Wednesday, July 7, 2010

နှုတ်မဆက်နဲ့ .... Good Bye!

(၁)

မနှစ်က အွန်လိုင်းပေါ်မှာ ၂၀၁၂ ကမ္ဘာပျက်မယ့်အကြောင်းတွေ ပလူပျံနေတဲ့အချိန် တစ်ရက်တော့ ကျွန်တော့်ဆီကို အီးမေးလ်တစ်စောင်ဝင်လာခဲ့ပါတယ်။ မှတ်မှတ်ရရ နိုဝင်ဘာလ ၁၅ရက်နေ့ မှာပါ။ စာထဲမှာ ကမ္ဘာပျက်တဲ့ကိစ္စအပေါ် ထင်မြင်ချက်နှင့် ဝေဖန်ထားချက်လေးရေးထားပါတယ်။ အဲဒီစာကနေစပြီး သူမနှင့်ကျွန်တော် စတင်မိတ်ဆွေဖြစ်ခဲ့ပါတော့တယ်။

နောက်ပိုင်းတော့ သူမနှင့်ကျွန်တော်တို့ စာအပြန်အလှန်ပို့ ဖြစ်ရင်းက ပိုရင်းနှီးသွားကြပါတယ်။ သူမက အမေရိကားကလို့ သိခဲ့ရပါတယ်။ ပထမ သူမက ကျွန်တော့်ကို အကိုလို့ ခေါ်နေရာက နောက်ပိုင်းအသက်တွေမေးကြည့်တော့ ကျွန်တော့်ကငယ်နေတာနှင့် ငါ့မောင် ဖြစ်သွားပါတော့တယ်။

အဲဒီအချိန်ကစလို့  ကျွန်တော်တို့ တွေ Chatting ကနေပဲ Topic မျိုးစုံကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေး စသည်ဖြင့် တော်တော်စုံပါတယ်။

(၂)

ဒီဇင်ဘာလထဲ ကျွန်တော်လက်ကွဲလို့ ချုပ်လိုက်ရတော့ သူမက လှမ်းပြီးသတင်းမေးပါတယ်။ အဲဒီမှာ ပြောနေရင်းနဲ့ မှ သူမဟာ ဆရာဝန်တစ်ဦးဖြစ်နေတာ သိလိုက်ရပါတယ်။ ကျွန်တော့်ရဲ့ လက်ဒဏ်ရာအတွက် သောက်ရမယ့်ဆေးတွေ လိမ်းရမယ့်ဆေးတွေနှင့် ဆောင်ရန် ရှောင်ရန်တွေကို ဂရုတစိုက်မှာပါတယ်။ ကျွန်တော်အစာအိမ်သိပ်မကောင်းတာပါသိသွားတော့ အဲဒီအတွက်ကိုပါ ထပ်ပြီး မှာလိုက်ပါသေးတယ်။

နောက်ပိုင်း သူမနှင့် ကျွန်တော့်အမျိုးသမီးနှင့်ပါ ရင်းနှီးခင်မင်သွားကြပါတယ်။ သူတို့ က မိန်းမသားချင်းလည်းဖြစ်ပြန် ကျင်လည်ဖြတ်သန်းခဲ့ကြတဲ့ Field တွေကလည်း တူနေကြတော့ အတွေ့ အကြုံတွေတူ၊ လုပ်ချင်တာတွေတူပြီး ကျွန်တော့်ထက် သူတို့ က ပိုပြီးရင်းနှီးသွားကြပါတော့တယ်။

(၃)

ကျွန်တော့်ဘ၀တစ်လျှောက် ကျွန်တော်နှင့်ပြောမနာ ဆိုမနာဖြစ်တဲ့အထိ ရင်းနှီးခင်မင်ကြတဲ့သူတွေထဲမှာ အဓိက ပုံစံနှစ်မျိုးရှိပါတယ်။ တစ်မျိုးက ကျွန်တော်လုပ်သမျှ၊ ပြောသမျှကို ကျေနပ်လက်ခံသဘောကျအားပေးတတ်သူတွေဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ ကျွန်တော့်ကို တွေ့ တာနှင့် နှိပ်ကွပ်ပြီး အားမနာတမ်း အပြစ်ပြောတတ်တဲ့သူတွေဖြစ်ပါတယ်။ ပထမအမျိုးအစားလူတွေကိုက အထူးပြောစရာမလိုပေမယ့် ဒုတိယတစ်မျိုးကတော့ တစ်ခါတစ်လေသူတို့ ကိုယ့်ကိုပြောလိုက်ရင်
ပိဿာလေးနှင့်ပစ်သလိုဆိုတာလို ခံရခက်ပါတယ်။ ကျွန်တော့်ကောင်းကွက်ကို နဲနဲလေးမှမပြောတဲ့သူတွေပါ။ ဒါပေမယ့် သူတို့ စကားတွေရဲ့ နောက်ကွယ်က ကိုယ့်အပေါ်ထားတဲ့စေတနာကို ကျွန်တော်ခံစားလို့ ရနေတော့ သူတို့ တွေကို ကျွန်တော် စိတ်မဆိုးပါဘူး။ သူတို့ ပြောလာရင် ရယ်ပြီးပဲနားထောင်နေလိုက်ပါတော့တယ်။

ဆရာတော်တွေထဲမှာဆိုရင် ကန်ဦးဇေတ၀န်ဆရာတော်ကြီးဆို ကျွန်တော်တအားချစ်ခင်လေးစားတာပါ။ သူက ကျွန်တော့်တွေ့ တာနှင့် ဆူဆဲလေးနှင့် စပြီးပြောတော့တာပါ။ ဆရာတော်ကြီးဆူပြောလေးပြောတာကို နားထောင်ရတာကိုပဲ ကျွန်တော်က သဘောကျနေတတ်ပါတယ်။

အခု သူမလည်း အဲဒီဒုတိယအမျိုးအစားထဲမှာ ပါပါတယ်။ သူမနှင့်ရင်းနှီးပြီးနောက်ပိုင်းမှာ ကျွန်တော့်ကိုဆို မောင်ငယ်တစ်ယောက်လို နှိပ်ကွပ်ပြီး အစစအရာရာ သတိပေးစကားပြောတတ်ပါတယ်။ သူမပြောသမျှ ကျွန်တော်က ဘုကန့် လန့် တွေ ကို့ ရို့ ကားယားတွေ ပြန်ပြောခြင်းဖြင့် တုံ့ ပြန်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်သူ့ ကို ကိုယ့်အမတစ်ယောက်လိုမျိုး ခင်မင်နေတော့ သူနှိပ်ကွပ်သမျှ စိတ်ထဲလည်းထားမနေတော့ပါဘူး။

(၄)

ကျွန်တော်က ဘလော့ဂ်မှာတင်ဖြစ်တဲ့ပို့ စ်တွေထဲက တချို့ ပို့ စ်တွေကို သူ့ ကို ဖတ်ဖို့ လှမ်းပြီးပို့ ပေးတတ်ပါတယ်။ တချို့ ပို့ စ်တွေကို သူမက ကြိုက်ရင် ကြိုက်တဲ့အကြောင်း၊ တခါတလေမှာတော့ ပို့ စ်အတွက် ကွန်မန့် ပေးပြီးလည်း အကြံပြုပေးတတ်ပါတယ်။ ကျွန်တော့်ရဲ့  ”ဒီလိုလေး လုပ်ကြည့်ရင်ကောင်းမလား“ ဆိုတဲ့ပို့ စ်ကို MMWAI နှစ်လည်မဂ္ဂဇင်းအတွက် ရေးဖြစ်တော့ သူမဆီက အကြံပြုစာအနေနှင့် သတ်သတ်မှတ်မှတ်ရေးပြီး ကျွန်တော့်ဆီ ပို့ ပေးခဲ့ပါတယ်။

သူမလည်း ကိုယ်ပိုင်ဘလော့ဂ်တစ်ခု လုပ်ဖို့ ပြင်နေကြောင်း ကျွန်တော်သိထားခဲ့ပါတယ်။ သူ့ လုပ်ငန်းအတွေ့ အကြုံတွေပဲ ရေးတင်မှာလား၊ တခြား ၀ါသနာပါတဲ့ အကြောင်းအရာတစ်ခုကိုပဲ ရေးတင်မှာလားတော့ ကျွန်တော်မသိပါဘူး။ သူမကလည်း တာဝန်တွေနှင့်အလုပ်ရှုပ်နေတတ်တဲ့သူတစ်ယောက်ဆိုတော့ ဘလော့ဂ်ရေးဖို့ ကို အချိန်ရော တကယ်ပေးနိုင်ရဲ့ လားတော့ မသိဘူးပေါ့ဗျာ။ နောက်ပိုင်း ကျွန်တော့်အမျိုးသမီးနှင့်ပေါင်းပြီး ပို့ စ်တစ်ပုဒ်တော့ရေးဖြစ်လိုက်ကြပါသေးတယ်။

(၅)

သူမနှင့်ကျွန်တော် ဒီကြားထဲမှာ အွန်လိုင်းသိပ်မဆုံဖြစ်တော့ပါဘူး။ ကျွန်တော်ကလည်း အရင်လို ညဘက် ကွန်ပျူတာရှေ့ သိပ်မထိုင်ဖြစ်တော့တာလည်းပါပါတယ်။ နောက် သူမကလည်း သူ့ အလုပ်ကိစ္စတွေနှင့် အလုပ်ရှုပ်နေတာလည်းပါပါတယ်။ သူမနှင့်ကျွန်တော်နှင့်က အချိန်က ၁၄နာရီလောက်ကွာတော့ အွန်လိုင်းဆုံဖို့ ဆိုတာ တကယ်က သိပ်မလွယ်လှပါဘူး။

သူမကျန်းမာရေးသိပ်မကောင်းတဲ့အကြောင်း ကျွန်တော်ကြားမိခဲ့တယ်။ ကျွန်တော့်အမျိုးသမီးကနေတဆင့်သိရတာအရ အမျိုးသမီးများမှာဖြစ်တတ်တဲ့ ရောဂါတွေထဲကတစ်ခုမှန်းတော့သိလိုက်ရပါတယ်။ သူက သူ့ ရောဂါအကြောင်းကို သိပ်ပြောချင်ပုံမရတော့ ကျွန်တော်လည်း မေးရမှာအားနာတာနှင့်မမေးဖြစ်ခဲ့ပါဘူး။ အဲဒီရောဂါအတွက် သူအချိန်တစ်ခုယူပြီး ဆေးကုသမှုခံယူမယ်ဆိုတာကိုတော့ အကြမ်းဖျင်းသိထားခဲ့ပါတယ်။

(၆)

ပြီးခဲ့တဲ့ဇွန်လ (၁၀) ရက်နေ့ က သူမဆီက မေးလ်ပို့ လာပါတယ်။ သူမ အခု ဘန်ကောက်မှာ ဆေးရုံတက်နေတဲ့အကြောင်း၊ ကျွန်တော့်အမျိုးသမီးနှင့်ဆုံဖြစ်တဲ့အကြောင်း၊ နောက် သူမထုံးစံအတိုင်း ကျွန်တော့်ကို ဆုံးမသြ၀ါဒပေးထားတာတွေနှင့်ပါ။ ကျွန်တော်က စာကို ဖတ်ရင်းသဘောကျပြီးပြုံးဖြစ်ပါတယ်။ အော် ဒီအမနှယ် ဆေးရုံတက်တာကို အေးအေးဆေးဆေးမတက်ဘူး။ ငါ့ကိုလှမ်းပြီး ဆုံးမလိုက်ရသေးတယ်လို့  တွေးမိလို့ ပါ။

စာထဲမှာ ထူးထူးခြားခြားတော့ စာတစ်ကြောင်းပါလာပါတယ်။ “အစ်မလည်း နောက်ပိုင်းမကျန်းမာလာရင်တော့ လိုင်းမှာ မတွေ့နိုင်တော့ဘူး မောင်လေးရေ။ တစ်ခါတည်း နှုတ်ဆက်ခဲ့ပါတယ်ကွယ်။” တဲ့။ ကျွန်တော့်စိတ်ထဲ ဒီအစ်မကြီး နေမကောင်းဖြစ်၊ ဆေးရုံတက်နေရတော့ စိတ်အားငယ်နေပုံပေါ်တယ်လို့ တော့ တွေးမိလိုက်တယ်။

ကျွန်တော်လည်း အဲဒီအချိန်တွေတုန်းက စိတ်အားလူအားသိပ်မဖြစ်တာနှင့် စာကို ချက်ချင်း မပြန်ဖြစ်သေးပဲ ဒီအမကြီးဆီ နောက်မှ ဘုကန့် လန့် တိုက်တဲ့စာလေးတစ်စောင်လောက် သူနေကောင်းလောက်မှ ပြန်ရေးလိုက်တော့မယ်ဆိုပြီး ကျွန်တော်စိတ်ထဲ တေးထားလိုက်ပါတယ်။

(၇)

ဟိုနေ့ က အွန်လိုင်းတက်နေတုန်း သူမရဲ့  အကောင့်ကနေ လှမ်းနှုတ်ဆက်လာတော့ ငါ့အမ ဘယ်ကပေါ်လာပါလိမ့်ဆိုပြီး သူရေးထားတဲ့စာ သေသေချာချာဖတ်ကြည့်လိုက်တော့ သူမ မဟုတ်ပဲ သူမရဲ့ မောင်ကနေ ကျွန်တော့်ကို လှမ်းနှုတ်ဆက်လာတာဖြစ်နေပါတယ်။ ကျွန်တော်က ပြန်နှုတ်ဆက်ရင်း အမရောဘယ်လိုလဲ၊ နေကောင်းသွားပြီလားလို့  မေးလိုက်ချိန်မှာတော့.....။

သူမ တစ်ယောက် ဒီလောကကြီးကို ထားသွားခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ ကျွန်တော် တကယ် မထင်မှတ်ထားတဲ့ သတင်းတစ်ခုပါဘဲ။ စိတ်ထဲမှာ သူမ မကျန်းမာတာကို ပြန်နေကောင်းလာလိမ့်မယ်လို့ ပဲ တွက်ထားခဲ့မိတာကိုး။ သူမကတော့ သူ့ အခြေအနေသူသိနေခဲ့လို့ များလားလို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော့်ဆီရေးခဲ့တဲ့ စာထဲက နှုတ်ဆက်စကားက အခုကျမှ တကယ်အပြီးနှုတ်ဆက်လိုက်တာမှန်း သိလိုက်ရတယ်။ ဒီလိုမှန်းသိခဲ့ရင် သူမရဲ့ နောက်ဆုံးပို့ ခဲ့တဲ့အီးမေးလ်ကို ကျွန်တော် ချက်ချင်းပြန်ဖြစ်ခဲ့မိမှာပါ။ အခုတော့ ....ဘာမှ မတတ်နိုင်တော့ဘူးပေါ့လေ။

(၈)

အခုတော့ သူမ တစ်ယောက် မနှစ်က ကမ္ဘာပျက်မယ်လို့  အများပြောနေကြတဲ့ ၂၀၁၂ မရောက်ခင်မှာပဲ ခန္ဓာပျက်စဲသွားခဲ့ရပါပြီ။ သူမရဲ့  လောကအကျိုးပြုလုပ်ငန်းတွေကို ထားသွားခဲ့ရပြီ။ သူမချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေအသိုင်းအ၀ိုင်းတွေကို စွန့် ထားခဲ့လိုက်ရပြီ။ သူမရဲ့  မက်လက်စ အနာဂတ် အိပ်မက်တွေလည်း အချိန်မတိုင်မီ ပျက်ပြယ်သွားခဲ့ရပြီ။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  “အိုမှုကနေ နာမှုကို မရောက်ခင် ၀ိပဿနာ အားထုတ်ကြပါ” လို့ ဆုံးမထားတဲ့ အသံတော်ကို ကျွန်တော် ကြားယောင်လာမိတယ်။ အော်...တခါတလေ နာမှုဆိုတာကလည်း အိုမှုမတိုင်ခင် ရောက်လာတတ်သေးတာပါလားနော်။ သေခြင်းတရားဆိုတာကလည်း ကမ္ဘာပျက်မယ့်အချိန်ထက် ပိုပြီးနီးတဲ့ ကာလတစ်ခုမှာရှိနေတာပါလား။

(၉)

“သံသရာမှာ အဆုံးမရောက်သေးဘူးဆိုရင်တော့ ပြန်တွေ့ကြရအုံးမှာပါ။” တဲ့။ သူမရဲ့ နောက်ဆုံးပို့ တဲ့ အီးမေးလ်ထဲက နောက်ဆုံးပိတ် အဆုံးသတ် စကား။

ဟုတ်တယ် အမရေ။ သံသရာမှာ စိတ်အညစ်အကြေးတွေ မစင်သေးသမျှတော့ ဘ၀ဇာတ်ခုံအဖုံဖုံပေါ်မှာ ပုံစံအစုံစုံနှင့် သရုပ်ဆောင်ဖို့ အတွက် ကျွန်တော်တို့ တွေအားလုံးဟာ ခရီးနှင်နေကြရအုံးမှာပါ။ ဒီတစ်ကွေ့ မဟုတ်ရင် ဟိုတစ်ကွေ့ မှာ ပြန်တွေ့ ကြရမယ့်သူတွေပါ အမရေ။

တကယ်ကတော့ အမက ဒီခရီးအတွက် အရင်သွားနှင့်သူ တစ်ဦးမျှသာပါ။ ဒါကြောင့် အမကို ကျွန်တော်က Good Bye! လို့  နှုတ်ဆက်ဖို့ မလိုလောက်ဘူးလို့ ထင်တယ်နော် အမရေ။ See You! အမရေ။ သွားနှင့်ပေဦး။

ဒီတခါတော့ ကျွန်တော်ရေးတဲ့ အမအတွက် ပို့ စ်ကို အမပြန်ဖတ်ခွင့်မရတော့တာတော့ စိတ်မကောင်းဘူးဗျာ။
ကျွန်တော် ပြုသမျှ ကုသလ အစုစုကို ရောက်ရာဘုံဘ၀ကနေ အမြဲဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နေပါ အမရေ....

အမကိုခင်တဲ့ မောင်ငယ်
ဝိမုတ္တိသုခ

1 comment:

  1. ဒီပို့လေးကိုဖတ်ရတာအ၇မ်းခံစားရတယ်ခင်ဗျာ...ကျွန်တော်လဲဝိုင်းပြီးဆုတောင်းပေးလိုက်ပါတယ်
    ကျွန်တော်ပြုသမျှကောင်းမှုအစုစုတို့လဲရောက်ရာဘုံဘ၀ကနေအမြဲဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါစေ ကြောင်း.......
    ဒေါင်းမင်း

    ReplyDelete