Tuesday, February 23, 2010

စိတ်ညစ်ရင် ရေချိုးပါ


စိတ်ညစ်ရင် ရေချိုးပါ

တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တော့အုပ်တစ်ခုကို ဖြတ်သန်းသွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖနှစ်ယောက် လာရင် သားကို ဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။ ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက “ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ ဓားပြသူခိုးတွေနဲ့ တွေ့ပါတယ်။ တွေ့တော့ သားအဖ နှစ်ယောက်ကို ဖမ်းပြီး “သင်တို့ဘာတော်သလဲ” လို့ မေးတော့ သားလုပ်တဲ့သူက “ဘာမှမတော်ဘူးလို့” ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။

နားရမယ့်နေရာမှာနားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂ ဖြစ်ပြီး “ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ” ဆိုပြီး ရပ်လျက် ၀ိပဿနာပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။
(ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ်ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမယ့် ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက် တရားအားထုတ်ရတာလည်း ပိုပြီးအဆင်ပြေ သွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ ပေးတာဆိုတော့ စိတ်ညစ်တာလောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဒါက၀တ္ထုသာဓကလေးကို ကိုင်ပြောတာပါ။ စာနဲ့ ကိုင်ပြောမယ်ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ ပညာပွားကြောင်း (၇) ပါးကို ပြထားပါတယ်။ အင်္ဂါ (၇) ပါးမှာ ဒုတိယ အင်္ဂါက ဉာဏ်ပညာပွားဖို့ အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကို လည်း အကျယ် ပြန်ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်းလက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ကြေးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေရှိနေမယ်၊ ဒါဟာအတွင်းဝတ္ထုမသန့်ရှင်းတာပါ။

နောက် ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်း နေမယ်။ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကြဲနေမယ်။ ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေ ပြန့်ကျဲနေမယ်။ အမှိုက်တွေ ရှိနေမယ်။ ဒါဟာ အပြင်ဝတ္ထု မသန့်ရှင်းတာပါ။

အဲဒီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဉာဏ်အမြင် မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။

ဒါကြောင့် ဆံပင်တွေ ရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာ ညှပ်၊ လျှော်စရာရှိတာ လျှော်ပေးရမယ်။ ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေ ရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူ အပုပ်တွေရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ ဆေး စသည်စားပြီး ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမယ်။

ဒါက အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။

နောက် အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့ အသက်ဆိုးတွေရှိနေရင် လျှော်ပေးရမယ်။ စောင်တွေ၊ ခြင်ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေကို လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ လှန်းပြီး ပေးရပါမယ်။ အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့် ရှင်းရေး လုပ်ပေးရပါမယ်။ ဒါက အပြင်ဝတ္ထု သန့် ရှင်းအောင် လုပ်ပေးတာပါ။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပါလိမ့်မယ်။ စိတ်ကြည်လင်လာရင် ဉာဏ်ပါ ကြည်လင် လာတော့တာပါ။

တရားအားထုတ်တဲ့ ယောဂီကော၊ စီးပွားရေးလုပ်နေတဲ့ သူကော၊ ကျောင်းသူ ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမယ်။

ဥပမာ - ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲ ချွေးသံတရွှဲ ရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီးထိုင်လို့ ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ ခေါင်းမလျှော်ပဲ ဆံပင် ဖွာလန်ကြဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး စိတ်ကြည်လင်မလဲ? အထူးပြောနေစရာ မလိုတော့ပါဘူး။ သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင်ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ဒီလိုပါပဲ။ ကျောင်းသား တစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့ အတွက် ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့ လည်း ပိုကောင်းနေပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေးတွေကို အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းအောင် မကြာခဏ လုပ်ပေးနေရပါမယ်။

စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့ အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပါယဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ “မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး တော်မူပါဘုရား” လို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။ အားလုံးပြီးရင် လက်အုပ်ချီထားတာလေးချပြီါ် အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ. ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆိုစိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။ ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။ ရေချိုးလိုက်တာကတော့ သိပ်ပြီး မခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ “စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော်မေတ္တာလေး ပွားလိုက်” နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။ အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခုခုကို သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီးပါ။ တွေ့ဖူး မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက်ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင်တော်ပါရဲ့။ “ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား” စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီဖုန်းဆက် အကြံဉာဏ်တောင်းလို့ ကိုယ်အကြံတောင်းတဲ့ သူက “လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေရမယ်” ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။ ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။

စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲဒီအထဲကမှ ကောင်းတဲ့ ထွက်ပေါက်လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။

စိတ်ညစ်ရင် အခြားတစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက်လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့်ထားနိုင်ရပါမယ်။

တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ်တာလည်း အမြဲတည်မနေနိုင်ပါဘူး. ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘောတရားလေးကို သေချာသဘောပေါက်ပြီး စိတ်ညစ်တာကို အကြောင်းပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ်တွေအနေနဲ့  ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာ နောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ်ပါရမီတွေ ပြုဖြစ်နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ။

အဓိကကတော့ ဘယ်လိုအာရုံပဲကြုံလာကြုံလာ၊ ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်၊ လေ့ကျင့်ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။

ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မယ်။

ရဝေနွယ်၊အင်းမ၊

အလင်းတန်းဂျာနယ်
၇.၉.၂၀၀၉

ကျမ်းကိုး။
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ တိပိဋကမင်းကွန်းဆရာတော်။

No comments:

Post a Comment