Thursday, May 13, 2010

ကျွန်တော့်အတွက် အမေ ဘာများထားခဲ့ပါလိမ့် (အပိုင်း ၃)


ကျွန်တော်နှင့် သေခြင်းအပေါ် အရပ်ဓလေ့များ

(၁)

ကျွန်တော်တို့ မောင်နှမတွေအားလုံး နာရေးကိစ္စမှာ အတွေ့ အကြုံလုံးဝမရှိကြတော့ ရပ်မိရပ်ဖတွေကဘဲ အမေ့ကိစ္စမှာ ၀ိုင်းကူပြီး အကုန်စီစဉ်ပေးခဲ့ကြတယ်။ သူတို့ တွေစီစဉ်ပေးမှုကြောင့် ကိစ္စအားလုံးနီးပါး အဆင်ပြေချောမွေ့ မှုတွေရှိခဲ့ပေမယ့်လို့  မထင်မှတ်တဲ့ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေလည်း ဖြစ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော် သူတို့ အားလုံးကို အခုအချိန်အထိ ကျေးဇူးတင်နေတုန်းပါဘဲ။ သာရေးကိစ္စမှာ ကူညီတာထက် နာရေးမှာ အားတက်သရော ၀ိုင်းကူပေးကြတဲ့ ကျေးဇူးက တစ်သက်မေ့စရာ မဟုတ်တဲ့ ကျေးဇူးတရားတွေပါဘဲ။

အမေ့ကို ဆေးရုံကနေ ပြန်သယ်လာပြီး အိမ်ရောက်ရောက်ချင်းဘဲ အိမ်နားကလူတွေ အမေဆုံးပြီဆိုတာ သိသွားကြတာနဲ့ အသီးသီးရောက်လာပြီး ကူညီကြတော့တာပါ။ ရေချိုးပေးတဲ့သူက ချိုးပေး၊ အ၀တ်အစားပြင်ပေးတဲ့သူကပြင်ပေး၊ စသည်ဖြင့်ပေါ့။

ကျွန်တော် သတိထားမိတာကတော့ အမေ့ကို ပြင်ထားတဲ့ကုတင်ပါဘဲ။ မေးကြည့်တော့ ဘုန်းကြီးကျောင်းက သွားသယ်လာတာလို့ ပြောတယ်။ ကျွန်တော်တို့ အိမ်မှာ တစ်ယောက်အိပ်ကုတင်အပိုတွေ နှစ်လုံး၊ သုံးလုံး ရှိနေတာကို ဘာလို့ ထုတ်မသုံးတာပါလိမ့်လို့  ကျွန်တော်တွေးမိပါတယ်။ “ဒါ အရပ်ဓလေ့လေ” လို့  အနားက တစ်ယောက်က ဆိုလာတော့ “သြော်။ ကိုယ်ကမှ နားမလည်တာ၊ နားလည်တဲ့သူတွေ စီစဉ်ထားကြတာ အပြစ်မတင်ကောင်းပါဘူးလေ” လို့  ငြိမ်နေလိုက်ရပါတယ်။

အမေ့ပါးစပ်ထဲလည်း မတ်စေ့ ထည့်ပေးထားတယ်လို့  သိရတယ်။ အင်း....အမေတော့ ဒုက္ခဘဲ။ ဒီမတ်စေ့ ပါးစပ်ထဲမှာ ခိုးလိုးခုလုတော့ ဖြစ်နေတော့မယ်လို့  ပေါက်ကရ က တွေးမိလိုက်သေး။ ဘာပဲဖြစ်ဖြစ် ဒီမတ်စေ့ကို ခဲရာခဲစစ် ရှာဖွေပြီး ထည့်ပေးထားတဲ့သူကိုတော့ ချီးမွှမ်းခန်းဖွင့်ရမှာပဲ။

(၂)

ညသန်းခေါင် အတော်လေးကျော်လာတော့ အိမ်ကလူတွေက ကျွန်တော့်ကို သွားအိပ်ခိုင်းပါတယ်။ မနက်ဖြန်မနက် ကျောင်းသွားပြီး စာမေးပွဲဖြေရအုံးမယ်ဆိုတော့။ နားသင့်ပြီပေါ့။ ကျွန်တော့်မှာ စာမေးပွဲကိစ္စက ခေါင်းထဲမှာ ပျောက်နေပါပြီ။ ကြည့်ထားတဲ့စာတွေတောင် ဘယ်ဆီရောက်ကုန်ပြီမှန်းမသိတော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ဖြေတာတော့ သွားဖြေရမယ်ဆိုတော့ အခုအချိန်က နားသင့်တာအမှန်ပါဘဲ။ ကျွန်တော့်ကို အဖော်လိုက်ပေးတဲ့ သူငယ်ချင်းလည်း သူလည်း နားချင်ရှာမယ်ဆိုတော့ သူ့ အတွက် အိပ်ယာနေရာ စီစဉ်ပေးပြီး ကျွန်တော်လည်း အိပ်ခန်းထဲဝင်ခဲ့လိုက်ပါတယ်။

တကယ်ကတော့ အိပ်လို့ မပျော်၊ နားလို့ လည်း မရပါဘူး။ ခေါင်းထဲမှာ ဖြစ်စဉ်တစ်ခုလုံး အစကနေအဆုံး ပြန်သုံးသပ်ဆင်ခြင်နေမိပါတယ်။ ဘာတွေ ဘယ်လို ဖြစ်ပြီး ဘယ်လိုကနေ ဘယ်လို အမေက အကောင်းကြီးကနေ ဗြုံးစားကြီး ရောဂါဖောက်ပြီး ဆုံးသွားတာပါလိမ့်။ ဖြစ်နိုင်ချေကတော့ ဒီရောဂါက အမေ့ကိုယ်ထဲမှာ တဖြည်းဖြည်း ဖြစ်နေတာနေမှာပါ။ အမေလည်း သတိမထားမိ၊ ကျန်တဲ့သူတွေလည်း မသိဖြစ်ပြီး နောက်ဆုံး ရောဂါသည်းချိန်ကျမှ အားလုံး သိလိုက်ရတာမျိုးဖြစ်မယ်လို့  ယူဆမိတာပါဘဲ။

နောက် အမေ့ရဲ့ ဈာပနကိစ္စအားလုံး ချောချောမွေ့ မွေ့ ဖြစ်ဖို့ အတွက်လည်း လောလောဆယ် အိမ်မှာရှိနေတဲ့ သားတစ်ယောက်အနေနှင့် လုပ်ရမယ့် ၀တ္တရားတွေအတွက်လည်း ကြိုတင်ပြင်ဆင် စဉ်းစားရင်းနှင့် မိုးသာလင်းသွားပါတယ်။ တစ်ရေးမှ မအိပ်လိုက်ရပါဘူး။ ဒါနဲ့ ဘဲ မျက်နှာသစ်၊ သွားတိုက် အ၀တ်အစားလဲပြီး ကျောင်းသွားစာမေးပွဲဖြေဖို့ အတွက် ပြင်ရပါတော့တယ်။

(၃)

ကျောင်းကနေ စာမေးပွဲဖြေပြီးတာနှင့် အိမ်ကို ချက်ချင်းတန်းပြန်ပါတယ်။ အိမ်ရောက်တာနှင့် လူကြီးတွေ မောင်နှမတွေနှင့်တိုင်ပင်ပြီး ဈာပနကိစ္စလိုအပ်မယ့်ဟာတွေအားလုံးကို စီစဉ်ကြပါတယ်။

အမေ့ကို ဂူသွင်းမှာဆိုတော့ အုတ်ဂူဆောက်ဖို့ ကိစ္စ၊ သုဿန်မှာ မြေနေရာဝယ်ဖို့ ကိစ္စတွေ၊ အမေ့ကိုထည့်ဖို့  Coffin လုပ်ဖို့ ကိစ္စတွေ ဒီကနေ့ အပြီး စီစဉ်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မောင်နှမတွေအားလုံးဘဲ အမေ့ကို သေသွားပြီဘဲ၊ ပြီး ပြီးရော ဆိုတာမျိုး ကျွန်တော်တို့ မလုပ်ချင်ကြပါဘူး။ တတ်နိုင်သလောက် ကျွန်တော်တို့ အတိုင်းအတာနှင့် အကောင်းဆုံး အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ပေးချင်ကြပါတယ်။ ကိုယ့်အမေရဲ့ နောက်ဆုံးခရီးပဲလေ....။ အမေ သိသိ..မသိသိ ကျွန်တော်တို့ တွေကတော့ အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားစီစဉ်ပေးမှာပါဘဲ။

ကျွန်တော်က coffin ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အော်ဒါမှာဖို့ အကြံပြုပါတယ်။ အားလုံးက သဘောတူတဲ့အတွက် ဒီတာဝန်ကို ကျွန်တော်ဘဲယူပြီး ရန်ကုန်က သုဿန်တစ်ခုမှာ coffin သွားဝယ်ပါတယ်။

အဲဒီရောက်တော့ သူတို့ လုပ်ထားပြီးသားတွေနှင့် ဓါတ်ပုံအယ်လ်ဘမ်တွေထဲက ကြိုက်တဲ့ပုံလိုက်ရှာလိုက်တော့ ခရစ်ယာန်တွေ သုံးတတ်ကြတဲ့ ဒီဇိုင်းကို သဘောကျတာနှင့် မှာခဲ့လိုက်ပါတယ်။ အမေက ၀တယ်ဆိုတော့ အပေါ်ပိုင်း ရင်ဘက်နေရာက ကျယ်မှအဆင်ပြေမယ်ဆိုပြီးပေါ့။

နောက် အမေဆုံးတဲ့ နှစ်တွေတုန်းက နာရေးကူညီမှုအသင်းတွေက ခေတ်မစားသေးတော့ ကျွန်တော်တို့ မြို့ မှာဆိုရင် ဈာပနယာဉ်ဆိုတာက ကြုံသလို ဖြစ်သလို စီစဉ်ကြရတာဆိုတော့ ကျွန်တော်လည်း  အဲဒီ coffin ၀ယ်တဲ့ဆီကဘဲ ကားတစ်ခါတည်း ငှားလာခဲ့လိုက်ပါတော့တယ်။

(မပြီးသေးပါ။)

No comments:

Post a Comment