Wednesday, August 11, 2010

အူယားလို့ ရေးသည်

ကာမာကူရ ဆင်းတုတော်ကြီး

ကျွန်တော် အခု ရောက်နေတဲ့ ဂျပန်နိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံတစ်ခု အဖြစ် ကျွန်တော်တို့ မြန်မာတွေသိထားခဲ့ကြပါတယ်။ ဂျပန်မှာ ထင်ရှားတဲ့ ကာမာကူရဘုရား (Kamakura Daibutsu) ဆိုရင်လည်း မြန်မာတွေ တော်တော်များများ သိကြသလို ဘုရားဆင်းတုတော်ကိုလည်း ဓါတ်ပုံတွေ၊ ဆင်းတုတော် အသေးလေးတွေကနေတဆင့် မြင်ဖူး၊ ဖူး ဖူးကြပါတယ်။

ဂျပန်ရောက်နေတဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ ဂျပန်ရဲ့ ဘယ်နယ်ကိုပဲ ရောက်နေနေ ဆင်းတုတော်ကြီးရှိရာကို ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းမဟုတ် တစ်နည်းနဲ့ တော့ ရောက်အောင်ကြိုးစားသွားဖူးကြတာပါဘဲ။ ကျွန်တော်တို့ အတွက် ဘာသာရေးအထွဋ်အမြတ်အဖြစ် သတ်မှတ်ရိုသေရတဲ့ နေရာမြတ်တစ်ခုပေပဲကိုး။

ဘုရားကြီး သီတင်းသုံးတဲ့နေရာက တိုကျိုမြို့ ပေါ်ကနေ ရထားနှင့်သွားမယ်ဆို တစ်နာရီလောက်စီးရင် ကာမာကူရဘူတာကို ရောက်ပါတယ်။ အဲဒီကမှ ဘက်စ်ကားဖြစ်ဖြစ်၊ Taxi နဲ့ ဖြစ်ဖြစ် (၁၅) မိနစ်လောက်စီးရင် ဘုရားကြီးဆီရောက်ပါတယ်။ ဘုရားကြီးရဲ့ ပတ်ချာလည်မှာ တောင်ကုန်းတွေ၊ သစ်ပင်တွေ ထူထူထဲထဲရှိလို့  သာသာယာယာရှိပါတယ်။ သိပ်မဝေးတဲ့နေရာမှာ ပင်လယ်လည်းရှိနေတာမို့  ပတ်ဝန်းကျင်ကတိုက်ခတ်နေတဲ့လေကအစ သန့် ရှင်းလတ်ဆတ်ပြီး ရောက်ရှိလာတဲ့သူတွေကို ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့မှုကို ဖြစ်စေပါတယ်။

တချို့ သောပုဂ္ဂိုလ်များကတော့ ကာမာကူရဘုရားကြီးကို ဒါက ဗုဒ္ဓဆင်းတုတော်မဟုတ်ဘူး၊ မဟာယာနအယူအဆအရ ဘုရားအလောင်းရုပ်တုပဲလို့ ဆိုကြပါတယ်။ ဒါပေမယ့် သွားကြတဲ့မြန်မာတွေကတော့ မြတ်စွာဘုရားရှင်ဆင်းတုတော်အဖြစ်နှင့်ဘဲ သိကြ၊ နှလုံးသွင်းကြပြီး အာရုံပြုကြည်ညိုဖူးမြော်ကြတာဘဲ များပါတယ်။

ဘုရားကြီးရဲ့ သမိုင်း
Amida Buddha
အမိတာဘာ= အမိတ(အနှိုင်းဆမရှိသော)+အာဘာ(ပညာအရောင်ရှိတော်မူသော ဘုရား)

ကျွန်တော် ဘုရားကြီးဆီ ဂျပန်ကို ရောက်ခါစ ပထမဆုံးအကြိမ်စသွားတော့ စိတ်ထဲမှာ မြန်မာပြည်ကဘုရားတွေလို ဘုရားပုရ၀ုဏ်တွေ၊ အာရုံခံတန်ဆောင်းတွေရှိမယ်လို့  ထင်ထားတာပါ။ အနည်းဆုံးတော့ ဘုရားဝတ်ပြုစရာ နေရာသီးသန့် တစ်ခုတော့ရှိမယ်ပေါ့။ တကယ်လည်း ရောက်သွားရော ဘုရားဆင်းတုတော်ကြီးဟာ ကုန်းမြင့်တစ်ခုပေါ်မှာ ဒီအတိုင်း သီတင်းသုံးနေတာပါ။ ပတ်ချာလည်မှာက ရင်ပြင်တော်လိုမျိုး လမ်းလျှောက်ပြီး ကြည့်လို့ ရတဲ့ လူသွားလမ်းကျယ် လုပ်ထားပါတယ်။ ဘုရားဝတ်ပြုစရာနေရာသီးသန့် မရှိပါဘူး။ ဘေးဘက်တွေမှာတော့ အမိုးနှင့် အဆောက်အအုံတွေအောက်မှာ ထိုင်စရာခုံရှည်တွေတော့ ချပေးထားပါတယ်။ ဘုရားရင်ပြင်ရဲ့  ထောင့်တချို့ မှာ ကျောက်တုံးအကြီးကြီးတွေ လူထိုင်လို့ ရအောင် ချပေးထားတာတော့ရှိပါတယ်။ တချို့ မြန်မာတွေက အဲဒီကျောက်တုံးတွေပေါ်တက်ပြီး ဘုရားဝတ်ပြုရှိခိုးကြပါတယ်။ တချို့ လည်း ရင်ပြင်စင်္ကြံပေါ်မှာဘဲ အဆင်ပြေသလိုထိုင်ပြီး ကန်တော့ကြပါတယ်။ ပုတီးစိပ်တာတို့ ၊ တရားထိုင်တာတို့ ၊ ဘုရားစာရွတ်ပြီး ပူဇော်တာတို့ လုပ်ဖို့ ဆိုတာကတော့ နေရာအနေအထားကြောင့် နဲနဲ ခက်မယ်လို့ ပြောရမှာပါဘဲ။

နောက်ပိုင်းတော့ ကျွန်တော် ကာမာကူရကို မကြာခဏဆိုသလို ရောက်ဖြစ်ပါတယ်။ ရောက်တိုင်း ကျွန်တော်က ဘုရားကြီးမှာ အေးအေးဆေးဆေး တစ်နေရာမှာ ထိုင်တတ်ပြီး တွေ့ သမျှမြင်သမျှကို ဂရုတစိုက် သတိထား လိုက်ကြည့်ဖြစ်တတ်ပါတယ်။ အဲဒီလို လိုက်ကြည့်တော့ ကျွန်တော် ဘာတွေ သတိထားမိသွားသလဲပေါ့...။

ဘုရားကြီးရဲ့  စီမံအုပ်ချုပ်ရေးဝန်ထမ်းတွေဟာ ဒီဘုရားအပေါ်မှာ အရိုအသေနည်းတာကို တွေ့ ရပါတယ်။ သူတို့ က ဒီဘုရားကြီးကို Tourist Attraction အဖြစ်၊ ရုပ်တုတစ်ခု အဖြစ်လောက်သာ သဘောထားတဲ့ပုံစံ သူတို့ အပြုအမူတွေမှာ တွေ့ ရတတ်ပါတယ်။ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်ရုပ်တုဆိုတာမျိုးတောင် စိတ်ထဲရှိချင်မှ ရှိလိမ့်မယ်လို့  ကျွန်တော်ထင်ပါတယ်။

နောက်....လာကြတဲ့သူတွေ။ များသောအားဖြင့်တော့ သူတို့ လူမျိုးတွေပဲများပါတယ်။ နိုင်ငံခြားသားတွေလာတာလည်း ရှိတော့ရှိပါတယ်။ မြန်မာတွေကိုကတော့ တွေ့ ရခဲပါတယ်။ ဂျပန်လူမျိုးကို ဗုဒ္ဓဘာသာကိုးကွယ်တယ်လို့ သိထားတဲ့ ကျွန်တော်ဟာ (သူတို့ မှာ မဟာယာနတို့ ၊ ဇင်တို့ ၊ ရှင်တို တို့ စသဖြင့်တော့ အမျိုးကွဲတွေတော့ရှိပါတယ်) ဘုရားလာကြတဲ့သူတွေကို မြင်ရရင် တော်တော်လေးအံ့သြရပါတယ်။ ဘာလို့ လဲဆိုတော့ သူတို့ ဟာ ဆင်းတုတော်ကို အရိုအသေပေးတဲ့ပုံလည်းမပြ၊ ဘာသာရေးအထိမ်းအမှတ်တစ်ခုလို့ လဲ သဘောထားပုံမရ။ သူတို့ တွေက ဆင်းတုတော်ကြီးကို Disney Land က အရုပ်တွေလိုမျိုးသဘောထားသလားတော့မပြောတတ်ဘူး။ ဓါတ်ပုံတွေ မျိုးစုံရိုက်ပြီး ပြန်ကြတာဘဲ တွေ့ ရတတ်ပါတယ်။

ဒီတစ်ခါလည်း မနေ့ က ကျွန်တော် ဘုရားကို ရောက်တယ်။ အ၀င်ဝမှာ ၀င်ကြေးပိုက်ဆံပေးပြီး ဘုရားပုရ၀ဏ်ထဲ စ၀င်လိုက်တာနဲ့  တွေ့ ရတဲ့မြင်ကွင်းက စိတ်ထဲ ကသိကအောင့်ဖြစ်စေပါတယ်။ ဆင်းတုတော်ကြီးရဲ့ ရှေ့ တည့်တည့်မှာ အ၀င်ဝဂိတ်တံခါးနှင့်ဆက်ထားတဲ့ လူသွားလမ်းရှည်တစ်ခုရှိတယ်။ စပြီး ပုရ၀ဏ်ထဲဝင်လိုက်တာနဲ့  ဆင်းတုတော်ကြီးတစ်ကိုယ်လုံးကို ဖူးလိုက်ရပြီး တန်းတန်းမတ်မတ် အဲဒီလမ်းအတိုင်း ဆင်းတုတော်ဆီ လျှောက်သွားရတာမျိုးပေါ့။ ကျွန်တော်ဝင်သွားတော့ အဲဒီလူသွားလမ်းပေါ်မှာ လူငယ်အုပ်စုတစ်ဖွဲ့ ဓါတ်ပုံရိုက်နေကြတယ်။ ရိုက်တာက ရိုးရိုးမဟုတ်ဘူးဗျ။ တစ်ယောက်က သူ့ လက်ဖ၀ါးကို မှောက်ပြီး ဆင်းတုတော်ကြီးရဲ့ တည့်တည့်နေရာမှာ အပေါ်ကို မြှောက်ထားတယ်။ အဲဒါကို နောက်တစ်ယောက်က ကင်မရာကို နေရာလိုက်ချိန်ပြီးရိုက်တယ်။ ကျွန်တော်ကြည့်လိုက်တာနဲ့  တန်းသဘောပေါက်တယ်။ ဒီကောင်တွေ ဆင်းတုတော်ကြီးရဲ့ ဦးခေါင်းတော်ကို လက်နဲ့ ပုတ်နေတဲ့ပုံတော့ရိုက်နေပြီလို့ ။


ပုရ၀ဏ်အ၀င်မှ လှမ်းမြင်ရသော လူသွားလမ်းနှင့် ဆင်းတုတော်ကြီး

စိတ်ထဲကဒေါသက ထောင်းကနဲထွက်သွားတာကို အသာလေးထိန်းပြီး အဲဒီအဖွဲ့ ကို ကျွန်တော် ကျော်လာခဲ့လိုက်တယ်။ ဘုရားရင်ပြင်တော်ပေါ်တက်တဲ့ လှေကားနားရောက်တော့ နောက်ထပ် လူငယ်တစ်ဖွဲ့ ထပ်တွေ့ ပြန်တယ်။ သူတို့ ကလည်း လှေကားထိပ်မှာ ဓါတ်ပုံရိုက်နေကြတာပါဘဲ။ အဲ....ရိုက်ပုံရိုက်နည်းကတော့ သူတို့ ထဲက တစ်ယောက်က ဘုရားဆင်းတုတော်ကြီးရဲ့  ကိုယ်နေဟန်ထား၊ လက်နေဟန်ထားတော် အတိုင်း ချွတ်စွပ်တူအောင် လိုက်ထိုင်ပြီး ဓါတ်ပုံအရိုက်ခံနေတာပါ။ အဲဒါကို ဘေးကဖြတ်သွားတဲ့ လူတွေကလည်း သဘောတွေကျလို့  အားပေးသွားကြပါသေးတယ်ဗျာ။ ကျွန်တော် ဒေါသက ပိုပြီးထွက်လာပါတယ်။ သူတို့ ကိုလည်း ကျွန်တော်ကျော်လာပြီးတော့ ရင်ပြင်တော်ပေါ်တက်လာခဲ့လိုက်ပါတယ်။

ဘုရားအာရုံပြုပြီး ခုံတန်းရှည်တစ်ခုမှာထိုင်ရင်း ကိုယ့်စိတ်ကိုယ်ပြန်ပြီးသတိပေးရပါတယ်။ ငါကုသိုလ်ပြုဖို့ ဘုရားလာတာ၊ အကုသိုလ်မဖြစ်စေနဲ့ လို့  ဆင်ခြင်နေလို့ မှ မဆုံးသေးဘူး။ မြင်ကွင်းထဲကို မတော်တာက ထပ်ဝင်လာပြန်ပါရောဗျား...။ ကျွန်တော်လည်း အဲဒီမြင်ကွင်းကို ကြည့်ရင်း ငါဒီအကြောင်းတော့ ပို့ စ်ရေးတော့မယ်လို့  ခေါင်းထဲအကြံရသွားပြီး သက်သေခံအဖြစ် ဓါတ်ပုံရိုက်ယူထားလိုက်တော့မယ်လို့ စိတ်ကူးရသွားပါတယ်။ အဲဒါနဲ့ ကင်မရာလည်း မပါတော့ ပါတဲ့လက်ကိုင်ဖုန်းထုတ်ပြီး ဓါတ်ပုံမှတ်တမ်းတင်လိုက်တော့တယ်ခင်ဗျာ။

မြင်ကွင်းကတော့ အနောက်တိုင်းသူမ နှစ်ယောက်၊ ဘုရားဆင်းတုတော်အောက်က အုတ်ဘောင်ပေါ်မှာ ကို့ ယို့ ကားယားပက်လက်လှန်ပြီး အိပ်ချလိုက်လို့ ပါဘဲ။ သူတို့ ဝတ်ထားတဲ့ အ၀တ်အစားတွေနှင့် သူတို့ အိပ်လိုက်ပုံနဲ့ က ဘုရားကြီးရှေ့ မှာ ကျွန်တော် ဗုဒ္ဓဘာသာမြန်မာတစ်ယောက်မျက်စိနှင့် ဘယ်လိုမှ အဆင်မပြေဘူးဗျာ။ သူတို့ ကလည်း ဘာစိတ်ကူးပေါက်ပြီးများ အိပ်လဲမသိ။ အကြာကြီးဘဲ။ ပထမ ကျွန်တော်က မသိမသာအဝေးကြီးကနေ ဓါတ်ပုံရိုက်တယ်။ နောက်တော့ မထူးဘူးကွာဆိုပြီး စိတ်ထဲတင်းတင်းရှိတာနဲ့  သူတို့ အနားသွားပြီးတော့ကို ရိုက်လိုက်တော့တယ်။ နောက်တော့ တစ်ယောက်ကထသွားတယ်။ ကျန်တဲ့နောက်တစ်ယောက်ကတော့ တော်တော်ကြီးကြာမှ ထသွားတယ်။






ဒီလိုတွေ ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်းလုပ်နေကြတာကို ဘယ်သူမှလည်း တားမယ့်သူမရှိ၊ သတိပေးမယ့်သူလည်းမရှိ၊ သဘောကျလို့ အားတောင်ပေးလိုက်ကြသေးတယ်။ ဘုရားကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ ကလည်း သူတို့ နှင့်မဆိုင်သလိုပါဘဲ။

ဒီလိုအပြုအမူမျိုးတွေ မြန်မာပြည်မှာသာ အခုလိုလုပ်လို့ ကတော့ ကျွန်တော်ဝင်တားမိမှာ ကျိန်းသေပါတယ်။ ကိုယ်မတားခင်တောင် ကိုယ့်ထက် လက်ဦးပြီး တားမယ့်သူတွေ တန်းစီနေမှာပါ။ အခုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အရပ်မဟုတ်တော့ ကိုယ့်မှာ ထွက်နေတဲ့ ဒေါသကို အတင်းချိုးနှိမ်ရင်း ပြန်လာခဲ့ရတယ်။ ဒါပေမယ့် စိတ်ထဲမှာ ဘာသာ၊ သာသနာကို အစော်ကားခံလိုက်ရသလို ခံစားရတယ်ဗျာ။

လူတိုင်းမှာ ဘာသာရေးနှင့်ပတ်သက်ပြီး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကိုယ်မယုံကြည်တဲ့ မကိုးကွယ်တဲ့ ဘာသာအယူအဆအပေါ်မှာ စော်ကားခွင့်၊ မလေးမစားလုပ်ခွင့်မရှိပါဘူး။ ကျွန်တော်တို့ တွေ အကြောင်းတိုက်ဆိုင်လို့  တခြားဘာသာဝင်တွေရဲ့  ဘုရားရှိခိုးကျောင်းတွေ၊ ဘာသာရေးအလေးအမြတ်အဖြစ်သတ်မှတ်ထားတဲ့နေရာတွေကို သွားကြရင်လည်း သူတို့ တွေရဲ့  အလေးအမြတ်ထားတဲ့ ရုပ်ပုံကားချပ်တွေ၊ ရုပ်တုတွေကို မလေးမစား မလုပ်ကြပါဘူး။ အသိအမှတ်ပြု တန်ဖိုးထားကြပါတယ်။ အဲဒီနေရာက သတ်မှတ်ထားတဲ့ စည်းကမ်းကိုလည်း လိုက်နာတာပါဘဲ။ ဒါဟာ လူ့ ယဉ်ကျေးမှုတစ်ခုပါ။ ကိုယ်မယုံကြည် လက်မခံပေမယ့် မစော်ကားပါဘူး။

အခုတော့ အင်မတန်တိုးတက်ခေတ်မီနေတဲ့ တိုင်းပြည်မှာရှိတဲ့ သူတို့ ကိုယ်သူတို့  Civilized ဖြစ်ပါတယ်လို့  ကြွေးကြော်နေတဲ့ လူမျိုးတွေရဲ့  တခြားဘာသာအပေါ် မထေမဲ့မြင်ပြုမှုကြီးပါ။ တော်တော်ကို ရုပ်ဆိုးတယ်လို့  ကျွန်တော်သုံးသပ်ပါတယ်။

ဒီပို့ စ်ကို ကျွန်တော်ရေးတဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဘာသာနိုင်ငံတစ်ခုလို့  အများသိထားကြတဲ့တိုင်းပြည်တစ်ခုမှာရှိတဲ့ အထင်ကရ ကမ္ဘာကျော် ဗုဒ္ဓဆင်းတုတော်ကြီးအပေါ် သူတို့ နိုင်ငံသားတွေနှင့် ဘာသာခြားအနောက်တိုင်းသားတွေရဲ့  ပြုမူဆက်ဆံပုံကို အားလုံးကို သိစေချင်လို့ ပါ။ တကယ်တော့ ကာမာကူရဆင်းတုတော်ကြီးဟာ ဒီတိုင်းပြည်မှာ တည်ရှိသီတင်းသုံးနေပေမယ့်လို့  တစ်ကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးနှင့် ပတ်သက်ပါတယ်။ ဆက်နွှယ်ပါတယ်။ ဘယ်တိုင်းပြည်၊ ဘယ်ဒေသကပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာရဲ့  အထိမ်းအမှတ်၊ အဆောက်အအုံ၊ စေတီပုထိုး၊ ဆင်းတုတော်တွေအားလုံးကို ထိမ်းသိမ်းစောင့်ရှောက်ရမယ့်တာဝန်ဟာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို တတ်နိုင်သလောက် ကိုယ်နဲ့ နီးစပ်ရာအားလုံးကို သိအောင်ပြောပြပေးကြဖို့  ကျွန်တော်မေတ္တာရပ်ခံပါတယ်။ ဖြစ်နိုင်ရင် မြန်မာလူမျိုးမှရယ်မဟုတ်ပါဘူး။ နိုင်ငံအသီးသီးက ဗုဒ္ဓဘာသာဝင်အားလုံးကို သိစေချင်တာပါ။ နောက် ဒီကမှရှေ့ ဆက်ပြီး ဘာသာ၊ သာသနာကို အစော်ကားမခံရအောင် ဘယ်လိုမျိုး ကာကွယ်စောင့်ရှောက်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ထက် အတွေ့ အကြုံပိုများတဲ့ ရဟန်းပညာရှိတွေ၊ လူပညာရှိတွေ နှင့် တိုင်ပင်ညှိနှိုင်းလို့  အဖြေဆက်ထုတ်ပေးစေချင်ပါတယ်ခင်ဗျာ။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

No comments:

Post a Comment