Friday, September 3, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂၀)

သမာဓိနှင့် ပညာ

သတ္တ၀ါတိုင်း ထင်မှတ်တတ်ကြသည်မှာ လူတစ်ကိုယ်စိတ်တစ်ခုစီရှိ၍ သံသရာလစမ်းတစ်ရက်နေ့ မှ ယနေ့ တိုင်အောင် အခါခပ်သိမ်း အမြဲတစေရှိနေသည်ဟု ထင်ကြရသည်။ အကြောင်းတိုက်ဆိုင်လျှင် သိလိုက်မည်ဆိုသော မနောဓာတ်ကလေး ရှိနေခြင်းကား ဟုတ်ပေလိမ့်မည်။ တည့်တည့်ကျလျှင် အရိပ်ထင်လိုက်မည်ဟူသော “မှန်” ကဲ့သို့ ပင်။ သို့ သော် မှန်ပေါ်၌ (အရိပ်တည့်တည့်ကျလျှင်) အရိပ်ထင်တတ်ခြင်းကဲ့သို့  အကြောင်းတိုက်ဆိုင်ပါမှ (၀ိညာဉ်) အသိစိတ်ကလေး ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ မနောဓာတ်ဘာသာ သိတတ်သည် မဟုတ်။ အာရုံနှင့်တွေ့ ပါမှ (၀ိညာဉ်) အသိစိတ် ဖြစ်ပေါ်လာရသည်။ (၀ိညာဉ်) အသိစိတ်သည် အမြဲတစေ ရှိနေခြင်းမဟုတ်။ အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာပြီး ပျက်သွားရမြဲဖြစ်သည်။ ချမ်းသာသောစိတ်ဟူ၍ လည်းကောင်း၊ ဆင်းရဲသောစိတ်ဟူ၍လည်းကောင်း အမြဲတစေရှိနေခြင်း မဟုတ်ချေ။ သို့ နှင့်ပင် “ကိုယ်ဆင်းရဲချင် ဆင်းရဲပါစေတော့၊ စိတ်ချမ်းသာလျှင်ပြီးရော” ဟု ပြောတတ်ကြသည်။ အမှန်မှာ ပူပန်စရာအကြောင်းကို စဉ်းစားခိုက်တွင် ဆင်းရဲခြင်းဖြစ်၍ ကြည်နူးစရာအကြောင်းကို စဉ်းစားခိုက်တွင် ချမ်းသာသည်ဟု ထင်ရသည်။ ပူပန်စရာအကြောင်းကို မစဉ်းစားဘဲ မနေနိုင်ခြင်းမှာ မိမိ၏ ညံ့ဖျင်းမှုဖြစ်သည်။ ပူပန်စရာအကြောင်းကို မစဉ်းစားဘဲ “သမာဓိ” အစွမ်းဖြင့် ဖယ်ရှားနိုင်စကောင်းသည်။ ပူပန်စရာမဟုတ်ဟူ၍ သိမြင်ဖို့ မှာ ‘ပညာ’ ၏အရာဖြစ်သည်။ သို့ သော် ပူပန်သောစိတ်ဟူ၍ အမြဲတစေ မရှိကြောင်း တတ်အပ်သိမြင်ရန်မှာ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းဖြင့် ဖြစ်နိုင်သည်။

ငြိမ်းချမ်းခြင်းကို မကြိုက်တတ်ကြ

စိတ်နှလုံးပူပန်ခြင်း၊ ပျော်ရွှင်ဝမ်းသာခြင်းစသော အခြင်းအရာများမှာ ‘အိပ်မက်လောက’ထဲ၌ မျောပါသော လူများအဖို့ သာဖြစ်၍ ‘ဒိဋ္ဌလောက’ထဲ၌ စိတ်ကိုထားတတ်သော လူများအဖို့ မှာ သက်သာရာရခြင်းအကြောင်းကို ယခင်တစ်ပတ်က ဖော်ပြခဲ့ပြီးလေပြီ။ ဟုတ်တော့ ဟုတ်ပါပြီ။ ဒိဋ္ဌလောကထဲ၌ စိတ်ကို မထားနိုင်ခြင်းက ခက်သည်ဟု ပြောကြပေလိမ့်မည်။ ဟုတ်ပေသည်။ သို့ သော် ရှေးဦးစွာ ယုံကြည်မှု (သဒ္ဓါ)ရှိဖို့ အရေးကြီးလှ၍ ထိုအတွက်ကြောင့် အထပ်ထပ်ဖော်ပြရခြင်းဖြစ်သည်။ ဤနည်းအားဖြင့် စိတ်ဆင်းရဲရခြင်းမှ အခိုက်အတန့် အားဖြင့် လွတ်မြောက်နိုင်သည့် သဒ္ဓါဟုယုံကြည်သော သဒ္ဓါတိုးတက်လေလေ ဇွဲဝီရိယကောင်းလာလေလေ၊ သတိ၊ သမာဓိ၊ ပညာတည်းဟူသော အခြင်းအရာများ လိုက်ပါလာ၍ ‘ဗိုလ်ငါးပါး’ ညီညွတ်လာဖွယ်ရာရှိပေသည်။ အခက်အခဲတစ်ခုမှာ ဒိဋ္ဌလောကထဲ၌ စိတ်ကိုထားရခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည်။ ငြိမ်းချမ်းခြင်းသဘောကို အကောင်းမထင်ကြဘဲ ပျင်းစရာအနေဖြင့် မှတ်ထင်တတ်ခြင်းပင် ဖြစ်သည်။ သို့ သော် အားတက်ဖွယ်တစ်ခုရှိသည်မှာ လုပ်ဖန်များလာ၍ အရှိန်ရလာသည့်အခါ ငြိမ်းချမ်းခြင်း၏ အရသာကို တဖြည်းဖြည်း နှစ်သက် သဘောကျလာတတ်ခြင်းပင် ဖြစ်လေသည်။

ဥပမာဆောင်ခြင်း

အနိစ္စသဘောတရား အကြောင်းကို ပြန်ကောက်ရသော် ‘အားလုံးမမြဲ’ ဟူ၍ နှလုံးသွင်းရုံနှင့် မပြီးပုံကို ဖော်ပြရပေအုံးမည်။ မီးရထားစီးသွားသော ခရီးသည် မီးရထားပေါ်၌ အမြဲနေထိုင်ဖို့ မဟုတ်ခြင်း၊ မိမိသွားလိုသော ဘူတာသို့ ဆိုက်ရောက်သောအခါ ဆင်းသွားရလိမ့်မည် ဆိုခြင်းကို သိပြီးဖြစ်၏။ သို့ နှင့်ပင် ဘူတာတစ်ခု၌ ခဏတဖြုတ်ဆင်းသွားခိုက်၌ အခြားခရီးသည်တစ်ယောက်က မိမိ၏ပစ္စည်းများကို ဖယ်ချပြီး ထိုနေရာ၌ စွေ့ စွေ့ ပါအောင် ထိုင်နေသည်ကို တွေ့ ရသည် ဆိုငြားအံ့။ ထိုနေရာ၌ မိမိအမြဲနေဖို့  မဟုတ်ဟူ၍ သိထားသောအသိသည် ကိုယ်ပိုင်လိမ့်မည်မဟုတ်ချေ။ မိမိ၏နေရာ လုယူသည်ဆိုကာ ထိုသူအား ရန်ထောင်၍ ထိုလူက ဖယ်မပေးလျှင် ရန်ဖြစ်ကြပေလိမ့်မည်။ ထိုနည်းတူစွာ ‘ဘယ်ဟာမှမမြဲ’ ဟူသော နှလုံးသွင်းတရားသည် အရေးကြုံလျှင် စမ်းသပ်ရှာဖွေ၍ မရဘဲ ဒုက္ခရောက်မြဲ ရောက်ရတတ်ပေသည်။ ရုပ်တရား နာမ်တရားတို့ ၏ မမြဲသော အနိစ္စသဘောကို တစ်ကြိမ်တစ်ခါ တပ်တပ်အပ်အပ် မြင်ဖူး၍ အရေးကြုံသဖြင့် နှလုံးသွင်းသောအခါ၌သာ သက်သာရာရနိုင်ပေသည်။ အလုံးစုံခြုံ၍နှလုံးသွင်းခြင်းသည် ပစ္စုပ္ပန်မတည့်သဖြင့် ၀ိုးဝါးကြီး ဖြစ်တတ်သောကြောင့် မဂ်ပေါက်ဖိုလ်ပေါက် ဖြစ်နိုင်ရန် ခဲယဉ်းလှသည်။

မသေတော့မည်ကဲ့သို့ လုပ်ကြခြင်း

တဖန် သေရခြင်းတရား၏ မြင်ဖို့ ခက်ခြင်းလည်း ရှိသေး၏။ အရွယ်ရောက်ပြီးသော လူဆိုလျှင် ကိုယ့်ကိုယ်ကိုယ် မသေဟူ၍ ဘယ်သူမျှမပြော၊ တစ်နေ့ သေလိမ့်မည်ဟု လူတိုင်းဝန်ခံ၏။ ဘာကြောင့်သေလိမ့်မည်ဟု သိသနည်းဆိုသော် မျက်စိအောက်တွင် ထိုလူသည် လူများသေကြခြင်းကို မြင်ရဖူး၍ အမှန်းအဆနှင့် ပြောကြခြင်းမျှသာဖြစ်၏။ တကယ့်အသိဉာဏ်မဟုတ်ချေ။

အချို့ လူများသည် ပစ္စည်းတွေအတော်ကြီးစုမိသော်လည်း များသည်ထက်များအောင် လောဘတစ်ကြီး စုဆောင်းလျက်ရှိသဖြင့် “ဟိုဘ၀သို့  ယူသွားဖို့ လော” ဟု မေးမြန်းသောအခါ “ဘယ်ဟုတ်မှာလဲဗျာ၊ တစ်နေ့ သေပြီး ထားပစ်ခဲ့ရမှာပဲ” ဟု ပြန်ပြော၏။ “ဒါဖြင့် တစ်နေ့ မှာ သေရမှာပဲလို့  တကယ်သိသလား” ဟုမေးသောအခါ “မသိဘဲနေပါ့မလား၊ သိတာပေါ့” ဟု ပြန်ပြော၏။ ဤတွင် ကျွန်ုပ်က “ဘယ်တော့မှမသေဘဲ အမြဲနေရမယ်ဆိုလျှင် သည်ထက်ပိုပြီး ကြိုးစားနိုင်စရာများ ရှိသေးသလားဗျ” ဟု မေးသောအခါ ဂွမေးခြင်းဖြစ်သည်ဟု ထင်ပုံရ၏။ အချို့ သောလူတို့ မှာ (တရားအားထုတ်ပြီ ဆိုသော်လည်း) ဘယ်တော့မှ မသေတော့မည့်နှယ် အထုပ်ကြီး အထည်ကြီးဖြစ်အောင် ကြိုးကြိုးစားစား စုပုံလျက် ရှိကြပေတော့သည်။

ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်း

အချို့ သောသူများသည် (တရားသမားများလည်း ပါသည်) တစ်သက်ပတ်လုံး စားသုံး၍ မကုန်လောက်အောင် စုဆောင်းပြီးဖြစ်ပါလျက် ဘဏ်တိုက်၌ အပ်ထားသော ငွေထဲသို့  သုညတစ်လုံးပြီးတစ်လုံး တိုးစေခြင်းငှာ စီးပွားရေးဘက်သို့  လိုက်ဆဲတွေ့ ရ၏။ “တော်လောက်သေးဘူးလားဗျာ” ဟု မေးသောအခါ “ကျွန်တော့်မှာ သားသမီးတွေ ပေါတယ်ခင်ဗျ၊ ကိုယ့်အတွက်လုံလောက်ပေမယ့် သူတို့ အတွက် ရှာထားခဲ့ရသေးတယ်” ဟု ပြန်ပြော၏။ ပြောမည့်သာ ပြောသည်။ အကယ်၍ သားသမီးများက “ကျွန်တော်တို့ အဖို့  လုံလောက်ပါပြီ။ အဖေလဲ ကြီးပါပြီ။ တရားအားထုတ်ပြီး နေချေပါတော့” ဟု ဆိုကြလျှင် လက်ခံသောမိဘ ခပ်ရှားရှားရှိလိမ့်မည်။ အမှန်မှာ သားသမီးကို ယိုးမယ်ဖွဲ့ ပြီး “ဟိုလူ၌ ဆယ်သိန်းရှိ၍ ငါ့မှာ သိန်းနှစ်ဆယ်ရှိစေရမည်” ဟူသော ပလွှားမှုက တိုက်တွန်းခြင်းဖြစ်ပေသည်။ (ပဲရောက် ဦးဆန်နီတစ်ယောက် စွန့် လွှတ်ပုံမှာ ရှားမှရှားဆိုလောက်၍ ရှေ့ တွင်ရော ကွယ်ရာပါ ချီးကျူးမိပါသည်။) အချို့ သောတရားသမားများကမူ “တော်လောက်ပါပြီ” ဟု သတိပေးသောအခါ၌ “ပစ္စည်းဆိုတာ သင်္ခါရခင်ဗျ၊ အခုပေါနေပေမယ့် နက်ဖြန်ခါကျ ဟုတ်ချင်မှဟုတ်တာ” ဟု ပြန်ပြောသေးသည်။ သင်္ခါရသဘောကို အလွဲသုံးစားလုပ်ပြီး တစ်သက်လုံး ထမ်းပိုးတုံးထဲက မထွက်ရအောင် လုပ်သူများလည်း ရှိပေသေးသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment