Monday, September 6, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၁)

သိပုံခြင်း ခြားနားသည်

သိသည်ဆိုသော်လည်း သာမန်အသိနှင့် မဂ်ပေါက် ဖိုလ်ပေါက် ထိုးထွင်း၍သိသော အသိတို့ ၏ ခြားနားပုံကို ဖော်ပြလိုသေးသည်။

လူသတ္တ၀ါသည် သေသောအခါ ပုပ်တတ်ခြင်းကို လူတိုင်းသိ၏။ ထို့ ကြောင့် “အပုပ်ကောင်” ဟုပင် ပြောစမှတ် ပြုတတ်ကြ၏။ သေပြီးနောက် ပုပ်တတ်သည်ကို သိသောကြောင့် မြန်မြန်ခေါင်းသွင်းဖို့  စီမံကြ၏။ သို့ သော် သေသောအခါ၌ ပုပ်တတ်သည်ဟု လူတိုင်းသိသော်လည်း မပုပ်မီကလေး အတောအတွင်း၌ နှစ်သက်သာယာဖွယ် ကောင်းသည်ဆို၍ ပွေ့ ဖက်ချင်တတ်ကြသည်။ အနာဂါမ်မဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်သည်လည်း ပုပ်တတ်သောသဘောကို မြင်သည်။ သို့ သော် ခြားနားခြင်းရှိသည်မှာကား ပုထုဇဉ်နှင့် သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်များသည် မပုပ်သေးမီ အခိုက်အတန့် တွင် နှစ်သက်သာယာဖွယ်ဟူ၍ မြင်တတ်ကြသည်ဖြစ်ရာ၊ အနာဂါမ်ပုဂ္ဂိုလ်မူကား ယခုပုပ်သည်ဖြစ်စေ၊ မပုပ်သည်ဖြစ်စေ ပုပ်တတ်သောသဘောရှိသည့် ကိုယ်ကာယကြီး ဆိုကတည်းက တခဏတာမျှ နှစ်သက်သာယာဖွယ် မဟုတ်ဟူ၍ သိမြင်သွားတော့သည်။ သိပါသည်၊ မြင်ပါသည် ဆိုသော်လည်း အပေါ်ယံသိခြင်းနှင့် ထိုးဖောက်၍ သိမြင်ခြင်းတို့ ၏ ခြားနားချက်ကား ကြီးကျယ်လှသည်။

စာထဲကစကားလုံး မသုံးခြင်း

ဓမ္မကထိက ဆရာတော်ကြီးတစ်ပါးက ကျွန်ုပ်၏ ဆောင်းပါးများကို ဖတ်ရှုပြီးနောက် “ဒကာကြီးရဲ့  အရေးအသားကတော့ ရှင်းပါပေသည်။ သို့ သော် နိရောဓ သဘောတရားအကြောင်းကို မဖော်ပြသည့်အတွက် သတိပေးလိုသည်” ဟု မိန့် တော်မူဖူးသည်။ ကျွန်ုပ်ကား စာထဲမှ အခေါ်အဝေါ် အသုံးအနှုန်းများကို ယူမသုံးဘဲ၊ ကျွန်ုပ်တွေ့ မြင်သော အခြင်းအရာကို အရပ်သုံးစကားဖြင့် တမင်ဖော်ပြခြင်း ဖြစ်သည်။ နံပါတ်(၁)ဆောင်းပါး၌ တကယ်မရှိပါဘဲလျက် တကယ်ထင်နေရသော အခြင်းအရာ၏ လှည့်စားပုံကို ဖော်ပြ၍ နောက်ဆုံးတွင် အဟုတ်တကယ်ရှိသော သဘာဝကို တွေ့ ရသိရသည်ဟု ဖော်ပြခဲ့သည်။ စာလိုရေးလျှင် သင်္ခတသဘာဝနှင့် အသင်္ခတသဘာဝသို့  ကူးပြောင်းသိမြင်ရသည်ဟု ဆိုရမည်ဖြစ်သည်။ သို့ သော် အရပ်သားနားလည်အောင် ရေးရခြင်းဖြစ်သည့်ပြင် စာထဲက စကားလုံးကို ယူသုံးလျှင် သံယောင်လိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲခြင်းလည်း ခံရတတ်သည်။ သို့ သော် တကယ်ရှိခြင်း၊ တကယ်မရှိခြင်းအကြောင်းကို ဥဒါဟရုဏ်ဆောင်၍ ဖော်ပြပါဦးအံ့။

ပြောင်းပြန်ဖြစ်သော သဘော

လူတစ်ယောက်သည် တစ်နေရာရောက်၍ အဝေးသို့ လှမ်းကြည့်လိုက်သောအခါ အနက်လုံးကြီးတစ်လုံးကို မြင်ရသည်ဟု ထင်၏။ ကြည့်လိုက်တိုင်း မြင်ရ၍ အနက်လုံးကြီး ရှိနေသည်ဟူ၍ပင် မှတ်ထင်၏။ တစ်နေ့ သ၌ ထိုလူသည် အနီးသို့  ချဉ်းကပ်ကြည့်သောအခါ မိမိမှတ်ထင်သကဲ့သို့  အနက်လုံးကြီး မဟုတ်ဘဲ၊ အထက်ကောင်းကင်၌ လွှမ်းထားသည့် အဖြူထည် မျက်နှာကျက်ကြီးတွင် အပေါက်ကြီးဖြစ်နေခြင်းမျှသာ ဖြစ်သည်ဟု သိမြင်ရ၏။ ထိုအခါ၌ကား အနက်လုံးပျောက်၍ မျက်နှာကျက် ရောက်လာခဲ့လေပြီ။ အနက်လုံးကြီးရှိနေသည်ဟု ထင်မှတ်ခဲ့သောအခါ၌ မျက်နှာကျက်ကိုမမြင်၊ မျက်နှာကျက်ရှိနေသည်ဟူ၍လည်း မသိခဲ့။ အနက်လုံးကြီးပျောက်ပြီး ဟောင်းလောင်းပေါက်ကြီးမြင်ခါမှ မျက်နှာကျက်ပေါ်လာတော့သည်။ အဟုတ်တကယ်မရှိသောအရာ (အနက်လုံး) ရှိနေသည်ဟု မှတ်ထင်နေသမျှ ကာလပတ်လုံး မျက်နှာကျက်ကို မမြင်နိုင်ချေ။ မျက်နှာကျက်ကား တကယ်ရှိသော အရာဖြစ်၍ အနက်လုံးကား တကယ်ရှိသည်မဟုတ်။ မှတ်ထင်ရခြင်းမျှသာဖြစ်သည်။ မျက်နှာကျက်ကို မြင်သည်နှင့် တစ်ပြိုင်နက်၊ အနက်လုံးကြီး ကွယ်ပျောက်သွားပြီး ဟောင်းလောင်းကြီး မြင်တွေ့ ရမည်ဖြစ်သည်။ မျက်နှာကျက်ကိုမြင်၍ အနက်လုံး ကွယ်ပျောက်သွားခြင်းသည် နိရောဓ (လောကချုပ်ခြင်း) ဖြစ်သည်ဟု စဉ်းစားဉာဏ်ရှိသူတို့  နားလည်ကြစေကုန်ရာသည်။ ဤသည်ကား ပြောင်းပြန်ဖြစ်ခြင်းဟု ဆိုအပ်သော သဘာဝပေတည်း။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment