Friday, June 11, 2010

သြဃတရဏသုတ် နှင့် သူတို့ အတွေးများ (၂)

မာန-ပယ်မှ နိဗ္ဗာန်ရောက်နိုင်မယ် ( သို့ ) သြဃတရဏသုတ်

အရှင်သုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ)

အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်တွင် သီတင်သုံးနေစဉ် ညသန်းခေါင်ယံအချိန်ဝယ် ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းတောက်ပလျက် နတ်သားတယောက်ရောက်လာကာ “မြတ်စွာဘုရားသည် အဘယ်သို့သော အကြောင်းခြင်းရာဖြင့် သံသရာ ၀ဲသြဃကို ကူးမြောက်တော်မူခဲ့ပါသနည်း”- ဟုမေးလေ၏။
“ဒါယကာ နတ်သား -ငါဘုရားသည် ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာအယဉ် သြဃကို ကူးမြောက်ခဲ့သည်”
“ဘယ်လိုပါလဲဘုရား တပည့်တော် နားမလည်နိုင်ပါ၊ ထပ်မံ ရှင်းလင်းဟောတော်မူပါအုံး”
“ဒါယကာနတ်သား၊ ရပ်နေရင် နစ်မြုစ်သွားမယ်၊ အားထုတ်ရင်တော့ သြဃတွင် မျောပါသွားမယ် - ဤသို့လျင် ငါဘုရားသည် ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာအယဉ် သြဃကို ကူးမြောက်ခဲ့သည်”ဟု မိန့်တော်မူ၏။ 

တရားဆုံးသောအခါ -- နတ်သားသည် -
“သတ္တလောက၌ ရပ်တည်မနေပဲ အားမထုတ်ပဲ သံသရာသြဃကို ကူးမြောက်တော်မူပြီးသော မကောင်းမှု့ အားလုံးကိုပယ်ခွာကာ ကိလေသာတို့မှငြိမ်းတော်မူပြီးသော ဘုရားရှင်ကို နှစ်ပေါင်းများစွာ ကြာမြင့်မှ ဖူးမြင်ရလေစွတကား ”- ဂါထာစီကုံးကာ လျောက်ထားလေ၏။

ထိုစကားကို ဘုရားရှင်သည် ဆိတ်ဆိတ်လက်ခံတော်မူသောကြောင့် ငါ့စကားကို မြတ်စွာဘုရားလက်ခံပေတယ် - ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ကွယ်ပျောက်သွားလေတော့၏။

သုတ္တန် အဖွင့်နှင့် အနှစ်ချုပ်များ

မြတ်စွာဘုရားသည် တရားဟောတော်မူသောအခါ အမြဲတမ်းချိုသာတော်မမူပဲ နာယူသူ အလိုအဇ္ဈာသယအလိုက် သင့်တော်သလို ဖြေတော်မူ၏၊ တခါတရံ ပြဿနာမေးမြန်းသူကို နှိပ်ကွပ်၍တမျိုး အထက်စီးမှ လွှမ်းမိုး၍တဖုံ အကြောင်းသင့်သည့်အတိုင်း ဖြေတော်မူခဲ့သည်၊ တရားဟောရာတွင် ရည်ရွယ်ချက်လည်း ကွဲပြားသေး ဟူ၏၊ အချို့နေရာတွင် တရားနာသူကို နှိပ်ကွပ်၍ ဟောခြင်းဟူသော  နိဂ္ဂဟမုခဒေသနာ ဖြင့်လည်းကောင်း၊ (တိတ္ထိ ပရဗိုဇ်တို့အား ဟောကြားခြင်းမျိုးဖြစ်သည်)  အချို့နေရာတွင် စိတ်ဓာတ်တို့ တက်ကြွကြည်လင်လာအောင် ဟောကြားခြင်း ပဂ္ဂဟမုခဒေသနာ ဖြင့်လည်းကောင်း (စတင်ဖူးမြင်ရကတည်းက ကြည်ညိုရင်းစွဲ ရှိသူတို့အား ဟောကြားခြင်းမျိုး) အားဖြင့် ဟောတော်မူလေ့ရှိ၏။ 

နိဂ္ဂယှ နိဂ္ဂယှာဟံ အာနန္ဒ ၀က္ခာမိ၊ ပ၀ယှ ပ၀ယှ ၀က္ခာမိ၊ ယော သာရော သော ဋ္ဌဿတီ တိ၊( မ. နိ. ၃. ၁၉၆ )

“အာနန္ဒာ ငါဘုရားဟာ တရားတော်ကို နှိပ်ကွပ်ပြီးလဲ ဟောတော်မူတယ်၊ လွှမ်းမိုးပြီးလည်း ဟောတော်မူတယ်၊ တကယ်ဆိုတော့  သဒ္ဓါ သီလ ၀ီရိယ ပညာ စတဲ့ အနှစ်သာရ ရှိသူများဟာ တရားတော်ကို ထိုးထွင်းသိနိုင်ပေလိမ့်မယ်”- ဟု မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်တွင် ဖွင့်ပြထားသေး၏၊

အထက်ပါ မေးခွန်းမေးသော နတ်သားသည် အလွန်အကဲ မာနကြီးကာ ကိုယ့်ကိုယ်ကို ပညာရှိဟု မှတ်ထင်နေပြီး သူတပါးကို အထင်သေးတတ်၏၊ ငါသာလျင် အားလုံး သိပြီး တတ်ပြီးဖြစ်သည်ဟု ယူဆထားသတတ်။ သူ့ဘ၀အမှန်ကား ကဿပဘုရားရှင်လက်ထက်၌ တရားကျင့်ကြံကာ နတ်စည်းစိမ်ခံစားနေပြီး ယခုဂေါတမဘုရားရှင်ကို ဖူးရသောအခါ၌လည်း - လောကမှာ ငါသိပြီးသားတွေ အများကြီးပဲ၊ မသိသေးတာတွေက နည်းနည်းပဲ ရှိတယ်၊ ဒါကြောင့် မသိသေးတာတွေကို ဘုရားကို မေးမယ် ဆိုကာ လိုရင်းတိုရှင်းဖြင့် အကဲစမ်းကာ မေးမြန်းလေ၏၊ 

မြတ်ဗုဒ္ဓကလည်း - “ဒီနတ်သားဟာ တော်တော်မာနကြီးတာပဲ၊ ညစ်ပတ်ပေကျံနေတဲ့ လက်သုတ်ပုဝါကို အရောင်ထပ်မံ ဆိုးရင်ဖြင့် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး၊ ဒါကြောင့် သူ့ရဲ့ မာနကို မပယ်ဘဲနှင့်  တရားထူး ရဖို့ မဖြစ်နိုင်ဘူး၊ အရင်ဦးဆုံး သူ့မာန ကျိုးသွားအောင် ဟောမှ ဖြစ်မယ် ” ဟု ဆိုကာ တိုတိုတုတ်တုတ် စကား နှစ်ခွန်းသာဖြေတော်မူပြီး အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ဖုံးသကဲ့သို့ ဖြေတော်မူ၏။ 

အဖြေကို နားမလည်နိုင်သော နတ်သားသည် ထိုအခါကျမှ  မာနစိတ်ကို နှိမ်ချကာ အကျယ်ချဲ့ ဟောတော်မူပါအုံးဘုရား -ဟု လျောက်ထားလေရာ -

ဒါယကာနတ်သား လောကမှာ ကာမဂုဏ်ငါးပါးလို့ဆိုတဲ့ ကာမောဃ၊ ရူပဘ၀ အရူပဘ၀တွေမှာ တက်မက်တွယ်တာတတ်တဲ့ တဏှာဆိုတဲ့  ဘဝေါဃ၊  မိစ္ဆာဒိဋ္ဌိအယူ ၆၂ ပါးမှာ ကပ်ငြိနေတတ်တဲ့ ဒိဋ္ဌောဃ၊ သံသရာတလျောက် သစ္စာတရားကို မသိနိုင်ခြင်း မောဟဆိုတဲ့ အ၀ိဇ္ဇောဃ တရား ၄ ပါးရှိနေသမျှ သတ္တ၀ါတွေဟာ အပါယ်လေးပါးမှာ နစ်မြုပ်နေကြအုံးမှာပဲ - ဒီနေရာမှာတော့  ၃၁ ဘုံလုံးမှာ ရှိနေတဲ့ ကိလေသာအစုအပုံလို့ ဆိုရမယ့် သြဃတရားတွေထဲမှာ မကျင့်ကြံပဲ ရပ်နေရင် သံသရာမှာ နစ်မြုပ်နေအုံးမှာပဲ၊ ကြိုးစား အားထုတ်မယ် ဆိုရင်တော့ နိဗ္ဗာန်တဖက်ကမ်းကို ကူးမြောက်သွားနိုင်လိမ့်မယ်၊  ငါဘုရားသည် လွန်မြောက်ပြီးသား ဖြစ်တဲ့အတွက် အားမထုတ်တော့ဘူး၊  ဒီနည်းနဲ့ သံသရာ သြဃကို ကူးမြောက်ခဲ့ပါတယ် -

တရားတော်အဆုံးမှာတော့ နတ်သားဟာ သောတာပန် တည်သွားတာကြောင့် အထက်ပါ ဂါထာကို ရွတ်ဆိုကာ ပန်း နံ့သာ မျိုးစုံနဲ့ ပူဇော်ပြီး ပြန်သွားလေတော့၏။ 

အရှင်သုနန္ဒာလင်္ကာရ
M A ,P hD ( Research )

http://www.dhammayaungchi.com

ကျမ်းကိုး
သြဃတရဏသုတ္တံ၊
နဠ၀ဂ်၊
ဒေ၀တာသံယုတ်
သဂါထာဝဂ္ဂ အဋ္ဌကထာ - ဋီကာ
မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသ ပါဠိတော်

သြဃတရဏသုတ် နှင့် သူတို့ အတွေးများ (၁) 

No comments:

Post a Comment