Wednesday, September 15, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၈)

ကျွန်ုပ်တွေ့သော စိတ်သဘာဝ (၆)

လွန်ခဲ့သော ဇွန်လအတွင်းက ရန်ကုန်သို့ရောက်ခဲ့သည်တွင် ကျွန်ုပ်၏ (ရှုမ၀) ဆောင်းပါးများနှင့် ပတ်သက်၍ စာဖြင့် ရေးသား မေးမြန်းကြသော ပုဂ္ဂိုလ်များနှင့် တွေ့ရသဖြင့် ဓမ္မမိတ်ဆွေသစ်များ တိုးပွားခဲ့သည်။ ၄င်းပုဂ္ဂိုလ်များမှာ စာရေးဆရာ၊ ၀တ်လုံတော်ရ၊ ပင်စင်စားအရာရှိ စသည့် စဉ်းစားဉာဏ်သုံးသောအပိုင်း (intelligentsia) မှစ၍ ၄င်းတို့စိတ်ဝင်စားခြင်းအတွက် ၀မ်းသာမိသည်။ ၄င်းတို့အပြင် ရိပ်သာများ၌ တရားအားထုတ်လျက်ရှိသော ပုဂ္ဂိုလ်များလည်း ပါဝင်ကြသဖြင့် အားတက်မိသည်။ တစ်ယောက်သော တရားသမား (ကမ္မဋ္ဌာန်းသမား)ကမူ ကျွန်ုပ်၏ ဆောင်းပါးများသည် တရားသမားလောက၌ ဗုံးဆန်ပေါက်ကွဲ (bomb shell) သကဲ့သို့ ရှိပါပေသည်ဟု ပြောပြသည်။ ဆိုလိုသော အဓိပ္ပါယ်မှာ သဘောတူလက်ခံနိုင်သော အချက်အလက်များလည်းရှိ၍ သဘောမတူနိုင်သော အချက်များလည်း ရှိစေကာမူ မည်သည့်နည်းနှင့်မဆို အလန့်တကြားဖြစ်အောင် နှိုးပေးလိုက်သည်ဟု ပြောလိုရာရောက်၏။ သို့ဆိုလျှင် ဆောင်းပါးများရေးရသော ကျွန်ုပ်အဖို့ရာ၌ ရေးရကျိုးနပ်သည်ဟု ယူဆရပေသည်။

စမ်းသပ်ကြည့်သူများ ရှိခြင်း

ကျွန်ုပ်၏ဆောင်းပါးများကို ဖတ်ရသော ဓမ္မမိတ်ဆွေအချို့ က “ဒိဋ္ဌေဒိဋ္ဌမတ္တံ” တည်းဟူသော လုပ်ငန်းစဉ်ကို နှစ်သက်သဘောကျ၍ စမ်းသပ်ရန်ကြိုးစားပါသော်လည်း အလွန်တရာ ခက်ခဲသော အလုပ် (herculean task) ဖြစ်နေသည်ကို တွေ့ရကြောင်း၊ သို့ပါ၍ မည်ကဲ့သို့ အစပြုရပါမည်ကို သိလိုပါကြောင်း ပြောကြသည်။ ကျွန်ုပ်မှာ တရားဟောတတ်သူ တစ်ယောက်လည်းမဟုတ်၊ နှုတ်ဖြင့်ပြောရခြင်းထက် စာဖြင့်ရေးရခြင်းကို အားကိုးတက်သူဖြစ်၍ တတ်နိုင်သမျှ နှုတ်ဖြင့်ပြောပြပြီးနောက် စာဖြင့် ရေးပြပါဦးမည်ဟု ကတိပြုခဲ့သည်။ ထိုမိတ်ဆွေများနှင့်တကွ ကျွန်ုပ်၏ဆောင်းပါးများ၌ စိတ်ဝင်စားကြသော အခြားစာဖိတ်ပရိတ်သတ်များအတွက်ပါ ရည်ရွယ်လျက် ကျွန်ုပ်၏ လုပ်ပုံလုပ်နည်းကို ဤနေရာမှ တင်ပြလိုက်ရပါသည်။

သတိအရေးကြီးခြင်း

တစ်စုံတစ်ခုသော အရာဝတ္ထုကို မြင်သည့်အခါ မြင်ရုံနှင့် မပြီးဘဲ ဘာဝတ္ထု၊ ညာဝတ္ထုဖြစ်သည်၊ မည်သူမည်ဝါဖြစ်သည်။ အသံတစ်ခုကို ကြားလိုက်ရသည့်အခါ ကြားရုံနှင့် မရပ်ဘဲ ဘာသံ ညာသံ၊ ဘယ်သူ့အသံဖြစ်သည် စသည်များဖြင့် ရှည်လျားစွာ မလိုက်စေဖို့ အခက်အခဲ အကြီးအကျယ် တွေ့ရခြင်းကား ဟုတ်ပေလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ သတိပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ၀န်ခံကြမည်ဖြစ်သော်လည်း၊ ထိုကဲ့သို့ မပေါ့လျော့ရအောင်၊ သို့မဟုတ် သတိမလစ်စေရအောင် စောင့်ထိန်းဖို့ အခက်အခဲရှိပြန်လေသည်။ ၀ိပဿနာအလုပ်ဟူသည်မှာ သမထအလုပ်များကဲ့သို့ သမာဓိဦးစီးသော အလုပ်မဟုတ်၊ သတိဦးစီးသော အလုပ်ဖြစ်၍ သတိမွေးမြူဖို့ အထူးအရေးကြီးလှသည်။ သတိမွေးမြူပုံ မွေးမြူနည်းနှင့်ပတ်သက်၍ ကျွန်ုပ်၏လက်တွေ့တစ်ခုကို တင်ပြပါမည်။

သတိနှင့်ယှဉ်သောစိတ်

နာမ်ခန္ဓာလေးပါး ရှိသည့်အနက် သိရုံကလေးသက်သက်မျှဖြစ်သော ၀ိဉာဏက္ခန္ဓာ (consciousness) နှင့် သင်္ခါရက္ခန္ဓာတွင် တစ်ခုအပါအ၀င်ဖြစ်သော သတိစေတသိက်တို့ကို ရှေးဦးစွာနားလည်ဖို့ အရေးကြီးသည်။ တစ်စုံတစ်ခုကိုမြင်၍ ဘာကောင် ညာကောင်ဟု သိခြင်းသည် ၀ိဉာဏက္ခန္ဓာ သက်သက်မဟုတ်တော့။ သညာက္ခန္ဓာ ပူးတွဲလျက် ရှိလေပြီ။ ဘာကောင် ညာကောင်ထိအောင် မသိစေဖို့ ထိန်းထားရန်မှာ ‘ငါ’ ၏ အလုပ်မဟုတ်၊ သတိစေတသိက်၏ အလုပ်ဖြစ်သည်။ ‘ငါ’ သည် ဘာမျှတတ်နိုင်သည် မဟုတ်ချေ။ နာမ်ခန္ဓာလေးပါးတို့ စုပေါင်းအလုပ်လုပ်နေကြသော ‘စိတ်’မျှသာဖြစ်သည်။ ထို့ကြောင့် ရှေးဦးစွာကြိုးစားရန်မှာ သိရုံကလေးသက်သက်မျှဖြစ်သော ၀ိဉာဏက္ခန္ဓာ(consciousness) ကို သတိတည်းဟူသော စေတသိက်နှင့် ပူးကပ်ထားရမည်။ တစ်စုံတစ်ခုကို မြင်လိုက်ရပြီးသည့်နောက်တွင်မှ ဘာကောင် ညာကောင် မသိစေရအောင် ကြိုးစားမည်ဆိုလျှင် လွန်စွာခက်ခဲမည်ဖြစ်သော်လည်း ထိုကဲ့သို့မမြင်မီ ပူးကပ်ထားမည် ဆိုပါမူကား မည်သည့်နည်းမဆို အရှည်ကြီးမလိုက်အောင် တတ်နိုင်ရာပေသည်။ ဤသို့ဆိုခြင်းဖြင့် သတိတရားကို တစ်စက္ကန့်မျှ လက်မလွတ်စေဘဲ၊ စိတ်နှင့်ယှဉ်တွဲ ပူးကပ်ထားရမည်ဟူလို။

ဖြည်းဖြည်း ကျင့်ယူရပုံ

ဤစာကို အမှတ်မဲ့ဖတ်သူများက “မည်သို့ ထူးသေးသနည်း၊ သတိထားရသော အလုပ်ချင်းအတူတူပင် မဟုတ်ပါလော” ဟု မေးချင်ကြပေလိမ့်မည်။ ထူးပါသည်။ အများကြီးထူးပါသည်။ တစ်စုံတစ်ခုကို မြင်ပြီးမှ ဘာဘာညာညာမသိဖို့ ချုပ်ကိုင်ရခြင်းသည် မမြင်မီကတည်းက သတိစောင့်သောစိတ်၊ သို့မဟုတ် သတိနှင့် ယှဉ်သောစိတ်ရှိသဖြင့် အရှည်မလိုက်အောင် ထိန်းရခြင်းထက် အဆများစွာ ပို၍ခက်ခဲပါသည်။ ပထမ၌ သတိယှဉ်သောစိတ်ကို အစဉ်မပြတ် ဖြစ်စေနိုင်သည်မဟုတ်။ အခြားသောနည်းများဖြင့် ကမ္မဋ္ဌာန်းထိုင်ကြသကဲ့သို့ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အိပ်ရာပေါ်တွင် လဲလျောင်းရင်း၊ ငါးမိနစ် ဆယ်မိနစ်စသဖြင့် လေ့ကျင့်ရပါသည်။ သတိယှဉ်သော သိမှု (စိတ်) ဟူသည်ကို နားလည်အောင် ကြိုးစားပြီးနောက် သဘောပေါက်၍ စမ်းသပ်ကြည့်သောအခါတွင် ယုတ်စွအဆုံးအားဖြင့် အသံတစ်ခု နှစ်ခုမျှကို အရှည်ကြီးမလိုက်ဘဲ၊ ကြားကာမတ္တဟူသော အနေမျိုးထားနိုင်သည်ကို တွေ့ရပါလိမ့်မည်။ ထို့နောက်တွင် တစ်မိနစ်လုံးလုံး၊ နှစ်မိနစ်လုံးလုံး စသည်ဖြင့် တိုးတက်ခြင်း ရှိလာသည်ကို တွေ့ရပါလိမ့်မည်။


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment