Thursday, September 9, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၄)

ကျွန်ုပ်တွေ့သော စိတ်သဘာဝ (၅)

စာဖတ်တတ်သောသူငယ်သည် “ကကြီးရေး ကသတ် ကက်” ဟု မရွတ်ဆိုတော့သည့်နည်းတူ ယောဂီပုဂ္ဂိုလ်သည်လည်း “ကြွတယ်” ”လှမ်းတယ်” “ချတယ်” ဟု တစ်သက်လုံး ရွတ်ဖတ်ဖို့ မလိုခြင်း


ဖေဖော်ဝါရီလဆန်းစလောက်က ကျွန်ုပ်သည် ရွှေဘိုနယ်တစ်ဝိုက်တွင် ခရီးလှည့်လည်ခဲ့ရ၍ သူ့ဂိုဏ်း၊ သူ့နည်းနှင့်သူ တရားအားထုတ်ဖူးကြသည့် ပုဂ္ဂိုလ်သုံးလေးဦးနှင့် တရားဆွေးနွေးခဲ့ရသဖြင့် စိတ်သဘာဝနှင့် ပတ်သက်၍ ကျွန်ုပ်၏ ကိုယ်တွေ့ကို ဆောင်းပါးရေးရန် ဖြစ်ပေါ်လာရပြန်သည်။ ထိုပုဂ္ဂိုလ်များမှာ တစ်ယောက်တစ်နည်းစီ အားထုတ်ကြသူများဖြစ်၍ ကျွန်ုပ်၏ဆောင်းပါးများကို ဖတ်ဖူးသူများလည်း ပါဝင်သည်။ တစ်ဦးသော ပုဂ္ဂိုလ်မှာ ကျွန်ုပ်၏ဆောင်းပါးများကို ဖတ်ဖူး၍ ကျွန်ုပ်ရောက်လာသည်ဟု ကြားလျင်ကြားချင်း ဆွေးနွေးရန်အတွက်သက်သက် ချက်ချင်းလာခဲ့ပါသည်ဟု ပြောကြားပေသည်။ မရှင်းလင်းသောအချက်အလက်များကို ရှင်းလင်းပြောပြရာ၌ အများအားဖြင့် ကျေနပ်ပုံရကြသည်။ တရားအားထုတ်ပြီး၍ ‘တရားကောင်း’ သည့် (တရားပေါက်သည်ဟု ဆိုလိုသည့်) ပုဂ္ဂိုလ်များနှင့် ဆွေးနွေးတွေ့ဆုံခွင့် ရသည့်အခါတိုင်း ကျွန်ုပ် စုံစမ်းလေ့ရှိသော ပြဿနာတစ်ခုကို တင်ပြလိုပေသည်။

ပစ္စုပ္ပန်တည့်ဖို့ လိုအပ်ပုံ

ဝိပဿနာအလုပ် လုပ်ဖူးသည်ဆိုသော ပုဂ္ဂိုလ်များသည် (၄င်းတို့၏ အာစရိယသြ၀ါဒအတိုင်း) “ပစ္စုပ္ပန်တည့်တည့် ရှုမှတ်ရမည်” ဟူသော စကားကို အခါတိုင်း ပြောလေ့ရှိ၏။ အဘယ့်ကြောင့် ပစ္စုပ္ပန်တည့်တည့် ရှုမှတ်ဖို့လိုပါသနည်း။ မည်သို့သော အကျိုးတရားကို ပြောသွားခြင်းကြောင့် ပစ္စုပ္ပန်တည့်တည့် ရှုမှတ်ရပါသနည်း စသည့်မေးခွန်းများကို ကျွန်ုပ်မေးမြန်းသောအခါ ဆရာသမားက ခိုင်းသောကြောင့် လုပ်ရသည်။ မဂ်ဖိုလ်လိုချင်သောကြောင့် လုပ်ရသည်ဟူသော အဖြေမျိုးထက် ကျော်လွန်၍ ပြောတတ်သူ ရှားပါးလှသည်။ စင်စစ်သော်ကား ပစ္စုပ္ပန်တည်းဟူသော ပြတင်းပေါက်မှ ကြည့်သောအခါမှသာလျှင် နိဗ္ဗာန်ကိုမြင်နိုင်သည်ဟု ကျွန်ုပ်နားလည်သည်။ ဥပမာ - အဆောက်အအုံကြီး တစ်ခုအတွင်း၌ ပိတ်လှောင်ခြင်းခံရသည့်အခါ အပြင်၌ရှိသောအရာများကို မြင်လိုသည်ဆိုအံ့။ ၄င်းအဆောက်အအုံကြီး၌ မှန်ပြတင်းပေါက်များရှိသည်ဆိုအံ့။ သို့ ရာတွင် ပြတင်းပေါက်မှန်များမှာ အညစ်အကြေးဖုံးနေ၍ ထုတ်ချင်းပေါက်မမြင်နိုင်ဘဲ ရှိသည်ဆိုအံ့။ အကြင် အကျဉ်းသမားသည် အပြင်သို့ကြည့်လိုလျင် အခြားနေရာများမှာ ကြည့်ပါသော်လည်း အချည်းနှီးပင်ဖြစ်မည်။ မှန်ပြတင်းပေါက်၌ တင်နေသော အညစ်အကြေးများကို ပွတ်တိုက်ပြီး ထိုနေရာမှ ချောင်းကြည့်မှသာလျှင် မြင်နိုင်မည်ကဲ့သို့  နိဗ္ဗာန်တရားကိုလည်း “ပစ္စုပ္ပန်တည့်တည့်” ဟူသော ကာလအပိုင်းအခြားကလေးမှ စူးစိုက်ကြည့်ရှုမှသာလျှင် မြင်နိုင်ကြမည် ဖြစ်လေသည်။

ဘာဝနာ၏ အဓိပ္ပါယ်

ရှင်းဦးအံ့။

ကျွန်ုပ်သည် အထက်ပါအဖြေကို တွေ့ရှိရခြင်းမှာ ဒိဋ္ဌေဒိဋ္ဌမတ္တံဟူသော နည်းအရ အားထုတ်ခြင်းအားဖြင့် ပေါ်လာခြင်းဖြစ်၏။ စ၍ အလုပ်လုပ်သည်ဆိုလျှင်ပင် အတိတ်အကြောင်း၊ အနာဂတ်အကြောင်းများကို တွေးတောခွင့်မရှိသောကြောင့် ပစ္စုပ္ပန်တည့်တည့် (ဆတ်ဆတ်) အဖြစ်အပျက် အခြင်းအရာပေါ်၌သာ အာရုံပြုလိုသည် ဆိုခြင်းကိုကား သဘောပေါက်နားလည်နိုင်ပေပြီ။ သို့ရာတွင် အဘယ်ကြောင့် ဤကဲ့သို့ သတိပြုဖို့ အရေးကြီးခြင်းကိုမူကား မရိပ်မိသေးပေ။ ကျွန်ုပ်၏ ဆောင်းပါးနံပါတ်(၂)၌ အတိတ်နှင့်အနာဂတ်တို့  အကြောင်းများကို မစဉ်းစားဘဲ ပစ္စုပ္ပန်ဆတ်ဆတ်အပေါ်၌သာ အာရုံပြုခြင်းအလုပ်သည် ‘ရွှေအုတ်ခဲ’များအပေါ်၌သာ ခြေချ၍ လမ်းလျှောက်စေခြင်းနှင့် တူကြောင်း၊ ပထမ၌ ‘ရွှေအုတ်ခဲ’ များဖြစ်သည်ဟု မသိရသော်လည်း အခြားနေရာများ၌ ခြေချခွင့်မရှိဘဲ ‘ရွှေအုတ်’ များပေါ်မှာချည်း ခြေချကာ လမ်းလျှောက်ရသောအခါ တစ်ချိန်ချိန်တွင် ‘ရွှေအုတ်ခဲ’များ ဖြစ်ခြင်းကို သိလာတန်ရာသည်ဟူ၍ ဥပမာဆောင်ကာ ရေးသာဖော်ပြခဲ့ဖူးသည်။ အထက်ပါ မှန်ပြတင်းပေါက် ဥပမာတွင်လည်း ပထမပြတင်းပေါက်မှ ကြည့်သင့်သည်ဆို၍ ကြည့်ပါသော်လည်း အညစ်အကြေးများကြောင့် ထုတ်ချင်းပေါက်မမြင်နိုင်ဘဲရှိရာ ပစ္စုပ္ပန်တည့်တည့်ပေါ်၌ အာရုံပြုခြင်းတည်းဟူသော အားထုတ်မှုဘာဝနာသည် မှန်ပြတင်းပေါက်ရှိ အညစ်အကြေးများကို ပွတ်တိုင်ဖယ်ရှားခြင်းနှင့်တူ၍ တစ်ချိန်တွင် အပြင်၌ရှိသောအရာ (နိဗ္ဗာန်) ကို ဘွားခနဲ မြင်ရသည်ဟု ဆိုလိုခြင်းဖြစ်လေသည်။

ဘာကြောင့်အရေးကြီးသည်

ထပ်၍ရှင်းဦးအံ့။

မြင်မှုသက်သက်၊ ကြားမှုသက်သက် အစရှိသော အခြင်းအရာများသည် စင်စစ်အားဖြင့် ပရမတ် သဘောတရားများဖြစ်သော်လည်း သတ္တ၀ါသည် ထိုနေရာ၌ ရပ်တန့်နေတတ်သော ထုံးစံမရှိသောကြောင့် ပရမတ်သဘာဝကို မမြင်နိုင်ဘဲရှိ၏။ အကြင်အခြင်းအရာသည် ပရမတ်ဖြစ်သည်ဟု စာဆိုရှိသော်လည်း မိမိကိုယ်တိုင် ထိုးထွင်း၍ မမြင်နိုင်ဘဲရှိ၏။ မည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။ အသံတစ်ခု ကြားလိုက်ရသည် ဆိုကတည်းက ခွေးဟောင်သံဖြစ်သည် ဆိုကာမျှလောက်နှင့် မပြီးနိုင်ဘဲ ငါ့ခွေးဟောင်သံဖြစ်သည်။ သို့မဟုတ် ဟိုဘက်အိမ်ကခွေး ဟောင်သံဖြစ်သည်။ တစ်နေ့က ကလေးတစ်ယောက်ကို ကိုက်သွားသော ခွေးဖြစ်သည်။ ငါ့အိမ်မှ ကလေးများ ခွေးအနား ရောက်နေကြလေပြီလော အစရှိသော စိုးရိမ်ပူပန်မှုများဖြင့် တသီတတန်းကြီး လျှောက်သွားလေတော့သည်။ သို့နှင့် အသံအကြောင်း၊ အသံကိုသိတတ်သည့် သောတ၀ိညာဉ်စိတ်အကြောင်း စသည်များကို ရိပ်မိနားလည်ဖို့ အဘယ်မှာ အခွင့်ရရှိနိုင်ပါအံ့နည်း။ ရှည်လျားသော အတွေးအခေါ်များမှာ “အိပ်မက်လောက”ထဲသို့ ရောက်ခြင်းဖြစ်၍ အဟုတ်အမှန် အစစ်ဖြစ်သောအသံ၏ ပရမတ်သဘောကို ဘယ်မှာ ထိုးထွင်းသိမြင်နိုင်ခွင့် ရှိပါအံ့နည်း။ အသံကိုသိသော ”ကြားစိတ်” (သောတ၀ိညာဉ်စိတ်)သည် မိမိပိုင်ဆိုင်ခြင်းမဟုတ်၊ ပိုင်ဆိုင်သူဟူ၍ မရှိခြင်းတည်းဟူသော သဘောတရားကို သိမြင်ဖို့ အဘယ်မှာ အခွင့်ရနိုင်ပါအံ့နည်း။ ထိုကဲ့သို့ တစ်ချိန်တစ်ခါတွင် ထိုးထွင်း၍ သိမြင်နိုင်စေခြင်းငှာ ဒိဋ္ဌေဒိဋ္ဌမတ္တံ (သို့မဟုတ် ပစ္စုပ္ပန်တည့်တည့်အပေါ်၌သာ ရှုမှတ်ဖို့) အလုပ်ကို ဗုဒ္ဓညွှန်တော်မူခဲ့ခြင်းဖြစ်သည်။

ဉာဏ်ရင့်သောအခါ မြင်တတ်ပုံ

တစ်နည်းထပ်၍ ရှင်းဦးအံ့။

အိမ်တစ်အိမ်မှာ စန္ဒရားတီးသံ ကြားရသည် ဆိုပါစို့။ ပစ္စုပ္ပန်တည့်တည့်အပေါ်သာ အာရုံပြုဖို့ ကြိုးစားထားသဖြင့် အလေ့အကျင့်ရ၍ ရင့်ကျက်နေသော ယောဂီပုဂ္ဂိုလ်သည် မည်ကဲ့သို့ကြားသည် ထင်ကြသနည်း။ ဒေါင်ခနဲ ဒင်ခနဲ အသံများသည် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကြပြီး ပျောက်၍ပျောက်၍ သွားကြသည်ဟူ၍သာ သိနိုင်မည်ဖြစ်သောကြောင့် အင်္ဂလိပ်တေးသွားပေလော၊ မြန်မာတေးသွားပေလော၊ မည်သည့်တေးချင်းပေနည်း၊ သာယာဖွယ်ကောင်းသော တေးသံပေလော၊ နားငြီးဖွယ်ကောင်းသော တေးသံပေလော စသည့်အခြင်းအရာများကို အမှတ်ပြုမိလိမ့်မည် မဟုတ်ချေ။ ဤမျှမက ရင့်ကျက်သူသာဖြစ်ခဲ့ပါလျှင် တေးသွားတစ်ပုဒ်ဟူ၍ လောက၌ ဘာအသံမှရှိနေခြင်းမဟုတ်၊ အသံတစ်ခုပြီးတစ်ခု ဖြစ်ပေါ်ပြီး ပျောက်၍ပျောက်၍ သွားခြင်းကို သတိမမူဘဲ စိတ်ထဲက ဆက်လက်မှတ်ထားပြီး တေးချင်းဖြစ်အောင် ဆက်စပ်ယူကြခြင်းသာ ဖြစ်ချေသည်တကား။

ဤနည်းတူစွာ လောကကြီးထဲ၌ မြင်ရသမျှ၊ ကြားရသမျှ၊ နံရသမျှ၊ ခံစားရသမျှသော အခြင်းအရာများသည် တကယ်ရှိနေသည်ဟု မှတ်ထင်ကြရသော်လည်း တေးချင်တစ်ပုဒ်ဟူ၍ တစ်ချိန်တည်း၌ တစ်ခါမျှမရှိဖူးသည့်နည်းတူ၊ ကွယ်ပျောက်လေပြီးသော အခြင်းအရာများကို ဆက်၍ဆက်၍ မှတ်သားထားသောကြောင့်သာ တကယ်တည်ရှိနေကြသည်ဟု အထင်မှား၊ အမြင်မှား ဖြစ်ကြရခြင်း ပေတကားဟူ၍ ဉာဏ်အမြင်စင်ကြယ်ခြင်းသို့ပင် ရောက်နိုင်ပေသေးသည်။ ဤသည်ကို ထောက်ခြင်းဖြင့် ဒိဋ္ဌေဒိဋ္ဌမတ္တံ သို့မဟုတ် ပစ္စုပ္ပန်တည့်တည့် ကြည့်ရှုခြင်းသည် အဘယ်ကြောင့် အရေးကြီးကြောင်း ထင်ရှားပြီ မဟုတ်ပါလော။


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment