Friday, July 30, 2010

ကျဲကောင်းကျဲမည့် သကာရည်

မွေးနေ့ အမှတ်တရအဖြစ် ဓမ္မညီငယ် ဖိုးသား(ကိုပြည့်စုံအောင်) (အဖြူရောင်မေတ္တာ)က ပေးတဲ့ လက်ဆောင်ပို့ စ်လေးပါ။ အားလုံးဖတ်လို့ ရအောင် ပြန်လည်ဝေမျှလိုက်ပါတယ်။ မွေးနေ့ လက်ဆောင်ပေးတဲ့ ညီငယ်ဖိုးသားကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

မင်္ဂလာပါ ဓမ္မမောင်နှမတို့.. ဒီစာစုလေးဟာ (31.07.2010) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် ကိုဝိမုတ္တိသုခ အတွက် မွေးနေ့ လက်ဆောင်အဖြစ် ရည်ရွယ် ရေးသားထားတာပါ။ သို့ပေမယ့်လည်း စာရှုသူအားလုံးကို ဖတ်စေချင်တဲ့ အတွက် ဘလော့ စာမျက်နှာပေါ် တင်ပေးလိုက်ပါတယ်.. ဖရန်စစ် ဘေကွန်ရဲ့ စာဖတ်ခြင်းဟာ ပြည့်ဝစေတယ် ဆိုတဲ့ စကားကို သတိမူမိရင်ဖြင့် စာရှုသူ သင့်အနေနဲ့ နှလုံးသွင်း ကောင်းကောင်းနဲ့ ဖတ်နိုင်ပါလိမ့်မယ်..။

~~~~~~~~~~~~~~~~~~~~~~~~~~

အစ်ကိုရေ..

ကြည်လင် အေးမြသော မွေးနေ့ပါ။ မနှစ်က ညီ့မွေးနေ့တုန်းက အစ်ကိုက ပုံပြင်တွေ ပြောပြပြီး အသိတွေပေးခဲ့ သလို ညီကလည်း အစ်ကို့မွေးနေ့ ရောက်တော့ အစ်ကို့နည်းကို ပြန်မှီပြီး ပုံပြင်နှစ်ပုဒ် ပြန်ပြောပြမိတယ်.. ဒီနှစ် ညီ့မွေးနေ့မှာတော့ အစ်ကိုက ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေ ထဲက မှတ်သားဖွယ်ရာတွေကို ထုတ်နုတ်ရေးသားပြီး လက်ဆောင် အဖြစ် ပေးခဲ့ပြန်တယ်..။ အဲ.. အစ်ကို့ မွေးနေ့ကျတော့ ညီဘာ ပြန်ပေးရမလဲ စဉ်းစားတော့ ဟဲ ဟဲ ငါကြင်းဆီနဲ့ ငါကြင်း ပြန်ကြော်တယ်ပဲ ပြောရမလား.. ဒါမှ မဟုတ် အလှူ့လက်ဖက်နဲ့ ဧည့်ခံတယ်ပဲ ဆိုရမလား.. မနှစ်ကလိုပဲ အစ်ကို့နည်းကို ပြန်တုလို့ ညီ ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေ ထဲက မှတ်သားမိတာတွေကို ညီ့အတွေးတွေနဲ့ ရောမွှေ သမပြီး ရေးမယ်လို့ စိတ်ကူးလိုက်တယ် အစ်ကို..

တစ်ခု ရှိတာက ညီဖတ်ခဲ့တဲ့ စာအုပ်တွေက ၂၀၀၇ ခုနှစ် အစောပိုင်းလောက် ညီ ဘာသာရေးနဲ့ အလှမ်းဝေးတုန်းက ဖတ်ခဲ့တဲ့ စာအုပ်တွေ ဆိုတော့.. ဘာသာရေး နယ်ပယ်က စာအုပ်တွေနဲ့တော့ ယှဉ်လို့ မရပါဘူး.. ဒါပေမယ့်လည်း အဲဒီ စာအုပ်တွေထဲက မှတ်သားခဲ့တဲ့ အကြောင်းအရာတွေကိုပဲ ညီသိထားတာတွေနဲ့ ထပ်ချဲ့လို့ ကြိုးစားပြီး တွေးပေး ရေးပေးလိုက်ပါတယ် အစ်ကိုရေ.. သိပြီးသားတွေ ပါခဲ့ရင်လည်း နာဖူးထပ်မံ ပေါ့ အစ်ကိုရာ..

ပထမဆုံး ဟိုလှန်ဒီလှန်နဲ့ သဘောကျမိတဲ့ စာကြောင်းလေးက

လောကမှာ မှားတဲ့ ကလေးသူငယ်ရယ်လို့ တစ်ယောက်မှ မရှိဘူး ခင်ဗျ၊ မှားတဲ့ လူကြီးသူမ တွေပဲ ရှိတယ်” တဲ့။ ကဲ.. ဘယ်လို လုပ်ကြမလဲ အစ်ကိုရေ.. ဆရာ အတ္တကျော်ရဲ့ သက်ငယ်စကား စာအုပ်ထဲက ရေးသားချက်.. လူလတ်ပိုင်းဝင် လူကြီးပိုင်း နီးနေတဲ့ ညီတို့ အစ်ကိုတို့ကို တည့်ခွပ်လိုက်တဲ့ အတိုင်းပဲနော..

ဒါပေမယ့် ညီ ဒီစာကြောင်းလေး ပြန်ဖတ်မိတော့ ပြုံးမိတယ်.. ဘာလို့လဲ ဆိုတော့ ဟို တစ်နေ့ကပဲ ကလေး တရားတွေ အဟောများတဲ့ ဆရာတော် အရှင်အာစာရာ လင်္ကာရ ရဲ့ ကလေးတရား တစ်ပုဒ် နာမိလိုက်တယ်.. သင်္ဃန်းကျွန်းက စာသင်ကျောင်း တစ်ကျောင်းမှာ ဟောခဲ့တဲ့ တရားပါ။ တရားထဲမှာ ဆရာတော်က ကျောင်းက ဆရာမတွေက ကလေးတွေ ဆိုးတယ် ဆိုးတယ် ပြောတော့ ကလေးနဲ့ လူကြီး ဘယ်သူက ပိုဆိုးလဲကို ယှဉ်ပြီး ဟောပြသွားတာ.. ကျန်တဲ့သူတွေတော့ မသိဘူး.. ညီ့အတွက်တော့ တစ်ချက်ဟောတိုင်း တစ်ချက် ပြုံးမိသလို တစ်သက်စာ မမေ့နိုင်တဲ့ အတွေးတွေလည်း ရလိုက်တယ် အစ်ကို.. အစ်ကို့ကို နှစ်ချက် သုံးချက်လောက် ညီပြောပြဦးမယ်..

ငါးနှစ်အရွယ် ကလေးတစ်ယောက်နဲ့ အသက် ၅၀ အရွယ် လူကြီးတစ်ယောက်.. ဘယ်သူက အရက်သောက်သလဲ တဲ့.. ဒီအမေးနဲ့တင် လူကြီး ဆိုးကြောင်း တစ်ချက်တော့ ပေါ်သွားတယ် ထင်တာပဲ အစ်ကို..

နောက်တစ်ချက်က ငါးနှစ် အရွယ် ကလေး တစ်ယောက်နဲ့ အသက် ၅၀ အရွယ် အဘွားကြီး တစ်ယောက် ဘယ်သူက နှစ်လုံး ထိုးသလဲတဲ့.. လူကြီး သူမတွေကို ဆရာတော်က နှိပ်ကွပ်လိုတာ မဟုတ်ဘဲ လူကြီးတွေ ဆင်ခြင်နိုင်အောင် ခပ်ဆတ်ဆတ်လေး ဆုံးမသွားတာပဲ အစ်ကို.. နောက်တစ်ခုက အစ်ကို့ရဲ့ ပုံပြင်ထဲကလို ကလေးကို အချိုမစားစေချင်ရင် သွန်သင်မယ့် လူကြီးကိုယ်တိုင်ကလည်း အချိုမစား သင့်ဘူးဆိုတာကို မီးမောင်း ထိုးပြ သွားသလိုပါပဲ အစ်ကိုရေ..

ဒီစာရေးရင်း ညီ စဉ်းစားမိသွားတာက ဆရာ အတ္တကျော် ပြောသလိုပဲ ကလေးဘ၀က အပြစ်ကင်းခဲ့ အပြစ်နည်းခဲ့တဲ့ ညီတို့တစ်တွေ ခုများကျမှ လူကြီးစရိုက်ဝင်လို့ လူကြီးမိုက်တွေများ ဖြစ်နေကြသလားလို့..

ဒီနေရာမှာ ဆရာတော် ဆက်ဟောသွားတာက ကလေးဆိုတာ မဆိုးပါ၊ ကလေးဆိုတာ နားမလည်တာ၊ နားလည်သွားအောင် ပြောပြပါဆိုပြီး လင်္ကာလေးနဲ့ ဆုံးမသွားတယ် အစ်ကိုရေ..

နားလည်သွားအောင် ဆိုလို့.. သတိရမိတာလေး ညီ ဆက်ရေးလိုက်ဦးမယ်.. နည်းနည်းတော့ ရှည်သွားမယ် ထင်တယ်.. လူကြီးသူမတွေ ကလေးတွေကို နားလည်သွားအောင် ဆိုဆုံးမရာမှာ ရိုက်ပြီး ဆုံးမတဲ့ သူတွေက ခပ်များများ အစ်ကို.. အစ်ကိုလည်း ငယ်ငယ်က အရိုက်ခံဖူးမယ် ထင်တယ်.. ညီလည်း အရိုက်ခံဖူးတာပဲ.. ဒါပေမယ့် ညီထင်ပါတယ် အရိုက်ခံရတာကို ကြိုက်ပါတယ် ဆိုတဲ့လူတော့ မရှိပါဘူး အစ်ကိုရေ..

အရိုက်ခံရတာနဲ့ ပတ်သတ်လို့ အရိုက်ခံရတဲ့ အချိန် စဉ်းစားကြည့်ပေါ့ အစ်ကိုရာ.. အစ်ကို သိပြီးသားတွေပါပဲ.. ရိုက်တဲ့သူ ဘက်က စစဉ်းစားကြည့်ရင် ရိုက်တဲ့သူရဲ့ သန္တာန်မှာ အဲဒီအချိန် ဘာဖြစ်နေမလဲ အစ်ကို.. ဝေးဝေး တွေးစရာတော့ မလိုပါဘူး.. အကုသိုလ်စိတ်ပဲ ဖြစ်နေမှာ.. အရိုက်ခံရတဲ့သူ ဘက်ကကော.. အကုသိုလ်စိတ်ပဲ..
အဲတော့ စိတ်ရဲ့ ပျက်နှုန်းက လက်ဖျစ်တစ်တွတ်ကို ကုဋေ တစ်သိန်းကျော်၊ ရုပ်ရဲ့ ပျက်နှုန်းက ကုဋေ ငါးထောင်ကျော် ဆိုတော့.. အားပါးပါး အစ်ကိုရေ.. အရိုက်ခံရတာ နှစ်မိနစ်လောက်ပဲ ထားကြည့်လိုက်.. ကုဋေတစ်သိန်း၊ ကုဋေငါးထောင်နဲ့ မြှောက်လိုက်ရင် နည်းနည်းနောနော အကုသိုလ်တွေမှ မဟုတ်ဘဲ..

ဟော.. ဒီအကြောင်းကို အတုမရှိ သိတော်မူတဲ့ မြတ်စွာဘုရားကျတော့ ဘယ်ရဟန်ုးကိုတော့ဖြင့် ရိုက်ပြီး ဆုံးမလိုက်တာ.. ဘယ်သူ့ကိုတော့ဖြင့် ရိုက်ပြီး ဆုံးမလိုက်တာ.. အဲလိုမှ မရှိပဲ.. မဟာကရုဏာ အပြည့်နဲ့၊ သတ္တ၀ါတွေကို သနားတဲ့စိတ် အပြည့်နဲ့ မသိတာကို သိအောင် နားမလည်တာကို နားလည်အောင် အထပ်ထပ် အကြိမ်ကြိမ် သွန်သင် ဆုံးမတော်မူတာ..

အဲလိုမျိုး ပိုင်းလော့ ဆရာတော် ဘုရားရဲ့ တရားတော်တစ်ပုဒ်မှာ နာယူမိလိုက်တော့ ဘုရားရှင်ကို ကြည်ညိုပြီးရင်း ကြည်ညိုရင်းပါပဲ အစ်ကိုရေ..

အစ်ကိုရေ.. ညီတို့လည်း တစ်ချိန်ချိန် ကလေးတွေကို သွန်သင် ဆုံးမခွင့် ရခဲ့ရင်.. မရိုက်ကြေးနော်.. စကားနဲ့ပဲ နားလည်အောင် ဆုံးမကြမယ်နော အစ်ကို.. နောက်ပြီး ညီတို့ ပတ်ဝန်းကျင်မှာ ဒီအသိ မရှိသေးလို့ ကလေးတွေကို ရိုက်ပြီး ဆုံးမနေတာ တွေ့ရင်လည်း တတ်နိုင်သလောက် နားလည်အောင် ပြောပြကြရအောင်..

****************

တစ်ချက်နဲ့တင် နည်းနည်း ရှည်သွားတယ်ထင်တယ်.. သည်းခံပြီး ဖတ်အစ်ကိုရေ.. နောက် တစ်ချက် ဆက်ရေးလိုက် ဦးမယ်.. ဆရာ မင်းလူရဲ့ အများနှင့် မသက်ဆိုင်သောသူ စာအုပ်ထဲက စာသားလေး..

ပေါစိတ်ကတော့ လူတိုင်းမှာ ရှိနေတာ သေချာသည်။ ဂုဏ်သိက္ခာတွေ ထိန်းသိမ်းနေရ လို့သာ အောင့်ထားရတာ၊ တစ်ကိုယ်တည်း လွတ်လွတ်လပ်လပ် ရှိတဲ့ အခါမျိုးမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် တစ်နည်းမဟုတ် တစ်နည်းတော့ ပေါဖူးတဲ့ လူတွေချည်း ဖြစ်မှာပါ။ အနည်းဆုံး ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်ပြီး ပြုံးပြမိတာမျိုးတာ့ ရှိလိမ့်မည်။

အစ်ကိုရေ.. မှန်ထဲ ပြန်ကြည့်ပြီး ပြုံးပြဖူးလား.. ညီတော့ ခဏခဏပဲ.. ဒီနေရာမှာတော့ ဆရာမင်းလူရဲ့ စာသားက ရှင်းရှင်းလင်းလင်း ရှိတော့ ညီ မိကျောင်းမင်း ရေခင်းပြသလို မရှင်းပြတော့ဘူးနော အစ်ကို.. ဒါပေမယ့် ညီ ဆက်တွေးမိတာကိုတော့ ရေးလိုက်ဦးမယ်..

ညီ ဆက်တွေးမိတာက ရိုးသားစိတ် အကြောင်းပါ.. လူတိုင်း လူတိုင်းဟာ ခုန မှန်ထဲ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ပြုံးပြသလို အလုပ်မျိုးတော့ လုပ်မိကြတာချည်းပါပဲ.. ဒါပေမယ့် ရိုးသားစွာနဲ့ ကျွန်တော် အဲလိုတော့ ပြုံးပြမိပါတယ် လို့ ၀န်ခံဖို့ကျတော့.. လူတိုင်း လုပ်နိုင်ပါ့မလား အစ်ကို.. ဘယ်လုပ်နိုင်ပါ့မလဲ.. လုပ်နိုင်ပါတယ်လို့ ကြွေးကြော်သူ အနေနဲ့လည်း ခုနပြောသလို ဂုဏ်တွေ၊ ဒြပ်တွေနဲ့ ကာရံလိုက်ရင်တော့ ၀န်ခံဖို့က အခက်သား အစ်ကို.. ဒါကိုပဲ အတ္တနဲ့ ယှဉ်တဲ့ မာနလို့ ပြောလို့ရမယ် ထင်ပါတယ်..

ဒါတောင် ပြုံးမိတာလေးပဲ ရှိသေးတယ် အစ်ကို.. လောဘ၊ ဒေါသ၊ မောဟနဲ့ ယှဉ်တဲ့ အတွေးတွေ၊ ကာမဂုဏ်နဲ့ ဆက်စပ်တဲ့ အတွေးတွေ တွေးမိတယ် ဆိုရင်တော့ ရိုးသားစွာ ပြောပြဖို့က သာတောင် မဖြစ်နိုင်သေးတယ် အစ်ကို..

ဆရာတော် တစ်ပါး ပြောပြတာလေး သွားသတိရမိတယ်.. ဆရာတော်က သူငယ်ငယ်တုန်းက တရားစခန်းဝင်တော့ တရားစစ်တဲ့ အချိန်ဆို တရားစစ်တဲ့ ဆရာက တစ်နေကုန် တွေးခဲ့ ကြံခဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြောခိုင်းလို့ တအား စိတ်ညစ်ခဲ့ရဖူး တယ်တဲ့.. ဘာလို့လည်း ဆိုတော့ တစ်နေကုန်မှာက ပုထုဇဉ်သဘာဝ ကောင်းတာတွေချည်းပဲ ဘယ်တွေးမိမလဲ တဲ့.. အဲဒါကို တရား အစစ်ခံရတော့ မကောင်းတာတွေချန်၊ ကောင်းတာတွေချည်း ပြောပြတော့ ရိုးသားရာ ဘယ်ကျတော့မလဲ တဲ့..

အစ်ကို သိဖူးပြီးသားပါပဲ.. “ယုံကြည်၊ ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ ပြင်းစွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း” ဆိုတဲ့ တရားရကြောင်း အင်္ဂါရပ်တွေကို.. ဒီအထဲမှာ စိတ်ဖြောင့်ရမယ် လို့ ဆိုထားတော့ တရားအသိ တိုးလိုတဲ့ ညီတို့အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လောက်များ ရိုးသားနေပြီလဲလို့ ခဏခဏ ပြန်လှန် စစ်ဆေးနေဖို့တော့ လိုနေပြီထင်တယ် အစ်ကို..

****************************

နောက်တစ်ချက် ညီမှတ်ခဲ့မိတဲ့ စာသားက ညီအစ်ကို နှစ်ယောက် ပြောကြတဲ့ စာကြောင်းလေး.. အစ်ကိုက ဆင်းရဲတဲ့ ဒါဏ်ကို မခံနိုင်၊ ဒီကြားထဲ ဆရာဝန်ကလည်း ဖြစ်ချင်တော့ ဆရာဝန် စရိတ်အတွက် ထောက်ပံ့ပေးမယ့် မိသားစုရဲ့ သမီးနဲ့ လက်ထပ်တော့မယ့် အချိန်မှာ ညီကနေ အစ်ကိုကို ပြောတဲ့ စကားပါ အစ်ကို.. မစန္ဒာရဲ့ တိမ်ဖုံးပါလို့ လမသာ စာအုပ်ထဲက..

ဩော်.. ကိုကိုရာ.. တိုက်တို့ ကားတို့ဟာ ရှိရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် အဲဒါတွေဟာ ဘ၀ရဲ့ ဖြည့်စွက်ချက်ပါ၊ လိုအပ်ချက် မဟုတ်ပါဘူး၊ ဒါအတွက်ကြောင့် ကိုယ့်ကိုယ်ကိုလည်း ရောင်းစားစရာ မလိုပါဘူးကွာ” တဲ့..

ဒါကတော့ လောကီဘက်က ရေးထားတဲ့ စာသားပေါ့ အစ်ကို.. လောကုတ္တရာဘက်က ကြည့်လိုက်တော့ ဖြည့်စွက်ချက်နဲ့ လိုအပ်ချက် ဆိုတဲ့ စကားလုံး နှစ်လုံးကို ညီ သတိထားမိတယ်.. ဒီနေရာမှာ လိုအပ်ချက်က ဘာလဲ၊ နောက်ပြီး ဖြည့်စွက်ချက်ကကော ဘာလဲ.. ညီတွေးမိတာပေါ့နော အစ်ကို.. ဘ၀ လွတ်မြောက်ရေးက အဓိက လိုအပ်ချက်ပဲ အစ်ကို.. ညီတို့ နေ့စဉ် ကြုံတွေ့ လုပ်ကိုင်နေရတဲ့ စားရေး သောက်ရေး၊ စီးပွားရေး၊ ပညာရေး၊ ဟိုအရေး၊ ဒီအရေးတွေကတော့ ဖြည့်စွက်ချက်ပေါ့ အစ်ကို..

အဲဒီတော့ကာ ညီတို့ တစ်နေ့ တစ်နေ့ လိုအပ်ချက်နောက် မလိုက်ဘဲ ဖြည့်စွက်ချက်တွေနောက် တစ်ကောက်ကောက် လိုက်ရင်း ကိုယ်ကိုယ်တိုင်ပဲ အပါယ်သွားဖို့ ရောင်းစားနေတာ ရာခိုင်နှုန်း ဘယ်လောက်များများ ရှိနေသလဲလို့.. စဉ်းစားကြည့်မိတယ်.

ဘုန်းကြီး စာချသလိုတော့ ဖြစ်နေပြီလား မသိဘူး.. ညီ သတိရတာလေး ဆက်ရေး လိုက်ဦးမယ်.. ပြောသာပြော တာပါ။ ညီလည်း ဖြည့်စွက်ချက်တွေ လုပ်နေမိတာက ခပ်များများရယ်.. တစ်ချက်တစ်ချက် ဖြစ်ချင်တာနဲ့ ဖြစ်နေတာ အချိုးမတည့်တဲ့ အခါ ဦးတည်ချက် ပျောက်သွားတာလည်း ပါတာပေါ့ အစ်ကိုရာ.. အဲ ဒါပေမယ့် တလောကပဲ အွန်လိုင်းက မိတ်ဆွေ တစ်ယောက်နဲ့ ညီ စကားပြောရင်း “ကျွန်တော်တော့ လုပ်ရမယ့် အလုပ်၊ လျှောက်ရမယ့် လမ်းကို သိတော့ သိတယ်.. ဒါပေမယ့် တစ်ခါတစ်ခါ အားလျော့နေတယ်” ဆိုတာ ပြောမိတော့ သူလည်း အဲလို ဖြစ်တာပါပဲ.. ဒါပေမယ့် သူက အားလျော့တယ် ဆိုတဲ့ အဆင့်နောက်မှာ “ငါလျှောက်ရမယ့် လမ်းဟာ ဒီလမ်းပဲ.. ငါလုပ်ရမယ့် အလုပ်ဟာ ဒီအလုပ်ပဲ..” ဆိုပြီး နောက်ထပ် အဆင့်တစ်ဆင့် ထပ်ခံထားလိုက် တယ်တဲ့.. ရည်မှန်း ချက်ကို ခိုင်မာအောင် ထပ်ဆင့် တည်ဆောက်လိုက်တဲ့ သဘောပေါ့ အစ်ကိုရာ.. အဲဒီတော့မှ “ဒီဘ၀နဲ့ ဒီအလုပ်ဆိုတာ ဆုံးဖြတ်ချက် ပိုင်ပိုင်ချထားပါ” ဆိုတဲ့ လယ်တီ ဆရာတော် ဘုရားရဲ့ အဆုံးအမကို ပြန်သတိရမိ တော့တယ်.. ညီတော့ အဲဒီစကား ကြားပြီးကတည်းက လုပ်ရတဲ့ အလုပ်တွေမှာ ပိုပြီး အားပါလာတယ် အစ်ကို.. ဒါကတော့ ညီ စကားစပ်လို့ ထည့်ရေးလိုက်တာပါ။

***************************

သံယောဇဉ်ဆိုတာ ဖြတ်ပါမယ် ဆိုကာမှ တိုးတိုးလာတယ်၊ သံသရာကို ကြောက်မိအောင် ကြိုးစားကာမှ ဘ၀ဟာ မက်မောဖို့ ပိုပိုကောင်းလာတယ် ဟားးး ဟားးး

သားတော်မောင် မိန်းမ မရခင်ကတော့ တရားသွား သွား အားထုတ်နေတဲ့ အဖေက သားတော်မောင် မိန်းမရပြီး ကလေးလည်း ရကော တရားဘက် သိပ်မလှည့်နိုင်တော့ဘဲ သားအချစ် မြေးအနှစ် ချစ်ပြီးရင်း ချစ်ရင်း သံယောဇဉ်ထဲ တ၀ဲလည်လည် ဖြစ်ပုံကို တက္ကသိုလ် ဘုန်းနိုင်က စာခြယ်ထားတာ အစ်ကို.. သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင် စာအုပ်ထဲကပါ။ အစ်ကို့ စကားနဲ့ ပြောရင်တော့ မရှုပ်ရင် မနေနိုင်တာက လွဲလို့ပေါ့..

ညီတို့လည်း သံယောဇဉ် တိုးတိုင်း ရယ်မယ်ဆို နေ့စဉ်ရက်ဆက် ရယ်ရမလိုပဲ.. ဒါပေမယ့်လည်း ရယ်တော့ရယ် နဂိုရှိပြီးသား ကိုယ့်အတွင်းသားလေး ကိုတော့ မတိုးတက်ရင် နေပါစေ၊ မတူးဖြိုမိဖို့တော့ သတိထားကြတာပေါ့ အစ်ကိုရာ..

အစ်ကိုရေ.. ညီရေးတာလည်း များသွားပြီ.. အခုဆို အစ်ကိုက ၃၄ ပြည့်တာနော.. ၃ နဲ့ ၄ က ကျောချင်းသာ ကပ်နေပေမယ့် တူရူကတော့ တကယ့်ကို ဆန့်ကျင့်ဘက်ပဲ.. တင်စားလိုက်ရင် ဓမ္မနဲ့ အဓမ္မပေါ့ အစ်ကိုရာ.. ဓမ္မကို ဦးတည်ပြီးသား အစ်ကို့ အတွက်တော့ နှလုံးသားမှာ ဓမ္မ အချိုရည်တွေ ပြည့်နေပြီးသားပါ.. ဒါကိုပဲ ညီက အစ်ကို့ မွေးနေ့မှာ အချိုပေါ် သကာလောင်းသလို မွေးနေ့လက်ဆောင် အဖြစ် ရေးလိုက်တဲ့ သဘောပါ အစ်ကို.. ညီ လောင်းလိုက်တဲ့ သကာက အချိုကျဲနေခဲ့ရင်လည်း ငါးအရိုးထွင်သလို အစ်ကို့အတွက် ကောင်းနိုးရာရာတွေ ရွေးယူပါလို့ ရေးသားရင်း..

ဓမ္မလမ်းကြောင်းပေါ်က အစ်ကိုတစ်ယောက် ခရီး ပေါက်သထက် ပေါက်ပါစေ။ Happy Everyday အစ်ကို..


လေးစားခင်မင်စွာဖြင့်
ညီ
7/30/2010, FRI:, 12:40:37 PM

No comments:

Post a Comment