Tuesday, September 14, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၇)

မျက်လှည့်ဆရာနှင့် တူပုံ

ဝိညာဏက္ခန္ဓာသည် မျက်လှည့်သမားနှင့် တူသည်ဟူသော ဗုဒ္ဓ၏ဥပမာမှာလည်း နားလည်ဖို့  မလွယ်ကူချေ။ ကျွန်ုပ်သည် ၄င်းဥပမာကို တစ်သက်ပတ်လုံး ကြံဆတွေးတောလာခဲ့ရာ စိတ်သဘာဝကို လက်တွေ့ လေ့လာသောအခါမှ သဘောကျနိုင်ပေတော့သည်။ သညာ၏ လှည့်စားတတ်သောသဘာဝကို ဖော်ပြပြီးနောက် ၀ိညာဏက္ခန္ဓာကို မျက်လှည့်သမားနှင့် ထပ်ဆင့်ပြီး ဥပမာဆောင်ပြန်ခြင်းဖြစ်သောကြောင့် နားလည်ဖို့ ခဲယဉ်းခြင်းဖြစ်သည်။ မျက်လှည့်သမားနှင့်တူပုံကား ဤသို့ တည်း။ ဥပမာ ဆင်ကောင်ကြီးကို မျက်စိထဲ၌ မြင်ယောင်စိတ်ကူးလိုက်သည့်အခါ အစွယ်ကြီးနှစ်ချောင်း၊ နှာမောင်းကြီးနှင့် ဆင်ကောင်ကြီးပေါ်လာသည် မဟုတ်ပါလော။ ထိုဆင်သည် ဘာဆင်ဖြစ်သနည်း။ စိတ်ကဖန်ဆင်းသော ဆင်ဟုဆိုကြလျှင် စိတ်ကတခြား၊ ဆင်က တခြားလော။ စိတ်က တစ်နေရာမှာနေပြီး (ပန်းချီဆရာ အရုပ်ရေးခြင်းကဲ့သို့) ဖန်ဆင်းလိုက်ရာတွင် အခြားတစ်နေရာ၌ ဆင်ကောင်ကြီး ဖြစ်လာခြင်းပေလော။ သို့ဆိုလျှင် စိတ်ကတခြား၊ ဆင်ကတခြား ဖြစ်နေပေလိမ့်မည်။ ထိုသို့ကားမဟုတ်ချေ။ ထိုသို့မဟုတ်နိုင်လျှင် အဘယ်သို့ဖြစ်သင့်သနည်း။ စိတ်ကြောင့်ဖြစ်ပေါ်လာသော ဆင်ဖြစ်စေကာမူ၊ စိတ်ကတခြား၊ ဆင်ကတခြား မဟုတ်သင့်သောကြောင့် ၄င်းဆင်သည် ‘စိတ်ဆင်’ ဖြစ်ရပေမည်။ ၄င်းနောက် ခွေးအကြောင်းစိတ်ကူးပြန်သောအခါ ‘စိတ်ခွေး’ ပေါ်လာပြန်၏။ သစ်ပင်ကို စိတ်ကူးပြန်ရာတွင် ‘စိတ်သစ်ပင်’ ပေါ်လာပြန်၏။ သတ္တ၀ါသည် တစ်နေ့အတွင်း စိတ်ကူးပေါင်း ရာထောင်မက ဖြစ်ပေါ်တတ်ပေရာ တစ်ထိုင်တည်းအတွင်း ဆင်ဖြစ်ချည်၊ ခွေးဖြစ်ချည်၊ သစ်ပင်ဖြစ်ချည် စသည်ဖြင့် အမျိုးမျိုး ပြောင်းလဲနိုင်သော သဘာဝသည် မျက်လှည့်ဆရာနှင့် တူသည်မဟုတ်ပါလော။

ဘာကို စွဲလမ်းကြသနည်း

လူအများ အမှတ်မှားတတ်ကြသော သဘာဝတစ်ခုကို တင်ပြလိုသေး၏။ သူငယ်တစ်ယောက်သည် မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်စွဲလန်းသည့်အခါ ထိုမိန်းကလေး၏ တစ်ကိုယ်ကောင်လုံးကို တပ်မက်စွဲလန်းလျက်ရှိသည်ဟု ထင်မှတ်တတ်ကြ၏။ စင်စစ်သော်ကား ထိုကဲ့သို့မဟုတ်ချေ။ တစ်ကိုယ်ကောင်းလုံး စွဲလမ်းခြင်းဖြစ်ပါမူကား ထိုမိန်းကလေး၏ အသေကောင် (အလောင်း) ကို ပေးလိုက်လျှင် ကျေနပ်ဖို့ သင့်သည်။ ထိုကဲ့သို့ ကျေနပ်လိမ့်မည်ကား မဟုတ်ချေ။ သို့ဆိုလျင် အဘယ်ကို တပ်မက်စွဲလန်းခြင်း ဖြစ်ပါသနည်း။ စင်စစ်သော်ကား ထိုသူငယ်သည် မိန်းကလေးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အာရုံ (ဣဋ္ဌာရုံ သို့မဟုတ် အာရုံ၏ အရသာ ခေါ် ဝေဒနာ) ကို တပ်မက်စွဲလန်းခြင်းမျှသာ ဖြစ်လေသည်။

ရှင်းဦးအံ့။ ထိုသူငယ်သည် ၄င်းမိန်းကလေး၏ အဆင်းသဏ္ဍာန်ကို မြင်ရခြင်းကြောင့် ခံစားရသည့် ရူပါရုံ အရသာကိုလည်းကောင်း၊ အသံကိုကြားရခြင်းကြောင့် ခံစားရသည့် သဒ္ဒါရုံအရသာကိုလည်းကောင်း၊ အနံ့ရခြင်းအားဖြင့် ဖြစ်ပေါ်လာသည့် ဂန္ဓာရုံအရသာကိုလည်းကောင်း (အင်္ဂုတ္ထိုရ်၌ ‘မြဲ’ ရသော ရသာရုံလည်းပါသည်) ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဖောဋ္ဌဗ္ဗရုံကို လည်းကောင်း တပ်မက်စွဲလန်းခြင်းမျှသာ ဖြစ်သည်။ ထိုမိန်းကလေးကိုယ်တိုင် ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မိန်းကလေးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် အထက်ပါ အာရုံငါးပါးတို့နှင့် တွေ့နေရလျှင် သူငယ်သည် ကျေနပ်လိမ့်မည်သာဖြစ်၏။ သို့ရာတွင် ထိုအာရုံငါးပါးကို အခြားသော မိန်းကလေးတစ်ယောက်အား အမှီပြု၍ ဖြစ်ပေါ်ရမည်ဆိုလျှင် ကျေနပ်လိမ့်မည်မဟုတ်ချေ။ သတ္တ၀ါတို့၏ အထင်အားဖြင့် လူကောင်ကြီးကို တပ်မက်စွဲလမ်းသည် ဆိုသော်လည်း စင်စစ်အားဖြင့် ထိုသူငယ်ထင်မှတ်သည့် လူကောင်သည် သူထင်သည့်အတိုင်း ဘယ်တုန်းကမှ ရှိသည်မဟုတ်ချေ။ အာရုံဟူသည်မှာ အမြဲတစေ တည်နေသည်မဟုတ်။ အခိုက်အတန့်အားလျော်စွာ ဖြစ်ပေါ်လာရခြင်း ဖြစ်ပေရာ တပ်မက်စွဲလန်းမှုဟူသမျှသည် ဘာမဟုတ်သော အခြင်းအရာကို အဟုတ်ကြီးထင်နေပြီး တပ်မက်စွဲလန်းနေခြင်း ဖြစ်လေသည်။ မိန်းကလေး၏ အဆင်းကို တပ်မက်သော ထိုသူငယ်၏ စိတ်ထဲ၌ အဆင်းရူပါရုံသည် မည်မျှလောက် နက်နဲအောင် စူးဝင်နိုင်ပါသနည်း။ မျက်စိထဲ၌ တ၀ဲဝဲမြင်နေသည်ဆိုသော်လည်း လူကောင်ကြီးကိုယ်တိုင်မဟုတ်၊ မှန်ထဲတွင် အရိပ်ထင်ခြင်းကဲ့သို့ အပေါ်ယံကလေးမျှသာ ဖြစ်နိုင်၏။ သို့ရာတွင် ထိုသူငယ်၏ အထင်မှာမူ “အသည်းထဲမှာ စွဲနေပါသည်” ဟု ဆိုပေလိမ့်မည်။

မာန ထောင်လွှားစရာ မရှိ

သတ္တ၀ါအား လှည့်စားမှုတစ်ခုကို တင်ပြလိုသေး၏။ နိုင်ငံရေးသမားတစ်ယောက်သည် ၀န်ကြီးဖြစ်လာသည်ဆိုလျှင် အကယ်၍ လေးနှစ်ဖြစ်သည်ဆိုပါက သူသည် ထိုလေးနှစ်လုံးလုံး ၀န်ကြီးဖြစ်နေသည်ဟု ထင်မှတ်ပေလိမ့်မည်။ ဟုတ် မဟုတ် စစ်ဆေးကြပါဦးစို့။ ၀န်ကြီးဖြစ်ခါစ၌ ထိုသူသည် “ငါကား ၀န်ကြီးတစ်ယောက်ပေတည်း” ဟု ခဏခဏ သတိရပေလိမ့်မည်။ သတိရသော အခိုက်အတန့်တိုင်း၌ ၀န်ကြီးဖြစ်ပေသည်ဟု ၀န်ခံသည်ထားပါဦး။ တစ်နေ့တစ်နေ့တွင် အကြိမ်သုံးလေးဆယ် သတိရ၍ “ငါဝန်ကြီးပေတည်း” ဟု ဆင်ခြင်မိသဖြင့် ခံစားရသော အရသာသည် ဘယ်လောက်များ ကြာလေမည်နည်း။ “ငါဝန်ကြီးပေတည်း” ဟု ဆင်ခြင်မိသော အခိုက်အတန့်အတွင်း၌သာလျှင် ၀န်ကြီးဖြစ်ရခြင်း၏ အရသာကို ခံစားနိုင်သည် မဟုတ်ပါလော။ အလုပ်လုပ်နေရသည့် အချိန်များအတွင်း၌ ၀န်ကြီးဖြစ်ရခြင်း၏ အရသာကို ခံစားရသည်မဟုတ်။ ၀န်ကြီး၏ ၀တ္တရားမျာကို ဆောင်ရွက်ရခြင်းသည် သုခချမ်းသာဟုတ်ပါ၏လော။ ငါဆောင်ရွက်ရခြင်းကြောင့် တိုင်းပြည်သာယာမည်ဆိုခြင်းမှာ စိတ်ကူး (အိပ်မက်) သက်သက်မျှသာ မဟုတ်ပါလော။ အလုပ်လုပ်ရသော အချိန်၊ အိပ်နေသောအချိန် (ရွှေကုတင်ကြီးပေါ် အိပ်နေသော်လည်း ဘာမျှမထူးချေ။) အမှတ်မဲ့ စကားပြောနေသော အချိန်၊ တွေးခေါ်စဉ်းစားနေသော အချိန် စသည်များကို နှုတ်လိုက်သည်ရှိသော် မည်မျှလောက် ကျန်လိမ့်မည်နည်း။ မိမိအကြောင်းကိုချည်း အများဆုံးနှလုံးသွင်းတတ်သည့် (egocentric) ၀န်ကြီးတစ်ယောက်ပင်လျှင် ထိုလေးနှစ် အတွင်း၌ ၀န်ကြီးဖြစ်ရသော အချိန်မှာ နာရီဖြင့်တွက်လိုက်ပါက တစ်နှစ်လည်းမရှိ၊ ခြောက်လလည်းမရှိ။ တစ်လပင် ပြည့်ကောင်းမှ ပြည့်ပေလိမ့်မည်။ သို့နှင့် ဘယ်လောက်များ မာန်မာန ထောင်လွှားသင့်ကြပါသနည်း။

သမာဓိ၏ ထူးဆန်းပုံ

ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်သည် ရွှေဘိုနယ်ဘက်သို့ လှည့်လည်ခဲ့ရာတွင် တရားအားထုတ်ပြီး၊ အားထုတ်ဆဲ ယောဂီပုဂ္ဂိုလ်များကို (ဤဂိုဏ်း ထိုဂိုဏ်းမှ ဤနည်း ထိုနည်းဖြင့်) အတော်များများ တွေ့ခဲ့ရ၏။ ထိုယောဂီများ၏ လိုလားချက်မှာ ဈာန်အတွက်မဟုတ်၊ မဂ်တရား ဖိုလ်တရားအတွက်ဖြစ်သော်လည်း သမာဓိ၏ အစွမ်းသတ္တိမျှလောက်ကို တကယ်ထင်မှတ်ရှာကြသည်မှာ ၀မ်းနည်းဖို့ကောင်းလှသည်။ ကျွန်ုပ်ကိုယ်တိုင်မှာလည်း သမထအလုပ်သက်သက်ကို စမ်းသပ်ခဲ့ဖူးရာ သမာဓိ၏ ထူးဆန်းသော အခြင်းအရာမျိုးကို ကြုံတွေ့ခဲ့ရဖူးသည်။ တစ်ခါက (သမထ) ကမ္မဋ္ဌာန်းထိုင်ရင်း ဗုဒ္ဓကို အာရုံပြုလိုက်မိရာ ကျောက်ဆင်းတုကိုယ်တော်ကြီး၏ ဆန်ကောခန့် ပမာဏရှိသော မျက်နှာတော်ကြီးသည် ကျွန်ုပ်၏မျက်နှာနှင့် တစ်တောင်ကွာလောက်တွင် ဘွားခနဲ ပေါ်လာရုံမက ဆတ်ခ်ျလိုက်ဖြင့် တည့်တည့်ကြီးထိုးထားသည့်အလား ဖွေးဖွေးကြီး ရှိနေရကား အလန့်တကြားဖြစ်သွားမိသည်။ ထူးဆန်းခြင်းတစ်ခုမှာ ကျွန်ုပ်မှာ ဗုဒ္ဓကိုအာရုံပြုသောအခါတိုင်း ဆင်းတုတော်အဖြစ်ဖြင့် မဟုတ်ဘဲ ပကတိလူသား၏ အနေအထား အသားအရေမျိုးဖြင့်သာလျှင် ပေါ်အောင် စိတ်ကူးပြီး ကြည်ညိုလေ့ရှိပါလျက် ဆင်းတုတော်ကြီး၏ မျက်နှာတော်ပေါ်လာခြင်းကို နားမလည်နိုင်အောင်ရှိတော့သည်။ အခြားသော ကမ္မဋ္ဌာန်းသမားဆိုလျှင် ဘုရားဖူးရသည်ဆို၍ ၀မ်းသာကောင်း သာကြပေလိမ့်မည်။

လိုရာသို့ မရောက်တတ်ခြင်း

ရွှေဘိုနယ်ရှိ ဂိုဏ်တစ်ဂိုဏ်းတွင် ယောဂီများ၏ ‘အမြင်အကြား’ ရသည်ဆိုခြင်းမှာ ယုတ္တိ တန် မတန် စဉ်းစားသင့်လှသည်။ ယောဂီတစ်ယောက်သည် ကမ္မဋ္ဌာန်းထိုင်၍ သမာဓိရလျက်ရှိစဉ် အလိုရှိရာသို့ မိမိ၏စိတ်ကိုလွှတ်နိုင်သည်ဆို၏။ မန္တလေးမဟာမြတ်မုနိကိုလည်း ဖူးနိုင်သည်။ ရွှေတိဂုံကိုလည်း ဖူးနိုင်သည်။ နတ်ပြည်သို့လည်းကောင်း၊ ငရဲပြည်သို့လည်းကောင်း စိတ်ကိုလွှတ်နိုင်သည်ဟု ဆိုကြလေသည်။ မဟာမြတ်မုနိနှင့် ရွှေတိဂုံတို့မှာ ယခင်ကရောက်ခဲ့ဖူး၍ စိတ်ဖြင့်အာရုံပြုခြင်းလည်းဖြစ်နိုင်သည်။ (ကမ္မဋ္ဌာန်းထိုင်သော ယောဂီ၏ အမြင်မှာ သာမန်စိတ်ကူးခြင်းထက် အဟုတ်တကယ်နှင့် တူခြင်း (realistic) ကိုကား ၀န်ခံရပေမည်။ ငရဲပြည်နှင့်နတ်ပြည်များသို့ စိတ်ကိုလွှတ်နိုင်သည်ဆိုခြင်းမှာလည်း အရုပ်ကားထဲမှ ငရဲသားများ၊ နတ်သား နတ်သမီးများ၏ အကူအညီ (စိတ်ကူး) ဖြင့် မြင်ရခြင်းလည်း ဖြစ်နိုင်ပေသည်။ တစ်ခါမှ မရောက်ဖူးသော ဒေသတစ်ခုသို့ စိတ်ကိုလွှတ်ကြည့်ပြီး စမ်းသပ်ဖို့ အကြံမရဘဲ တစ်ခါတည်းယုံကြည်ကြသည်မှာ သနားဖို့ ကောင်းလှသည်။ ဤခေတ်၌ မဂ်တရား ဖိုလ်တရားအတွက် အားထုတ်ရှာကြသည်တွင် သမထနှင့် ၀ိပဿနာတို့၏ ခြားနားပုံကို တိတိကျကျ မသိရှာကြဘဲ “အမေမှာ မှာသည့်အတိုင်း” ကြိုးစားကြခြင်းမှာ (ကောင်းသောအလုပ်ဖြစ်၍ ကုသိုလ်ရသည်ဟု ဆိုနိုင်စေကာမူ) ရည်ရွယ်ရာသို့ မရောက်တတ်သဖြင့် ၀မ်းနည်းဖို့ ကောင်းလှပေသတည်း။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


No comments:

Post a Comment