Wednesday, July 7, 2010

သစ်တုံးတရားတော် (၉) ဒါရုက္ခန္ဓောပမသုတ် (အရှင်သီလာစာရ-ရေစကြို)

သင်....လက်ညှိုးထိုးမယ်ဆို
အရှင်သီလာစာရ (ရေစကြို)

မိမိတို့ ထိုးလိုက်သည့် လက်ညိုးသည်… မိမိကိုယ်ကို ထိုးညွှန်သည့် လက်ညှိုး၊ သူတစ်ပါးကို ထိုးညွှန်သော လက်ညှိုးဟု နှစ်မျိုးနှစ်စားရှိနေလေသည်။ ထိုနှစ်မျိုးတွင်လည်း တစ်မျိုးနှင့် တစ်မျိုး တူညီမှုမရှိသည်ကို တွေ့မြင်ရပေမည်။ မိမိကိုယ်ကို ညွှန်လိုက်သောလက်ညှိုးမှာ အတ္တ ဖြင့်တည်ဆောက်ထားသောကြောင့် အင်အား ရှိ၏။ ဟန်၊ မာန်၊ ဌာန်နှင့်လည်းပြည့်စုံနေသည်။ သူတစ်ပါးကိုထိုးညွှန်သော လက်ညှိုးမှာ အင်အားဟု မဆိုသော်လည်း ထိုးစိုက်ချလိုက်သော ဂုဏ်သတ္တိနှင့်အတူ မျက်စိမျက်နှာပျက်ခြင်း၊ အသားရောင်ပြောင်းခြင်း စသော အဖော်အင်အားအတော်များလေသည်။ သို့သော်….ထိုထိုးစိုက်လိုက်သော လက်ညှိုး၏ ဂုဏ်သတ္တိ သည် သူတစ်ပါး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ဟူသော နံရံနှင့်ထိတွေ့လိုက်သောအခါ နောက်သို့တွန့် သွားမြဲသာ။

ပုထုဇဉ်ဟူသည် လောဘ၊ ဒေါသ၊ မောဟ ဟူသောအမှားသံသရာနယ်ပယ်၌ တ၀ဲလည်လည်နေထိုင် နေကြရသော သတ္တ၀ါများဖြစ်၍ အမှားကင်းသောသတ္တ၀ါနည်းပါးနေမည်သာ။ ထိုအမှားမကင်းသူအချင်းချင်းကို ငေါက်ငေါက်စင်းသော လက်ညှိုးထိုးဖြင့် ထိုးညွှန်ပြကြလျှင် ထိုကာယကံရှင်က မိမိဖက်သို့ တစ်ဖန်ပြန်လည်၍ မြှားဦးလှည့်လာခဲ့သော် မိမိကခံနိုင်ရည် ရှိပါမည်လော…တွေးကြည့်စေချင်ပါသည်။

ဤလောကအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သူသူငါငါ ပုထုဇဉ်သတ္တ၀ါတို့သည် ‘ထင်’ တစ်လုံးဖြင့် ရှိနေတက်ကြသည်။ မိမိကိုယ်ကိုထင်ထားသော ထင်တစ်လုံးသည် မြင့်တက်နေကြသလောက် သူတစ်ပါးကို ထင်ထားသောအထင်ကား နိမ့်ကျနေတက်သည်၊ လျော့တွက်နေတက်သည်။

ပုထုဇဉ်အား ပုထုဇဉ်စိတ်ဖြင့် သီးခံစိတ်မွေးမြူလျှင် ဖြစ်နိုင်သော်လည်း (မိမိ၏သား သွားခေါနေသည်ကိုတော့ သွားပေါ်လေးဟုသာ မြင်တက်ပြီး သူတစ်ပါးသားသမီးကိုကား ပေါက်ခေါကြီးဟု နိမ့်ချဆန့်ကျင်သော ပုထုဇဉ်အမြင်ဖြင့်သာ မြင်တက်နေကြပါလျှင်) ဤလောကတွင် ငြိမ်းချမ်းသာယာဖွယ် မရှိတော့မည်သာ။

ဤသို့သော တစ်ဖက်သက်အမြင်မျိုးတို့သည် စာပေနယ်ပယ်၌လည်းကောင်း၊ လူမှုနယ်ပယ်၌လည်ကောင်း၊ စီပွားရေး၊ ဘာသာရေး၊ ပညာရေးစသော နယ်ပယ်အသီးသီးတို့၌လည်ကောင်း တစ်ဖက်စောင်းအမြင်တို့ဖြင့် လက်ညှိုးထိုးချင်နေကြသော လက်ညှိုးရှင်တို့ကို နေရာဒေသအမျိုးမျိုးတွင် တွေ့မြင်နေကြသည်။ မင်းတို့ ငါ့ကို အန်တုချင်လျှင် ဆယ်ခါပြန် ပါရမီဖြည့်လိုက်စမ်းပါအုံး ဟူသော မာနစကားသည် ဂုဏ်ကြောင့်သာ ပေါ်ထွက် နိုင်သည်မှန်သော်လည်း မိမိအကျင့်သီလက ဗလာအချည်းနှီးဖြစ်နေလျှင် မိမိထိုးညွှန်လိုက်သော ထိုလက်ညှိုး သည် ပဲ့နှင့်တက် ကျိုးနေသောလှေကဲ့သို့ ချာချာလည်ကာ လိုရာသို့မရောက်ပဲ တစ်ဖက်က ပြန်ပြောင်း၍ ထိုးညွှန်ခဲ့ပါလျှင် အသင်ခံနိုင်မည်လော။

သူတစ်မျိုး ငါတစ်နည်း အချည်းနှီးသောလက်ညှိုးတို့ကို ထိုးနေကြရင်း စင်းနေသောလက်ညှိုးက တစ်ဖန် ကွေးလာကြပြန်သောကြောင့်(သူကွေး ကိုယ်ကွေး ကွေးနေကြသောကြောင့်)လောကတစ်ခုလုံး ငြိမ်းချမ်း ခြင်းမှ ကင်းနေလေသည်။လက်ညှိုးသည် ပုထုဇဉ်အချင်းချင်း ထိုးညွှန်ပြတက်ကြသကဲ့သို့ ဘုရားအစရှိသော ရဟန္တာ မထေရ်မြတ်တို့လည်း ထိုးညွှန်ပြတတ်ကြလေသည်။ ပုထုဇဉ်တို့ အချင်းချင်းထိုးညွှန်ပြသော လက်ညှိုး သည် အပယ်လေးပါးသို့ ညွှန်နေသည်နှင့်တူသည်။ မိမိအပြစ်ကို မရှုမြင်ပဲ သူတစ်ပါး၏အပြစ်ကိုသာကြည့်၍ တစ်ဖက်သက်ဖိထိုး လိုက်သည့် ထိုလက်ညှိုးတို့သည် အပယ်လေးပါးမှ အခြားမရှိပါချေ။

ဘုရားရှင်နှင့် အရိယာတို့ ထိုးညွှန်သောလက်ညှိုးမှာကား လွတ်မြောက်စေမည့်လမ်းကိုသာ ဦးတည်နေသည်။ အခါတပါး မြတ်စွာဘုရားရှင် ကောသမ္ဗီပြည် ဂင်္ဂါမြစ်ကမ်းတွင် သီတင်းသုံးနေထိုင်တော်မူသောအခါ ဂင်္ဂါရေအလျှင်ဖြင့် မျှောပါလာသော သစ်တုံးကို မြင်တော်မူလေသည်။ ထိုအခါမြတ်စွာဘုရားရှင်သည် လက်ယာ လက်တော်ကိုဆန့်တန်းကာ “ပဿထ နော တုမှေ ဘိက္ခဝေ အမုံ မဟန္တံ ဒါရုက္ခန္ဓံ ဂင်္ဂါယ နဒိယာ သောတေန ၀ုယှမာနံ” ချစ်သား..ရဟန်းတို့ ဟောဟိုက ဂင်္ဂါမြစ်ထဲက ရေအဟုန်မှာ မြောပါလာတဲ့ သစ်တုံးကြီးကို ကြည့်လိုက်ကြစမ်းဟူ၍..လက်ညှိုးညွှန်ပြတော်မူသည်။

ရဟန်းတော်တို့ ထိုသစ်တုံးကို လှည့်ကြည့်ရှု့နေစဉ်….. “ရဟန်းတို့..ဤသစ်တုံးကြီးသည် ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ရေလည်၌မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်းကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့မဆယ်ယူခဲပါလျှင်၊ ၀ဲမစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မပုပ်မဆွေး ခဲ့ပါလျှင်၊ ထိုသစ်တုံးကြီးသည် သမုဒ္ဒရာသို့ ညွတ်ကိုင်းနေသဖြင့် သမုဒ္ဒရာထဲသို့သာရောက်လတ္တံ့။ အဘယ့်ကြောင့် ထိုသို့ရောက်ရှိသနည်း၊ ဂင်္ဂါမြစ်ရေအလျှင်သည် သမုဒ္ဒရာသို့ရောက်အောင် တွန်းပို့နေခြင်း ကြောင့်ပေတည်း”

“ချစ်သားတို့…. ဤမှာဘက်ကမ်းဟူသည် အဇ္ဈတ္တိကာယတန ခြောက်ပါးမည်၏၊ ထိုမှာဘက်ကမ်းဟူသည် ဗာဟရာယတန ခြောက်ပါးမည်၏၊ အလယ်၌ နစ်မြုပ်ခြင်းဟူသည် နှစ်သက်စွဲမက်မှု နန္ဒီရာဂမည်၏၊ ကြည်းကုန်း၌ တင်မှုဟူသည် ငါဟူသော အတ္တမာန်မည်၏၊ လူတို့ဆယ်ယူမှု့ဟူသည် သာသနာတော်၌ ရဟန်းသည် လူတို့နှင့်ရောနှောနေထိုင်၏၊ အတူတကွ နှစ်သက်မှု့စိုးရိမ်းမှုရှိ၏၊ လူတို့ချမ်းသာသည်ရှိသော် ချမ်းသာ၏၊ လူတို့ဆင်းရဲသည်ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စ ရှိလာသည်ရှိသော် မိမိသည်ပင် ထိုကိစ္စတို့ဤ၌ အားထုက်ခြင်းသို့ရောက်၏၊ ဤသို့ဖြစ်ခြင်းသည် လူတို့ဆယ်ယူခြင်းမည်၏”

“ရဟန်းတို့….နတ်တို့ဆယ်ယူခြင်းဟူသည် ဤသာသနာတော်၌ အချို့သောရဟန်းတော်တို့သည် တစ်ခုခုသော နတ်အဖြစ်ကို တောင့်တ၍ အကျင့်မြတ်ကို ကျင့်သုံး၏၊ ဤသို့ကျင့်သုံးခြင်းသည် နတ်တို့ဆယ်ယူခြင်းမည်၏၊” အတွင်း၌ ပုပ်ဆွေးခြင်းဟူသည်…ကိုယ်ကျင့်သီလမရှိခြင်း၊ ယုတ်ညံ့သော သဘောရှိခြင်း၊ မစင်ကြယ်သော သဘောရှိခြင်း၊ ပြုလုပ်ထားသော မကောင်းသော အမှု့ကိုဖုံးကွယ်ထားခြင်း၊ အကျင့်မြတ်ကို ကျင့်သုံးသူမဟုတ်ပဲ ကျင့်သုံးသူဟု ၀န်ခံခြင်း၊ အတွင်းပုပ်ခြင်း၊ ကိလေသာဖြင့် စိုစွပ်ခြင်း၊ သာသနာတော်နှင့် မပက်သက်သော အမှုကိစ္စတို့ဖြင့် ရှုပ်ထွေးနေခြင်း…တို့သည် အတွင်း၌ပုပ်ဆွေးခြင်း တို့ပင်ဖြစ်သည်။

ရဟန်းတို့….၀ဲစုပ်ခြင်းဟူသည် ကာမဂုဏ်ငါးပါးတို့နှင့် ပျော်ပါးနေခြင်းတို့ပေတည်းဟု ဟောကြားတော်မူခဲ့ လေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင် ထိုးညွှန်တော်မူသော လက်ညှိုးသည် သတ္တ၀ါအားလုံး သံသရာ ၀ဋ်ဆင်းရဲမှ လွတ်ကင်းစေနိုင်သော အကျိုးသတ္တိထူးတို့ဖြင့် ထုံမွှမ်းထားသောကြောင့် လက်ညှိုးထိုးသူတို့ အတုယူသင့်လှပေသည်။

မြတ်စွာဘုရားရှင်….မိမိအား ကောသမ္ဗီပြည်သားတို့က အက္ကောသ၀တ္ထုဆယ်ပါး …(ဆဲရေးခြင်းအမျိုးမျိုး)ဖြင့် လက်ညှိုးထိုးကာ အမျိုးအမျိုးဆဲရေးကြပါသော်လည်း သီးခံတော်မူခဲ့သည်။ တုံ့ပြန်ပြောဆိုခြင်းမပြုခဲ့ချေ။ ထို့ထက် အာကြမ်း လျှာကြမ်း နှုတ်သရမ်းဖြင့် ဆဲရေးတိုင်းထွာတက်သော “အက္ကောသဘာရဒွါဇပုဏ္ဏား”၏ အမနာပစကားတွေကိုလည်း မေတ္တာဖြင့်သာ တုံ့ပြန်တော်မူခဲ့လေသည်။

ပုထုဇဉ် လူသားတို့ အချင်းချင်း ထိုးညွှန်ကြသော လက်ညှိုးတို့သည်ကား အတ္တ၊ မာန်မာနတို့ရောထွေးပါ နေသောကြောင့် သောက-စိုးရိမ်းရခြင်း၊ ပရိဒေ၀-ငိုကြွေးရခြင်းစသော အကျိုးဆက်များစွာတို့ဖြင့် အချင်းချင်း ထိုးနှက်ခံစားနေရသောကြောင့် ငြိမ်းအေးခြင်းများဝေးကွာနေခဲ့သည်။ မြတ်မီးကိုရှို့၍ ဂင်္ဂါမြစ်ကို ဆူပွတ်အောင် မစွမ်းနိုင်သကဲ့သို့ လူယုတ်မာတို့၏ လက်ညှိုးညွှန်ပြခြင်းတို့သည်လည်း သူတော်ကောင်းတို့၏ နှလုံးသား၌ တုန်လှုပ်ခြင်းမရှိပါချေ။

သဠာယတနသံယုတ်၊ဒါရုက္ခန္ဓောပမသုတ်
သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ.
ပန်းတကာကိုတင်မြင့်ဆောင်းပါးတို့ကိုအခြေခံပါသည်။

ကိုရင်လေး ဘလော့ဂ် (http://www.sayyaungche.com/2010/03/blog-post_03.html) မှ ကူးယူဖော်ပြပါသည်။

သစ်တုံးတရားတော် (၁) ဒါရုက္ခန္ဓောပမသုတ် (ပါဠိတော် မြန်မာပြန်မူရင်း)
သစ်တုံးတရားတော် (၂) ဒါရုက္ခန္ဓောပမသုတ် (ဆရာတော် ဦးဃောသိတ)
သစ်တုံးတရားတော် (၃) ဒါရုက္ခန္ဓောပမသုတ် (သီတဂူဆရာတော်)
သစ်တုံးတရားတော် (၄) ဒါရုက္ခန္ဓောပမသုတ် (ဖြူးဆရာတော်)
သစ်တုံးတရားတော် (၅) ဒါရုက္ခန္ဓောပမသုတ် (မဟာဗောဓိမြိုင်ဆရာတော်)
သစ်တုံးတရားတော် (၆) ဒါရုက္ခန္ဓောပမသုတ် (ဗန်းမော်ဆရာတော်)
သစ်တုံးတရားတော် (၇) ဒါရုက္ခန္ဓောပမသုတ် (ဓမ္မဒူတ အရှင်ဆေကိန္ဒ)
သစ်တုံးတရားတော် (၈) ဒါရုက္ခန္ဓောပမသုတ် (ဆရာနန္ဒာသိန်းဇံ)

No comments:

Post a Comment