Thursday, June 3, 2010

အကြံပြုစာတမ်း (သို့ ) ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၈)

 သီတဂူစတား (http://www.sitagustar.net) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု

“အကြံပြုစာတမ်း”

ဒကာတော် ၀ိမုတ္တိသုခ
 
ဒကာတော်ရဲ့ဆောင်းပါးကို ဖတ်ကြည့်ပြီးပါပြီ။ ဖတ်ပြီး ဝေဖန် အကြံပြုပေးပါဦးဆိုလို့ မှတ်ချက်ပေးပါတယ်။ အားလုံးကောင်းပါတယ်။ ထောက်ပြသွားတာတွေလည်း မှန်ကန်ပြီး လက်တွေ့ကျပါတယ်။ ဘုန်းဘုန်းရဲ့ အတွေ့အကြုံနှင့် အမြင်သဘောလေးတော့ နဲနဲပြောပါဦးမယ်၊ ဘုန်းဘုန်းက ဗဟုသုတနည်းပါတယ်၊ စာဖတ်လဲနည်းတယ်၊ အမြင်အားဖြင့်လဲ မထက်မြတ်ဘူး။ ထို့ကြောင့် ဒကာတော်၏ တောင်းဆိုမှုအရ စာရေးရတာပါ။ မပြည့်မစုံ သို့မဟုတ် မလိုအပ်ပါက ပယ်သင့်တာပယ်ပြီး ဖြည့်သင့်တာ ဖြည့်စွက်တွေးပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ကြီးပြင်းလာတဲ့ အခြေအနေ မတူညီသလို အတွေးအခေါ် အယူဆနှင့် ခံယူချက်တွေလည်း မတူညီကြပါဘူး။ ဘုန်းဘုန်းရဲ့ ခံယူချက်သည်လည်း အများနှင့် တူမည်ဟူ၍ မယုံကြည်ပါဘူး။

သာသနာတော် ၀င်ရောက်လာသူများ
 
မြတ်ဗုဒ္ဓလက်ထက်တော်ကထဲက မြတ်ဗုဒ္ဓ၏နောက်လိုက် အဖြစ်ဝင်ရောက်လာ သူတွေကတော့ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေရီ၊ သိက္ခမာန်နှင့် ဥပါသကာတွေပဲ ဖြစ်ကြပါတယ်။ ဆိုလိုတာက မြတ်ဗုဒ္ဓ၏ တပည့်သာဝက အဖြစ် ရဟန်းဘောင်နှင့် လူ့ဘောင်ရယ်လို society နှစ်ခုဖြစ်လာပါတယ်။

သာသနာ့ဝန်ထမ်းနှင့် သာသနာတော်ကို ထောက်ပံ့သူရယ်လို့ အဖွဲ့စည်း ၂ရပ်ဖြစ်ပါတယ်။ ဒကာတော်ရဲ့ ပို့စ်နှင့်ပက်သက်ပြီး သာသနာတော်ကို ထောက်ပံ့သူတွေအတွက် ဆွေးနွေးစရာမလိုဘဲ သာသနာ့ဝန်ထမ်းတွေအတွက် ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒကာတော် ပြောသလိုပါပဲ မြတ်ဗုဒ္ဓလက်ထက်တော်ကထဲက သာသနာတော်ကို ၀င်ရောက်လာသူတွေဟာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ဖြစ်ပါတယ်။ မထူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ၀င်ရောက်လာကြတာဖြစ်ပါတယ်။ ယနေ့ မျက်မှောက်ခေတ်မှာလဲ ထိုနည်းတူစွာပဲ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ၀င်ရောက်လာကြတာဖြစ်ပါတယ်။ အရှင် သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒ၊ အရှင်မဟာကဿပ စသော များစွာသော မထေရ်များသည် မင်းမျိုးမင်းနွယ်များ၊ ဇာတ်မြင့်များ၊ ဗြဟ္မဏမျိုးနွယ်များ၊ ကုန်သည် ပွဲစားများ၊ သူဌေးနွယ်များမှ ၀င်ရောက်လာသူများ ဖြစ်ကြသလို ဆင်ရဲနွမ်းပါးတဲ့ ဘ၀မှရောက်လာသူတွေလဲ ရှိကြပါတယ်။ စာထဲမှာတော့ မထေရ်အများစုဟာ မင်းမျိုး သူကြွယ်မျိုးများမှ ၀င်ရောက်လာတွေဖြစ်ကြပါတယ်။ ရာဓပုဏ္ဏားကဲ့သို့သော လယ်သမား ယာသမား သူဆင်းရဲဘ၀မှာ ၀င်ရောက်လာတဲ့ သူတွေလဲများစွာရှိပါတယ်။ ဘ၀အဆင့်အတန်းမတူပေမဲ့ ဘ၀သံသရာ လွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းဖြစ်ပါတယ်။ သို့သော်လည်း ရာဓပုဏ္ဏားကြီးသည် ဆင်းရဲနွမ်းပါး၍ ရဟန်းတော်များ၏ စားကြွင်းစားကျန်များကိုသာ စားရင်း ရဟန်းဘောင်ရောက်ကာ ရည်ရွယ်ချက်မရှိတဲ့ လွတ်မြောက်မှု ရသွားပါတယ်။ ဆိုလိုတာက ရည်ရွယ်ချက် မရှိပေမဲ့ သာသနာ့ဘောင်အတွင်း ရောက်လာတာနဲ့ အသွင်အပြင် ပြောင်းလဲကာ စိတ်နေစိတ်ထားတွေလဲ ပြောင်းလဲလာနိုင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အတွေ့အကြုံကြောင့်သော်၎င်း စာပေကပေးတဲ့ အသိစိတ်ကြောင့်သော်၎င်း ရည်ရွယ်ချက်သည်လည်း မြင့်မားလာနိုင်တာတွေလဲ အများအပြားတွေ့နိုင်ပါတယ်။

သီတဂူစတားဘဝ
 
သီတဂူစတားရဲ့ ဘ၀အကြောင်းလေးနဲ့ ပြောပြပါ့မယ်။ သီတဂူစတားက လေးတန်းကျောင်းသား ဘ၀ကနေပဲ သာသနာ့ဘောင် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဘ၀က တောမှာမွေးတော့ လယ်သမား ယာသမားမိသားစု ဘ၀ဆိုတော့ ဆင်းရဲတယ်လို့ပြောရမှာပေါ့။ အဲဒီခေတ်အခါက ယခုလို ပညာရေးလိုက်စားတဲ့ ခေတ်ကာလ မဟုတ်သေးတော့ လေးတန်းအောင်တာနဲ့ ကျောင်းထွက် အလုပ်လုပ်ကြတာများပါတယ်။ အခုခေတ်မှာတော့ ရဟန်းရော လူဝတ်ကြောင်ရော ဘွဲ့ရ ကျောင်းပြီးတွေ များလာပါတယ်။ ဘွဲ့ရပေမဲ့ ဘွဲ့နှင့်ထိုက်တန်တဲ့ အလုပ်မရကြပါဘူး၊ တောမှာပဲ လယ်လုပ်စားကြခြင်းဖြစ်ပတယ်၊ ဘွဲ့ရ လယ်သမားကြီးတွေနှင့် ဘွဲ့ရ လက်သမားဆရာတွေပေါ့။

သီတဂူစတား လေးတန်းကျောင်းတက်နေချိန်အခါက သူငယ်ချင်းတွေက တစ်ယောက်ပြီးတစ်ယောက် စာသင်ကျောင်းကထွက် ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ် စာသင်ကြတော့ သီတဂူစတားလဲ ကိုရင် (သာမဏေ) ၀တ်ချင်စိတ်ပေါက်လာတယ်။ ကံကောင်းချင်တော့ အဲဒီအချိန်မှာပဲ အမရပူရက အဖေ့၏ အမက အလှူကြီးပေးတော့ မောင်ရှင်လောင်းဝတ်ပြီး သာမဏေ တစ်ခါတည်းဝတ်ဖြစ်ခဲ့ပါတယ်။ သာမဏေဘ၀မှာ အရမ်းကို ပျော်နေပါတယ်။ စာသင်ကျောင်းက ကျောင်းအုပ်ဆရာကြီးရော ဘုန်းဘုန်းရဲ့ မယ်တော်ကြီးရော ကျောင်းရောက်လာကြပါတယ်။ ကိုရင့်ကို လူထွက်ခိုင်းဘို့ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ ဆန္ဒ မအောင်မြင်ကြပါဘူး။ ယနေ့ဆိုရင် သီတဂူစတားဘ၀သည် အထိုက်အလျောက် ရဟန်းတော်များ ရသင့်ရထိုက်တဲ့ အဆင့်အတန်း မဆိုသလောက်သော ဘွဲ့ကလေးများရရှိထားပြီးဖြစ်ပါသည်။ ယခုတဖန် ခေတ်ပညာအနေနဲ့ Diploma in English, B.A (Buddhist Philosophy, M.A (Philosophy) ဘွဲ့တွေလဲ ရပြီးဖြစ်လို့ သိပ်မဆိုးသေးဘူးလို့ ပြော နိုင်ပါတယ်။
 
အဲဒီတော့ သီတဂူစတားသည် ဘာရည်ရွယ်ချက်နဲ့ သာသနာ့ဘောင်ရောက်လာသလဲ ဆိုတဲ့ မေးခွန်းကို အတော် ဖြေရခက်ပါလိမ့်မယ်။ ဘ၀သံသရာ လွတ်မြောက်ဘို့ဆိုတာ အဲဒီအရွယ်မှာ ဘာမှ မသိသေးပါဘူး၊ ဆင်းရဲနွမ်းပါးလို့ ၀တ်တယ်လို့ ပြောရအောင်လဲ တောသဘာဝအလျောက် မဆင်းရဲခဲ့ပါဘူး၊ ဘာရည်ရွယ်ချက်မှ မရှိခဲ့ပေမဲ့ သူငယ်ချင်းတွေ များစွာရှိနေတော့ သာသနာ့ဘောင်မှာ ပျော်နေပါတယ်။ ယခုအချိန်အထိ ဆိုပါတော့။ ရှေးပါရမီကြောင့်ပဲလား မပြောတတ်ပါ။ ရည်ရွယ်ချက်မရှိခဲ့သော သီတဂူစတားတော့ အခုအချိန်မှာ ကိုယ်စွမ်းရာဖြင့် ကိုယ့်သာသနာ ကိုယ့်ပြည်ရွာကို တိုးတက် သာယာစေချင်တဲ့ ဆန္ဒ အပြည့်အ၀ရှိနေပါတယ်။ သီတဂူစတားလိုပဲ များစွာသော ရဟန်းတော်တွေလဲ အဲဒီဆန္ဒမျိုး ရှိကြပါသည်၊ အထိုက်လျောက်လဲ ကိုယ်တပိုင်တနိုင်သော်၎င်း သီတဂူစတားတို့လို အဖွဲ့အစည်းတရပ်အောက်မှာသော်၎င်း အလုပ်လုပ်နေကြပါတယ်။
 
သို့သော်လည်း ဒကာတော် ပြောသလိုပဲ မြန်မာပြည်အနှံ့အပြားမှာတော့ အသက်ကြီးမှ သာသနာ့ဘောင် ၀င်ရောက်လာသူတွေရော၊ ငယ်ငယ်ကထဲက ၀င်ရောက်လာသူတွေရော များစွာတွေ့မြင်နိုင်ပါတယ်။ ဘ၀အမျိုးမျိုး အသွင်အမျိုးမျိုး ရည်ရွယ်ချက်အမျိုးအမျိုးနဲ့ပေါ့။ စာသင်တိုက်ကြီးတွေနှင့် ရိပ်သာကြီးတွေကလွဲ၍ အချို့သော ကျောင်းငယ်လေးတွေမှာ ဟိုလိုလို ဒီလိုလို ယောင်ဝါးဝါးဘ၀နဲ့ ဘ၀ကို ရုန်းကန်နေသူတွေလည်း များစွာတွေ့မြင်နေရပါတယ်။ စာသင်တိုက်ကြီးတွေကပဲ ဖြစ်ဖြစ် စာသင်တိုက်သေးသေးလေးတွေကပဲ ဖြစ်ဖြစ် အခြားကျောင်း ပုံစံကပဲဖြစ်ဖြစ် အကြောင်းအမျိုးအမျိုးကြောင့် သာသနာ့ဘောင်ကနေ စွန့်ခွါသွားသူတွေလည်း များစွာ တွေ့မြင်နေရပါတယ်။

ပြဿနာ
 
ပြဿနာက ဒကာတော်ပြောသလိုပါပဲ သာသနာဘောင်ကို စွန့်ခွါသွားသောအခါ လူဝတ်ကြောင်ဘ၀မှာ ကိုယ်တက်ထားတဲ့ ပညာရပ်တွေက အံခွင်အံကျ မဖြစ်ပဲကိုး။ သာသနာ့ဓဇဓမ္မာစရိယဘွဲ့ ရခဲ့လည်း ရေးတတ်ဖတ်တတ် စာရင်းထဲ ထည့်သွင်းခံရတာပဲ။ ထိုဘွဲ့သည် ရဟန်းဘ၀မှာတော့ အမြင့်စားဘွဲ့ထူးထဲတွင်ပါဝင်သည်။ အဲဒီတော့ ဒကာတော်က ထို လူပျံတော်များအတွက် ရည်ရွယ်၍သော်၎င်း သာသာနာတော်၏ အကျိုးအတွက်သော်၎င်း၊ လူ့ဘောင်လူလောက အဖွဲ့အစည်းကြီး၏အကျိုးအတွက် ၎င်း ရည်ရွယ်သည်ဆိုတာလည်း အလွန်ကောင်းပါသည်။ စာပေထွန်းကားသော နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် စီးပွားရေးဘွဲ့ပညာ မဟုတ်သော ပါဠိစာပေနဲ့ပဲဖြစ်ဖြစ်၊ ဆန်စကရစ်ဘာသာနဲ့ပဲဖြစ်ဖြစ် ဘွဲ့တစ်ခုရရှိပါက ထိုဘွဲ့နှင့်တန်သော အလုပ်ရကို ပေးနိုင်သည်။ ဘွဲ့မရွေး ပုဂ္ဂိုလ်မရွေး သူ့အရည်ချင်းနှင့်တန်သည့် အလုပ်ကတော့ ရမှာ အသေအချာပင်ဖြစ်သည်။ ဒါ့ကြောင့် ဒေလီတက္ကသိုလ်တွင် ဗုဒ္ဓစာပေဌာနမှူးသည် ရဟန်းတော်တပါးဖြစ်ပါသည်၊ လစာ ကောင်းကောင်းပေးထားသည်။ အလုပ်မပေးနိုင်သော နိုင်ငံတွေအတွက်တော့ ဘာဘွဲ့နှင့်ပဲ ကျောင်းပြီးပြီး အလုပ်တစ်ခုရဘို့ ပိုက်ဆံများစွာကုန်ရသည့်အပြင် တခါတရံ ရဖို့ပင်မလွယ်၊ စီးပွားရေးနှင့်ဆက်နွယ်မှုမရှိသော ရဟန်းတော်များရရှိသော ဘွဲ့ကဲ့သို့သော ဗုဒ္ဓစာပေဆိုင်ရာ၊ သမိုင်း၊ ယဉ်ကျေးမှု၊ ဒဿနိကဗေဒစသော ဘွဲ့များကိုတော့ အသက်မွေးဝမ်းကျောင်း အလုပ်အတွက် ထည့်သွင်းစဉ်းစားလိမ့်မည် မဟုတ်။ သို့သော်လည်း စာပေးကိုတန်ဖိုးထားသည့် နိုင်ငံတွေကတော့ မည်သည့်ဘွဲနှင့်လာလာ ဘွဲ့နှင့်ထပ်တူ အလုပ်ကိုတော့ ရမှာမလွဲဧကန်။ ဤကဲ့သို့သော ပြဿနာမျိုးကို ဘယ်သူတွေ ဖြေရှင်းပေးနိုင်သလဲ? ဘယ်လို ဖြေရှင်းကြမလဲ? ဆိုတာ စဉ်းစားဖို့လိုပါသည်။

ပညာရေး
 
အဲဒီတော့ ဒကာတော်၏ ပို့စ်သည် ပညာရေးအပြောင်းအလဲဖြင့် ရည်ရွယ်ချက်တွေ မျှော်လင့်ချက်တွေ ပြောင်းလဲစေပြီး society နှစ်ခုအတွက် အကျိုးများစေမယ်လို့ ဆိုပါတယ်။ ပညာရေးဖြင့် မြှင့်တင်ဘို့ဆိုတာ နိုင်ငံတော်အစိုးရ၏ အကူအညီ များစွာ လိုအပ်ပါသည်၊ လူအများစု စိတ်ဝင်းစား အသိအမှတ်ပြုသည့် ပညာရေးသည် နိုင်ငံတော်က ထိန်းချုပ် စီမံသည့် စာမေးပွဲ ပညာရေးစနစ်ဖြစ်သည့်အားလျော်စွာ အစိုးရ၏အထောက်အပံ့ များစွာလိုအပ်ပါသည်။ ဥပမာ- နိုင်ငံတော်ကကျင်းပသည့် ပထမပြန်နှင့် ဓမ္မာစရိယ ပညာရေးစနစ်ကိုပဲ ကြည့်ပါ။ ပညာရေးအပြောင်းအလဲသည် ထိုပညာရေးကို ချုပ်ကိုင်ထားသော နိုင်ငံတော် အစိုးရမှာ မူတည်ပါသည်။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးသည် ပထမပြန်စာမေးပွဲများတွင် အင်္ဂလိပ်စာနှင့် သချာင်္ဘာသာရပ်များ ထည့်သွင်း သတ်မှတ်ဘို့ တင်သွင်းခဲ့ဘူးသည်။ အကြီးအကျယ် ကန့်ကွက်ခံရဖူးသည်။ သို့သော်လည်း ခေတ်ကာလက တောင်းဆိုလာတော့ ထိုစာမေးပွဲများထဲတွင် ထည့်သွင်း မသတ်မှတ်ခဲ့ပေမဲ့ ယနေ့ခေတ်တော့ ထိုခေတ်ပညာရပ်များကို တွင်တွင်ကျယ်ကျယ်ကြီး လိုက်စားလာသည်ကို တွေ့နိုင်ပါသည်။

၂၀၀၈ ခု မေလက ရန်ကန်မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (နပသ)တွင် ပါဠိပညာတိုးတက်ရေးအတွက် ပညာရေးနှီးနှောဖလှယ်ပွဲတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကိုယ်စား သီတဂူစတား စာတမ်းတစ်ဆောင်တင်သွင်းပြီး ၀င်ရောက် ဆွေးနွေးခဲ့သည်၊ တက္ကသိုလ်ပေါင်းစုံက ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက ဆရာ ဆရာများတက်ရောက်ကြသည်။ အဲဒီပွဲမှာ စာတမ်းရှင်တစ်ယောက်က ပထပြန်စာမေးပွဲများထဲတွင် အင်္ဂလိပ်စာ ထည့်သွင်းဘို့တင်သွင်းခဲ့ပြန်ပါတယ်။ သို့သော်လည်း ညွှန်ချုပ်က ပြောသည်မှာ တပည့်တော်တို့ စာမေးပွဲ ပြဌာန်းစာတွေ ပြင်ဆင် ဖြည့်စွက် ပြောင်းလဲဘို့ဆိုတာ သိပ်မလွယ်ကူပါဘူးဘုရား၊ အချိန်တော်တော် ယူရပါမည်ဘုရားဟူ၍ ပြန်လည်လျှောက်ထားလိုက်သည်မှာ အားရစရပင်။ ယနေ့ခေတ် လူငယ်အများစုကတော့ အပြောင်းအလဲလေး ဖြစ်စေချင်နေကြသည်၊ အထူးသဖြင့် ပညာရေးသည် ရှေးရိုးလမ်းစဉ်ဖြစ်နေသည် ခေတ်မမီတော့ ဟူ၍ ဝေဖန်နေသူတွေလဲ တွေ့ရပါသည်။ တစ်ခုကို ယူရင် တစ်ခုခုတော့ စွန့်လွတ်ရပါလိမ့်မယ်။

ဘယ်အရာကိုယူမလဲ?

 
အားနဲမှု အားသာမှုတွေ ရှိပါတယ်။ နှစ်ခုလုံး တပြိုင်တည်းတိုးတက်ဖို့ဆိုတာ မလွယ်ကူလှပါ။ တစ်ခုကို ဇောင်းပေးလျင် တစ်ခုက အားနဲပြီး မှေးမိန် ပျောက်ကွယ်သွားပါလိမ့်မယ်။ သာသနာတော်ဘက်က ကြည့်လျင် ထိုခေတ်ပညာရေးများထည့်သွင်းလာပါက သာသနာတော်အတွက် အားနည်းမှုများဖြစ်လာပါလိမ့်မည်ဟူ၍ ပါမောက္ခချုပ်ဆရာတော်ကြီးက ပြောဖူးသည်။ ခေတ်ပညာများ ထည့်သွင်းလာပါက စာသင်သားများသည် သူတို့၏ အာရုံ နှလုံးသွင်းမှုကိုလည်း ထိုဘာသာရပ်များအပေါ် နှစ်မြုပ်ရပါလိမ့်မည်။ ဗုဒ္ဓစာပေများသည် သို့မဟုတ် ဘုန်းတော်ကြီးသင် ပညာရေးများသည် ကိုယ်ကျင့်တရား၊ သဒ္ဓါတရားနှင့် အသိပညာများကို တိုးတက်စေဘို့အဓိက ရည်ရွယ်ချက်ဖြစ်သည်။ ထိုခေတ်ပညာရပ်များ ထည့်သွင်းလိုက်ပါက ဗုဒ္ဓစာပေဘက် အာရုံစူးစိုက်မှုနည်းသွားရုံမက spiritual စိတ်ဓာတ်ပိုင်းဆိုင်ရာတွေလဲ ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ- သီရိလင်္ကာပညာရေးကို စဉ်စားကြည့်ကြစို့၊ သီရိလင်္ကာပညာရေးသည် လောကီ လောကုတ် နှစ်မျိုးလုံးရောယှက် သင်ယူကြရသည်။ ဘုန်းတော်ကြီးများသည် ကျောင်းဆရာ၊ တက္ကသိုလ်ဆရာများအပြင် နိုင်ငံတော်၏ ၀န်ကြီးအဆင့်ရာထူးပါ ရနိုင်ပါသည်၊ လူဝတ်လဲသွားသည်ဖြစ်စေ မလဲဘဲ ရဟန်းဘ၀နဲ့ပဲ နေသည်ဖြစ်စေ ရာထူးအပြောင်းအလဲမရှိပါ။ အကျိုးရလာဒ်က မြန်မာနိုင်ငံမှာကဲ့သို့ တိပိဋက အာဂုံဆောင်နှင့် ပါဠိတော် အဋ္ဌကထာ ဋီကာတွေကို သင်ယူရာ၌ နှံ့စပ်မှု နဲသွားသည်။ သို့သော် ခေတ်ပညာတက်သောကြောင့် သီရိလင်္ကာဆရာတော် စာရေးဆရာများသည် ကမ္ဘာ့မျက်နှာပြင်မှာတော့ ပိုပေါ်လွင်နေသည်ဟု ဆိုနိုင်ပါသည်။

အရှိအရှိအတိုင်း

 
ရဟန်းတော်များသည် သာသနာဘောင်၌ ပျော်လို့ပဲ နေနေ၊ မဖြစ်သာလို့ အောင့်အီးပြီးပဲ နေနေ၊ သာသနာအတွက် အနဲဆုံးအထောက်အကူတစ်ခုတော့ ရပါလိမ့်မည်။ အများဆုံးသော ရဟန်းတော်များသည် ပုထုဇဉ်များဖြစ်ကြသဖြင့် ၀ိသဘာဂ အာရုံတွေကြောင့် စိတ်အပြောင်းအလဲဖြစ်တာ မဆန်းပါ။ အသက်အရွယ် ကိုယ့်ရဲ့ပတ်ဝန်းကျင် နှင့် ဂုဏ်ဒြပ်တွေက ကိုယ့်ကိုယ်ကို ပြန်ထိန်းသိမ်းသွားနိုင်ပါတယ်။

ယနေ့ခေတ်တွင် ရဟန်းတော်အများစုသည် ခေတ်ပညာအချို့တက်ကျွမ်းနေကြပါပြီ၊ နိုင်ငံတကာတက္ကသိုလ်ကြီး ၂ ခုနှင့် သာသနာ့တက္ကသိုလ်ကြီး ၂ ခုမှ ခေတ်ပညာတတ် ရဟန်းတော်များ မွေးထုတ်ပေးနေပါပြီ။ ဒါ့ပြင် ပြည်ပ ပညာတော်သင် ရဟန်းတော်များသည်လည်း ၁၀၀၀ (တစ်ထောင်)ကျော် ရှိနေပါပြီ။ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အင်တာနက် စသည် မရှိမဖြစ် တတ်ကျွမ်းရမည့် ပညာရပ်တွေလည်း တတ်မြောက်နေကြပါပြီ။ ကိုယ့်ဝါသနာ၊ ကိုယ့်ပါရမီအလျောက် ကိုယ့်ရည်ရွယ်ချက်အတိုင်း လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။ နိုင်ငံတကာ အစည်အဝေးကြီးများလဲ ရဟန်းတော်များ ဦးစီးပြီး မြန်မာနိုင်ငံတွင် ၃ ကြိမ် ကျင်းပပြုလုပ်ပြီးဖြစ်ပါတယ်။ ထေရ၀ါဒရဟန်းတော်များတွင် မြန်မာရဟန်းတော်များက ဦးဆောင်နေကြခြင်းဖြစ်ပါတယ်။ အစိုးရ ပထမပြန်စာမေးပွဲတွင် ခေတ်ပညာများ မပြဌာန်းပေမဲ့ ၀ါသနာ၊ ဆန္ဒရှိတဲ့ သူများက လွတ်လွတ်လပ်လပ် ခေတ်ပညာများ သင်ယူခွင့်ရှိနေပါပြီ။ အကယ်၍ ထိုပညာရပ်များကို အစားထိုးပြီး ပထမပြန်တန်းတွေမှာ ပြဌာန်းပြီဆိုကြပါစို့၊ ထိုပညာဖြင့်အောင်မြင်ပြီးသော ရဟန်းတစ်ပါး လူဝတ်ကြောင်ဘ၀ ရောက်သွားသည့်အခါ သူ့အတွက် အလုပ်တစ်ခု ဘယ်သူက ဖန်တီးပေးမလဲ? ဘယ်သူက အသိမှတ်ပြုပေးမလဲ? မြန်မာနိုင်ငံအခြေအနေသည် အခြား ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ သီရိလင်္ကာနိုင်ငံတို့နှင့် မတူညီပါ။ ရဟန်းဘ၀က ဘာဘွဲ့ပဲရရ လူဝတ်ကြောင်ရောက်က ရေးတတ်ဖတ်တတ်အဆင့်သာ စာရင်းသွင်းသည်။ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများတွင် ရဟန်းတော် တစ်ပါး လူဝတ်လဲသွားပါက သူ ရခဲ့သော ဘွဲ့များဖြင့် အစိုးရအလုပ်တွေမှာပဲ ဖြစ်ဖြစ် အခြားပုဂ္ဂလိက အလုပ်တွေမှာပဲပဲ ဖြစ်ဖြစ် အလုပ်တွေက အဆင်သင့်ရှိနေသည်။ အဲဒီလိုဖြစ်ပြန်ရင်လဲ စီးပွားရေးနယ်ပယ်က ကောင်းပေမဲ့ သာသနာတော်အတွက် အနှုတ်လက္ခဏာပြနေသည်။ အိန္ဒိယမှာ ကျောင်းတက်နေသော ထိုင်းရဟန်းတော် ၈၅ ရာခိုင်နှုန်းသည် ကျောင်းပြီးသောအခါ လူဝတ်လဲ အလုပ်လုပ် အိမ်ထောင်ပြုကြဘို့ပဲ ဦးတည်နေသည်။
 
အဲဒီတော့ ရှေးဟောင်းနည်းလမ်းကိုလည်း မပယ်ဘဲ လမ်းသစ်တစ်ခုထွင်ပြီး ကိုယ်ဝါသနာပါရာ၊ ကိုယ်စွမ်းရာ ကိုယ်တတ်ရာ ပညာများကို ကိုယ်ပါရမီရှိသလောက် လွတ်လပ်စွာ သင်ယူစေတာ အကောင်းဆုံးဖြစ်သည်ဟုလဲ တွေးမိပြန်ပါသည်။ လမ်းဟောင်းပေါ် လမ်သစ်ဆင့်နည်းကို ကျင့်သုံးဖို့ပဲဖြစ်ပါသည်။ သာသနာတော်အတွက် သို့မဟုတ် ဘာသာရေး ရှုထောင့်ကို ဦးစားပေးမလား? စီးပွားရေး နှင့် လူမှုရေး ရှုထောင့်ကို ဦးစားပေးမလား?

သီတဂူုစတား၏ ဝေဖန် အကြံပြုချက်များသည် တိုက်ဆိုင်မှု မရှိခဲ့သော် ပယ်သင့်တာ ပယ်၊ ဖြည့်သင့်တာဖြည့်ပြီး နားလည်ပေးစေလိုပါသည်။

ရွင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၂-၆-၂၀၁၀

* ပြန်လည်ဝေဖန်ဆွေးနွေးမှု ၃
 *ပြန်လည်ဝေဖန်ဆွေးနွေးမှု ၎

No comments:

Post a Comment