Monday, June 7, 2010

အမှန်မြင်ရေး၊ ဦးစားပေး (သို့ ) ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၁၀)

အစ်မ မသစ္စာအလင်း (http://www.thitsaralin.com) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု

အမှန်မြင်ရေး၊ ဦးစားပေး 

Response to the article mentioned in MMWAI, www.mmwaiindia.com


ကျွန်မရဲ့ ဓမ္မမောင်လေး Bliss - ကိုဝိမုတ္တိသုခ (http://www.vimuttisukha.com) ရေးသားတဲ့ အိန္ဒိယရောက် မြန်မာရဟန်းတော်များအဖွဲ့ MMWAI မှထုတ်ဝေသော နှစ်ပတ်လည် မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရတဲ့ (ဒီလိုလေးလုပ်ကြည့်ရင် ကောင်းမလား) ဆိုတဲ့ ဆောင်းပါးကို ကျွန်မရဲ့ အမြင်နဲ့ တုံ့ပြန် ရေးသား လိုက်ပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲ နိုင်ပါတယ်ရှင့်။


မြက်ခင်း နဲ့ ပြည်တန် ပတ္တမြား

ရခဲလှတဲ့လူ့ဘဝမှာ ဘုရားသာသနာတော်နဲ့ ကြုံကြိုက်ပြီး သာသနာတော်တွင်းသား ဖြစ်ကြရတယ် ဆိုတာ အလွန်အင်မတန် ကံကောင်းကြလို့ပါ။ ဘုရားသာသနာတော်က ပေးတဲ့ ချမ်းသာ အစစ်အမှန်နဲ့ လောကီချမ်းသာ ဆိုတာ ပြည်တန်ပတ္တမြားနဲ့ မြက်ခင်းလို နှိုင်းယှဉ်ရမှာပါ။ မောဟများတဲ့ သားသမင်ဟာ ပတ္တမြားကို မချဉ်းကပ်ပဲ မြက်ကိုစားပြီး ပြန်သွားသလို မြတ်ဗုဒ္ဓရဲ့ သာသနာတော်နဲ့ မထိုက်တန်သူ တွေဟာလည်း မြက်စားပြီး လူ့ဘဝထဲက ပြန်ထွက်သွားကြတော့တာပေါ့။ ဉာဏ်အလင်းရှိတဲ့ လူတွေကတော့ ပတ္တမြားကို ကောက်ယူသိမ်းပိုက် ကြပါလိမ့်မယ်။

ပတ္တမြားကို အဘိုးထိုက်တန်မှန်း၊ အမြင်မှန်ကန်ရေး၊ ကောက်ယူ သိမ်းပိုက်နိုင်ကြရေး၊ မြတ်ဗုဒ္ဓ ပွင့်မှသာ ရရှိနိုင်တဲ့ ပညာတွေကို သင်ကြားပေးနေတဲ့ ပရိယတ္တိ သာသနာတော်ကို သန့်စင်မြင့်မြတ်မှုနဲ့ အတူ သန့်စင်သထက်သာ ပိုသန့်စင်စေချင်ပါတယ်။ မြင့်မြတ်တဲ့ ရပ်တည်မှုနဲ့သာ ပိုပြီးမြင့်မြတ်စွာ ရပ်တည်စေချင် ပါတယ်။

ဘုန်းကံပါရမီ နည်းတဲ့ လူတွေကတော့ ပတ္တမြားချထားပြီး မြက်သွားစားနေခဲ့တာ နှစ်ပေါင်း များစွာသော သက်တမ်း၊ အချိန်တွေကို အသုံးပြုခဲ့ရပါတယ်။ အဲဒီထဲမှာ ကျွန်မလည်း ပါဝင်နေခဲ့သလို ပါဝင်နေဆဲလည်း ဖြစ်ပါတယ်။ အခုထိ သာသနာ့ဘောင်ထဲ မရောက်နေဘူး ဆိုကတည်းက မြက်နဲ့ ပတ္တမြား ခွဲခြားမြင်မှု အားနည်းနေတာ ရာနှုန်းပြည့်သော အမှန်မြင်တဲ့ စွမ်းအင်သတ္တိကို ရမနေတာ အသေအချာပါပဲ။ တကယ်မြင်ပြီဆိုရင် တကယ် ဘဝ ပြောင်းကြပါတယ်။ သာသနာ အတွက် ဘဝတစ်ခုလုံးကို အပ်နှံရဲကြပါတယ်။ အချိန်ပေးရဲတဲ့ သတ္တိလည်း ရှိနေကြပါတယ်။ ပြတ်သားတဲ့ အမြင်က ပြတ်သားတဲ့ လမ်းကို ညွှန်ပြကြပါတယ်။

ပညာတတ်တိုင်းလည်း အသက်မွေးမှု အဆင်ပြေတာ မဟုတ်

တစ်ခါက ရည်မှန်းချက် ကြီးမားပြီး၊ စိတ်စွမ်းအင် ပြင်းပြထက်သန်တဲ့ မိန်းမ တစ်ယောက်ဟာ၊ သူ့ဘဝမှာ အားကိုးစရာ မမြင်တော့ လောကီ အတတ်ပညာတွေကို ကြိုးစားသင်ယူပြီး အားကိုးဖွယ်ရာ အမှီပြုပြီး ဘဝရပ်တည်မယ်လို့ ကြံစည်ပါတယ် တဲ့။

သူကြံတဲ့အတိုင်းပဲ သူမဟာ ပြည်တွင်းဘွဲ့လွန် ဒီပလိုမာဘွဲ့ တစ်ခု၊ ပြည်တွင်းမာစတာဘွဲ့ တစ်ခု၊ ပြည်ပ မာစတာဘွဲ့ တစ်ခု၊ ဥရောပ တိုင်းပြည်က ဒေါက်တာဘွဲ့ တစ်ခု ရရှိခဲ့ပါတယ်။ သူရထားတဲ့ ဘွဲ့တွေနဲ့ အသက်မွေးမယ် ကြံစည်ချိန်မှာတော့ အလုပ်ရှာရတာ ခက်လိုက်တာ။ တစ်နှစ်လောက် အလုပ်လက်မဲ့ အဖြစ် စိတ်ကျရောဂါ ဖြစ်ရရှာပါတယ်။

သူအားကိုးအစစ်လို့ ထင်တဲ့အရာ (လောကီပညာ) တွေဟာ အစစ်အမှန် အားကိုးရာ မဟုတ်၊ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နှလုံးသွင်းမှုတွေ ရအောင် မကယ်တင်နိုင်တဲ့ အပြင် ဘဝရဲ့ငြိမ်းချမ်းမှုကို မပေးစွမ်းနိုင်ဘူး ဆိုတာ ကိုယ်တွေ့ သိခဲ့ရရှာပါတယ်။

စာရေးဆရာကြီးဦးဆန်းလွင် (အရှင်အာဒိစ္စရံသီ) ဟောတဲ့ တရားတော် တစ်ပုဒ်ထဲမှာ မှတ်မိနေတဲ့ ဇာတ်လမ်းလေး တစ်ခုရှိပါတယ်။ အဲဒီမှာ ဇာတ်လိုက် ဘုန်းဘုန်းကတော့ မောင်လေး Bliss ခွဲခြားဖေါ်ပြတဲ့ ရဟန်းတော် လေးမျိုး လေးစားထဲမှာ မပါပါဘူး။

စိန်တွေ အများကြီး ပိုင်ဆိုင်တဲ့ မုဆိုးမ တစ်ယောက်အိမ်ကို ဆွမ်းခံကြွရင်း အဲဒီ မိနုးမက ခြောက်လုံးပြူးနဲ့ တေ့ပြီး သူ့ကို လက်ထပ်ခိုင်းလို့ မလွှဲမရှောင်သာ လက်ထပ်လိုက်ရတယ်လို့ ဆိုပါတယ်။ လက်ထပ်ပြီးတဲ့နောက် မကြာခင်မှာ အဲဒီ မိန်းမဟာ၊ ဆုံးပါးသွားလို့ ပိုင်ဆိုင်ထားတဲ့ စိန်တွေဟာ ပြည်တောင်းတခု စာမက ရှိနေလေတော့၊ အကယ်ဒမီ ရုပ်ရှင်မင်းသမီး တစ်ယောက် ကို လက်ထပ် ယူခဲ့တယ်လို့ ဆိုပါတယ်။ (သူ့ကိုတော့ ဘယ်သူမှ look down လုပ်ကြမယ် မထင်ပါဘူးနော်)။

ဆရာတော် ပြောချင်တာကတော့ သတ္တဝါတွေမှာ ဘဝ အခြေအနေကို ထိန်းကျောင်းနေတဲ့ နောက်ခံ ကံအကြောင်း တရားတွေ ရှိတတ်ကြတယ် ဆိုတာပါပဲ။

ကိုယ်လိုချင်တာကို တကယ်ပေးနေတာက ဘာလဲ

ဒုက္ခတွေ တွေ့တော့မှ ပညာတွေ အများကြီး တတ်တဲ့ သူမဟာ၊ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီး ဟောကြားတော် မူခဲ့တဲ့ တရားတော်ကို ပြန်လည် အမှတ်ရ ဆင်ခြင်မိပါတော့တယ်။ (ခင်ဗျားတို့ တော်တော် အကဲခတ်ညံ့တဲ့ ပုဂ္ဂိုလ်တွေ။ ကိုယ်လိုချင်တာကို တကယ်ပေးနေ ကျွေးနေတာက -ကုသိုလ်ဓာတ်- ငါလုပ်လို့ ငါစီမံလို့ ရတယ် မထင်နဲ့) ဆိုတဲ့တရားကိုပါ။ ဝိပဿနာကို အထူးပြု ဟောကြားတဲ့ ဆရာတော် ဘုရားကြီးက ကံအကြောင်းကို ရှားရှားပါးပါး ထောက်ပြထားတာပါ။

ကုသိုလ် ဆိုတာက အရံသင့် စားဘို့ ချက်ပြုတ်ထားတဲ့ ထမင်း၊ ဟင်းတွေနဲ့ တူပါတယ်။ လောကီ ရေးရာ အတတ်ပညာတွေ ကတော့ ထမင်းပွဲပြင်တဲ့ ပညာနဲ့ တူပါတယ်တဲ့။ ထမင်းပွဲကို ဘယ်လောက်ပဲ လှအောင် ပအောင် ပြင်တတ် ဆင်တတ်ပေမဲ့၊ ချက်ထားတဲ့ ထမင်း၊ ဟင်း မရှိရင် ငုတ်တုတ် ထိုင်နေရုံသာ ရှိပါတော့တယ်လို့ ကျေးဇူးတော်ရှင် ပိုင်းလော့ ဆရာတော် ဘုရားကြီးကလည်း ဆုံးမဖူးပါတယ်။

တကယ်တော့ လောကီ ကြီးပွား တိုးတက်ရေး ဆိုတာတွေ ကလည်း မြတ်ဗုဒ္ဓ ဟောကြားတော်မူတဲ့ အထဲမှာ ပါပြီးသားပါ။ မတန်တာတွေ၊ မဟန်တာတွေကို အသိအမြင်မှားတွေနဲ့ သိမ်းပိုက်နေမိတာ ဖြစ်လို့ သုခ မရဘဲ ဒုက္ခကို ရကြပါတယ်။

ဒါဆို အသက်မွေးဝမ်းကျောင်း ပညာကို ပစ်ပယ်ရတော့ မလား ဒီလိုတော့ မဟုတ်ပါဘူး။ လူတို့ရဲ့ ဓာတ်ခံ ပါရမီ အနုအရင့်အရ လိုအပ်နေအုံးမှာပါ။ အသက်မွေးဝမ်းကျောင်း ပညာကို အမြင့်ဆုံး တတ်ကျွမ်းခဲ့ တာတောင်မှပဲ ကုသိုလ်ဆိုတဲ့ ဝမ်းစာ မပြည့်ရင် အဆင်ပြေမနေပါဘူး။ ခုနက အတတ်ပညာရှင်၊ ဘွဲ့တွေအများကြီး ရတဲ့မိန်းမဟာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ညွှန်ကြားတဲ့ ကုသိုလ်ပါရမီ အလုပ်တွေကို အားနဲ့အင်နဲ့ အချိန်ပေး ဖြည့်ဆည်းလိုက်မှ အဆင်ပြေသွားခဲ့ပါတယ်။ ကျွန်မ ပြောချင်တာက အဓိကနဲ့ သာမညကို ခွဲခြား ပြချင်တာ တစ်ခုပါပဲ။ အသက်မွေးမှု အတတ်ပညာတွေ ဆိုတာကတော့ သမုတိသစ္စာ နယ်မှာပဲ ရှိနေပါတယ်။

သာသနာနဲ့ မထိုက်တန်လို့ risk လည်းမယူရဲဘဲ Critical Stage မှာ ရှိနေတဲ့ ရဟန်းတော်များ အတွက် သာသနာကို စောင့်ရှောက်မည့် သာသနာ့ အာဇာနည်တို့ရဲ့ အဘိုးတန် အချိန်တွေ မကုန်ဆုံး စေချင်ပါဘူး။ (တကယ်လို့ စာချ ဘုန်းတော်ကြီးများက ပြန်သင်ပေးရမယ် ဆိုရင်ပြောတာပါ။)

ပရဘုန်းဘုန်း (ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ကြသော ရဟန်းတော်များ) အတွက် ကလည်း သူတို့ရဲ့ ထက်သန်တဲ့ စေတနာ စိတ်စွမ်းအင်၊ ဘုန်းကံပါရမီ ကုသိုလ် အရှိန်အဟုန် ဆိုတဲ့ အဓိက အင်အားသာ ပြည့်စုံနေမယ်ဆိုရင် အတတ်ပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ Donor တွေဟာ အရံ-သာမည အင်အားလို သူ့ထက်ငါ ဦးအောင် ကူညီချင်တဲ့ လူတွေ တန်းစီနေမှာပါ။

ကျွန်မတို့ဆိုရင် ပိုင်းလော့ဆရာတော် ဘုရားကြီးရဲ့ တရားတော်တွေ ဘယ်တပည့်ကများ စာရိုက်ပြီး သွားပြီလဲ။ ဘာသာပြန်ပြီး သွားပြီလဲဆိုတာ အမြဲစုံစမ်း နေရပါတယ်။ (ပါရမီဖြည့်ခွင့် မရမှာစိုးလို့ လုလုပ်ရ တဲ့သဘောပါ)။

အစုန်လမ်း၊ အဆန်လမ်း၊ နိဗ္ဗာန်လမ်း

ကျွန်မတို့ ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင် ကတော့ နိဗ္ဗာန်ပါပဲ။ ရဟန်းတော် များရမယ့် နိဗ္ဗာန်နဲ့ လူဝတ်ကြောင်တို့ ရမယ့် နိဗ္ဗာန်က ကွဲပြားနေတာ မဟုတ်ပါဘူး၊ အတူတူပါပဲ။ သီလ အထူးစင်ကြယ်တဲ့ ရဟန်းဘဝ ဖြစ်လေတော့ မြင်းစီး သွားရသလို သက်သာ လျှင်မြန်တဲ့ အကျိုးရှိပါတယ်။ လူတွေကတော့ လမ်းလျှောက် သွားနေသလို ပါပဲ၊ ရောက်ဘို့ရာ ခက်ခဲမှာပါ။ လောကီအာရုံ အမျိုးမျိုးနဲ့ တာဝန်ဝတ္တရား တွေကြောင့် နှောင့်နှေး ကြန့်ကြာတတ်ပါတယ်။ ဒါပေမဲ့လည်း ဝိနည်း စည်းကမ်း ချွတ်ချော်လို့ တိမ်းစောင်းသွားခဲ့ရင် ဒုန်းစိုင်းသွားတဲ့ မြင်းပေါ်က ကျသလို အကျနာမှာကတော့ ရဟန်း ဘဝပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြင့်မြတ်တဲ့ ရဟန်းဘဝမှာ မပျော်ပိုက်ခဲ့လျှင်၊ ပရိယတ်၊ ပဋိပတ် ကျင့်ကြံအားထုတ်မှု မလုပ်ဆောင်နိုင်ခဲ့လျှင်၊ ဝိနည်းတွေ မလိုက်နာ နိုင်ခဲ့လျှင်တော့ ပြတ်ပြတ်သားသား အကုသိုလ် အဖြစ်မခံဘဲ လူထွက်တာ အကောင်းဆုံးပါပဲ။ အစုန်လမ်းကို တန်းကနဲ ဆင်းသွားမှာ စိုးလို့ပါ။ လူ့ဘဝမှာ နေထိုင်ရင်း အဆန်လမ်းနဲ့ နိဗ္ဗာန်လမ်းကို နှေးသော်လည်း မျှော်လင့်လို့ ရနေပါသေးတယ်။

မာတိက မာတာ ဝတ္ထုမှာ မာတိက မာတာသည် ရဟန်းတရားကို လူများ အားထုတ်လို့ ရနိုင်မရနိုင် မေးတဲ့အခါ ရနိုင်တာကို သိတဲ့အတွက် ရဟန်းတော်တွေ သင်ပေးတဲ့အတိုင်း ၃၂ ကောဋ္ဌာသ-ကမ္မဋ္ဌာန်းကို အားထုတ်တဲ့အခါ အနာဂါမိ မဂ်ကိုရခဲ့ပါတယ်။ ပဋိသမ္ဘိဒါ လေးပါးလည်း ရပါတယ်။ အဘိဉာဉ် (၆) ပါးကိုလည်း ရခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ကို သင်ပြပေးတဲ့ သူဆွမ်းလုပ်ကျွေးတဲ့ ရဟန်း ၆၀ က ပုထုဇဉ်ပဲ ရှိနေခဲ့တယ်ဆိုတာ ကြည့်ရင် ရဟန်းရယ်၊ လူရယ် ဘဝအခြေ ကွာခြားတာ အဓိက မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။

ဘယ်ဘဝမှာ ရောက်နေနေ ငါ ဘယ်လမ်းလျှောက်နေ သလဲဆိုတာ စမ်းစစ်နေဘို့သာ အရေးကြီးလှ ပါတယ်။ ရဟန်းဘဝမှာ ကုသိုလ် ဖြစ်အောင် မနေနိုင်လို့ ကတော့ အစုန်လမ်းကို ဆင်းဘို့က လူ့ဘဝထက် ရာနှုန်း ပိုများနေပါတယ်။

အားလုံး ကို ခြုံငုံပြောရရင်

အရိယသစ္စာ အရကျင့်လျှင်တော့၊ သြကာသ လောကဖြစ်စေ၊ သတ္တလောက ဖြစ်စေ၊ သင်္ခါရ လောကဖြစ်စေ လောကသုံးပါးမှာ ဖြစ်ပျက်သမျှ သက်ရှိသက်မဲ့ အရာဝတ္ထုတို့ အားလုံးတို့သည် အမှန်တကယ်အားဖြင့် နှစ်သက်စရာ၊ သာယာစရာ ဟူ၍ ဘာတစ်ခုမှ မရှိကြပါဘူး။ ဒုက္ခအစုအဝေး သက်သက်သာလျှင် ရှိနေတာပါ။ ပုဂ္ဂိုလ်သတ္တဝါ မရှိကြောင်း၊ အသက်ဇီဝ မရှိကြောင်း အားလုံးဟာ ဓမ္မအစုအဝေး သက်သက်မျှသာ ဖြစ်ကြောင်း မြင်လာမှာ ဖြစ်ပါတယ်။

ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော်မှာ (အကြင်သူသည် ရုပ်ကို တောင့်တ၏။ ဝေဒနာကို တောင့်တ၏။ သညာကို တောင့်တ၏၊ ဝိညာဉ်ကို တောင့်တ၏။ ထိုသူသည် ဒုက္ခကို တောင့်တသည် မည်၏။) ဟု ဟောကြားတော် မူထားရာ လောကနှင့် ပတ်သက်သော ရာထူး၊ ဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာ အားလုံးတို့ကို တောင့်တခြင်းသည် ဒုက္ခကို တောင့်တခြင်း မည်၏ဟု အဘိဓဇ မဟာရဋ္ဌဂုရု တောင်လေးလုံး ဆရာတော် ဘုရားကြီးက ဟောကြားတော် မူပါတယ်။

အမှန်အားဖြင့် အရိယသစ္စာ အရ တကယ်တန်း စစ်မှန်သော ချမ်းသာဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဝတ္ထုများမှာ မူမတည်ပါ။ မှန်ကန်သော နှလုံးသွင်းမှုနှင့် မှန်ကန်သော အသိ၊ မှန်ကန်သော သစ္စာ၊ မှန်ကန်သော အမြင်မှာသာ တည်ပါတယ်။ ကျွန်မတို့ဟာ မှန်ကန်သော ချမ်းသာကို ရလိုပါလျှင်၊ မှန်ကန်သော အသိ၊ မှန်ကန်သော သစ္စာ မှန်ကန်သော အမြင် ရအောင် ကြိုးစားအပ်လှ ပါတယ်။

အရိယသစ္စာ ဘက်ကို ဦးတည်ထားပါမှ ကျွန်မတို့ဟာ တပ်မက်ဖွယ် ကောင်းတဲ့ အာရုံကိုလည်း တွန်းလှန်နိုင်မှာပါ။ ကြောက်မက်ဖွယ် ကောင်းတာတွေကိုလည်း သည်းခံနိုင်လာမှာ ဖြစ်ပါတယ်။ အဲဒီ အမြင်နဲ့ လောကကို ကြည့်လိုက်တဲ့ အခါမှာ တကယ်စစ်မှန်တဲ့ ချမ်းသာ ဆိုတာသည် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု တွေပေါ် မတည်ဘဲ၊ မှန်ကန်တဲ့ အမြင်၊ မှန်ကန်တဲ့ နှလုံးသွင်းမှု ပေါ်မှာသာ တည်ကြောင်း လက်တွေ့ မြင်လာပါတယ်။ ဒေသနာတော်တွေ မှာလည်း မှန်ကန်သော အသိဟာ လူမင်းချမ်းသာ၊ နတ်မင်းချမ်းသာ တို့ထက် သာလွန်တဲ့ ချမ်းသာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ကျွန်မတို့ရဲ့ နိုင်ငံမှာ ကြီးမားတဲ့ တိုက်ကြီးတွေ၊ ကြီးမားတဲ့ ယာဉ်ရထားတွေ၊ တန်ဘိုးကြီးမားလှတဲ့ အဝတ်အထည်၊ စားသောက်ကုန်တွေ၊ အလှကုန်တွေ ရှိမနေပေမဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတော်အတိုင်း ဟန်ဆောင်မှုတွေ မပါဘဲ တကယ်တမ်း မတုန်မလှုပ် ခိုင်မာတဲ့ ယုံကြည်ချက်ဖြင့် တစ်ဦိးချင်းရဲ့စရိုက်၊ ဉာဉ် အဆင့်ကနေပြီး အမျိုးသားစရိုက်၊ အမျိုးသားဉာဉ် အဆင့်သို့ ရောက်အောင်
-ပစ္စည်းတတ်နိုင်တဲ့ ဘက်ကကြည့်လျှင် ပစ္စည်းနဲ့ လည်းကောင်း
-ကာယအား တတ်နိုင်တဲ့ ဘက်က ကြည့်လျှင် ကာယအားနဲ့ လည်းကောင်း၊
-ဉာဏအားနဲ့ တတ်နိုင်တဲ့ဘက်က ဉာဏအားဖြင့် လည်းကောင်း၊
-ကိုယ်ကျင့်တရားနဲ့ စံပြုနိုင်တဲ့ ဘက်က ကိုယ်ကျင့်တရားဖြင့် လည်းကောင်း ဝိုင်းဝန်း ဆောင်ရွက်ကြဘို့သာ သင့်လှပါတယ်။

ကျေးဇူးတော်ရှင် မြတ်စွာဘုရားရှင် ဟောကြားတော် မူတာကတော့ လူသားအချင်းချင်း အပေါ်
စေတနာ အပြည့်ပါတဲ့….
မှန်ကန်တဲ့မေတ္တာ အပြည့်အဝပါတဲ့…..
မှန်ကန်တဲ့ အကြင်နာ အပြည့်အဝ ပါတဲ့…..
မှန်ကန်သော ကြီးပွားစေလိုတဲ့ စေတနာ အပြည့်အဝပါတဲ့……
မှန်ကန်တဲ့ ကိုယ်ကျင့်တရား အပေါ် မယိမ်းမယိုင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်၊ ဖေးမမှုတို့နဲ့
မှန်ကန်သော နှလုံးသွင်းနဲ့ မှန်ကန်သော အသိဉာဏ်ကိုသာ သုခအဖြစ် မြင်တတ်အောင်သာ ရှိရှိသမျှသော ဝေနေယျ တို့ကို အခြေ အနေပေးရင် ပေးသလို ကြိုးစား သင်ကြားပေးဘို့သာ အားကုန် ကြိုးပမ်းချင် (စေချင်) လှပါတယ်။

ကျမ်းကိုး== ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရား ဟောကြားတော် မူသော တရားတော်များ၊ ဆရာတော် အရှင်အာဒိစ္စရံသီ ဟောကြားတော်မူသော တရားတော်များနှင့် ဆရာကြီး ဦးရွှေအောင် ရေးသားပူဇော်ထားသော -ဓမ္မပဒ- တရားတော်များကို ယုံကြည်ကိုးကား ရေးသားအပ် ပါသည်။

(ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရဟန်းဘဝ ရောက်ရှိနေကြတဲ့ သံဃာတော် အရှင်သူမြတ်တို့ကို မိမိထက် ဘုန်းကံ၊ပါရမီ ကြီးမားသူများ အဖြစ်၊ သံဃာရတနာ တစ်ပါးကို ဆည်းကပ်ခွင့် ရသော အကြောင်းတရား အဖြစ်ဖြင့် ဤဆောင်းပါးကို ရေးသားရင်း ရိုသေစွာ ရှိခိုးဦးညွှတ်၊ ကန်တော့ လိုက်ပါရစေ-- အရှင်သူ မြတ်တို့ဘုရား။)

မေတ္တာဖြင့်
သစ္စာအလင်း

No comments:

Post a Comment