Wednesday, September 8, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၃)

ဥဒါဟရုဏ် ဆောင်ခြင်း

လထဲ၌ ယုန်ရုပ်ပုံသဏ္ဍာန်ရှိသည်ဆို၍ ကျွန်ုပ်သည် လပြည့်ဝန်းကြီးကို နှစ်ပေါင်းများစွာ စိုက်ကြည့်ခဲ့ဖူး၏။ ယုန်ကောင်နှင့်တူသော မည်သည့်သဏ္ဍာန်ကိုမျှ မတွေ့ရချေ။ အသက် ၅၀ကျော်သည်တွင်မှ တစ်ညသ၌ ကျွန်ုပ်သည် ကုလားထိုင်ပေါ်တွင် ပက်လက်လှန်ရင်း လမင်းကို အမှတ်မဲ့ လှမ်းကြည့်လိုက်မိရာ နားရွက်ကလေးထောင်လျက်ရှိသော ယုန်၏သဏ္ဍာန်ကို ဘွားခနဲမြင်လိုက်ရသည်။ တစ်သက်လုံး တမင်တကာရှာစဉ်က မတွေ့ရ။ အမှတ်မဲ့ကြည့်လိုက်မိကာမှ တွေ့ရတော့သည်ဆိုကာ အံ့သြမိပါသေးသည်။ ထို့နောက်၌မူ လဆီသို့ လှမ်းကြည့်လိုက်သည့်အခါတိုင်း နားရွက်ထောင်သော ယုန်တစ်ကောင်၏ ပုံသဏ္ဍာန်သည် ကွင်းခနဲ ကွက်ခနဲ ပေါ်ထွက်လျက်ရှိသည်နှင့် ယခင်ကတစ်သက်လုံး မမြင်ခဲ့မိခြင်းအတွက်ပင် အံ့သြမိသေးသည်။ ဥဒယဗ္ဗယဉာဏ် အစစ်မှာလည်း ဤကဲ့သို့ပေတည်း။ တစ်ကြိမ်တစ်ခါမြင်ဖူးသည်ဆိုလျှင် သတိနှင့်စိုက်၍ရှုလိုက်တိုင်း ဖြစ်ချည်ပျက်ချည်ဟူသော သဘောတရားသည် စိတ်ထဲတွင် ရှင်းခနဲ ကွင်းခနဲ ထင်လာစကောင်းသည်။

တပ်အပ်သေချာ သိအောင်လုပ်ပါ

မြန်မာပြည်တွင် ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်၍ ၀မ်းနည်းဖွယ်သော အချက်အလက်များ တွေ့ရှိရခြင်းကို ဖော်ပြလိုသေးသည်။ သတ္တ၀ါ၏ သန္တာန်တွင် လောဘ၊ ဒေါသ၊ မောဟတရားများ ကိန်းအောင်းလျက်ရှိသည်ဟု လူတိုင်းပြောကြ၏။ လောဘဆိုလျင် လောဘမူစိတ် ရှစ်ခုရှိသည်ဟုဆိုကာ ပါဠိလိုရေတွက်ပြနိုင်သည်။ ဒေါသဆိုလျင် ဒေါသမူ ဒွေး ရှိသည်ဆိုကာ ရေတွက်ပြနိုင်သည်ဆိုလျှင် လူတော် လူတတ် လုပ်၍နေကြ၏။ ထိုထက် (ယခုနောက်ပိုင်းတွင်) လောဘစိတ် ဖြစ်သည်ဆိုလျှင် လောဘစိတ်ဖြစ်နေသည်ဟု သိစေရမည်။ ဒေါသစိတ်ဖြစ်သည်ဆိုလျှင်လည်း ထိုနည်းအတူ သိစေရမည်ဟူသော သြ၀ါဒမျိုး ထွန်းကားလာပေသည်။ သို့ရာတွင် လောဘစိတ်ဖြစ်လျက်ရှိသော အခိုက်အတန့်၌ လောဘဟူသည်မှာ မည်ကဲ့သို့သောသဘောတရားမျိုး ပေတကားဟူ၍ လက်တွေ့သိမြင်နိုင်စေခြင်းငှာ မိမိ၏အတွင်းဘက်သို့ လှည့်ကြည့်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးစုံစမ်းသော အလေ့အကျင့်မျိုးကား ကြားရခဲလှသည်။ ဒေါသမှာလည်း ထိုနည်းအတူပင်။ လောဘဟူသည်မှာ လိုချင်တတ်သောသဘောကလေးဟူ၍ သိလျှက်ပင် လုံလောက်ပြီကဲ့သို့ မှတ်ထင်နေကြ၏။ လိုချင်သော အခြင်းအရာကလေးသည် မိမိ၏ သဏ္ဍာန်၌ ဖြစ်ပေါ်နေခြင်းကို တပ်တပ်အပ်အပ် အတိအကျ သဘောပေါက်အောင် ရှာကြည့်ခြင်း၏ တန်ဖိုးရှိခြင်းကို ဤနေရာ၌ ညွှန်လိုက်ရသည်။

အတိအကျ မဆုံးဖြတ်နိုင်

ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်ခြင်းအတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် မည်သည့်အခြေသို့ ရောက်သည်ကို အကဲဖြတ်ပါသနည်းဟု ရင်းနှီးသော မိတ်ဆွေများက မေးတတ်ကြသည်။

ဗုဒ္ဓ သက်တော်ထင်ရှားရှိတော်မူစဉ်က ၀ိသာခါကား သောတာပန်တည်း၊ အနာထပိဏ်ကား သောတာပန်တည်လေပြီ။ စိတ္တသူကြွယ်ကား အနာဂါမ်တည်း...စသည်ဖြင့် ကိုယ်တော်တိုင် အတိအလင်း ဆုံးဖြတ်ပေးတော်မူသည့်အတွက်ကြောင့် အတိအကျ သိနိုင်ကြရခြင်းဖြစ်သည်။ မထင်ရှားသော အခြားပုဂ္ဂိုလ်များမှာ တရားထူးရသည်ဟု ကိုယ့်ဟာကိုယ် ယုံကြည်သော်လည်း အရိယာဟုတ်မဟုတ်ကို ဗုဒ္ဓကိုယ်တော်တိုင် ဆုံးဖြတ်ပေးခြင်းမရှိခဲ့လျှင် မည်သူမျှ အတိအကျ ပြောနိုင်မည် မဟုတ်ချေ။ သောတာပန်ဖြစ်ခဲ့လျှင် ကိုယ့်ဟာကိုယ်သိရမည်ဟု အချို့ ကပြောကြ၏။ စင်စစ်မှာ ‘သိခြင်း’ မဟုတ်၊ ‘ထင်ခြင်း’ သာ ဖြစ်သည်။

ဤခေတ်၌ ကိုယ့်ကိုယ်ကိုယ် သောတာပန်ဟူ၍ ယူဆနေကြသော်လည်း (၀န်ကြီးချုပ်ဦးနုကမူ မြန်မာပြည်တွင် အရိယာတွေ ထောင်သောင်းရှိနေပြီဟု သီဟိုဠ်၌ ကြွားခဲ့စေကာမူ) ချဉ်းကပ်စုံစမ်းသည့်အခါ ကျွန်ုပ်အသင့်အတင့်ကျေနပ်သူ တစ်ယောက်တလေ တွေ့ရတိုင်း မကျေနပ်သူ ဆယ်ယောက်မက တွေ့ရသည်။ ကိုယ့်ဟာကိုယ်သောတာပန်ဟုယူဆလျှင် သောတာပန်ဖြစ်သည်ဆိုပါက ဦးနုပြောသလို အရိယာတွေ မှိုလိုပေါက်နေပေတော့မည်။ ကျွန်ုပ်အဖို့ရာ၌ကား သူတပါးနည်းတူ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော အလှည့်အပတ် ရှိတတ်သော်လည်း ကာမရာဂနှင့် ဒေါသကို စွန့်ပစ်နိုင်သော အဆင့်အတန်းသို့ မရောက်မချင်း အတိအကျ မဆုံးဖြတ်သေးဘဲ (pending) တန်းလန်းထားရဦးမည်သာ ဖြစ်ပါသတည်း။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment