Sunday, May 30, 2010

ကမ်းစပ်သို့ ...အတွေး တောင်ပံခတ်သံ (သို့ ) ညီလေးဖိုးသားအတွက် မွေးနေ့ လက်ဆောင်

ကိုပြည့်စုံအောင် (ဖိုးသား) (www.apymt.com) အတွက်
ငွေရတုမွေးနေ့ အမှတ်တရ

ညီရေ...

ဒီတစ်ခေါက် ညီ့မွေးနေ့ ကိုတော့ ဒီရက်ပိုင်းတွေအတွင်း အစ်ကို ဖတ်ဖြစ်ခဲ့တဲ့ စာတွေထဲက အစ်ကို့ အတွက် Food For Thoughts ဖြစ်စေခဲ့တဲ့ အကြောင်းအရာအချို့ ကို ညီ့အတွက် ငွေရတုမွေးနေ့ လက်ဆောင်အဖြစ် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

(၁)

“သင်တို့ ဟာ အသိပညာရရှိရေး၊ အမှန်တရားကို သိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ်စင်ကြယ်တိုးတက်ရေးအတွက် အားမထုတ်ကြဘဲ တစ်နေ့ ပြီး တစ်နေ့  ပစ္စည်းဥစ္စာတိုးတက်ရေး၊ ဂုဏ်သိက္ခာမြင့်မားရေး၊ ထင်ပေါ်ကျော်ဇောရေးအတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော....”

ဆော့ခရတ္တိက သူ့ ကို သေဒဏ်ပေးဖို့ အပြစ်ရှာကြတဲ့ ဂျူရီလူကြီးတွေကို ပြောခဲ့ဖူးတဲ့စကားပါ။

အစ်ကို ကတော့ ဆော့ခရတ္တိစကားဟာ ဂျူရီလူကြီးတွေကို ရည်ရွယ်ပြောလိုက်ပေမယ့်လို့  အစ်ကို အပါအ၀င် လူတော်တော်များများကို ရည်ရွယ်ပြောလိုက်သလားလို့ တောင် ထင်မိပါတယ်။ ဘာလို့ လဲဆိုတော့ အစ်ကိုတို့ နေ့ စဉ်နှင့်အမျှ ဘ၀ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတာမှာ ဆော့ခရတ္တိ အပြစ်ပြပြောခဲ့တဲ့ အချက်တွေနှင့်လွတ်တဲ့နေ့ များ ရှိမှရှိရဲ့ လားလို့  ကိုယ့်ကိုယ်ကို မလုံမလဲတွေးမိလို့ ပါ ညီရေ။

(၂)

ခုနက ဆော့ခရတ္တိပြောခဲ့တဲ့ ပစ္စည်းဥစ္စာတွေ၊ ထင်ပေါ်ကျော်ကြားမှုတွေ၊ ဂုဏ်သိက္ခာတွေ က လူတစ်ယောက်ရဲ့ တန်ဖိုးကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးတဲ့ အထောက်အကူတွေဖြစ်နေလေတော့ ဒါတွေမရှိရင် ဘ၀ရဲ့ တန်ဖိုးကို ဘာနဲ့ တိုင်းတာမလဲလို့  ဆက်ပြီး တွေးမိတယ်။ ဘုန်းဘုန်း ရဝေနွယ်ရဲ့ ဆောင်းပါးတစ်ခုမှာတော့

လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။
 
ဒါတွေနဲ့ တိုင်းတာလို့  မရပါဘူး။ လူတစ်ယောက်ရဲ့  တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနဲ့ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့ ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

လို့  ဆိုထားတာ တွေ့ တယ်။ ဒါကို ဖတ်မိပြန်တော့ ခုနက ဆော့ခရတ္တိစကားကြောင့် လိပ်ပြာမလုံရတဲ့အထဲ ကိုယ့်ဖာသာ ငါ တကယ်ကော တန်ဖိုးရှိရဲ့ လားဆိုတဲ့မေးခွန်းကို ထပ်မေးရပြန်ရော ညီရေ။

(၃)


အနှစ်တစ်ရာနေမှ ပင်လယ်သမုဒ္ဒရာရေပြင်ပေါ်ကို တစ်ကြိမ်လောက်ပေါ်တဲ့ လိပ်ကန်းကြီးနဲ့  အဲဒီသမုဒ္ဒရာထဲမှာပဲ မျောနေတဲ့ အပေါက်တစ်ခုတည်းပါတဲ့ ထမ်းပိုးတုံးတစ်ခုတို့  လိပ်ရဲ့ ခေါင်းနှင့် ထမ်းပိုးရဲ့ အပေါက်တို့ စွပ်မိဖို့ လွယ်ချင်လွယ်ဦးမယ်။ အပါယ်ဆိုတဲ့ မကောင်းတဲ့ဘုံဘ၀မျိုးကို တစ်ကြိမ်ရောက်သွားတဲ့သူဟာ ကောင်းမြတ်တဲ့ လူ့ ဘ၀မျိုးကို ပြန်ဖြစ်နိုင်ဖို့ ကတော့ မလွယ်တော့ဘူးတဲ့။ လိပ်ကန်းထမ်းပိုးစွပ်နိုင်ခွင့်ထက် အဆ အရာ၊ အထောင်မက ခဲယဉ်းတယ်တဲ့။

ဒီစကားစုကို အစ်ကိုတို့ တစ်တွေဟာ ခဏခဏကြားလည်း ကြားနေရသလို၊ ကိုယ်တိုင်လည်း သူများတွေကို ပြောပြဖြစ်ကြပါတယ်။ ဒီလိုကြားရတိုင်း၊ ပြောဖြစ်တိုင်းမှာလည်း လူဖြစ်ရခြင်းအတွက် မိမိကိုယ်မိမိ သိသိသာသာရော၊ မသိမသာပါ စိတ်ထဲက ဂုဏ်ယူနေမိတတ်ပါတယ်။

လူအဖြစ် လူ့ ဘ၀ကို ရလာတယ်၊ ရောက်လာတယ်ပဲ ထားပါဦး၊ အဲဒီလူဟာ အယူလွဲ၊ အမှတ်လွဲဖြစ်နေတဲ့သူဖြစ်နေရင်...
အဲဒီလူဟာ ကံနဲ့ ကံရဲ့ အကျိုးဆက်ကို မယုံကြည်တဲ့သူဖြစ်နေရင်...
ရုပ်သည်သာ အမှန်အရှိတရား၊ ကျန်တာတွေ မရှိတရား၊ မဟုတ်တရားတွေလို့  ယုံနေတဲ့ ရုပ်ဝါဒီဖြစ်နေရင်....
မှန်တယ် မှားတယ်လို့  မဆုံးဖြတ်နိုင်တဲ့ သံသယ၀ါဒီ ဖြစ်နေရင်....
သေတော့လည်း အားလုံး ပြီးဆုံးပြတ်စဲသွားတာပါပဲလို့  ယုံကြည်နေသူ ဖြစ်နေရင်....
လူဟာ ဘ၀အကြောင်း နားလည်ဖို့ မဟုတ်၊ ဘ၀ရဲ့ သုခ ဒုက္ခကို ခံစားတွေ့ ကြုံဖို့  ဖြစ်လာတာလို့  ခံယူသူဖြစ်နေရင်....
လူဖြစ်ရကျိုး နပ်ပါ့မလား....

ဒီလိုမျိုး ဆက်စဉ်းစားကြည့်မိတဲ့ အခိုက်မှာတော့ လူဖြစ်ရခြင်းအပေါ် ဂုဏ်ယူနေမိတဲ့စိတ်နေရာမှာ လူအဖြစ်နဲ့ ဘယ်လိုအသက်ရှင်နေမှ ကောင်းတဲ့အသက်ရှင်နေခြင်းလဲ... ဆိုတဲ့ အတွေးက နေရာယူပြီး စိတ်ပင်ပန်းမှုနှင့်အတူ သက်ပြင်းမောကြီး ချဖြစ်လိုက်တယ် ညီရေ။


(၄)


ဘုန်းဘုန်း ဓမ္မဂင်္ဂါရဲ့  အတွင်းသားကို တူးဖြိုမိခြင်း ဆိုတဲ့ ပို့ စ်ကို ညီ ဖတ်ဖြစ်ခဲ့လိမ့်မယ်ထင်ပါတယ်။ အဇာတသတ်မင်းအကြောင်းရေးထားတာ။ အဲဒီပို့ စ်ကို အစ်ကို ဖတ်ပြီး သိပ်မကြာခင်ပဲ ဘုန်းဘုန်းရဝေနွယ်ရဲ့  ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အဲဒီထဲမှာ ပုဂ္ဂိုလ်သုံးမျိုး ရှိတယ်တဲ့။
၁။ ပါရမီ မပါခဲ့တဲ့သူရယ်။
၂။ ပါရမီ ပါခဲ့တဲ့သူရယ်။
၃။ ပစ္ဆိမဘ၀ိကပုဂ္ဂိုလ်ရယ်။

ပစ္ဆိမဘ၀ိကပုဂ္ဂိုလ် ဆိုတာက ဒီဘ၀ ဧကန်မုချ ရဟန္တာဖြစ်ရမယ့်သူပါ။ အဲဒီပုဂ္ဂိုလ်တစ်ယောက်ပဲ စိတ်ချရပါတယ်တဲ့။
အဇာတသတ်မင်းဟာ တရားထူးရဖို့ အတွက်တော့ ပါရမီပါခဲ့ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို မိမိ မတည်ဆောက်နိုင်တဲ့အတွက် တရားထူးနဲ့ ဝေးသွားရပါတယ်။
ပသေနဒီကောသလမင်းကြီးတို့ ၊ ဝေရဉ္ဖပုဏ္ဏားတို့ ကျတော့ မြတ်စွာဘုရားနဲ့ အကြာကြီး တွေ့ ရပေမယ့် ပါရမီမပါခဲ့လို့  တရားထူး မရကြတာပါ။

ဒါတွေကိုထောက်ပြီး မိမိကိုယ်ကိုမိမိ တည်ဆောက်ခြင်းဟာ လူတစ်ယောက်ရဲ့ ဘ၀မှာ သိပ်ပြီးအရေးကြီးပါတယ်။
သပြေကန်ဆရာတော်ဘုရားက မင်္ဂလာ (၃၈)ပါးမှာ အတ္တသမ္မာပဏိဓိ = မိမိကိုယ်ကို မိမိတည်ဆောက်ခြင်း မင်္ဂလာဟာ အရေးအကြီးဆုံးပါတဲ့။ မိမိကိုယ်ကို မိမိတည်ဆောက်လိုက်တာနဲ့ ကျန်တဲ့ မင်္ဂလာ (၃၇)ပါးလည်း ပြည့်စုံသွားတော့တာပါဘဲတဲ့။
(ဘုန်းဘုန်း ဓမ္မဂင်္ဂါစကားနဲ့ ဆိုရင်တော့ အတွင်းသားကို မတူးဖြိုမိဖို့  သိပ်အရေးကြီးပါတယ်လို့ ပြောရမှာပေါ့။)

ဒါလေးဖတ်မိတော့ မိမိကိုယ်ကို မိမိတည်ဆောက်ဖို့ အတွက် တကယ်အရေးကြီးပါလားလို့  ကိုယ့်ကိုယ်ကို သတိပေးရင်း ဒီဘ၀အတွက် စိတ်ချရတဲ့ ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ် ဟုတ် မဟုတ် ဘယ်လို စမ်းလို့ ရနိုင်မလဲ လို့  ပေါက်ကရတော့ တွေးလိုက်မိသေးတယ် ညီရေ။

(၅)

ဘယ်အလုပ်ပဲ လုပ်လုပ်၊ ဆရာဝန်အလုပ်ပဲ လုပ်လုပ်၊ ကျောင်းဆရာအလုပ်ပဲ လုပ်လုပ်၊ ဈေးရောင်းတဲ့အလုပ်ပဲ လုပ်လုပ်၊ ကားမောင်းတဲ့အလုပ်ပဲလုပ်လုပ်၊ အရင်ဆုံး အဲဒီစိတ်ထားနဲ့  အဲဒီစေတနာကပဲ ရှေ့ ကသွားရမှာပဲ။ ဆရာဝန်ဖြစ်ချင်တယ်ဆိုတာ ဆရာဝန်ဆိုတဲ့ ဂုဏ်လောက်ကို လိုချင်ရင်တော့ ဆရာဝန်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။ လူတွေရဲ့ ကျန်းမာရေးအခက်အခဲတွေကို အကူအညီပေးချင်တယ်။ ဖြေရှင်းချင်တယ်ဆိုတဲ့စေတနာ အပြည့်အ၀ပါနေရင် ဆရာဝန်မဖြစ်တောင်မှ တစ်နည်းနည်းနဲ့ တော့ လူတွေရဲ့ ကျန်းမာရေးအခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့လူ ဖြစ်လာမှာပဲ။ ကျန်းမာရေးစာပေရေးတာတို့  ဖြစ်ချင်ဖြစ်မယ်။ နောက်ဆုံး ဆေးဆိုင်ဖွင့်မယ်။ ဈေးချိုချိုနဲ့  ဆေးကောင်းကောင်းလေးတွေ ရောင်းပေးလိုက်မယ်။

ကိုယ့်စေတနာကဘာလဲ။ လူအများ ကျန်းမာရေးအခက်အခဲ အဆင်ပြေဖို့ ။ ဒါပဲ။ ငါဆရာဝန်ဖြစ်ရဖို့ ဆိုတာ  အဓိကမဟုတ်ဘူး။ လူတွေကို ပညာတတ်စေချင်တယ်ဆိုရင် ငါကကျောင်းဆရာမဟုတ်လို့  မလုပ်နိုင်ဘူးလို့  တွေးဖို့ မလိုဘူး။ ကောင်းတဲ့စာအုပ်ကလေးတွေ လူတွေဖတ်ဖြစ်သွားအောင် လူတွေလက်ထဲရောက်သွားအောင် နည်းမျိုးစုံနဲ့ လုပ်လို့ ရတယ်။ နောက်ဆုံးစာအုပ်အငှားဆိုင်လေး ဖွင့်တာကအစ လုပ်လို့ ရတယ်။ ကောင်းတဲ့စာပေတွေငှားမယ်၊ ဈေးနှုန်းချိုချိုသာသာနဲ့ ငှားမယ်၊ လူတွေများများ စာဖတ်ပါစေ။

ကိုယ့်စေတနာသာမှန်ရင် ကိုယ်စေတနာထားတဲ့ အလုပ်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့  အောင်မြင်အောင် လုပ်လို့ ရပါတယ်။ ဒါကြောင့် စေတနာကို အရင်ဆုံး ပီပြင်အောင်လုပ်ဖို့ လိုတယ်။
(ဆရာတော် ဦးဇောတိက)

ဒါလေးဖတ်ဖြစ်တော့ လူတစ်ယောက်ဘ၀မှာ ကိုယ်တကယ်ဖြစ်ချင်တာ ဖြစ်မလာသေးခင် (သို့ ) မဖြစ်တော့ရင်တောင်မှ တစ်နည်းနည်းနဲ့  ကိုယ်ရည်ရွယ်ချက်ထားတဲ့လုပ်ငန်းကို စေတနာမှန်မှန်ထားပြီး တစ်နည်းနည်းနှင့် အောင်မြင်အောင်လုပ်လို့ ရတယ်ဆိုတာကို သတိပြုမိလိုက်ပါတယ်။

အစ်ကိုတို့ ညီတို့  ဘလော့ဂ်ရေးနေတဲ့သူတွေအနေနှင့်လည်း အကိုတို့ ဆီ စာလာဖတ်ကြတဲ့သူတွေအတွက် တကယ်တန်ဖိုးရှိပြီး အနှစ်သာရပြည့်ဝတဲ့ စာတွေ တရားတွေကို ဖြန့် ဖြူးပေးနိုင်ရဲ့ လား၊ ကိုယ့်ဆီစာလာဖတ်နေတဲ့သူတွေအပေါ် စေတနာတကယ်မှန်ရဲ့ လားလို့ လည်း ပြန်စမ်းစစ်မိပါတယ် ညီရေ။

ကဲ...ညီရေ...။ ဒီလောက်နဲ့ ဘဲ အကို့ ရဲ့ မွေးနေ့ လက်ဆောင် တွေးစရာလေးတွေ ကို ကျေနပ်ပေးပါနော်။
ညီငယ်တစ်ယောက် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး၊ လောကအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ငွေရတု မွေးနေ့ အတွက် အမှတ်တရ ဒီစာစုနဲ့ အတူ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

ဖတ်ဖြစ်ခဲ့သော စာအုပ်များ
၁။ ဘာကို တန်ဖိုးထားရမလဲ (ဆရာတော်ဦးဇောတိက)
၂။ စိတ်ညစ်ရင်ရေချိုးပါ (ဆရာတော် ရဝေနွယ်-အင်းမ)
၃။ သမုဒ်ပင်လယ်ပြာ နှိုင်းပမာ (ဆရာ နန္ဒာသိန်းဇံ)

ဖတ်ဖြစ်ခဲ့သော ဘလော့ဂ်စာမျက်နှာ
အတွင်းသားကို တူးဖြိုမိခြင်း (ဓမ္မဂင်္ဂါ)
 

No comments:

Post a Comment