Thursday, September 2, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၉)

ရှင်းရှင်းလင်းလင်း သိရသောအချက်

အထက်ပါ ပုစ္ဆာများကို (အရေးကြီးသည်အလျောက်) ဖြေဆိုခဲ့ပြီးပြီဖြစ်၍ ဤနေရာတွင် စိတ်သဘာဝနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဆက်လက်ဖော်ပြရဦးမည်။ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” ဟူသော သြ၀ါဒအရ ကျင့်သုံးအားထုတ်သည့်အခါ (ယခင်တစ်ပတ်က ဖော်ပြခဲ့သည့်အတိုင်း) အိပ်မက်လောကနှင့် ဒိဋ္ဌလောက အပြန်အလှန် ကူးသန်းနေတတ်သော စိတ်သဘာဝကို တွေ့ မြင်ရပေလိမ့်မည်။ အိပ်မက်လောကထဲ၌ မျောပါလျက်ရှိရာမှ တစ်ချက်တစ်ချက် သတိရ၍ ရုပ်သိမ်းလိုက်သောအခါများတွင် လောဘစိတ်ဖြစ်ခဲ့မိခြင်း၊ အလိုမကျသည့် ဒေါမနဿစိတ် ဖြစ်ခဲ့မိခြင်းများကို “တန်းလန်းကြီးမိ” နေခြင်းများလည်း ကြုံရပေလိမ့်မည်။ သို့ သော်သတိရလိုက်သည်နှင့် တပြိုင်နက် ထိုစိတ်ဆိုးစိတ်မိုက်များ ပျောက်ပြယ်သွားခြင်းကိုလည်း ကြုံရပေလိမ့်မည်။

ထိုအခြင်းအရာကို ရံဖန်သုံးသပ်မိရာတွင် သီလရှိသော ပုဂ္ဂိုလ်၊ သီလမရှိသော ပုဂ္ဂိုလ်ဟူ၍ စင်စစ်ရှိသည်မဟုတ်၊ ဆိုးချည်တစ်ခါ ကောင်းချည်တစ်လှည့်ဖြင့် အမျိုးမျိုးသော အာရုံတို့ နှင့် ထိတွေ့ ပြီး အိပ်မက်နေသော စိတ်ကလေးမျှသာ ရှိချေသည်တကားဟု စဉ်းစားမိပေလိမ့်မည်။ သို့ ဆိုလျှင် သီလစင်ကြယ်သော ပုဂ္ဂိုလ်ကြီးတစ်ဦး တစ်ယောက် အမြဲတစေ ရှိနေဘိသကဲ့သို့  မှတ်ထင်ကြသော အထက်ပါပြဿနာမှာ ယောဂီ၏စိတ်ထဲတွင် ရှင်းရှင်းကြီး လင်းသွားနိုင်ဖွယ်ရာ ရှိပေသည်။

လုံး၍ ရိုက်ကြခြင်း

ကျွန်ုပ်တို့ မြန်မာပြည်၌ တရားအားထုတ်ခြင်း၊ တရားနှလုံးသွင်းခြင်းနှင့် ပတ်သက်၍ လုပ်ရိုးလုပ်စဉ် လုပ်တတ်ကြသော နည်းလမ်းတစ်ခုအရ လက္ခဏာရေးသုံးပါးကို ဆင်ခြင်သုံးသပ်ရမည်ဟု ဆိုကြသည်။ အချို့ လည်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ရွတ်ဆိုကာ စိပ်ပုတီး အပတ်တစ်ရာ၊ တစ်ထောင်စသည်ဖြင့် စိပ်တတ်ကြသည်။ အချို့ လည်း မမြဲခြင်းကို ရှုဆို၍ ရှုတတ်ကြသည်။ စိပ်ပုတီးစိပ်ခြင်းတည်းဟူသော သမထအလုပ်ကိုထားပါဦး၊ ၀ိပဿနာအလုပ်ဟု ဆိုကြသော မမြဲခြင်းကို ရှုသည့်အလုပ်နှင့် ပတ်သက်၍ ဖော်ပြလိုပေသည်။

မမြဲသောသဘော (အနိစ္စ)ကို ရှုသည့်အခါ “ဘယ်သင်းမမြဲခြင်းကို အာရုံပြုပါသနည်း” ဟု မေးလျှင် “အားလုံး မမြဲတာပေါ့၊ ကြားကြားသမျှ၊ မြင်မြင်သမျှဟာတွေ အားလုံးမမြဲတာချည်းပေါ့” ဟု ဖြေဆိုတတ်ကြပေသည်။ ဤနည်းဖြင့် “လုံး၍ရိုက်” ကြခြင်းကြောင့် မိမိရရ မရှိသဖြင့် ခရီးမရောက်ခဲ့ခြင်း ဖြစ်လေသည်။

နိဗ္ဗာန်နှင့် ဝေးခဲ့ခြင်း

“လုံး၍ရိုက်” သော နည်းမျိုးဖြင့် ခရီးပေါက်နိုင်သည်ဆိုလျှင် အနောက်တိုင်းမှ လောကဓါတ်ဆရာကြီးများလည်း အရိယာ ဖြစ်ကုန်ကြပေတော့မည်။ အင်္ဂလန်ပြည်၌ မကြာသေးမီက ပေါ်ထွန်းလာသည့် ဟွိုင်း(လ်) Hoyle အမည်ရှိ လူငယ်တစ်ယောက်မှာ အသက်၂၀ကျော်ကလေးမျှသာ ရှိသေးသော်လည်း စကြာဝဠာကြီး ဖြစ်ပုံပျက်ပုံ၊ တည်ထွန်းလာပုံ၊ အဖန်တလဲလဲ ဖြစ်ချည်ပျက်ချည် ရှိနေပုံများကို ရေးသားဖော်ပြထားလိုက်ပုံမှာ ယုတ္တိယုတ္တာရှိလှသောကြောင့် ၀ါရင့်သော လောကဓာတ်ဆရာကြီးများကပင် ဟုတ်လောက်သည်ဟု လက်ခံချင်ကြလေသည်။ ယင်းသို့ ဆိုလျှင် ထိုသူငယ်သည် လောကကြီး၏ အတည်အမြဲ မဟုတ်ခြင်းကို အသေးစိတ်သိ၍ အနိစ္စသဘောတရားကို မြင်လေပြီဟု ပြောစရာဖြစ်နေပေလိမ့်မည်။

လောကကြီးတစ်ခုလုံး (စကြာဝဠာအနန္တ)၏ မတည်မြဲခြင်းကို မြင်သည်ဆိုလျှင် လောကထဲတွင် သတ္တ၀ါတွေလည်း ပါဝင်သောကြောင့် သတ္တ၀ါတွေလည်းမမြဲ၊ မိမိလည်းမမြဲဟူ၍ သိမြင်တော့မည် မဟုတ်ပါလော - ဟူ၍ပင် ဆိုနိုင်ဖွယ်ရာရှိသည်။ သို့ သော်... ဤသို့ ကားမဟုတ်ချေ။

စကြာဝဠာ အနန္တသည် မမြဲဟူ၍ စဉ်းစားမိသော်လည်း ငါတည်းဟူသော ထင်မှတ်မှုကလေးကား တည်မြဲလျက်ပင် ရှိနေရပေမည်။ ထို့ ကြောင့် ကြားကြားသမျှ၊ မြင်မြင်သမျှ မမြဲဟူ၍ ဆင်ခြင်သုံးသပ်ကာမျှနှင့် သက္ကာယဒိဋ္ဌိ မကင်းကွာနိုင်သဖြင့် နိဗ္ဗာန်မရကောင်းသလောက် (တစ်ခေတ်က) မှတ်ယူလာခဲ့ကြခြင်း ဖြစ်လေသည်။

ယထာဘူတကျဖို့ လိုခြင်း

ယင်းသို့ ဆိုလျှင် မည်ကဲ့သို့ ပြုလုပ်ပါမှ အနိစ္စသဘော တကယ်ထင်၍ သက္ကာယဒိဋ္ဌိ ကင်းကွာနိုင်ပါမည်နည်း။ “အားလုံးမမြဲ၊ ဘယ်ဟာမှ မမြဲ” ဟု ဆင်ခြင်သုံးသပ်သောသူသည် သို့ မဟုတ် အထက်ပါလူငယ်ကဲ့သို့  တွေးတောမှန်းဆသောသူသည် ရုပ်သဘာဝ၊ နာမ်သဘာဝကို ယထာဘူတကျကျ သိမြင်ခြင်းမဟုတ်ဘဲ ၀ါးလုံးရှည်နှင့်သိမ်းရိုက်ပြီး အားလုံးမမြဲဟု ယူဆနေခြင်းမျှသာ ဖြစ်သည်။ “မမြဲဘူး၊ မမြဲဘူး” ဟူ၍ တစ်သက်ပတ်လုံး နှလုံးသွင်းစေကာမူလည်း ရုပ်သဘာဝ၊ နာမ်သဘာဝကို ယထာဘူတကျကျ မသိမြင်သမျှ ကာလပတ်လုံး အနိစ္စသဘောကို အဟုတ်တကယ် မမြင်နိုင်ချေ။

ဤတွင် သိတတ်သော သဘောကလေးသည် စိတ်ဖြစ်သည်ဟူ၍ သိရုံမျှနှင့်လည်း စိတ်အကြောင်းကိုသိလေပြီဟု မဆိုနိုင်ချေ။ လုပ်ရမည့်အလုပ်ကား ရုပ်သဘာဝ သို့ မဟုတ် နာမ်သဘာဝကို ယထာဘူတကျကျ သိအောင် အကြိမ်ကြိမ်အထပ်ထပ် သုံးသပ်ဆင်ခြင်ရန်မျှသာဖြစ်၏။ စင်စစ်မှာ ရုပ်တရားသို့ မဟုတ် နာမ်တရားတို့ သည် အနိစ္စ သို့ မဟုတ် ဒုက္ခ သို့ မဟုတ် အနတ္တ သဘောတရားတို့ ၏ အထိမ်းအမှတ် (လက္ခဏာ)မျှသာ ဖြစ်လေရကား၊ ရုပ်တရား သို့ မဟုတ် နာမ်တရားကို နည်းနာကျကျ ရှုဆင်ခြင်တတ်လျှင် အနိစ္စ သို့ မဟုတ် ဒုက္ခ သို့ မဟုတ် အနတ္တ သဘောတရားကို တစ်ကြိမ်တစ်ခါတွင် ဘွားကနဲ မြင်လာရပေမည်။ ရုပ် သို့ မဟုတ် နာမ်ကို အမှန်အတိုင်းသိလျှင် အနိစ္စကို မြင်တော့သည် ဟူလို။

ပစ္စုပ္ပန်အလုပ်

ရုပ်တရား သို့ မဟုတ် နာမ်တရားကို နည်းနာကျကျ ဘယ်ကဲ့သို့  ရှုဆင်ခြင်ရပါမည်နည်း။

ဝိပဿနာအလုပ် ဟူသည်မှာ ပစ္စုပ္ပန်တရားသက်သက် ဖြစ်သည်ဟု ရှေးဦးစွာ နားလည်သင့်သည်။ ဟိုနေရာ ဟိုဌာန၌၊ ဟိုတုန်းက မမြဲခြင်းကို ဆင်ခြင်ခြင်းထက် ယခုချက်ချင်းလက်ငင်း အဖြစ်အပျက်ကို မြင်ပါမှ နှလုံးသို့ ခိုက်နိုင်သည်။ တရားမြင်ခြင်း ဟူသည်မှာ အပေါ်ယံက အလုပ်မဟုတ်၊ နှလုံးသို့  (ဘ၀င်သို့ ) ခိုက်သောအလုပ်မျိုးဖြစ်သည်ကို သမ္မာသတိ ပုဂ္ဂိုလ်များအကြောင်းတွင် ဗုဒ္ဓဟောတော်မူခဲ့သည်။ ပစ္စုပ္ပန်အလုပ် ဖြစ်သည်ဆိုလျှင် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” ဟူသော အလုပ်ကဲ့သို့  ပစ္စုပ္ပန်တည့်တည့်အပေါ်၌ စိတ်ကိုထားဖို့  အရေးတကြီး ဟောတော်မူသော သြ၀ါဒသည် ပိဋကတ်သုံးပုံလုံးတွင် ရှားလိမ့်မည်ထင်မိသည်။ စမ်းသပ်လေ့ကျင့်လိုက်သည်နှင့် တပြိုင်နက် ပစ္စုပ္ပန်သက်သက် အလုပ်တရားဖြစ်ခြင်းကို သဘောပေါက်နိုင်ကြပေမည်။


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment