Wednesday, May 12, 2010

ကျွန်တော့်အတွက် အမေ ဘာများထားခဲ့ပါလိမ့် (အပိုင်း ၂)

ငါသည် သေခြင်းသဘောရှိသည်ဖြစ်၏။ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော 
အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့်
အရပ်တစ်ပါးသို့  ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊
ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။
 
အဘိဏှသုတ်

(၄)

အမေဆုံးမယ့်နေ့ မနက်ပိုင်းမှာ ရင်ဘက်က တအားအောင့်လာလို့  ဆရာဝန်ပြကြည့်တော့ ဆရာဝန်က နှလုံးဖြစ်တာလို့ ပြောပြီး ဆေးရုံအမြန်တင်ခိုင်းတာနှင့် ရန်ကုန်က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ သွားပြကြတယ်။ အဲဒီဆေးရုံကလည်း နှလုံးနှင့်ပက်သက်တဲ့ ပစ္စည်းကိရိယာက ရန်ကုန်ဆေးရုံကြီးမှာ အစုံဆုံးမို့  အဲဒီသာ သွားပြဖို့ အကြံထပ်ပေးတာနှင့် နောက်ဆုံးဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို ရောက်သွားခဲ့ကြတယ်။ အဲဒီနောက်တော့ အဲဒီမှာ အမေ့ကို ကြိုးစားကုသနေရင်းနှင့်ဘဲ အမေအသက်ဆုံးပါးသွားခဲ့ရပါတယ်။
 
ဆေးရုံကို လိုက်သွားကြတဲ့ မောင်နှမတွေပြန်ပြောပြလို့  အမေ့ကို ကုသမှုအပိုင်းမှာ လူနာအပေါ် ၀န်ဆောင်မှုလျော့ယွင်းမှုတွေကြောင့် အမေ မသေသင့်ဘဲသေသွားခဲ့ရကြောင်း ကြားသိခဲ့ရပေမယ့်လည်း ဘယ်တတ်နိုင်မလဲလေ။ သေတဲ့သူလည်း သေသွားခဲ့ပြီဘဲ။ အမေကံကုန်မယ့်နေ့ ရောက်လို့  သေသွားခဲ့ရတာဘဲ။ သူများတွေကို အပြစ်တင်နေလို့ လဲ ဘာမှ ပြန်ပြီး ထူးလာမှာမှ မဟုတ်တော့တာဆိုတော့။ အမေရေ..ကံရှိသလောက်ပဲပေါ့။



(၅)

ကျွန်တော် ကားပေါ်ကဆင်းလို့  အိမ်ပေါ်တက်သွားချိန်မှာ အမေ့ Body ကို ကန့် လန့် ကာတွေနှင့်ကာပြီး လူနှစ်ယောက် ဆေးထိုးနေကြတယ်။
 
ကျွန်တော်တို့ မြို့ မှာက ရေခဲတိုက်ကောင်းကောင်းမရှိတော့ ဆေးရုံမှာဆုံးတာမဟုတ်ရင် အားလုံး ကိုယ့်အိမ်မှာဘဲ Body ကို ထားကြပါတယ်။ အခု အမေ့ကို ဆေးထိုးရတာက ကျွန်တော့်အကို တစ်ယောက် ခရီးလွန်နေလို့  သူ့  ပြန်အလာကို စောင့်ဖို့ အတွက်ပါ။ အမေ့ခမျာ သူ့ ရဲ့ နောက်ဆုံးအချိန်မှာ သူအရင်းနှီးဆုံး ယောင်္ကျားသုံးဦးလုံး သူ့ အနားမှာ ရှိမနေခဲ့ရှာပါဘူး။ ခင်ပွန်းကလည်း ခရီးလွန်၊ သားနှစ်ယောက်ကလည်း အဝေးရောက်။ အဖေကတော့ ဘယ်လိုမှ အချိန်မှီ ပြန်လာလို့ မရတော့လို့  မစောင့်တော့ဘူး။ အကိုကတော့ သုံးလေးရက်အတွင်း ပြန်ရောက်နိုင်တယ်ဆိုတော့ သူ့ ကို အမေ့ရဲ့ နောက်ဆုံးခရီးမီဖို့ စောင့်ကြဖို့  မောင်နှမတွေ ဆုံးဖြတ်ပြီး အခုလိုစီစဉ်လိုက်ကြတာပါ။

ကျွန်တော် နှင့် အဖေတို့ ဆန္ဒအတိုင်းသာဆိုရင်တော့ (ဘယ်သူ့ ကိုမှလည်း အခုလို စောင့်စရာမလိုခဲ့ရင်) ၂၄ နာရီအတွင်း သဂြိုလ်ဖို့ စီစဉ်ဖြစ်ကြမှာပါ။ အခုတော့လည်း မတတ်နိုင်ဘူးလေ။ အကိုကလည်း သူ့ ကို စောင့်ပါဆိုတော့။ တစ်ခုတော့လည်း ကောင်းပါတယ်။ ရာသီဥတု တအားပူနေတဲ့အချိန်၊ အမေကလည်း ၀တယ်ဆိုတော့ ဆေးထိုးထားတာ ဘာပဲဖြစ်ဖြစ် ကောင်းတယ်လို့  ကျွန်တော်ထင်ပါတယ်။

ဆေးထိုးတဲ့သူတွေပြီးသွားတော့ အမေ့နားကို ကျွန်တော်သွားကြည့်မိတယ်။ 
သြော်....အမေ တကယ် ဆုံးသွားခဲ့ပြီကိုး......

အမေ မဆုံးခင်အချိန်မှာ နာကျင်မှုကို တော်တော်လေးခံစားသွားခဲ့ရပုံပေါ်တယ်။ မျက်နှာက ပင်ပန်းနွမ်းနယ်မှုအရိပ်တွေ ထင်ကျန်နေခဲ့တယ်။ နောက်ဆုံးအချိန်မှာ ဆေးထိုးထားလို့  အိပ်ပျော်သွားရင်းက တခါတည်း အသက်ပါသွားတယ်လို့ ပြောတယ်။

အမေတစ်ယောက် တစ်ဘ၀ စခန်းသိမ်းသွားခဲ့ပြီပေါ့။

(မပြီးသေးပါ။)

No comments:

Post a Comment