Wednesday, September 1, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၈)

အားထုတ်သော်လည်း အားမရခဲ့

ယင်းအတိုင်း သန္နိဋ္ဌာန်ချမှတ်ခဲ့သော်လည်း မေ့မေ့ပျောက်ပျောက် သောက်သောက်စားစား ပျော်ပျော်ပါးပါး နေခဲ့မိရာ အသက်၃၅နှစ် အရွယ်တွင် မိဘများနှင့် တစ်ဖန် ပြန်လည်ဆုံဆည်းမိသည်နှင့် ယခင်က သန္နိဋ္ဌာန်အကြောင်းကို သတိရပြီး ၇ ရက် အဓိဋ္ဌာန်ဖြင့် တရားအားထုတ်ခဲ့သည်။ ၅ ရက်မြောက်သောနေ့ တွင် သက္ကာယဒိဋ္ဌိကွာပြီဟု (ကိုယ့်ဟာကိုယ်) ထင်ရုံမက လူ့ ဘောင်၌ မနေနိုင်တော့ပြီဟု ယူဆကာ ရဟန်းတက်ခဲ့သည်။ ကျွန်ုပ်၏ အကြံကား ရဟန်းဘောင်တွင် အာသဝေါကုန်ခန်းသည်အထိ အရိုးကြေကြေ အရေခန်းခန်း ဆက်လက်အားထုတ်ရန်ဖြစ်သည်။ သို့ သော် ၅၂ ရက်မြောက်သောနေ့ တွင် တောရကျောင်းတစ်ကျောင်း၌ တစ်ပါးတည်း အကြီးအကျယ် ငှက်ဖျားဖျားသည်နှင့် မိဘများတောင်းပန်ချက်အရ လူထွက်ခဲ့ရသည်။ သို့ သော် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစရာ အတွေ့ အကြုံများ ရှိခဲ့သည်ဖြစ်၍ အလျဉ်းသင့်သောနေရာ၌ ဖော်ပြရပေဦးမည်။

ဆက်လက်အားထုတ်ခြင်း

လူထွက်ပြီးနောက် သတင်းစာဆရာ၊ ၀တ္ထုရေးဆရာ အဖြစ်ဖြင့် လုပ်ကိုင်စားသောက်လာခဲ့ရာ ကျွန်ုပ်မှာ သူတပါးအား ကြီးကြီးကျယ်ကျယ် နစ်နာဆုံးရှုံးစေမည့် အပြုအမူမျိုးမှ ရှောင်ကြဉ်ရုံမှတပါး သူလိုငါလို နေလာခဲ့သည်။ သို့ သော် တစ်နေ့ တွင် ငါ၏ သန္နိဋ္ဌာန်အတိုင်း ဆက်လက်အားထုတ်ရဦးမည်ဆိုသော ကိစ္စကိုမူ တစ်နေ့ တစ်ရက်မျှ မမေ့ခဲ့ချေ။ ၁၉၄၈ခုနှစ်၌ မဂ်တရား၊ ဖိုလ်တရားနှင့်ပတ်သက်၍ မြန်မာပြည်၌ အထူးခေတ်စားလာပြန်ရာတွင် ကျွန်ုပ်သည် ဤဆရာတော်၏နည်း၊ ထိုဆရာတော်၏နည်း စသည်များကို စမ်းသပ်အားထုတ်ခဲ့သည်။ နောက်ဆုံး၌ မာလုကျပုတ္တနှင့် ဘာဟိရတို့ အား ဗုဒ္ဓညွှန်ပြတော်မူသည့်နည်းကို နှစ်နှစ်ကာကာ ယုံကြည်သဘောကျသည်ဖြစ်၍ “ဧကော ဓမ္မော ဧကောနယော” ဆိုသည့်အတိုင်း တစ်ကြောင်းတည်းသောလမ်းဖြင့် လိုက်နာကျင့်ကြံ အားထုတ်ခဲ့သည်။

ဤမျှလောက်ဆိုလျှင် ၀တ္ထုတွေ ရေးရာမှနေပြီး စိတ်ကူးပေါက်၍ လျှောက်ရေးသည်ဟူသော အထင်အမြင် ပပျောက်စေလောက်ပြီဟု မျှော်လင့်သည်။

ပါရမီရင့်သူ

(၂) လူတိုင်းအားထုတ်၍ ဖြစ်နိုင်ပါသလော၊ ပါရမီရင့်ကျက်မှ ဖြစ်နိုင်သည်ဆိုလျှင် ပါရမီအနုအရင့်ကို မည်သို့ သိနိုင်ပါမည်နည်း ဟူသော ပုစ္ဆာကို ဖြေဆိုပေအံ့။

ပါရမီနုသူများအဖို့  လောကီစည်းစိမ်ထက် မွန်မြတ်သော သုခချမ်းသားမျိုး ရှိသေးသည်ဆိုခြင်းကို ယုံကြည်နိုင်မည် မဟုတ်သောကြောင့် အားထုတ်လိမ့်မည်လည်း မဟုတ်။ ထို့ ကြောင့် တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး အရိယာမဖြစ်နိုင်ဟု ကျွန်ုပ်၏ ယုံကြည်ချက်ကို ဖော်ထုတ်ရေးသားခဲ့ဖူးလေပြီ။ ပါရမီအနုအရင့်နှင့် ပတ်သက်၍ စာထဲ၌ မည်ကဲ့သို့ ဖော်ပြထားသည်ဟု ကျွန်ုပ်မတွေ့ ရဘူးသော်လည်း ကျွန်ုပ်၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုပါမူကား အကြင်သူသည် လောကကြီးတွင် ကာမဂုဏ်ငါးပါးခံစားခြင်းအားဖြင့် ပျော်ပျော်ပါးပါးနေခြင်းထက် ငြိမ်းချမ်းကြည်လင် ဖြူစင်သိမ်မွေ့ သော စိတ်နှလုံးရှိခြင်းတည်းဟူသော အဖြစ်သည် မြတ်နိုးဖွယ်ကောင်းပေသည်တကားဟု မျှော်မှန်းရမ်းရော်တတ်သည့် အနုမာနာဉာဏ်မျိုး ရှိသည်ဆိုလျှင် ပါရမီရင့်သော သူပေတည်းဟု ကျွန်ုပ်အကဲဖြတ်သည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment