Monday, September 13, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၆)

လမ်းချော်ခဲ့ဖူးခြင်း

အထက်တွင် ဖော်ပြသည့် ရှုနည်းမျိုးအတိုင်း ရက်သတ္တတစ်ပတ်ခန့် ရှုမိသောအခါ ကျွန်ုပ်၏စိတ်ထဲ၌ ထင်မြင်လာပုံမှာကား သတ္တ၀ါဟူသမျှသည် သမုဒ္ဒရာကြီးနှင့်တူသော သိမှု ၀ိညာဉ်ပြင်ကြီးထဲ၌ မျောလျက်ရှိကြသည်။ သမုဒ္ဒရာထဲ၌ မျောလျက်ရှိသော အရာဝတ္ထုများသည် ရေပြင်ကြီးအားဖြင့် ဆက်သွယ်လျက် ရှိဘိသကဲ့သို့ အသက်ရှိသော သတ္တ၀ါဟူသမျှတို့သည်လည်း သိမှုတည်းဟူသော ၀ိညာဉ်ဖြင့် ဆက်သွယ်လျက်ရှိကြသည်။ တစ်ယောက်နှင့်တစ်ယောက်၊ တစ်ကောင်နှင့်တစ်ကောင်၊ တစ်ပါးနှင့်တစ်ပါးလည်း သိမှုတည်းဟူသော ၀ိညာဉ်ဖြင့် ဆက်သွယ်ခြင်းကြောင့် အချင်းချင်းသိအောင် လုပ်နိုင်ခွင့်ရှိကြသည်။ (စင်စစ်မှာ အနောက်တိုင်း လောကဓာတ်ဆရာကြီးများ မှည့်ခေါ်ကြသည့် ‘အီသာဓာတ်’ ether နှင့် သာ၍တူသည်) တစ်ယောက်အပေါ်၌ တစ်ယောက် ဘာမျှ ဟန်ကြီးပန်ကြီး လုပ်စရာ အကြောင်းမရှိ။ အားလုံးတစ်ဆက်တည်း တစပ်တည်းဖြစ်သည် စသည်ဖြင့် ထင်မြင်လာတော့သည်။ ပထမ၌ ကျွန်ုပ်သည် ဤအမြင်ကို အတော်လေး အထင်ကြီးမိ၏။ သို့ရာတွင် (တရားသဘာဝနှင့် ပတ်သက်၍ ဆင်ခြင်သုံးသပ်ရာ၌ အခြားကိစ္စများထက် ဉာဏ်ကောင်းလေ့ရှိသော ကျွန်ုပ်၏ပါရမီအတိုင်း) ငါ၏ အမြင်မှာ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော မပါရှိသောကြောင့် ၀ိပဿနာအမြင် မဟုတ်နိုင်။ အရူပကမ္မဋ္ဌာန်းထဲမှ ၀ိညာဏံအနန္တံ ဟူသော အမြင်မျိုးဖြစ်နေတော့သည်ဆိုကာ ထိုရှုနည်းကို စွန့်လွှတ်လိုက်တော့သည်။

ဥဒယဗ္ဗယဉာဏ်

စင်စစ်သော်ကား အပြတ်အပြတ်မြင်ခြင်း ရွရွ ရွရွဖြစ်ခြင်း၊ ပေါက်ပေါက်လှော်သကဲ့သို့ ထင်ရခြင်းစသော အခြင်းအရာများမှာ ၀ိပဿနာအမြင်ထက် သမထ (သမာဓိ)၏ အစွမ်းသတ္တိဖြစ်သည်ဟု နားလည်သင့်ကြသည်။ ဥပမာ ကာတွန်းရေးသမားတစ်ယောက်သည် မိမိတူအောင်ရေးမည့် လူတစ်ယောက်ကို ကြည့်လိုက်သောအခါ ထိုသူ၌ နှာခေါင်းချွန်ခြင်း သို့မဟုတ် နဖူးကျယ်ခြင်း သို့မဟုတ် ပါးစပ်ပြဲခြင်း အစရှိသည့် ထူးခြားချက်တစ်ခုခုကို တပ်ကနဲမြင်တတ်ဘိသကဲ့သို့ တရားအားထုတ်၍ အတော်အတန် ရင့်ကျက်လာသော ယောဂီသည်လည်း တစ်စုံတစ်ခုကို စိုက်၍ရှုလိုက်သည့်အခါတိုင်း ထိုအခြင်းအရာ၏ အနိစ္စသဘောကိုသော်လည်းကောင်း၊ ဒုက္ခသဘောကိုသော်လည်းကောင်း၊ အနတ္တသဘောကိုသော်လည်းကောင်း (လက္ခဏာရေးသုံးပါးအနက်) တစ်ပါးပါးသို့ တပ်ကနဲ မြင်လာသင့်သည်။ အပြတ်အပြတ်မြင်ခြင်း၊ ရွရွ ရွရွဖြစ်ခြင်း စသော အခြင်းအရာများမှာ ကမ္မဋ္ဌာန်းထိုင်နေသော အခိုက်အတန့်၌သာ ဖြစ်ပေါ်တတ်၍ မိမိပိုင်သော ဉာဏ်အမြင်ဟု ဆိုဖို့ခဲယဉ်းသည်။ အပြတ်အပြတ်မြင်ရခြင်းသည် ဥဒယဗ္ဗယဉာဏ် ဖြစ်သည်ဟု ဆိုကြလျှင်ကား ဥဒယဗ္ဗယဉာဏ် ဟူသည်မှာ မျက်စိဖြင့်မြင်ရသော အခြင်းအရာမျိုး မဟုတ်ခြင်းကို စဉ်းစားထိုက်ကြသည်။

ခန္ဓာငါးပါး ဥပမာ

ခန္ဓာငါးပါးကို ဗုဒ္ဓက ဥပမာဆောင်ရာ၌ ရူပက္ခန္ဓာသည် ရေမြှုပ်နှင့်လည်းကောင်း၊ ဝေဒနက္ခန္ဓာသည် ရေပွက်နှင့်လည်းကောင်း၊ သညက္ခန္ဓာသည် တံလျှပ် (mirage) နှင့်လည်းကောင်း၊ သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံး လက်ပံတုံးနှင့်လည်းကောင်း၊ ၀ိညာဏက္ခန္ဓာသည် မျက်လှည့်သမားနှင့်လည်းကောင်း တူသည်ဟူ၍ ဟောတော်မူသည်။ ကျွန်ုပ်သည် ဗုဒ္ဓဟောခဲ့သော ဥပမာကို လူလားမြောက်ကတည်းက ဆင်ခြင်သုံးသပ်ခဲ့ရာ ချောချောမောမော သဘောမကျနိုင်ဘဲ ကျွန်ုပ်ကိုယ်တိုင် စိတ်သဘာဝအကြောင်းကို လေ့လာတွေ့ရှိရသောအခါမှ ကောင်းမွန်စွာပင် သဘောကျနိုင်ပါတော့သည်။ သဘောကျပုံကို တင်ပြပါအုံးမည်။

တံလျှပ် ဟူသည်ကား

ရူပက္ခန္ဓာသည် ရေမြှုပ်နှင့်တူသည်ဟု ဆိုရာ၌ ခိုင်မြဲခြင်းမရှိသော အဖြစ်ကိုဆိုလိုသည်ဟု လူတိုင်းပင် မှန်းဆနိုင်ကြပေမည်။ (၀ိပဿနာဉာဏ်ဖြင့် မမြင်သော်လည်း သာမညအားဖြင့် မှန်းဆနားလည်နိုင်ခြင်းကို ဆိုလိုပါသည်။) ဝေဒနက္ခန္ဓာသည် ရေပွက်နှင့်တူသည် ဆိုရာ၌လည်း အသစ်အသစ်ဖြစ်နေသော ရေပွက်၏ နေပုံကိုမြင်ရခြင်းအားဖြင့် နားလည်နိုင်ကြပေမည်။ သညက္ခန္ဓာသည် တံလျှပ်နှင့်တူသည် ဆိုရာ၌ကား ‘တံလျှပ်’ ကို လူတိုင်းမြင်ဖူးကြမည် မဟုတ်သောကြောင့် နားလည်ဖို့ လွယ်ကူမည်မဟုတ်ချေ။ ကျွန်ုပ်ကိုယ်တိုင်မှာ တံလျှပ် (mirage) ကို မမြင်ဖူးသော်လည်း စာအုပ်များတွင်ဖတ်ဖူးသဖြင့် တင်ပြရပေဦးမည်။ တစ်ခါတစ်ရံတွင် (အထူးသဖြင့်) တောကြီးများအတွင်း၌ နေရောင်နှင့်တိမ်တိုက်တို့ ပနာမိသည့်အခါ တောင်ကြီးတစ်တောင်၏ အခြားဘက်၌ရှိသည့် ရှုခင်းတစ်ခုသည် ဤဘက်တွင် တည်ရှိသကဲ့သို့ အရိပ်ထင်စေလျက် အထင်အမြင်မှားစေသည်ဟု ဖတ်ရဖူးလေသည်။ ထို့ကြောင့် တံလျှပ်နှင့်ပမာ နှိုင်းခြင်းအားဖြင့် သညက္ခန္ဓာဟူသည်မှာ အဟုတ်တကယ် မရှိသော အခြင်းအရာကို အဟုတ်တကယ် ရှိဘိသည်အလား အထင်မှားသော သဘောတရားကို ဆိုလိုသည်ဟု နားလည်ကြရပေမည်။ တိုက်ရိုက်ဆိုရသော် ယမန်နေ့ကမြင်ခဲ့၍ စင်စစ်အားဖြင့် ပျောက်ပျက်သွားပြီဖြစ်သော စက္ခုဝိညာဉ်ဖြစ်ပါလျက် ထိုအခြင်းအရာကို ယနေ့မြင်ရပြန်သောအခါ ထိုနေ့ကမြင်ရဖူးခြင်းကို မှတ်မိသည်နှင့် ‘ငါမြင်ဖူးသည်’ ဟူသော အထင်မှားမှု ဖြစ်ပေါ်လာရသည်။ သညာ၏ လှည့်စားမှုကြောင့် သတ္တ၀ါ၏သန္တာန်၌ အတ္တဒိဋ္ဌိတည်းဟူသော အထင်မှားမှု ဖြစ်ပေါ်ရလေတော့သည်။

ငှက်ပျောတုံးနှင့် တူပုံ

သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့် တူသည်ဆိုသော ဗုဒ္ဓ၏ဥပမာမှာလည်း နားလည်ဖို့ မလွယ်ကူလှချေ။ ရူပက္ခန္ဓာတည်းဟူသော ကိုယ်ကာယကြီးသည် ငှက်ပျောတုံး လက်ပံတုံးကြီးနှင့် တူသည်ဟု ဥပမာဆောင်ပါလျှင်မူကား၊ လူတိုင်းသည် အလွယ်တကူနှင့် နားလည်နိုင်ကြပေမည်။ သေသောအခါ၌ ငှက်ပျောတုံး၊ လက်ပံတုံးကြီးနှင့်တူသော ရုပ်အလောင်းကြီးဟူ၍ လူတိုင်းပြောတတ်ကြသည်။ သို့ရာတွင် ဗုဒ္ဓသည် သင်္ခါရက္ခန္ဓာတို့မှ ငှက်ပျောတုံးနှင့် ပမာနှိုင်းခြင်းမှာ လေးနက်သောအဓိပ္ပါယ်ရှိ၍ သဘောပေါက်နားလည်ဖို့ အရေးကြီးလှသည်။ သင်္ခါရက္ခန္ဓာ၌ စေတသိက် ၅၀ ရှိရာ၊ ၄င်းတို့တွင် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အကုသိုလ်စေတသိက်များနှင့် အဖိုးတန်သည်ဟု ထင်ကြရသော ပညိနြေ္ဒစေတသိက်တို့လည်း ပါဝင်လာကြသည်။ ထိုကဲ့သို့ အကောင်းရော အဆိုးပါ ပေါင်းစပ်လျက်ရှိသော သင်္ခါရက္ခန္ဓာသည် ငှက်ပျောတုံးနှင့် တူသည်ဟု ဗုဒ္ဓဟောတော်မူခြင်းကား ငှက်ပျောတုံးသည် အထပ်ထပ် အလွှာလွှာရှိ၏။ တစ်ထပ်စီလွှာကြည့်သောအခါ အတွင်း၌ ‘အနှစ်’ ဘာမှ မရှိခြင်းကို ဆိုလိုခြင်းဖြစ်ရမည်။ အဓိပ္ပါယ်မှာ ကောင်းလှပါသည်ဆိုသော ကုသိုလ်စေတသိက်များနှင့် အဖိုးတန်လှပါသည်ဆိုသော ပညိနြေ္ဒစေတသိက်တို့သည်ပင်လျှင် အနှစ်သာရအဖြစ်ဖြင့် တွယ်ဖက်ထားစရာမဟုတ်။ ခန္ဓာငါးပါး အစုအဝေးတစ်ခုလုံးမှာ လွှင့်ပစ်စရာသာ ဖြစ်သည်ဟူလို။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment