Tuesday, June 8, 2010

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၁၁)

ကိုစိုးဝင်းထွဋ် (www.trueanswer.co.cc) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု

ခင်မင် လေးစားရပါသော ကိုဝိမုတ္တိ ခင်ဗျာ -

သာသနာပြုလုပ်ငန်း အတွက်သော် လည်းကောင်း၊ တိုင်းပြည်အတွက် လည်ကောင်း ရည်ရွယ်လျက် ရဟန်းတော်များ ဗုဒ္ဓစာပေများအပြင် လောကဓါတ် သိပ္ပံပညာရပ်များကိုလည်း တွဲဖက်သင်ကြားသင့်ကြောင်း စေတနာသန့်သန့်ဖြင့် ကိုဝိ အကြံပြုဆွေးနွေးတင်ပြထားတာ ဖတ်ရတော့ အလွန်ပဲ ၀မ်းမြောက်မိပါတယ်။

တကယ်တော့ ကိုဝိ အကြံပြု တင်ပြတာဟာ လက်တွေ့ အကောင်အထည် ဖော်ဖို့ရန် လေးနက် ကျယ်ဝန်းမယ်လို့ ထင်မိပါတယ်။ ကျွန်တော်အနေနဲ့ အကောင်အထည်ဖော်ဖို့ရန် အတွက် ရှိလာနိုင်တဲ့ အခက်အခဲတွေ၊ ကောင်းကျိုးတွေ၊ သတိထားစရာလေးတွေကို ကျွန်တော်ဥာဏ်မီသလောက် စဉ်းစားတွေးခေါ်ကြည့်ပြီး သာသနာတော်အတွက်ရော တိုင်းပြည်အတွက်ရော အပြုသဘော-ကောင်းကျိုးများ ဖြစ်ပေါ်လာဖို့ရန် ရည်ရွယ်ပြီး ဒီဝေဖန် အကြံပြုစာလေးရေးလိုက်ပါတယ်ခင်ဗျာ။ အကြံပြုခြင်းများတွင် အများသူငါအပေါ် ဆရာလုပ်သည်ဟုထင်စရာ အသုံးအနှုန်းများပါဝင်ပါက ခွင့်လွှတ်ပါရန် မေတ္တာဖြင့် ကြိုတင်တောင်းပန်ကြားပါရစေခင်မျာ- 

သာမန်စဉ်းစားရင်တော့ ဒီအစီအစဉ်လေးကို အကောင်အထည် ဖော်နိုင်ပါက တချို့လူများ ပညာတတ်ရေး အတွက် ရဟန်းဘ၀ကို အသုံးချနိုင်တယ်လို့ မြင်စရာ ရှိပါတယ်။
ဒါပေမယ့် ဒီလို ပြုလုပ်မှုများရှိခဲ့ရင်တောင် ကိုဝိရဲ့အကြံပြုချက်ကို လုပ်ဆောင်ဖို့သင့်တော်တယ်လို့ ထင်မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူများ ပညာတတ်ရေးဟာ ဘုန်းကြီးကျောင်းတွေ အကူအညီတွေကို အတန်းကျောင်းပညာသင်ဖို့ အားကိုးနေရဆဲ ဖြစ်ပါတယ်။ တချို့ ငွေကြေးချို့တဲ့သော ရန်ကုန်မြို့မှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားများမှာ ယခုအချိန်ထိ ဘုန်းကြီးကျောင်းမှ တာဝန်ယူကာ တက္ကသိုလ်ဝင်တန်း ကျွမ်းကျင် ဆရာ-ဆရာမများအကူအညီဖြင့် ဖွင့်လှစ်ပေးသော ကုသိုလ်သင်တန်းများကို အားကိုးနေရဆဲဖြစ်ပါတယ်။ တချို့လောကီပညာတတ်ဖို့ အတွက် ရည်ရွယ်ကာ ရဟန်းပြုပါကလည်း လောကီပညာတတ်ဖို့အတွက် ပဋိယတ်စာပေများကိုပါ အပိုဆု အဖြစ် သင်ယူနေကြတယ်ဆိုပြီး ၀မ်းသာစရာဖြစ်ပါတယ်။

အကျိုးကျေးဇူးများ

ပဋိယတ်စာကို သင်ကြားဖို့ အဓိကထား ရဟန်းပြုသူများလည်း သိပ္ပံပညာရပ်များ သင်ကြားခြင်းဖြင့် ကိုဝိ အကြုံပြုသလို သာသနာပြုလုပ်ငန်းမှာ အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။ ခေတ်ပညာတတ်ဖို့အတွက်သာ ရည်ရွယ်လျက် ရဟန်းဖြစ်လာသူဖြစ်ဦးတော့ လူသားတစ်ယောက် အနေဖြင့် မိမိဘ၀ ရပ်တည်ရေး ပညာရေးဆိုင်ရာပံ့ပိုးကူညီမှုများကို ဗုဒ္ဓသာသနာမှ လုပ်ဆောင်ပေးနိုင်ခဲ့မှုအတွက် အလွန်ပဲ ဂုဏ်ယူစရာ ကျေနပ်ဖွယ်ရာဖြစ်ပါတယ်။ 
 
သာသနာပြုလုပ်ငန်းအတွက် အားမသန်ပဲ မိမိကိုယ်တိုင် သိရှိရေး ပဋိယတ် အားသန်သူများ ဗုဒ္ဓစာပေများသင်ကြားမှုအပြင် သိပ္ပံပညာရပ်များကို သင်ကြားမှုမှာ အပိုသဘောအဖြစ် မှတ်ယူရန်ရှိသော်လည်း တခြား နယ်ပယ်များမှာလည်း များစွာအသုံးဝင်နိုင်ပါတယ်။

ဥပမာ - ဗုဒ္ဓသင်ကြားပေးတဲ့ အဘိဓမ္မာမှာ စိတ်-စေတသိက်-ရုပ်-နိဗ္ဗါန် သဘာဝများကို သင်ကြားရင်း ဘုရားဟော ရုပ်သဘာဝ နဲ့ သိပ္ပံပညာရပ်ရဲ့ ရုပ် နဲ့ ပတ်သက်ပြီး  အဆင့်မြင့်ဆုံး ဖော်ထုတ်တွေ့ရှိထားမှု quantum physics စတဲ့ သိပ္ပံပညာရပ်များကိုလည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။ ထိုကဲ့သို့ လေ့လာခြင်းဖြင့် Scientific acceptability of Rebirth Dr Granville Dharmawar လို စာအုပ်မျိုး  တွေ ပိုမိုတင်ပြလာနိုင်မှာဖြစ်ပါတယ်။ ဆရာကြီး ဂိုအင်ကာရဲ့ Vipassana Research Institute လိုမျိုး ပဋိပတ် အားထုတ်သူများနဲ့ ပတ်သက်ပြီး လောကုတ္တရာမှာသာမက မျက်မှောက်ဘ၀ လူမှုဘ၀ ပတ်ဝန်းကျင် အတွက် လက်ငင်းအကျိုးကျေးဇူးများကြောင်း ကို သိပ္ပံနည်းကျ အထောက်အထား အချက်အလက်များနဲ့ အများသိရှိအောင် တင်ပြဖော်ထုတ်လာနိုင်မှာဖြစ်ပါတယ်။

ထို့ပြင် ပဋိပတ်-အားသန်သူများလည်း ဘုရားဟော တရားပိုင်းဆိုင်ရာ ရုပ်သဘာဝ ကို နားလည်သဘောပေါက်မှု နဲ့ ပတ်သက်ပြီးလည်း များစွာ အထောက်အကူ ပြုမည် ထင်ပါသည်။ 

ဥပမာ- ယနေ့ခေတ် သိပ္ပံပညာဟာ ဘုရားဟော ရုပ်(တရစပ်ပျက်စီးပြောင်းလဲနေော ဓါတ်သဘာဝ များသာ - အကောင်အထည်မဟုတ်) သဘာဝ နှင့် အတော့်ကို အနီးစပ်ဆုံး တွေ့ရှိဖော်ပြတင်ပြလာနိုင်ပါတယ်။ ဒြပ်ထု mass အကောင်အထည်ဆိုတာ တကယ်တော့ ပြောင်းလဲနေသော စွမ်းအင်သတ္တိ(ဓါတ်) energy များရဲ့ ကြီးမားသောအစုအဝေးသာဖြစ်တယ် (E=mc2) ဆိုတာမျိုးတွေဟာ သုတမယဥာဏ်-စိန္တာမယဥာဏ်အားဖြင့် ဘုရားဟော ရုပ်သဘာဝ ကို နားလည်ဖို့ အတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။ 

နောက်ဥပမာအနေနဲ့ အိုင်းစတိုင်း ရဲ့ relativity သဘောတရား (နှိုင်းယှဉ်မှုကြောင့် သတ်မှတ်မှုကြောင့်သာ (ပညတ်)လောကီတရားများဟာ တကယ်ရှိနေသယောင် ဖြစ်နေသယောင် ဟုတ်နေသည်ဟုထင်ရခြင်း သဘောတရား) ကို သင်ကြားခြင်းဖြင့် ဗုဒ္ဓ ဘာသာဝင်တွေကိုယ်တိုင် နားလည်မှုလွဲတတ်တဲ့ ပညတ်-ပရမတ် သဘောတရားတွေ အပေါ် မှန်မှန်ကန်ကန်နားလည်ရေး အတိုင်းအတာ တစ်ခုအထိ ကူညီနိုင်မည်ဟု ထင်မိပါသည်။ 

သိပ္ပံပညာရပ် လောကီပညာ များကို  ပဋိယတ် ပဋိပတ်တွင် လုပ်ငန်းမှာ အသုံးချနိုင်ရေး

သိပ္ပံပညာရပ် လောကီပညာ များကို သင်ကြားခြင်းဟာ ပဋိယတ် ပဋိပတ်တွင် လုပ်ငန်းမှာ အသုံးချနိုင်ရေး ရည်ရွယ်ထားနိုင်လျှင်တော့ ပိုမိုကောင်းမွန်ပါသည်။ ကွန်ပျုတာပညာ-စီမံခန့်ခွဲမှုပညာတို့ကတော့ သာသနာပြုလုပ်ငန်းမှာ အလွန်ပဲလိုအပ်လှပါတယ်။

ရုပ်ပိုင်းဆိုင်ရာ လောကီသိပ္ပံပညာရပ်များသင်ကြားရာတွင် သတိထားစရာလေးများ

၂၁ရာစု အခုခေတ် ရုပ်ဝတ္ထုပိုင်းနှင့် ပတ်သက်ပြီးကား အလွန်ပဲ အထူးအဆန်း ဖြစ် ခေတ်မီနေတော့ကား သိပ္ပံပညာရပ်များဆိုင်ရာ ရုပ်သဘာဝများ ကို သင်ယူရင်း သင်ယူသူဟာ လွန်ကဲစွာ အထင်ကြီးတဲ့စိတ်များ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်လည်း ရုပ်ပိုင်းဆိုင်ရာ သိပ္ပံပညာ၏ တိုးတက်မှုအပေါ် လေ့လာရင်း အလွန်အမင်း အထင်ကြီးတဲ့စိတ်များ ဖြစ်ပေါ်ခဲ့ပါတယ်။

တကယ်တော့ ရုပ်ပိုင်း (materiality)ဆိုင်ရာ ထက် စိတ်ပိုင်းဆိုင်ရာ (mentality or morality) က ပိုမိုအရေးကြီးကြောင်း သတိရဖို့ အမြဲလိုအပ်ပါတယ်။ 
 
ရုပ်ပိုင်းဆိုင်ရာလောက သိပ္ပံ ဘယ်လောက်တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ (mentality or morality) မေတ္တာ ကရုဏာ မုဒိတာ  စတာတွေ ကို ထည့်မတွက်ပါက ဘယ်လိုမှ အေးချမ်းသာယာသော လူ့ဘောင်လောက ဖြစ်လာမည်မဟုတ်ကြောင်း ကျွန်တော်တို့ ယုံကြည်ဖို့လိုအပ်ပါတယ်။

-လူတို့ ဆက်သွယ်ရေး-နေထိုင်ရေးအဆင်ပြေစေရန် ထုတ်လုပ်သော စက်ပစ္စည်း-မော်တော်ကား-စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော ဓါတ်ငွေ့များမှပင် လူတို့ အဆင်ပြေပြေ နေထိုင်နိုင်သည့် သဟဇာတ မျှတနေသည့် သဘာဝ သစ်ပင် တောတောင် လေထု စသည်တို့ကို တစတစ ယိုယွင်း အောင် ဖျက်ဆီးပစ်နေလေပြီ။
- အလွန်အစွမ်းထက်သော နူးကလီးးယားစွမ်းအင်ထုတ်လုပ်မှုပညာ မှ ပင် နူးကလီးယားဗုံး အဖြစ် ပြောင်းလဲကာ လူ့အသက်ပေါင်းများစွာကို နုတ်ယူပြီးဖြစ်လေသည်။
- လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သော ဓါတုဗေဒဆေးဝါးများ ထုတ်လုပ်မှုပညာ ကပင် လူသားများကို မူးယစ်ဆေး၏ သားကောင်ဘ၀အဖြစ် ရောက်အောင်ဖန်တီးကာ လူ့အသက်ပေါင်း များစွာကို နုတ်ယူပြီးဖြစ်လေသည်။
- ရောဂါပိုးများကို သေစေသော ဇီဝဓါတုဆေးပညာမှပင် ကူးစက်ရောဂါပိုးများကို ရက်ပိုင်းအတွင်း ပျံ့နှံစေကာ လူပေါင်းများစွာကို ရောဂါကူးစက်သေစေအောင်လုပ်နိုင်သည့် ဇီဝဓါတုလက်နက်များ တီထွင်ထားကြလေသည်။

ရုပ်ပိုင်း (materiality) ဆိုင်ရာ ကြီးကျယ်လာသလောက် စိတ်ပိုင်းဆိုင်ရာ (mentality or morality) မကြီးကျယ်လာပါက အလွန်ကြောက်စရာကောင်းသော အခြေအနေကို ဖန်တီးနိုင်ကြောင်း အထူးသတိပြုသင့်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျင့်မှု (အလောဘ-အဒေါသ-အမောဟစိတ်များဖြစ်ပေါ်မှု) ကို မမေ့ဖို့အထူးလိုအပ်လှပါတယ်။ 

စိတ်ပိုင်းဆိုင်ရာ လောကီသိပ္ပံပညာရပ်များသင်ကြားရာတွင် သတိထားစရာလေးများ

စိတ်ပညာ(psychology) အတွေးအခေါ်ပညာ(philosophy) သင်ကြားမှုနှင့် ပတ်သက်ပြီး အနောက်တိုင်း-အရှေ့တိုင်း လူတွေ အယူအဆ-အတွေးအခေါ်များနဲ့ ပတ်သက်ပြီး ကြိုတင်သိရှိထားခြင်းဖြင့် သာသနာပြုလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မည်ဟုထင်မိပါသည်။ လောကဓါတ်သိပ္ပံပညာ အဆင့်မြင့် ရုပ်ပိုင်း (quantum physics or chemistry) သဘောတရားများမှာ ဘုရားဟောနှင့် အနီးစပ်ဆုံးဖြစ်လာသဖြင့် လောကီကိစ္စများရော ဗုဒ္ဓစာပေသင်ကြားရေးရော နှိုင်းယှဉ်လေ့လာခြင်းမှာ အလွန်အသုံးဝင်ပါတယ် ......

ဒါပေမယ့် spirituality or mentality ပိုင်း နာမ်တရားပိုင်းဆိုင်ရာဖြစ်သည့် စိတ်ပညာ၊ အတွေးအခေါ်တွေကို ကျွန်တော်တို့ သင်ယူရာမှာတေှာ့ တခါတလေ ဘုရားဟော အဘိဓမ္မာသဘောတွေနဲ့ ဆန့်ကျင်တာတွေ ပါလာတဲ့အခါမှာလည်း -ဘုရားဟော အဘိဓမ္မာသဘောကိုသာ အတည်ယူဖို့လိုအပ်ပါသည်... 

ဥပမာ- ဘုရားဟော အဘိဓမ္မာသဘောမှာ စိတ်-စေတသိက် တို့ ၏ သဘာဝမှာ (တစ်ခုခုအနေဖြင့် သွားနေသောသဘောမဟုတ်ဘဲ မြဲသောအနေဖြင့် တောက်လျှောက်ရှိနေသည်မဟုတ်ဘဲ) တရစပ်ပျက်စီးနေမှု အသစ်အသစ်အစားထိုးဖြစ်ပေါ်မှု ဖြစ်စဉ်သဘော process သဘောအနေနဲ့သာ ရှိပါသည်။ တစ်ခုတည်းမှ တောက်လျှောက် သွားနေသော သဘောမဟုတ်ဘဲ တရစပ်ပျက်စီးနေမှု- ပျက်စီးပြီးနောက် ကျေးဇူးပြုခဲ့မှုများ - အထောက်အပံ့ပြုခဲ့မှုများ ဖန်းတီးပေးခဲ့မှုများ potential သတ္တိသဘောများ အဖြစ် နဲ့သာ ရှိသည်ဟု ယူဆသော်လည်း …..
- လောကဓါတ် စိတ်ပညာရှင်များကတော့ စိတ်ကို သိစိတ်-မသိစိတ်စသည်ဖြင့် လူ့သက်တမ်းတစ်ခုကြာ တောက်လျှောက် ရှိနေမည့် မြဲနေသည့် တစ်ခုခု (အတ္တ)အဖြစ် အထိုင်သဘော ရှိသည်ယူဆပြီး တွေးခေါ်စဉ်းစားခြင်းဖြစ်လေရာ ဗုဒ္ဓရဲ့ အဘိဓမ္မာသဘော နှင့် ၀ိရောဓိဖြစ်မှုများရှိပါတယ်။  အဘိဓမ္မာသဘောကိုသာ အနောက်တိုင်း အရှေ့တိုင်း စိတ်ပညာ။ အတွေးအခေါ်များထက် တန်ဖိုးထားယုံကြည်ဖို့ လိုအပ်သည်ဟု ထင်မြင်မိပါသည်။  ကျွန်တော်လည်း အနောက်တိုင်း အရှေ့တိုင်း စိတ်ပညာ အတွေးအခေါ်များ လေ့လာစဉ် “စိတ်ကို တစ်ခုခုအဖြစ် သွားနေသော - လှည့်လည်နေသော အရာလေးများဟုတ်လေမလား”ဟု တရားတော်အပေါ် ဒွိဟ ၀ိစိကိစ္ဆာစိတ်များ ဖြစ်လာခဲ့မိသောကြောင့် ဖြစ်ပါသည်။

အရေးကြီးသောခက်ခဲမှုတစ်ခု

နောက် ကိုဝိ စိတ်ကူးလေးကို အကောင်အထည်ဖော်ဖို့ရန် ကျွန်တော်ထင်မိတဲ့ အခက်အခဲ အတားအဆီးတစ်ခုကတော့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော လောကဓါတ်ပညာရပ်များကို   ရဟန်းများကို နားလည်လွယ်အောင် သင်ပြပေးမည့်ဆရာများ  ရှားပါးမှု ဖြစ်မည်ထင်ပါသည်။ 

လောကဓါတ်ပညာတစ်ခုတည်းကိုပင် အဓိကထားသင်ပေးနေသော အခြေခံပညာကျောင်းများတွင်ပင် အထက်တန်းအဆင့် (အင်္ဂလိပ်-ရူပ-ဓါတု-သင်္ချာ-ဇီဝစသည်ဖြင့်ဘာသာရပ်များ) တွင် ကျောင်းရှိဆရာများထက် ပြင်ပမှ အခကြေးငွေဖြင့် သင်ကြားပေးနေသော ကျွမ်းကျင်(ကျူရှင်) ဆရာများကို အားကိုးနေရသည်ကို ကျွန်တော်တို့ ဖုံးကွယ်နေစရာမလိုဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ရဟန်းများအတွက် အခမဲ့ ကွန်ပျူတာ သင်တန်းများဖွင့်ပေးသလိုမျိုး ဗုဒ္ဓဘာသာကို ထောက်ပံ့ကူညီမည့် လောကီသိပံ္ပပညာရပ်များကို စေတနာဖြင့် သင်ကြားပေးနိုင်မည့် ဆရာများ အထူး လိုအပ်မည် ဟုထင်မြင်မိပါသည်။

ကိုဝိလို စိတ်ကူးမျိုး

ကျွန်တော်လည်း ကိုဝိလိုပဲ စိတ်ကူးအတွေးမျိုး ဖြစ်ခဲ့ပါတယ်- ဒါပေမယ့် လေထဲမှာပဲ ပျောက်ကွယ်ခဲ့ပြီး အခု ကိုဝိအတွက် အကြံပြုစာရေးရင်း ကျွန်တော့်စိတ်ကူးလေးကိုလည်း ကိုဝိကို ပြောပြလိုစိတ်ဖြစ်မိပါတယ်။ ကျွန်တော့်စိတ်ကူးလေးကတော့ -

အခြေခံ လောကီသိပ္ပံပညာများကို အဓိက သင်ကြားနေတဲ့ အခြေခံပညာ အလယ်တန်း-အထက်ကျောင်းများမှာ (မြန်မာဘာသာ နှင် အင်္ဂလိပ်ဘာသာတွင်) ဘယ်ဘာသာဝင်မဆို လိုက်နာကျင့်သုံးသင့်တဲ့ ဓမ္မပဒ - ကာလမသုတ် - - ဂရုဓမ္မ အကြောင်း ငါးပါးသီလစောင့်ထိန်းမှု - ဇာတက ဇာတ်လမ်းလေးများ - မင်္ဂလသုတ် အကျယ် ဖွင့် (ဆရာကြီးဦးသုခ) စတဲ့စာတွေကို မြန်မာစာ ဘာသာရပ် မှာ လည်းကောင်း -
ဆရာတော်ဦးဇောတိက စာအုပ်တွေကို သူတို့အရွယ်နဲ့ သင့်တော်မယ့် vocabulary များဖြင့် အင်္ဂလိပ်လိုဘာသာပြန်လျှက် အင်္ဂလိပ်စာဘာသာရပ်တွင် လည်းကောင်း သင်ကြားပေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့တတွေငယ်စဉ်က  အထက်တန်း အင်္ဂလိပ်စာမှာ ၀ယ်သရင်းဟိုက်လို ကလဲ့စားချေမှုကို ဦးစားပေး ဖော်ပြသည့် အိမ်ထောင်ရေးဇာတ်လမ်းကြီးကိုတောင် သင်ခန်းစာ အဖြစ် သင်ကြားပေးနိုင်သေးရင် ဆရာဦးဆန်းလွင်ရဲ့ ဇာတ်လမ်း ရတနာသုံးပါးစာအုပ်ကိုလည်း သူတို့အရွယ်နဲ့  သင့်တော်မယ့် vocabulary အင်္ဂလိပ်လိုဘာသာပြန်လျှက် (ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ ပညာရှင်များ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ပညာရှင်များ မှ ပူးပေါင်းကာ သင့်တော်သလို တည်းဖြတ်လျှက်) အင်္ဂလိပ်စာအဖြစ် သင်ကြားခြင်းဖြင့် ကျောင်းသားများဟာ အင်္ဂလိပ်စာရော-လူတွေကိုးကွယ်တဲ့ဘာသာတရားများအကြောင်းရော-အတွေးအခေါ်စနစ်များ-ရုပ်ဝါဒဆိုင်ရာစနစ်များအကြောင်းရော - ဘ၀သရုပ်ဖော် အတွက်ရော- အကုန်လုံး အခြေခံအဖြစ် မြန်မာလူငယ်တိုင်း သိနားလည် သဘောပေါက်သွားမယ်လို့ ထင်မိတယ်။ (သို့မဟုတ်) What the Buddha taught by Walpola Rahula လို စာအုပ်မျိုး - Buddhism In Nutshell by Narada Thera လို စာအုပ်မျိုးဆိုလည်း သင့်တော်မယ်လို့ထင်မိပါတယ်။

ဆရာတော်ဦးဇောတိက စာတွေကို ကျောင်းသုံးအဖြစ် ပြဌါန်းနိုင်ပါကလည်း တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့လူမှုဆက်ဆံရေး- မှန်ကန် မျှတသောစိတ်၊ သဘောထားမှန်ကန်မှု - ကိုယ့်စိတ်ကို သတိတရား စောင့်ကြည့်တတ်မှု အရေးကြီးပုံ - ကျိုးကြောင်းချင့်ချိန်စဉ်းစားမှု (စိတ်သဘာဝသဘောတရားများ)- စိတ်ပညာအခြေခံ- တွေးခေါ်မှုအခြေခံ စသည်တို့ကိုပါ လူမျိုးဘာသာမရွေး မြန်မာကျောင်းသားတိုင်း တပါတည်း သင်ကြားပေးပြီးသားဖြစ်လို့ တိုင်းပြည်အတွက်ရော သာသနာအတွက်ပါ အလွန်ကျေးဇူးများမယ်လို့ ထင်မိပါတယ်။ ယနေ့ခေတ် မြန်မာပြည် ၉တန်း - ၁၀ တန်းကျောင်းသားများ ဥာဏ်ရည်ကလည်း လိုက်ပါနိုင် သင်ယူနိုင်မယ်လို့ ယုံကြည်မိပါတယ်။

အဆုံးသတ်

ကျွန်တော်ကတော့ ကိုဝိထက် စိတ်ကူးယဉ်တယ် ပြောမလား မသိဘူး။
ကျွန်တော်လေ တစ်လောကလုံး စိတ်တွေကဖန်ဆင်းနေတာလို့ ဟောထားတဲ့ ဘုရားစကားကို အပြည့်အ၀ယုံကြည်မိတော့ကာ ဘာသာရေး-လူမှုရေး-နိုင်ငံရေး အပါအ၀င် အားလုံးပဲ အဆိုးမှ အကောင်းဆီ (အဓမ္မ မှ ဓမ္မဆီ) ဖန်တီးပြောင်းလဲဖို့ရန် ကျွန်တော်တို့ တစ်ဦးချင်းစီရှိ စိတ်ထားများကို ပြောင်းလဲခြင်းအားဖြင့် ဖန်တီးလုပ်ယူနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ပူလောင်နေသော လောကကြီး မှ အေးချမ်းသာယာသော လောကကြီးအဖြစ်ပြောင်းလဲဖို့ရန် ယောက်ယက်ခတ်ပူလောင်နေသောစိတ်များ၊  မနာလိုမှု - ၀န်တိုမှု - ငြူစူစိတ်များကို စွန့်လွှတ်လျှက် အလောဘ-အဒေါသ-အမောဟစိတ်များ ပြောင်းလဲ ဖြစ်ပေါ်အောင်ကြိုးစားခြင်းဖြင့် (သတိပဋ္ဌာန် ၀ိပဿနာတရားအလုပ်ကို လုပ်ဆောင်ခြင်းဖြင့်)  အေးချမ်းသာယာဝပြောတဲ့ လူ့ဘောင်လောကကြီး တစ်ခု သေချာပေါက် ဖြစ်ပေါ်လာမည်ဟု ယုံကြည်လျက် - 

ဘီးတယ် သီချင်းလေးကို အနည်းငယ်ဖြည့်စွက်လျက် -
You may say that I am a dreamer.
But I'm not the only one.
Everyone is dreamer
but
two types of dreaming.
One kind dreams of welfare of himself only and other kind dreams of that of others including himself.
Anyway, I hope someday you'll join us.
And the world will be united as one and no war
when  the idea of “I, mine, my belief, my prayers, my way of thinking,
my religion, my race, my nation, my ....., my......etcl ” disappear.


အားလုံးပဲကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စိုးဝင်းထွဋ်
Jan 23, 2010

( ယခုဆောင်းပါးရေးဖြစ်ရန် တိုက်တွန်းပေးသော ကိုဝိမုတ္တိအား ကျေးဇူးအထူးတင်လျှက်)
(ကိုဝိ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာ့အကျိုးကိုဆောင်ရွက်နိုင်ပါစေ)


No comments:

Post a Comment