Wednesday, March 10, 2010

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၅)

သစ်လျက် ဟောင်းလျက် ဖြစ်ပျက်နေ

တရားသဘောကိုက အဟောင်း ပျောက်တော့ အသစ်ပေါ်၊ ပေါ်တဲ့အသစ် အဟောင်းဖြစ်၊ သစ်လျက် ဟောင်းလျက် ဖြစ်ပျက်နေသည်။ ငါမဟုတ် နာမ်ရုပ်သိရမည်။ သူမဟုတ် နာမ်ရုပ် သိရမည်။ အဲဒီလို ဉာဏ်ထဲမှာ ထင်လာမြင်လာအောင် ရှုမှတ်ပွားများရမယ်။ သမ္ပဇဉ်အဆင့်ဆင့် ဉာဏ်စဉ်တွေ မြင့်လာအောင် ကြိုးစား အားထုတ်ရမယ်။

ယောဂီ၏ အဓိကအလုပ်

ယောဂီသူတော်စင်တစ်ယောက်ရဲ့  အဓိကလုပ်ရမည့် အချက်ကတော့ ကြိုးစားပြီး တရားရှုမှတ်ဖို့ ပဲ၊ အဲဒီလို မှတ်တဲ့အချိန်၊ မှတ်တဲ့အကြိမ် များလာရင် လမ်းဆုံးတော့ ရွာတွေ့ သလို အမှတ်ဆုံးရင် ငြိမ်းအေးတဲ့ တရား တွေ့ ပါလိမ့်မယ်၊ သစ္စာလေးပါး တရားမြင်သွားပါလိမ့်မယ်။

နိဗ္ဗာန်အလင်းဓာတ် ပေါ်လာအောင်

ရုပ်နာမ်တည်းဟူသော အခံဓာတ်အပေါ်မှာ ဉာဏ်တည်းဟူသော အတိုက်ဓာတ်ဖြင့် တိုက်၍ ရှုမှတ်လိုက်တဲ့အခါ နိဗ္ဗာန်တည်း ဟူသော အလင်းဓာတ်၊ အ၀င်းဓာတ်၊ အပွင့်ဓာတ်ပေါ်ပြီးတော့ ခန္ဓာဇာတ်သိမ်း ငြိမ်းရပါမယ်။ အနည်းဆုံးကတော့ အောက်သံသရာလို့  ခေါ်ဆိုရတဲ့ အပါယ်လေးပါးက မုချလွတ်မြောက်နိုင်မယ်။

ငါ သုံးမျိုး နဲ့  အမှောင်ဘဝ

လောကမှာ “ ငါ ” သုံးမျိုးရှိတယ်၊ ငါ့လင်၊ ငါ့သား၊ ငါ့မယားဟု စွဲလန်းမှုကား - တဏှာငါ၊ လောကကြီးမှာ ငါသာလျှင်မြတ်တယ်၊ တော်တယ်၊ တတ်တယ်လို့  ထင်မှတ်နေမှုကား မာနငါ၊ ရုပ်နာမ်ဖြစ်ပျက်ကို မမြင်ဘဲ ပုဂ္ဂိုလ် သတ္တ၀ါလို့ ထင်မှတ်နေမှုကား ဒိဋ္ဌိငါ။ အဲဒီ ငါ သုံးမျိုးနဲ့ များ ဘ၀တစ်ပါးပြောင်းရရင် အပြုံးနဲ့ သေရခြင်းမျိုး မဟုတ်ဘဲ၊ အမဲ့နဲ့ သာသေရခြင်းဖြစ်တဲ့အတွက် အပါယ်လေးပါးဆိုတဲ့ အောက်သံသရာလည်မှာတော့ သေချာနေပြီ၊ အမှောင်ဘ၀သို့ သွားရမယ့်လူ ဖြစ်နေတော့တာပဲ။

No comments:

Post a Comment