Tuesday, September 7, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၂)

ကျွန်ုပ်တွေ့ သော စိတ်သဘာဝ (၄)


စိတ်သဘာဝနှင့် ပတ်သက်သော ကျွန်ုပ်၏ဆောင်းပါးများကို ဖတ်ရှုသူတိုင်း စိတ်ဝင်စားကြသော်လည်း အချို့ မှာ ဤနှယ် ထိုနှယ် အပြစ်ဆိုချင်ကြ၍၊ အချို့ ကလည်း ချီးကျူးသောစာများ ပေးပို့ ကြပါပေသည်။ အပြစ်ဆိုချင်သူအချို့ မှာ ဆောင်းပါးများကို ကိုယ်တိုင်ဖတ်ရှုခြင်းမဟုတ်။ သူပြော လူပြောနှင့် နားစွန်နားဖျားကြားရာမှ ဝေဖန်ကြခြင်းဖြစ်သည်ကို တွေ့ရသည်။ ထိုသို့ သောလူများအား မဂ္ဂဇင်းစာအုပ်ကို ထုတ်ငှား၍ သေသေချာချာဖတ်ကြည့်ဖို့  တိုက်တွန်းသည်တွင် ကျေနပ်သူတို့ သာ များကြပေသည်။ ဆောင်းပါးများကို ကြည့်ရှုထောက်ခံသူများအနက် ဓမ္မစရိယ စာမေးပွဲအောင်ပြီး အခြားသောနည်းဖြင့် နှစ်လတိုင်တိုင် တရားအားထုတ်ခဲ့ဖူးသည် စာချပုဂ္ဂိုလ်ကြီးတစ်ပါး၏ ချီးကျူးခြင်းခံရသည်မှာ အားအရဆုံး၊ အမြတ်နိုးဆုံးဖြစ်၍ “လူမိုက်တစ်သောင်းကဲ့ရဲ့ ရှောင်လည်း၊ လူကောင်းတစ်ယောက် ချီးမွမ်းပျောက်” ဟူသောစကားကို သတိရမိပါတော့သည်။ ထိုပုဂ္ဂိုလ်ကြီး၏ ချီးကျူးပုံကို ဖော်ထုတ်ရေးသားရလျှင် ကြွားဝါသည်ဟူ၍ပင် ထင်ကြမည် စိုးသောကြောင့် မဖော်ပြဘဲ ထားလိုက်ပါတော့သည်။

သမထအလုပ်ထက် ခဲယဉ်းခြင်း

သဘောကျသဖြင့် ဘယ်ကဲ့သို့  အားထုတ်ရပါမည်နည်းဟု မေးကြမြန်းကြ စုံစမ်းကြသော စာများလည်း တော်တော်များများ လက်ခံရရှိပေရာ၊ ဤနေရာမှပင် ဖြေကြားရတော့မည်။ ဆောင်းပါးသုံးပုဒ်အနက် (၁) နံပါတ် ဆောင်းပါးကို သေချာစွာဖတ်ရှုလျှင် အားထုတ်ပုံ အားထုတ်နည်းအကြောင်းကို သဘောပေါက်နိုင်လောက်ပေသည်။ (၂) နံပါတ်ဆောင်းပါးတွင်လည်း အိပ်မက်လောကနှင့် ဒိဋ္ဌလောကအကြောင်း ဖော်ပြပါရှိရာ ၄င်းသည်လည်း အားထုတ်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်လောက်ပေသည်။ အရေးတကြီး ကြိုးစားရမည်မှာ အားထုတ်သည့်အချိန်အပိုင်းအခြားတွင် အိပ်မက်လောကထဲသို့  မမျောပါစေဘဲ၊ ဒိဋ္ဌလောကထဲ၌ အချိန်အများဆုံး နေစေဖို့ ပင်ဖြစ်သည်။ သို့ ရာတွင် ချက်ချင်းမဖြစ်နိုင်သောကြောင့် စိတ်ပျက်စရာ မဟုတ်ချေ။ ပထမတွင် ၀င်ချည်ထွက်ချည်၊ ကူးချည်ပြောင်းချည် လုပ်နေမည်သာ ဖြစ်၏။ ဒိဋ္ဌလောကထဲ၌ တစ်ဆက်တည်း ငါးမိနစ် တည်နေနိုင်ဖို့ အတွက် ကျွန်ုပ်ကိုယ်တိုင် လပေါင်းများစွာ လေ့ကျင့်ယူရသည်။ ၁၅မိနစ် တည်နိုင်ရေးအတွက် နှစ်ပေါက်အောင် ကြိုးစားရပေရာ တစ်နာရီတည်ရေးအတွက် လေးငါးနှစ်ခန့်  လေ့ကျင့်ယူခဲ့ရသည်။ ဤအလုပ်သည် သမာဓိသက်သက်အလုပ်မဟုတ်။ သတိအလုပ်ဖြစ်သောကြောင့် လွန်စွာခဲယဉ်းသည်။

သမထနှင့် ၀ိပဿနာ ခြားနားပုံ

ရှင်းဦးအံ့။ ထွက်သက်ဝင်သက်ကို စူးစိုက်၍ အာရုံပြုရသော အာနပါန အလုပ်မျိုးမှာ သမာဓိသက်သက် (သမထ) အလုပ်မျိုးဖြစ်၍ အချိန်ကြာရှည်စွာ စူးစိုက်တည်ငြိမ်နေနိုင်အောင် လေ့ကျင့်ဖို့  လွယ်ကူ၏။ ကျွန်ုပ်၏ လက်တွေ့ မှာ လေးငါးရက်ခန့်  ကြိုးစားရာတွင် အခြားသို့  အာရုံမရောက်စေဘဲ ထွက်သက်ဝင်သက်ပေါ်တွင်ချည်း တစ်နာရီခန့် မျှ တည်နေနိုင်အောင် ဖြစ်နိုင်ခဲ့၏။ အချို့ လူများမှာ ဤမျှမက စွမ်းကြသည်ဟူ၍လည်း ကြားရဖူး၏။ သို့ ရာတွင် အိပ်မက်လောကထဲသို့  မရောက်စေဘဲ၊ ဒိဋ္ဌလောကသက်သက်၌ တည်နေနိုင်ရန်မှာ ဤမျှလောက် မလွယ်ကူချေ။ အကြောင်းမူကား အာနာပါနကမ္မဋ္ဌာန်းသည် ‘သမာဓိ’ ဦးစီးသော သမထအလုပ်ဖြစ်၍ ဒိဋ္ဌေဒိဋ္ဌမတ္တံအလုပ်သည် ‘သတိ’ဦးစီးသော ၀ိပဿနာအလုပ် ဖြစ်ပေသောကြောင့်တည်း။

လွယ်ယောင်နှင့်ခက်ခြင်း

ထပ်၍ရှင်းဦးအံ့။ အာနာပါနအလုပ်ဖြစ်စေ၊ ပထ၀ီကသိုဏ်းစသော အလုပ်မျိုးဖြစ်စေ၊ လေ့ကျင့်သည့်အခါ စိတ်ကိုတစ်ခုသော အာရုံ၌ မြဲစွဲစွာ တည်နေနိုင်အောင် ကြိုးစားရ၏။ ဒိဋ္ဌေဒိဋ္ဌမတ္တံစသော ၀ိပဿနာအလုပ်မျိုးမှာ တစ်ခုတည်းသောအာရုံ၌ (အခြောက်တိုက်) ငြိမ်သက်စွာ တည်နေဖို့ မဟုတ်။ မြင်မှုကြားမှုစသော ပေါ်လာသမျှ အာရုံများကို သိရ၍ ထို့ ထက်ကျော်လွန်မသွားစေရန် သတိနှင့်စောင့်ရခြင်းဖြစ်၏။ အာနာပါနစသော သမထအလုပ်မျိုးမှာ စိတ်ကို ‘ချည်တိုင်’ ဖြင့် ဖမ်းထားရ၏။ ၀ိပဿနာအလုပ်မှာ ‘ချည်တိုင်’ ဟူ၍ အတည်တကျမရှိချေ။ ရုတ်တရတ်အားဖြင့် ကြည့်သော် တစ်ခုတည်းသောအာရုံ၌ စိတ်ကိုတည်စေခြင်းသည် သာ၍ခဲယဉ်းသည်ဟု မှတ်ထင်ရ၏။ စင်စစ်မှာ ‘ချည်တိုင်’ဖြင့် ဖမ်းထားရခြင်းထက် စိတ်ကိုအလွတ်ထားပြီး သွားတိုင်းသွားတိုင်း သိရသောအလုပ်သည် သာ၍ခဲယဉ်းကြောင်းကို လက်တွေ့ လုပ်ကြည့်သောအခါ၌ သိကြပေလိမ့်မည်။

‘ချည်တိုင်’ ၌ တည်စေသော အလုပ်ဟူသမျှသည် သမထ (သမာဓိ) အလုပ်ဖြစ်၍၊ လွှတ်ထားပြီးသွားသမျှကို လိုက်၍သိရသော အလုပ်သည် ၀ိပဿနာ (သမ္မာသတိ) အလုပ်ဖြစ်သည်ဟု နားလည်သင့်သည်။ ၀ိပဿနာအလုပ်ကား တစ်နေရာတည်း၌ ထားဖို့ မလို၊ ‘ဆေးစက်ကျရာ အရုပ်’ ဖြစ်သော နည်းဖြစ်၍ ခဲယဉ်းသလောက် တန်ဖိုးရှိပါဘိသည်။

ဥဒယဗ္ဗယဉာဏ် အစစ်

ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းဖြင့် ဆင်ခြင်သုံးသပ်သော ယောဂီသည် ‘ဒိဋ္ဌလောက’ ထဲ၌ ကြာရှည်စွာ မထားနိုင်သောကြောင့် စိတ်ပျက် အားလျော့နေရမည် မဟုတ်ချေ။ အာနာပါနအလုပ်မျိုး၌ တစ်နာရီတည်နေနိုင်သည့် သမာဓိရှိသော ယောဂီသည် ‘ချည်တိုင်’မပါဘဲ စိတ်ကိုအလွတ်ထားပြီး ငါးမိနစ်ခန့် မျှ သတိနှင့်စောင့်ကြည့်ဖို့  အခက်အခဲတွေ့ ကောင်းတွေ့ ပေမည်။ ဒိဋ္ဌလောကထဲ၌ နေပါဆိုသော်လည်း အိပ်မက်လောကထဲသို့  လစ်ခနဲ လစ်ခနဲ ကူးသွားခြင်းကို တွေ့ရပေလိမ့်မည်။ ကိစ္စမရှိပါ။ ကြိုးစား၍ အလုပ်လုပ်သဖြင့် ဟိုဘက်သည်ဘက် ခေါက်တုံ့ခေါက်ပြန် ကူးသန်းနေခြင်းကို စောင့်ကြည့်ဖန် များလာသောအခါ စိတ်၏ သဘာဝအစစ်အမှန်ကို တစ်နေ့တခြား ရိပ်မိလာ၍ တစ်လထက်တစ်လ ရင့်ကျက်လာကြောင်း တွေ့ရတတ်ပါသည်။ တစ်ကြိမ်တစ်ခါ ဦးခေါင်းထဲ၌ ‘ရွရွ-ရွရွ’ ဖြစ်သည်ဆိုသော ဥဒယဗ္ဗယဉာဏ်မျိုး မဟုတ်ဘဲ စိတ်၏ ဖြစ်ခြင်း ပျက်ခြင်း သဘောအမှန်ကို ဥဒယဗ္ဗယဉာဏ်ဖြင့် ထိုးထွင်းသိမြင်ရပါလိမ့်မည်။ ဥဒယဗ္ဗယဉာဏ်အစစ်ဖြစ်သည်ဆိုလျှင် လက်ပန်းပေါက်ခတ်ထိုက်သလောက် ဗုဒ္ဓက ချီးမြှောက် ဟောတော်မူခဲ့ပေသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment