Wednesday, June 2, 2010

ဒီလိုလုပ်ရင် ကောင်းမလား နှင့် မိမိအမြင် (သို့ ) ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၇)

အရှင်သုနန္ဒာလင်္ကာရ ( ပန်းကမ္ဘာ ) (http://www.dhammayaungchi.com) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု

 

ဒီလိုလုပ်ရင် ကောင်းမလား နှင့် မိမိအမြင်


ဒီလို လုပ်ရင် ကောင်းမလား ဆိုတဲ့ ခေါင်းစဉ်နဲ့  ကိုဝိမုတ္တိသုခရဲ့  ဆောင်းပါးကို ဖတ်ပြီး   ထင်မြင်သလို လွတ်လပ်စွာ မှတ်ချက် ရေးသားပေးပါအုံး လို့ တောင်းဆိုလာတာကြောင့် စာရေးသူကလဲ ကိုယ်တိုင် မြင်သလို ရေးလိုက်မိတယ်၊ အတိုချုန်းပြောရရင်  မှန်တာတွေ ရေးထားပြီး အကောင်းဘက်ကို ဦးတည်နေတာရယ် သူ့စေတနာတွေကို အထင်းသားမြင်နေရတာတွေကြောင့် နံဘေးကို ပိဿလေးနဲ့ အပစ်ခံလိုက်ရသလို ထင်မှတ်ကာ လန့်ဖြတ်ပြီး  နာတော့ နာတယ်၊  ၀မ်းလဲသာတယ် လို့ ပြောရမလိုဖြစ်နေပြီ။    ဒီနေရာမှာ စာရေးသူ ဆွေးနွေးလိုတာ အချက် ၃ ချက်ရှိပါတယ်။ 

၁။ မြန်မာနိုင်ငံအတွင်းမှ  သံဃာ အရေအတွက် နဲ့ အရည်အချင်း၊
၂။  ဒုလ္လဘရဟန်းကြီး ကဏ္ဍ၊
၃။ သီဟိုဠ် ရဟန်းများ လောကအတွက် အရေးပါပုံ၊

၁။ မြန်မာနိုင်ငံအတွင်းမှ  သံဃာ အရေအတွက် နဲ့ အရည်အချင်း၊
 
နံပါတ်တစ် အနေနဲ့  သံဃာတွေ ပေါများလာတာကြောင့်  များလွန်းတော့ ဟုန် သွားပါတယ်၊ အလုပ်မလုပ်ပဲ နေသူတွေလဲ ဒု နဲ့ ဒေး လို့ ပြောရမှာပါ၊  ခက်တာက  စာရေးသူ ကိုယ်တိုင် စာသင်တိုက်တွေမှာ စာချဘုန်းကြီး လုပ်ခဲ့စဉ်က အောင်ချက်ကောင်းဖို့ကို သံဃာများများ မွေးပြီး လက်ခံခဲ့တယ်၊ အဲဒီထဲကမှ မီးခဲလေးတွေ ပေါ်ထွက်လာအောင် မွေးမြူရပြန်တယ်၊  သံဃာထုကရော၊ ဒကာဒကာမ ပရိသတ်ကရော  ကြည့်ရင် ဒီကျောင်းက စာမေးပွဲ အောင်ချက်ကောင်းတယ်၊ ဒီလောက်ပဲ သိတာကိုး၊  ဘယ်လောက် ဖြေတယ် ဆိုတာ သူတို့ လိုက်စုံစမ်းမနေတော့ဘူး၊  ဒါကလဲ သာသနာမှာ အောင်မြင်ကျော်ကြားတဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ စကားကို အတုယူရတဲ့ ဖြစ်စဉ်လေးပေါ့။

ဆိုလိုတာကတော့ အရည်အချင်း ဆိုတာက အရေအတွက် ထဲကနေ ထုတ်ဖော်ရတာမျိုးပါ၊ ဒါကြောင့်  ပရိယတ် ပဋိပတ် တခုမှ မလုပ်ပဲ နေတဲ့ ဝေလေလေ သံဃာတွေကို ဖယ်ရှားပစ်နိုင်ရင် အရေအတွက်တော်တော် နည်းသွားပြီး သာသနာအတွက် အကျိုးများလိမ့်မယ် လို့ ယုံကြည်ပါတယ်။

၂။  ဒုလ္လဘရဟန်းကြီး ကဏ္ဍ၊

ဒုလ္လဘ ရဟန်းကြီးတွေ အနေနဲ့ သူတို့ပြောလေ့ရှိတာက အသက်ကြီးမှ ၀တ်လာတာ ဆိုတော့ ပရိယတ် မသင်နိုင်တော့ဘူး... တဲ့၊ ဒါဆို သူတို့ရဲ့ အမြဲနေရာက  ရိပ်သာ မှာပဲ နေသင့်ပြီး ပဋိပတ် ကိုပဲ ဇောက်ချ လုပ်သင့်ပါတယ်၊ ဒါမှမဟုတ် လူ့ဘ၀က အရည်အချင်းတွေကို ထုတ်ဖော်အသုံးချ လိုရင် သာသနာ စိတ်ဓာတ် အစစ်အမှန် နဲ့ ပရဟိတ အကျိုးပြု လုပ်ငန်းတွေကို လုပ်သင့်ပါတယ်။

လူ့ဘ၀မှာ ကျောထောက်နောက်ခံ သားသမီး မရှိလို့၊ မှီခိုစရာမရှိလို့၊  စားဝတ်နေရေး အဆင်မပြေလို့၊  သာသနာ့ဘောင် ၀င်လာသူတွေက စာရေးသူ သိသလောက် ဒုလ္လတွေ မှာ ၄ ပုံပုံ ၃ ပုံနီးပါး ရှိပြီး တကယ် သာသနာကို မြတ်နိုးတန်ဖိုးထားပြီး အစစ်အမှန် ကျင့်နေသူက အနည်းစုပဲ တွေ့ရပါတယ်။ 

သင်္ကန်းဝတ်ပြီးရင် အချိန်တန် သပိတ်ပိုက်ပြီး ဆွမ်းခံလိုက်ရင် တစ်နေ့အတွက် စားစရာပူစရာမလိုတော့ဘူးပေါ့။  ကျန်တဲ့ အချိန်တွေကိုတော့  သောက်လိုက် စားလိုက် နဲ့ သူတို့ လုပ်ချင်ရာ လုပ်တော့တာပါပဲ၊ အလှူခံ ရဲတင်းပြီး ဖိနပ်ပြတ်လို့၊ သင်္ကန်းအဟောင်းလေး ၀တ်ပြီး  ၀တ်စရာ သင်္ကန်းမရှိလို့၊ စာအုပ်ဝယ်ရမှာမို့  ၀တ္ထုငွေ အလှူခံပါတယ်၊  မနက်ပိုင်း ၁၁ နာရီ ခွဲလောက်မှာ နေ့လည်စာ မဘုန်းရသေးလို့ နေ့ဆွမ်းတစ်ထပ်စာ ၁၅၀၀ လောက် အလှူခံပါတယ် ဆွမ်းခံဖို့ အချိန်နှောင်းနေလေဟန် -  ဆိုတာမျိုးက မကြာမကြာကြုံနေကြရပါတယ်။

ဒီတစ်ယောက်က စေတနာမပါပဲ အားနာနာနဲ့ လှူလိုက်လို့ ကျောင်းပြန်မယ် မထင်ပါနဲ့ ၊ နောက်တယောက်ကို အလှူခံတော့တာပဲ။  ငယ်ဖြူ သံဃာတွေ က ၀ိနည်းကို ကြောက်လို့ တောင်းရမ်း အလှူခံဖို့ တော်တော် ၀န်လေးကြပါတယ်၊ ကိုယ့်ကို ပစ္စည်းလေးပါး လိုရာ မိန့်ပါဘုရား လို့ ဖိတ်မန်ထားသူကိုတောင် အလှူခံဖို့ ၀န်လေးတတ်ကြတယ်၊  သူတို့က ကြီးမှ ၀တ်လာပြီး ၀ိနည်းကို နားမလည်ကြပဲ ဒီလို အလှူခံ သောင်းကျန်းနေကြတော့ သာသနာကြည်ညိုသူ ဒကာ ဒကာမတွေမှာ အကြည်ညို ပျက်ရပါတယ်၊ ယခု မြန်မာပြည်မှာ အဲဒါတွေ ပေါ်ပြူလာဖြစ်ပြီး သောင်းကျန်းနေတယ်၊    

ဒါတွေကလဲ သာသနာ ပျက်စီး ဆုတ်ယုတ်ကြောင်း တစ်ချက်ပါ၊ ထူးခြားတာက မြန်မာနိုင်ငံ မပါပဲ သီဟိုဠ်အပါအ၀င် ဗုဒ္ဓဘာသာနိုင်ငံတော်တော်များများမှာ ဒုလ္လဘရဟန်းကြီးများ တစ်ခဏဖြစ်စေ တစ်ဘ၀လုံးဖြစ်စေ သာသနာ့ဘောင်ဝင်ရောက်သော ဓလေ့များ လုံးဝ မရှိဘူး လို့ ကြားမိပါတယ်။

နောက်တချက်က ငယ်ငယ်ကတည်းက သာသနာ့ဘောင်ရောက်နေတဲ့ ကိုရင်ငယ် ဦးဇင်းငယ်တွေ ရှေ့မှာ သူတို့ကိုယ်တိုင် လူ့ဝတ်ကြောင် ဘ၀က ဘယ်လို ဘယ်လို ရှုတ်ခဲ့တာ၊ ပွေခဲ့တာ၊ စတဲ့ စတဲ့ ကာမဂုဏ်နဲ့ ပက်သက်တဲ့ စကားတွေ အတွေ့အကြုံတွေကို မြိန်ရေ ယှက်ရေ ပြောပြလေ့ရှိကြတယ်၊ တချို့လဲ ခပ်ကြွားကြွားလေး ဘ၀င်လေဟပ်ပြီး ဘယ်လို စွံခဲ့တာ ဘာညာပေါ့လေ၊ ဒီမှာတင် ပုထုဇဉ်လဲ ဖြစ်ပြန် ၊ သွေးသား တက်ကြွချိန် ဖြစ်နေတဲ့ ကိုရင်ငယ် ဦးဇင်းငယ်တွေမှာ  သာသနာမှာ မပျော်ပိုက်တော့ပါဘူး ၊ မင်္ဂလသုတ္တံက စကားနဲ့ ဆို အသေ၀နာ စ ဗာလာနံ၊ ပါပမိတ္တ သံသဂ္ဂ - မကောင်းမှု့ အားပေးတဲ့ မိတ်ဆွေတွေနဲ့ နေတော့ မကောင်းတဲ့ စိတ်တွေ ပေါ်လာတာပေါ့၊ ပတ်ဝန်းကျင် မကောင်းတာနဲ့ ပေါင်းမိတော့လဲ  သံဃာတွေ ပျက်ဆီးပြီး မျောကြရတာပဲ။

ဒီလို ဒီလို သာသနာဖျက် ရဟန်းတွေကိုလဲ စနစ်တကျ ဖယ်ရှားပြီး ပဋိပတ္တိ  နဲ့ ပရဟိတ  တစ်ခုခု လုပ်နေသူမှသာ ခွင့်ပြု လက်ခံသင့်ပါတယ်၊

၃။ သီဟိုဠ် ရဟန်းများ လောကအတွက် အရေးပါပုံ၊

နံပါတ်သုံးအချက်က  သီဟိုဠ် သာသနာနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်၊ တိုက်ဆိုင်တာက ကိုဝိမုတ္တိသုခ အကြံပေးထားသလိုမျိုး ပညာရေးစနစ်ကို ကျင့်သုံးထားတော့  ဒီနိုင်ငံကသံဃာတော်တွေဟာ  လူမထွက်ခင်ကတည်းက လူတွေရဲ့ စာသင်ကျောင်း ပညာရေးစနစ်တွေမှာ ၀င်ရောက်နေရာယူပြီး စာသင်ပေးနေကြပါတယ်၊ လခ ကိုလဲ လူတွေလို အပြည့်အ၀ ခံစားစေပါတယ်၊ တကယ်လို့  မပျော်ပိုက်ဘူး လူထွက်မယ် ဆိုရင်လဲ စာသင်တဲ့ အလုပ်ကို ဆက်လက် လုပ်ကိုင်ပြီး ဣနြေ္ဒရရ  Run  နိုင်ပါတယ်၊  ဘယ်လို ပြည်သူကမှ အထင်မသေးရဲပါဘူး။

သက်သေအနေနဲ့ ယခု စာရေးသူတို့ တက်ရောက်နေတဲ့ သီရိလင်္ကာနိုင်ငံ Kelaniya University က လက်ရှိ အုပ်ချုပ်နေသူ ပရော်ဖက်ဆာကြီး Dr. Sumanapala ဆိုရင် ဦးဇင်းလူထွက်တစ်ယောက်လို့ သိရတယ်၊ သာသနာ့ဘောင်ကနေ ထွက်အပြီးမှာ အင်္ဂလန်နိုင်ငံ မှာ ဘွဲ့ယူပြီး အခုချိန်မှာတော့ တက္ကသိုလ်မှာ ဆရာတစ်ဆူ လုပ်နေတာပေါ့။

ပြောလိုတာက ပညာရေးကဏ္ဍ မတူခြားနားတဲ့ အတွက် ဘယ်လို လူမှု့ပတ်ဝန်းကျင်ကို ရောက်နေသည်ဖြစ်စေ အတ္တအတွက် ပရအတွက်ကို လူဝတ်ကြောင်သော သင်္ကန်းဝတ်သော တွေးနေစရာ ဂရုစိုက်နေစရာ မလိုပဲ ဘ၀ကို ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ် ဖြတ်သန်း ရပ်တည်နေနိုင်ကြပါတယ်။

အချုပ်ဆိုရသော် မြန်မာနိုင်ငံ ရဟန်းတော်များ ပညာရေးကဏ္ဍအား ပြုပြင်ပြောင်းလဲဖို့ လက်ခံကျေနပ်ပါသည်၊ လက်ရှိအချိန်မှာတော့ ကိုယ်ရည်ရွယ်ရာ ယုံကြည်ချက်အတိုင်း ဆက်လျောက်ရုံမှ တပါး အခြားမရှိပါပေ။

စာရေးသူလဲ သာသနာတော် ရေရှည် ရပ်တည်နိုင်ဖို့ စေတနာစကားပြောမိတာ ဆိုတော့ မသင့်လျော်တာတွေ၊ သာသနာညိုးနွမ်းစရာ စကားတွေ ရေးမိ သုံးမိတယ် ဆိုရင် မေတ္တာရှေ့ထား ခွင့်လွှတ်နားလည်ပေးကြပါကုန် -- လို့ တောင်းပန်ရင်း နိဂုံးချုပ်လိုက်ပါတယ်။

မေတ္တာဖြင့်

အရှင်သုနန္ဒာလင်္ကာရ ( ပန်းကမ္ဘာ )

No comments:

Post a Comment