Wednesday, June 16, 2010

သြဃတရဏသုတ် နှင့် သူတို့ အတွေးများ (၄)

မလျှောက်ဘဲနှင့်ရောက်

(၁)

လွန်ခဲ့သောရက်က အောက်ပါ အကြောင်းအရာကို ကျွန်တော်၏မိတ်ဆွေက ပြောပြပါသည်။ သူပြောသည့်အကြောင်းအရာများကို ကြားဘူးသော်လည်း သူ၏ပြောပြပုံကို နှစ်သက်သဘောကျသည့်အတွက် သူ၏ပြောပုံအတိုင်း ပြန်ပြောနိုင်ရန် အောက်တွင်ကြိုးစား၍ ရေးကြည့်ပါသည်။
(၂)

အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားကို ပုဂ္ဂိုလ်တစ်ဦးက မေးလျှောက်တယ်။ ဘယ်လိုမေးလျှောက်သလဲဆိုတော့...ဒုက္ခခပ်သိမ်း ငြိမ်းတော်မူတဲ့ ရှင်တော်ဘုရားသည် ဘယ်ပုံဘယ်နည်းအားဖြင့် (ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အ၀ိဇ္ဇောဃ တည်းဟူသော) သြဃလေးသွယ် ရေပင်လယ်ကြီးကို ကူးမြောက်တော်မူခဲ့ပါသလဲ” လို့  မေးလျှောက်တယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက “ငါသည် ရပ်တည်လဲမနေဘဲ၊ သွားဖို့ ရန်လည်း အားမထုတ်ဘဲ သြဃလေးသွယ် ရေပင်လယ်သမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်” လို့ ဖြေတယ်။

ဂေါတမမြတ်စွာဘုရားရဲ့  အဖြေကို တစ်ဘက်ကပုဂ္ဂိုလ်က နားမလည်ဘူး။ ဒီလိုနားမလည်တော့ ဂေါတမမြတ်စွာဘုရားကို ထပ်ပြီးမေးတယ်။ “အရှင်ဘုရား... အရှင်ဘုရားသည် သြဃလေးပါးတည်းဟူသော ပင်လယ်သမုဒ္ဒရာကြီးကို အဘယ်ကဲ့သို့  ရပ်၍လည်း မနေဘဲ၊ သွားလည်း မသွားဘဲ ကူးမြောက်တော်မူခဲ့ပါသလဲ” လို့ လျှောက်တယ်။ ဒီအခါမှာ မြတ်စွာဘုရားက ....“ရပ်နေတဲ့အခါ နစ်မြုပ်တယ်၊ သွားဖို့ ရန်အားထုတ်တဲ့အခါ မျောတယ်။ ငါဟာ...ရပ်လည်းမနေဘဲ သွားလည်းမသွားဘဲ သံသရာရေအယဉ်လို့ ဆိုအပ်တဲ့ သြဃလေးသွယ် သမုဒ်ပင်လယ်ကြီးကို ကူးမြောက်ခဲ့တယ်” လို့  ဖြေတော်မူတယ်။

ဒီအခါမှာ မေးတဲ့ပုဂ္ဂိုလ်က....“ရပ်လဲမနေဘဲ၊ သွားဖို့ ရန်လည်း အားမထုတ်ဘဲ သြဃလေးသွယ်လို့  ဆိုရတဲ့ သံသရာ သမုဒ်ပြင်ကျယ်ကြီးကို ကူးမြောက်တော်မူခဲ့တဲ့ မြတ်စွာဘုရားကို အခုမှပင် ဖူးတွေ့ ရပေတယ်” လို့  လျှောက်ထားပြီး ဂေါတမမြတ်စွာဘုရားထံကနေ ထွက်ခွာသွားတယ်တဲ့။

ဒီမှာ ဂေါတမမြတ်စွာဘုရား မိန့် တော်မူတဲ့...“ငါဟာ ရပ်တည်မနေဘဲ” ဆိုတဲ့စကားက ကာမသုခလ္လိကနုယောဂဆိုတဲ့ ကာမဂုဏ်တွေထဲမှာ နေ နေတာ မဟုတ်ဖူး။ ကာမဂုဏ်တွေကို လိုက်စား၊ ခံစားနေခြင်းမဟုတ်ဖူးလို့  ဆိုလိုတယ်။ “သွားဖို့ ရန်လဲ အားမထုတ်ဘဲ” ဆိုတာက အတ္တကိလမထာနုယောဂဆိုတဲ့ အကျင့်တွေကို ကျင့်ဆောင်အားထုတ်မှု မလုပ်ဖူးလို့ ဆိုလိုတယ်လို့  အဋ္ဌကထာဆရာတွေက ဖွင့်ပြတတ်ကြတယ်။ ပြီးတော့....ဒီတော့ “ရပ်နေတဲ့အခါနစ်မြုပ်တယ်” ဆိုတာ အဲဒီ ကာမဂုဏ်တွေကို ခံစားနှစ်သက်နေရင်....သံသရာ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ နစ်မွန်းသွားမယ်၊ “သွားဖို့ အားထုတ်တဲ့အခါ....သွားပြန်တဲ့အခါ မျောပါတယ်” ဆိုတာက ဆိုခဲ့တဲ့ အတ္တကိလမထာနုယောဂဆိုတဲ့ မိမိကိုယ်ကို ညှင်းဆဲတဲ့အကျင့်တွေကို ကျင့်ရင်....ဒါဟာလည်း သံသရာကလွတ်မြောက်ကြောင်း မဟုတ်ဘဲ သံသရာ သြဃရေတွေထဲ မျောပါသွားအုံးမှာဘဲလို့  ဆိုလိုတယ်တဲ့။

ဂေါတမမြတ်စွာဘုရားဟာ ဆိုခဲ့တဲ့ ကာမသုခလ္လိကာနုယောဂ နဲ့  အတ္တကိလမထာနုယောဂဆိုတဲ့ အစွန်း(၂)ပါးနောက်မလိုက်ဘဲ မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးလမ်းကို လိုက်ခဲ့တယ်။ “ဒါကြောင့် ငါဟာ မြုပ်လဲမမြုပ်ဘဲ မျောလဲမမျောဘဲနဲ့  သြဃလေးသွယ် သမုဒ္ဒရာသံသရာပြင်ကျယ်ကြီးကို ကူးမြောက်ခဲ့တယ်” လို့  ဗုဒ္ဓမြတ်စွာက မိန့် တော်မူခြင်းဖြစ်တယ်လို့  ဖွင့်ဆိုပြတာလည်း ရှိတယ်။

တချို့ ကတော့ အထက်က ဗုဒ္ဓစကားတွေဖြစ်တဲ့ “ရပ်တည်လည်း မနေဘဲ၊ သွားဖို့ လည်း အားမထုတ်ဘဲ သြဃသမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်”ဆိုတဲ့ ဖော်ပြချက်နဲ့  “မြုပ်လည်းမမြုပ်ဘဲ၊ မျောလည်း မမျောဘဲ သံသရာပင်လည်ကြီးကို ကူးမြောက်ခဲ့တယ်”ဆိုတဲ့ ဖော်ပြချက်တွေဟာ ပို့ စ်မော်ဒန်အမြင် Post Modern Thought နဲ့  ဆိုင်တဲ့ ဖော်ပြချက်တွေဖြစ်တယ်တဲ့။ ဂေါတမမြတ်စွာဘုရားမှာ ပို့ စ်မော်ဒန် အတွေးအမြင်တွေ ရှိတယ်တဲ့။ ဒါကြောင့် အဆောက်အအုံကိုဖြိုချပြီး အတွင်းက သဘာဝတ္တ၊ အတွင်းမှာ ၀ှက်ထားတဲ့ အဓိပ္ပါယ်ကို ထုတ်ကြည့်ရမယ်၊ ဒီကွန်စထရပ် Deconstruct လုပ်ကြည့်ရသလို ဗုဒ္ဓစာပေတွေကို လေ့လာတဲ့အခါ အပေါ်ယံ စာမျက်နှာ face value ထက် စာသား text ရဲ့  အတွင်းမှာရှိတဲ့ အနက်ဝှက်ကို ဖော်ထုတ်ဖို့  ပိုပြီးအရေးကြီးတယ်လို့  ဆိုကြတယ်။ ဘယ်လိုဖော်ထုတ်ပြမယ် ဆိုတာတော့ ဆွေးနွေးကြည့်ရအုံးမှာပဲ။

တချို့ ကတော့... “ရပ်တည်နေတော့လည်း မြုပ်တယ်၊ သွားဖို့ ကြိုးစားတော့လည်း မျောတယ်...” ဆိုတဲ့ စကားတွေဟာ ယောဂအကျင့်နဲ့  တက္ကဆိုတဲ့ တွေးခေါ်ဆင်ခြင်ခြင်းကို ရည်ညွှန်းတာဖြစ်တယ်လို့  ဆိုကြတယ်။ ယောဂအကျင့် - ဒါမှမဟုတ် သမထအကျင့်ဆိုတာ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုအပေါ်မှာ တစ်စိုက်တည်းစိုက်နေအောင် ကျင့်ရတဲ့အကျင့်ဖြစ်တယ်။ ဥပမာ - မြေကြီးကသိုဏ်းအားထုတ်သူဟာ  အဲဒီ မြေကြီးကသိုဏ်းပေါ်မှာပဲ စိတ်ကိုစူးစိုက်ထားရတယ်။ ဒီလို ကသိုဏ်းပေါ်မှာပဲ စူးစိုက်နေတာ၊ ကသိုဏ်းနိမိတ်မှတစ်ပါး အခြားဘယ်ကိုမှ စိတ်မသွားရအောင် အားထုတ်နေတာဟာ ‘ရပ်တည်’ နေတဲ့ သဘောပဲတဲ့၊ ဒီလို စိတ်ရပ်တည်ပြီး သမာဓိတရားတွေ ရရုံမျှနဲ့ တော့ ကိလေသာတွေကုန်တဲ့ လွတ်မြောက်ရေးတရား (မဂ်ဖိုလ်ဉာဏ်) တွေကို မရနိုင်သေးဘူး။ ဒါကြောင့် တစ်ချိန်ချိန်မှာ သံသရာဝဲသြဃကြီးထဲ နစ်မြုပ်နိုင်တာပဲ။

ပြီးတော့.... တက္ကဗေဒအစရှိတဲ့ တွေးတောဆင်ခြင်မှုနည်းတွေနဲ့ လည်း ရုပ်နာမ်တွေရဲ့  အမှန်တရား ဒါမှမဟုတ် ရုပ်နာမ်တွေရဲ့  ပရမတ္ထသဘာဝကို သိနိုင်တာ မဟုတ်ဘူး။ ဘယ်လောက်တွေးတွေး ပရမတ္ထသဘာဝ၊ ရုပ်နာမ်တွေရဲ့  အနတ္တသဘာဝကို သိနိုင်တာမဟုတ်ဘူး။ တွေးနေသမျှတော့ စိတ်ဟာအတွေးတွေနဲ့ ပဲ လွင့်မျောနေမှာပဲ။ ဒီတော့ ‘မျော’ တယ်ဆိုတာ တွေးတောနေခြင်းဖြစ်တယ်။ အတွေးမျှ၊ ဆင်ခြင်မှုမျှဖြင့် ရုပ်နာမ်တွေရဲ့  ပရမတ္ထသဘာဝကို မသိနိုင်တဲ့အတွက် မဂ်ဖိုလ်ဆိုတဲ့ ဉာဏ်ပညာကိုလည်း မရနိုင်ဘူး။ ဒီဉာဏ်တွေကို မရရင် ကိလေသာတွေကနေ မလွန်မြောက်နိုင်ဘူး။ မလွန်မြောက်ရင် သြဃလေးသွယ်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ မျောနေအုံးမှာပဲ။ ဗုဒ္ဓကတော့ မြုပ်လည်း မမြုပ်ဘူး။ မျောလည်း မမျောပါဘူး။

ဘာပြုလို့  မမြုပ်တာလဲဆိုတော့ ဗုဒ္ဓက မရပ်တဲ့အတွက်ဖြစ်တယ်။ ဘာကြောင့် မမျောတာလဲဆိုတော့ ဗုဒ္ဓက သွားမှမသွားဘဲ။ မသွားတော့ မမျောဘူး။

ဒီမှာ....‘မရပ်ဘူး’ဆိုတာက....ခန္ဓာ(၅)ခုမှာ ဖြစ်သမျှ ဖြစ်လာသမျှကို ၀ိပဿနာမပြတ်ရှုမှတ်နေတာကို ဆိုလိုတာတဲ့။ ဖြစ်သမျှ ဖြစ်လာသမျှ ရှုမှတ်နေတဲ့အတွက် ရှုမှတ်သူဟာ ရပ်နေတာ၊ ငြိမ်နေတာ၊ စိုက်နေတာ မဟုတ်ဘူး။ ဒါဖြင့် ဖြစ်သမျှ....ဖြစ်လာသမျှကို လိုက်ပြီးရှုမှတ်နေခြင်းဟာ သွားနေတဲ့ သဘောမဟုတ်ဘူးလားလို့  မေးစရာရှိတယ်။ တကယ်က....မြင်တာကြားတာစတဲ့ ဖြစ်လာသမျှကို မြင်ရုံမျှ၊ ကြားရုံမျှတွင် ရပ်တည်အောင်ထားဖို့  ၀ိပဿနာရှုမှတ်နေတာဆိုတော့ သွားနေတဲ့သဘောမဟုတ်ဘူး။ ဒါကြောင့် ၀ိပဿနာရှုမှတ်နေခြင်းဟာ ရပ်နေတဲ့သဘော မဟုတ်ဘူး။

ခန္ဓာ ၅ ခု (ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ်)မှာ ဖြစ်လာသမျှကို ၀ိပဿနာရှုမှတ်နေတယ်ဆိုတာ မဂ္ဂင် ၅ ခု တစ်ပေါင်းတည်း အလုပ်လုပ်နေတာဖြစ်တယ်တဲ့။ (၁) သမ္မာဒိဋ္ဌိ၊ (၂) သမ္မာသင်္ကပ္ပ၊ (၃) သမ္မာဝါယမ၊ (၄) သမ္မာသတိ၊ (၅) သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင် ၅ ခုကို အလုပ်သမားမဂ္ဂင် (ကာရကမဂ္ဂင်) လို့ တောင် အမည်ပေးထားတယ်။ ဒီမဂ္ဂင် ၅ ခုဟာ ၀ိပဿနာရှုတဲ့နေရာမှာ တကယ့်ကို အလုပ်လုပ်ရတဲ့ မဂ္ဂင်တွေဖြစ်နေလို့ ပဲတဲ့။ ဒီမဂ္ဂင် ၅ ခု ညီညွတ်စွာ အလုပ်လုပ်ပြီဆိုရင် ၀ိပဿနာရှုသူဟာ ခန္ဓာ ၅ ခုရဲ့  ပရမတ္ထသဘာဝတွေကို သိနိုင်တယ်။ ရုပ်ဆိုတာဖြစ်ပြီး ပျက်နေတာ၊ ဝေဒနာဆိုတာ ခံစားပြီး ပျက်နေတာ၊ သညာဆိုတာ မှတ်သားပြီး ပျက်နေတာ၊ သင်္ခါရဆိုတာ စေ့ဆော်ပြီး ပျက်နေတာ၊ ၀ိဉာဏ်ဆိုတာ သိပြီးပျက်နေတာလို့  မှန်မှန်ကန်ကန်မြင်သိတယ်။ ဗုဒ္ဓအဘိဓမ္မာကို ကိုးကားပြီး တချို့ ပညာရှင်တွေကတော့ ....ဆိုခဲ့တဲ့ မဂ္ဂင် ၅ ခု ညီညွတ်စွာဖြစ်ရင် ၀ီထိတစ်ခု ဆုံးပြီးလို့  ဖြစ်ပေါ်လာတဲ့ ပထမဆင်ခြင် ၀ီထိမှာ ၀ိပဿနာရှုမှတ်နိုင်ရင် ထိလာသမျှအာရုံတွေရဲ့  ပျက်သွားမှု မမြဲမှုကို မှန်မှန်ကန်ကန်သိနိုင်တယ်လို့  ဖော်ပြကြတယ်။ ဒီပထမဆင်ခြင်ဝီထိမှာ ၀ိပဿနာမရှုမှတ်နိုင်ရင်တော့ ဒြပ်ဝီထိ၊ အမည်ဝီထိတွေ ၀င်လာပြီဆိုတော့ ထိလာတဲ့ အာရုံရဲ့  ပရမတ္တသဘောကို မသိနိုင်တော့ဘူး။ သူ့ အသိဟာ ပညတ်ကို သိတဲ့ အသိတွေပဲ ဖြစ်သွားနိုင်တယ်လို့  ဖြော်ပကြတယ်။ ဆိုခဲ့တဲ့အတိုင်း ဒြပ်ဝီထိတွေ အမည်ဝီထိတွေ မကျခင် ပထမဆင်ခြင်ဝီထိမှာ ၀ိပဿနာ တကယ်ရှုသိနိုင်ရင်တော့ ထိလာတိုင်းသော အာရုံတွေရဲ့  ပျက်မှု၊ မမြဲမှုကို အမှန်အကန်သိတဲ့ ဉာဏ်အမြင်တွေဖြစ်တယ်။

ဝီထိတစ်ခုဆုံးတိုင်းဆုံးတိုင်း ၀ိပဿနာ မပြတ်ရှုမှတ်နေခြင်းဟာ ငြိမ်ပြီး“ရပ်”နေတာမဟုတ်ဘူး။ ရပ်နေတာမဟုတ်တဲ့အတွက် မမြုပ်ဘူး။ ပြီးတော့ ၀ိပဿနာ မပြတ်ရှုနေခြင်းဟာ တွေးတောဆင်ခြင်နေတာမဟုတ်ဘူး။ အတွေးတွေနဲ့ ဆုံးစမရှိ “သွား”နေတာမဟုတ်ဘူး။ မသွားတဲ့အတွက် မမျောဘူးလို့ လည်း ဖွင့်ပြကြတယ်။ ၀ိပဿနာရှုမှတ်လို့  နောက်ဆုံးမှာ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရသွားရင်တော့ သြဃလေးသွယ်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးထဲ နစ်မြုပ်စရာလည်း မရှိတော့ဘူး။ မျောပါသွားစရာလည်း မရှိတော့ဘူး။ ဒါကြောင့် ဂေါတမမြတ်စွာဘုရားက... “ငါဟာ ရပ်တည်လည်း မနေဘဲနဲ့ ၊ သွားဖို့ လည်း အားမထုတ်ဘဲနဲ့  သံသရာဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်။ ရပ်ရင်မြုပ်တယ်။ သွားတော့ မျောတယ်။ ငါဟာ မြုပ်လည်း မမြုပ်ဘဲနဲ့ ၊ မျောလည်း မမျောဘဲနဲ့  သြဃလေးသွယ်ဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်” လို့  ပြောတာဖြစ်မယ်။ ဒီလို ဂေါတမမြတ်စွာဘုရား ပြောဆိုမိန့် ကြားတာကို လာပြီးမေးမြန်းတဲ့ ပုဂ္ဂိုလ်က.....

“သတ္တလောကကြီးမှာ.....ရပ်တည်မနေဘဲ၊ သွာဖို့ လည်း အားမထုတ်ဘဲ တဏှာကို ကူးမြောက်တော်မူပြီးသော မကောင်းမှုမှ အပပြုပြီးသော ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားကို ကြာမြင့်မှပင် ဖူးမြင်ရလေစွတကား” လို့  လျှောက်ထားပြီးတော့ ပြန်လည်ထွက်ခွာသွားတယ်တဲ့။
(၃)

အထက်ပါအကြောင်းအရာများကို ပြောပြသော မိတ်ဆွေဖြစ်သူ၏ အိမ်မှ အပြန်တွင် မလှမ်းလျှောက်ဘဲနှင့် ရောက်သည့်အကြောင်းကို လွင့်လွင့်မျောမျော တွေးတောလာခဲ့မိပါသည်။     ။

နန္ဒာသိန်းဇံ
ဓမ္မရိပ်မဂ္ဂဇင်း အတွဲ(၁) အမှတ်(၆)
(ဇွန်လ ၂၀၀၆)

No comments:

Post a Comment