်များ၌သော်လည်းကောင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ စောင်းခြင်း၊ ငဲ့ခြင်းစသော ကိုယ်၏လှုပ်ရှားမှု၊ ပြောင်းလဲမှုများ၌သော်လည်းကောင်း စိတ်စိုက်မိပေလိမ့်မည်။ သို့ဆိုလျှင် ကာယနုပဿနာဖြစ်ပေတော့မည်။ သို့ပါသော်လည်း ယခင်က ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြခဲ့ဖူးသည့်အတိုင်း “ကွေးတယ်” “ဆန့်တယ်” ဟု နှလုံးသွင်းနေရန်မလို။ ကိုယ်အမူအရာ သက်သက်ကလေးမျှကို သတိပြု၍ စောင့်ကြည့်ရန်မျှသာ ဖြစ်လေသည်။ ကွေးမည်ပြုလျှင် ကွေးခြင်းတည်းဟူသော အနက်သဘော၏ အခေါ်အဝေါ်ကို မှန်ကန်အောင် သတိပြုရခြင်းသည် အလုပ်တစ်ခုဖြစ်၍ ရုပ်တရားတို့၏ ယထာဘူတသဘာဝကို ထိုးထွင်းသိမြင်ရေးအတွက် အတားအဆီးသဖွယ် ဖြစ်တတ်ပေသည်။ သို့ဖြစ်၍ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအတိုင်း လေ့ကျင့်သောယောဂီသည် ရုပ်အပေါ် ပစ္စုပ္ပန်တည့်တည့်လိုက်ခြင်းအားဖြင့် ကာယနုပဿနာ သတိပဋ္ဌာန်နှင့် တစ်ထပ်တည်းကျသွားသည်ကို တွေ့ရပေလိမ့်မည်။

စိတ်ကို ဦးစားပေးတတ်သူ

ကျွန်ုပ်မှာ စိတ်အပေါ်၌ အစွဲသန်သူတစ်ယောက် ဖြစ်သည့်အတိုင်း ဒိဋ္ဌေဒိဋ္ဌမတ္တံလမ်းစဉ်ကို လေ့ကျင့်၍ သတိယှဉ်သောစိတ် ဖြစ်စေနိုင်သော အချိန်များတွင် ထိုင်ခြင်း၊ ထခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း အစရှိသော ကိုယ်ကာယ၏ ပြောင်းလဲမှုများနောက်သို့ မလိုက်ဘဲ၊ လက်ငင်းသိစိတ်ကလေးတွေ ပြောင်းလဲပုံအခြင်းအရာကိုသာ ရှု၍ရှု၍နေတတ်သည်။ အိပ်ရာပေါ်တွင် ဘာသံမျှမကြားရသော ညဥ့်အချိန်များ၌ အခြားနည်း သတိပြုစရာ ရှာမရသော အခိုက်အတန့်များတွင် အသက်ရှူလျက်ရှိသော ကိုယ်ကြီးကို အာရုံပြုမိသော်လည်း များသောအားဖြင့်မူကား သိမှု တစ်ခုပြီးတစ်ခုကိုသာ ရှုကြည့်ခြင်း များလှသည်။

တစ်ခါတစ်ရံ သတိလွတ်၍ တွေးတောကြံစည်မှုကလေးများ ၀င်လာသည်ဆိုအံ့။ တွေးတောမိသော အကြောင်းအရာသည် ပူပန်စရာဖြစ်၍၊ ပူပန်မိသည်ဆိုအံ့။ သတိရလာသည်နှင့်တပြိုင်နက် ပစ္စုပ္ပန်တည့်တည့်အပေါ်သို့ ရောက်လာ၍ ပူပန်ခဲ့သောစိတ်နှင့်တကွ ပူပန်စရာအကြောင်းအရာသည် အိပ်မက်သဖွယ် ချက်ချင်းပျောက်ကွယ်သွားသည်ကို တွေ့ရသည်။ ထိုအခါ ပူပန်ခဲ့မိသော အကြောင်းအရာသည် ဒိဋ္ဌလက်ငင်း ရှိနေခြင်းမဟုတ်။ မှန်ထဲတွင် အရိပ်ထင်သကဲ့သို့ လည်းကောင်း၊ အိပ်မက်သကဲ့သို့လည်းကောင်း၊ တခဏတာမျှ ပေါ်သာခိုက်တွင် ခံစားလိုက်ရသော ဒုက္ခဝေဒနာမျှသာ ဖြစ်သည်ဟု သဘောပေါက်နိုင်သည်။

ဤကဲ့သို့ သဘောပေါက်ခြင်းသည် စိတ်သဘာဝနှင့်ပတ်သက်၍ ဉာဏ်အမြင် တိုးခြင်းဖြစ်သောကြောင့် ခဏတဖြုတ် သတိလစ်ခြင်းအတွက် ၀မ်းနည်းစရာမဟုတ်ချေ။ သို့ရာတွင် ထိုကဲ့သို့ ဉာဏ်အမြင်တိုးတက်ခြင်းမှာလည်း အလကားသက်သက်ရသည်မဟုတ်၊ ယခင်က သတိနှင့်စောင့်ပြီး ပစ္စုပ္ပန်တည့်အောင် ကြိုးစားခဲ့ခြင်း၏ အကျိုးဆက်မျှသာ ဖြစ်သည်ဟု နားလည်သင့်ပေသည်။ သတိပေးလိုသော အချက်တစ်ခုမှာ သတိမမြဲကောင်းလေသလောဟု စိတ်ပျက်စရာမဟုတ်။ သတိလွတ်ပြီးနောက် ပြန်ထိန်းလိုက်သောာအခါ၌ အထက်ပါ ဉာဏ်အမြင်မျိုး ရရှိခြင်းသည်လည်း တန်ဖိုးရှိသည်ဟု မှတ်ယူသင့်သည်။

ဤကား စိတ်ကိုဦးစားပေး၍ ရှုသော ဒိဋ္ဌေဒိဋ္ဌမတ္တံသမား၏ လမ်းစဉ်ပေတည်း။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment