Thursday, February 11, 2010

အကယ်၍များ … ကျနော်နှင့်ကင်ဆာ

အကယ်၍များ … ကျနော်နှင့်ကင်ဆာ
မိုးဟိန်း (သားဂျာနယ်ကျော်)
ဒီဇင်ဘာ ၃၊ ၂၀၀၉

 အဖြေလား သေမိန့်လား
          ဗဟန်း နှင်းဆီကုန်းဆေးခန်းကထွက် ကားပေါ်တက် ပြီးစာအိပ်ထဲက စာရွက်ခေါက်ကို အသာ ဖွင့်ကြည့်လိုက်ပါ့။ ထင်သည့်အတိုင်းပါလား၊ ၁၄.၃.၂၀၀၉ ရက်စွဲနှင့် အသားစစ် သည့် အဖြေက ကင်ဆာပါတဲ့ ။
          Moderately differentiated Squamus Cell Carcinoma (Left pharyngeal Wall) လည်ချောင်းကင်ဆာ သေချာသွားပါပြီ။
          အထင်မဟုတ်တော့ဘဲ အမြင် အဆင့် ရောက်သွားတော့ သြော် … ပုထုဇဉ်ပီပီ တဒင်္ဂလေး အသက်ရှုရပ်ပြီး ရပ်ထဲ လှုပ်ခတ်သွားပါ့။ ခန္တာကိုယ်ဟာ အစက်အပြောက်လို သေးငယ်သွားပြီး သိစိတ်လေးမှာ Carcinoma (ကင်ဆာ) စာလုံးက ကျူံ့ချီ ဆန့်ချီနှင့် အာရုံကို ဖမ်းချူပ်ထား။
          “ကင်ဆာဝေဒနာရှင် ဖြစ်ရပြီပေါ့” လို့ ကျနော် သက်ပြင်းလေးချမိ။ ဆောက်တည်ရာမရ အဆင့်ထိတော့ မရောက်ပေါင်။ အဆုံးစွန်ကို တွေးထားပြီး ဟိုးပဝေသဏီကတည်းက အဆုံးစွန်အတွက် အခါခါ ပြင်ဆင် လေ့ကျင့်ထားပြီးသား။ အခု ဗြုန်းခနဲ ကြွတက်လာသည့် စိတ်လှိုင်းကလေးက မကြာရှည်။ သတိအဟန့်ကြောင့် တန့်သွားပြီး အသိရေလွှာအောက် ပြန်ပျောက်ကွယ်သွားပေါ့။ ဤသို့ဖြစ်ရမည်လေ။ ကားက ကုန်းဆင်းအတိုင်း မောင်းသွားရာ ရှေ့က ရွှေရောင်တ၀င်းဝင်းနှင့် စေတီလေးကို ဖူးတွေ့ရပါသည်။
          “ရဟန်းတို့ ဓါတ်လေးပါးဟာ ခန္ဓာကို နှိပ်စက်ဖို့ စောင့်နေတဲ့ မြွေကြီးလေးကောင် လိုပဲ”
          မြတ်မုနိဒေသနာတော်ကို ချက်ချင်း သတိရမိ။
          “ကင်ဆာမြွေရေ … တို့ကို ပေါက်သတ်ဖို့ ပြင်နေပြီလား၊ ခဏလေးစောင့်ပါဦး၊ လုပ်စရာတွေ လက်စသတ်ချင်လို့”
          အရေးထဲ ကျနော် လျှောက်လဲချက် ပေးနေမိ။ စာရွက်ခေါက်လေးကို ကိုင်ပြီး အရှေ့နှင့် ဘေးဘီကို ကြည့်နေရင်း …ပဝေဏီက ပုံရိပ်တွေ၊ စာစကား ဆိုစကားတွေကို မြင်ယောင်ကြားယောင် လာပါတော့သည်။ ပွဲမ၀င်ခင် ပြင်ဆင်ခဲ့ရတာတွေလေ။
          “ဖေဖေ..ဒါဘာလုပ်တာလဲ..ဟင်းနော်”
          သမီး၏အော်သံ။ လူသေကောင်လို ကိုယ်ကိုဆန့် လက်ကိုဖြန့် ခြေထောက်တွေကပ် မျက်စိမှိတ် အနေအထားနှင့် မရဏနုဿတိ ပွားနေသူ ကျနော့်ကို မြင်လျှင် သမီးက အော်ပါပြီ။ အနှစ်(၂၀)ကျော် ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ရင်း ကျနော် လုပ်နေကျအလုပ်။
          ကလေးဘ၀တုန်းက အသုဘဆိုလျှင် ကြောက်လိုက်သည့်ဖြစ်ခြင်း၊ ရှောင်နိုင်သလောက်ရှောင် ကွယ်နိုင်သလောက် ကွယ်နေ။ တဖြည်းဖြည်း အရွယ်ရလာပြီး အ
သိတွေ တိုးလာတော့ ပြင်ထားသည့် လိုဏ်အောက်ကိုဝင်၊ အလောင်းကို ခေါင်းထဲထည့်ပြီး ထမ်းသည့် အဆင့်အထိ မရဏနှင့် မိတ်ဖွဲ့မိပါပြီ။ ကျနော်၏ “ပထမ တဆစ်ချိုး” စာအုပ်မှာ ဖေါ်ပြခဲ့ပါသည်။
          ကဗျာစာဆို ဖြစ်လာတော့ ရင်းနှီးနေသော မရဏကို ပြည်တွင်းမက ပြည်ပတိုင်အောင်
ပွဲထုတ်လိုက်ပါ့။ Harmony of Head and Heart ကဗျာစာအုပ်မှာ Bubbles- The Twins- The Visitor- In the End ကဗျာတွေနှင့် မရဏ ကဏ္ဍဖွင့်ဆိုပြခဲ့။ ပြောလိုရင်း အကြောင်းအရာမှာ မရဏဟာ မစိမ်းပါဘူး။ ကံဆရာက ဇာတိနှင့် မရဏကို အစကတည်းက အမြွာညီနောင် အဖြစ် တပါတည်း ဖန်တီးပေးလိုက်တာပါ။ တယောက်အုပ်က “ဖြစ်”ဖို့ ကျန်တယောက်က “ဖျက်” ဖို့ စက္ကန့် မခြား လုပ်သားတွေ အဖြစ်။ အခုအသားစစ်ချက် အဖြေ Carcinoma ကို မြင်လိုက်ပြန်တော့ စကားတခုကို သွား သတိရပြန်၏။
          “ cancer is a death sentence” (ကင်ဆာဟာ သေမိန့်)လို့ ပြောရိုးစကားရှိ၏။ တော်တော်သေကြလို့ တွင်တွင်သုံးကြတာထင်ပါ့။ တကယ်တော့ ကင်ဆာတိုင်းမသေ။ အချိန်အခါ၊ အခြေအနေ နှင့် လုပ်ဆောင်ချက်တွေပေါ် မူတည်ပါသေး။ ကင်ဆာလို့ သိရပြီ၊ ကြားရပြီဆိုတာနှင့် ခွေခေါက်သွားသူများမှာ မနည်း။ ရုပ်မလဲခင် စိတ်ပြိုကွဲပြီး ထိတ်ထိတ်ပျာပျာ ဖြစ်နေခြင်းသည် မရဏကို မိုးကုတ်စက်ဝိုင်းအထိ ပို့ထားလို့ထင်ပါ့။
          “အဖြေသိပြီ၊ ကိုင်း….ဘာလုပ်မလဲ”
          ကိုယ့်ကိုကိုယ် မေးလိုက်ပါပြီ။
          “ရောဂါစဖြစ်ချိန်ကနေ အခု အဖြေသိတဲ့ အချိန်အထိ ရင်ဆိုင်လုပ်ကိုင်ခဲ့သလို ဆက်လုပ်သွားရုံပေါ့။ ရောဂါလမ်းကြောင်း ကုသလမ်းကြောင်း၊ အလုပ်လမ်းကြောင်း သူ့လမ်းကြောင်းနှင့်သူ။ သည့်အပြင် ကိုယ်ခန္တာကို အထောက်အကူပြုထားသည့် ကံ-စိတ်-ဥတု-အဟာရလေးပါးမှာ ဥတုနှင့် အဟာရ လေးပါးမှာ ဥတုနှင့် အဟာရကိုသာ အလေးပေးပြီး ဖြည့်ဆည်းနေရုံမရ၊ ကံနှင့်စိတ်တို့၏ စွမ်းအား သတ္တိတွေ အကျိုးပေးနိုင်အောင် ဖော်ထုတ်ဆောင်ရွက်နေရပါမည်။ အကယ်၍များ ဘက်စုံလုပ်ရင်းကပဲ “ကင်ဆာ”က  နိုင်သွားသော်… အရှုံးမရှိ၊ အဆိုးထဲက အကောင်းတွေ ထုတ်ယူနိုင်ခဲ့။ အကယ်၍များ ကုသမှုက နိုင်သွားလျှင်… အဆိုးအပေါ် အကောင်းတွေနှင့် ဆင့်၍ ဆင့်၍ ဆက်၍ ဆက်၍ လွှင့်ထူသွားရုံပါ။ သေမှုရှင်မှုသည် တပိုင်း၊ ကိုယ်လုပ်ရမည့် အလုပ်ကတပိုင်း၊ သူ့ အပိုင်းနှင့်သူ။
           ကားသည် ရှေ့ဆက်သွားနေပါ၏။ ပစ္စက္ခကင်ဆာဝေဒနာရှင် အခြေအနေမှ အနာဂါတ်ကို တွေးရင်း ကျနော့်စိတ်က နောက်နှောင်းအတိတ်ဆီ ပြန်သွားလေရဲ့။

ချီလေတဲ့ချီလေ
          နောက်နှောင်း အကြောင်းကို တွေးမိတိုင်း ကျနော့်ဘ၀ကို ပြောင်းလဲစေခဲ့သည့် တဆစ်ချိုးများ ပေါ်လာစမြဲ။ ပထမ တဆစ်ချိုးက ၁၉၉၃ ခု။ ကိုယ့်သဘောနှင့် ကိုယ်အလုပ်က ထွက်ခဲ့ခြင်း၊ တဆစ်ချိုးခရီးများသည် စွန့်လွှတ်မှု၊ စိန်ခေါ်မှု၊ ဆောင်ရွက်မှုတွေနှင့် ချီတက်ခဲ့ရသည့် ခရီးတွေပါ။
          မိဘ၏ စာပေအမွေကို ဆက်ခံဖို့ ကလောင်ကို စွဲကိုင်၊ ဆရာသမားတွေ၏ ပညာအမွေကို ဖြန့်ဖို့ မြေဖြူကိုစွဲကိုင်၊ တယောက်တစု အကျိုးထက် အများအကျိုးကို သယ်ဖို့ ယုံကြည်ချက်ကို စွဲကိုင်ရင်း စာရေး၊ စာပြ၊ ပရဟိတ အလုပ်တွေနှင့် လှုပ်ရှားခဲ့ပါသည်။ အခက်အခဲတွေ ကျော်လွှားရင်း အတန်အသင့် အောင်လံ ချီနေရာမှ ဗျာဓိဆရာက ကင်ဆာကောင်ကို ပါးပြင်းထောင်ခိုင်းနေပါရောလား။
          ဗျာဓိ ဆိုလို့ ကင်ဆာရှေ့ပြေး ဝေဒနာလေးတွေကို အရင်ပြောပြချင်ပါ၏။ ကျနော့်မှာ သွေးတိုး ဆီးချို နှလုံး ကျောက်ကပ် အစာအိမ် တီဘီ ပန်းနာ ဝေဒနာများ မရှိပါ။ နှစ်ပေါင်းများစွာ စာပြခဲ့တာမို့ တခါတခါ အဆုပ်ပွရောဂါ ဖြစ်တတ်ပါသည်။ သို့သော် မကြာရှည်ဘဲ ပျောက်လွယ်သည်။
          (၆၄) နှစ်မှာ ဗျာဓိက လက်ဆောင်နှစ်ခု ပေးပါ့။ ဆီးကျိတ်နှင့် အတွင်းလိပ်။ သဘောကောင်းလိုက်ပုံမှာ ဘာဒုက္ခမှ မပေးဘဲ ရှိနေသည်လို့တောင် မထင်ရ။ နေ့စဉ်လို လမ်းထွက်၊ လစဉ်လို ခရီးထွက်နှင့် သွက်လက်လိုက်တာမှ ငှက်ကတောင် မျက်စောင်းထိုး။
          အသက် (၆၅) နှင့် (၆၆) မှာတော့ ဗျာဓိက မညှာတော့ပြီမို့ အပြိုင်ချီရပါပြီ။ ချီပေါ့လေ။ စာပေအနေနှင့် ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန်တွေ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အရေးသွက်နေသလို ကျနော်နှင့် ဦးမျိုးခင် (ပန်းချီ) တို့ တည်ထောင်ထားသည့် ပြင်ဦးလွင် စည်သာရွာ “ဒဟတ်စံပြ ပရဟိတပျိုးခင်း” မှာလည်း အလုပ်တွေက ဆက်တိုက်။ ပညာဒါနသင်တန်းတွေ၊ စာမေးပွဲ ၊ဆုပေးပွဲ။ နှစ်ပတ်လည်ပွဲတွေ ဆင်နွှဲလို့ကောင်း။
          ဘ၀တူ ပရဟိတ ၀န်ဆောင်မှုတွေ လုပ်နေသည့် မြင်းခြံမြို့ ပင်မအကျိုးဆောင်လူငယ်များ ( Prime Promoters) ၏ ဖိတ်ကြားချက်အရ မြင်းခြံမှာ ပညာဒါန သွားပို့ချသေး။ စုန်ချီ ဆန်ချီနှင့် စေတနာတောမှာ စေတနာဇောတွေနှင့် မွေ့လျော်နေလို့လား မသိ။ ခြေရာဖျောက်ပြီး နောက်က ဗျာဓိ လိုက်လာတာကို လှည့်မကြည့်နိုင်။
          ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာတော့ ရင်ဆိုင်ရပါပြီ။ ခန္ဓာဟာ နေ့ည မဟူ၊ အနှေးနှင့် အမြန် သူ့ပစ်မှတ်ပဲလေ။
          “ ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်တယ်၊
          ငွေနှင်းမှုန်က သန့်စင်တယ်လို့ အဓိပ္ပါယ်ကို ယူတယ်”
          ချိုကြည်သာယာ တေးသွားလေးက သည်သို့ ဆိုပေမယ့် ကျနော့် လည်ပင်းမှာ ပူပြီး နာကျင်လာတာမို့ မအေးမြနိုင်ပါ။ ပါးစပ်က ချွဲသလိပ်နှင့် တံတွေးတဗျစ်ဗျစ် ထွေးနေရပြီမို့ မသန့်စင်နိုင်ပါ။ အရှိန်ကောင်းကောင်းနှင့် ချီတက်ဖို့ သွက်လက်နေသည့် စာပေ၊ စာပြ၊ ပရဟိတ ဒလက်တို့သည် တဖြည်းဖြည်း နှေးကွေးသွားပါရော။ အချီ မြန်လာသော ဗျာဓိသည် လေးကြိုးတင်းလိုက်လေပြီလား… ။

မြားတစင်း ပစ်ကွင်း နှစ်ခု
          ကျနော်၏ လည်ချောင်းနာ အကြောင်း ပြောရာမှာ၊ ဆက်စပ်လွန်းလို့ မပြောမဖြစ်သည့် လည်ချောင်းနာ တခု ထည့်ပြောရပါမည်။ မိဘနှင့်မခြား ကျေးဇူးကြီးမားသူ ဦးလေး ဦးအောင်ဇေယျ၏ လည်ချောင်နာပါ။ ဖြစ်တာကြာပါပြီ။ နာလိုက် သက်သာလိုက်နှင့် အောက်တိုဘာနှောင်းပိုင်းမှာ ပို နာလာပြီး အကျိတ်တွေပါ ထွက်လာ။ နှင်းဆီကုန်းဆေးခန်း တက်ပြီး ကုသရာ လည်ပင်းဖေါက်ရသည့် အပြင် အစာမစားနိုင်တော့ နှာခေါင်းမှာ ပိုက်တပ်ရတော့၏။
          ဦးလေး အသက်က (၈၂) နှစ်။ မကြာခင် အသားစစ်ချက် ယူရပါ့။ အဖြေက“လည်ချောင်းကင်ဆာ” ။ ဆရာဝန်တွေက ဦးလေးကို ဓာတ်ရောင်ခြည်နှင့် ကုသဖို့ ညွှန်ပါသည်။ သို့ပေမယ့် အသုံးပြုနိုင်မယ့် စက်က တလုံးတည်း။ ကုသမှု ခံယူဖို့ ဦးလေးရှေ့က စောင့်နေသည့် လူနာမှာ လေးရာကျော်။ လူက စောင့်နိုင်သည်ထားဦး ရောဂါက စောင့်နေမည်မဟုတ်။ ရန်ကုန်မှာ မလုပ်နိုင်တော့ဘဲ တောင်ကြီးဆေးရုံ သွားပြီး ပြင်ဆင်ရပါတော့သည်။
          လည်ပင်းနာပြဖို့ ကျနော် ရန်ကုန်ကို ဆင်းလာရာမှာ မိသားစုကို ပြောမိသည့် စကားက “လည်ပင်းက နာလာပြီ၊ တံတွေးလည်း ထွေးနေရ၊ ဘာမှန်းမသိဘူး၊ ကင်ဆာဖြစ်ရင်လည်း ဖြစ်ပေါ့၊ (၃) လလောက် အချိန်ရရင် လုပ်စရာတွေ ပြီးအောင် လုပ်သွားမှာပဲ”။
          အားလုံးက သာမန် လည်ချောင်းနာ လို့သာထင်။ ဒီဇင်ဘာလ ၂၄ ရက်နေ့က စပြီး တပတ်ခြား နှင်းဆီကုန်းဆေးခန်းမှာပဲ ပြပါသည်။ သွေးစစ်ချက်နှင့် ဓါတ်မှန်အဖြေက ကောင်းပါ့၊ ပါမောက္ခဆရာကြီးက အာခေါင်အတွင်း မီးသီးနှင့်ကြည့်၊ လည်ပင်းကို စမ်းသပ်ပြီး အကျိတ်မရှိဘူး လည်ချောင်းနာပဲ ဆိုကာ အနာပျောက်ဆေးများ ပေးပါသည်။ သာမန်လို့ ဆိုတာမို့ ရသည့် အချိန်လေးမှာပဲ ကျနော် ပြင်ဦးလွင်ဆီ ပြေးတက်လိုက်သေး။ ဝေဒနာက ဝေဒနာ လုပ်စရာက လုပ်စရာလေ။ မကြာခင် ပြန်ဆင်း လာရပြန်သည်။ လည်ပင်းက ဆက်နာနေတုန်းမို့ ဆရာကြီးကို ဆက်ပြရပါ့။
          လည်ချောင်းထဲ ချွဲသလိပ်တွေ ပိတ်နေတာမို့ မှန်ပြောင်းနှင့် စစ်ဆေးဖို့ ချိန်းလိုက်ပါသည်။ ချိန်းသည့်နေ့ အသွားမှာပဲ ကြည့်စက်က ပျက်နေပါသည်။ နောက်နေ့လာဖို့ ချိန်းပြန်။ နောက်နေ့ မသွားနိုင် တော့ပါ။ ဦးလေးနှင့် တောင်ကြီးလိုက်ဖို့ လေယာဉ်လက်မှတ်က ဖြတ်ပြီးသား။ တောင်ကြီးက ပြန်ရောက်မှ စစ်ဆေးတာပေါ့လို့ စိတ်လျှော့လိုက်ပါ၏ ။
          “ဗျာဓိရေ မြားတစင်းနှင့် ပစ်ကွင်း နှစ်ခုကို ချိန် ထားတာလား”

မေတ္တာမိုး- စေတနာမြေ
          ၁၇ - ၂ - ၂၀၀၉ နေ့မှာ ဦးလေး၊ ကျနော် နှင့် မောင်သိုက် တောင်ကြီးရောက်ပါပြီ။ ရောက်လို့သာ ရောက်ရ၊ ဆွေမျိုး မိတ်ဆွေ၊ အသိ မရှိ။ မောင်သိမ်းစိုး (သီဟရတနာစာပေ) က ဆက်သွယ်ပေးသည့် မီလျှံနာစာပေတိုက်မှ ဆရာဦးနီနီကိုနှင့် မမျိုးမျိုးသူတို့က သူတို့ဆီမှာ တည်းပါ ဆေးရုံကိစ္စပါ ကူညီမည်ဟု ပြောလာပါ့။ ကျနော်တို့ကို ဘယ်မှ မသွားစေဘဲ သူတို့အိမ်မှာ နေစေပြီး စားသောက်နေထိုင် သွားလာရေး အတွက် အကုန်တာဝန်ယူရုံမက ဆရာနှင့် မမျိုးတို့က အလုပ်များသည့် ကြားထဲက အချိန်ရအောင်ယူပြီး ဆေးရုံလာကာ“အဘိုး ဘာလိုသလဲ။ ဘာလုပ်ပေးရမလဲ။ ပြောနော်” လို့ တမေးတည်း မေးကြသည်။
          ဇနီးမောင်နှံမှာ မိဘမရှိကြ၊ ဦးလေးကို အဘိုးအရင်းလို သဘောထားနေကြသည်။ မကြာခင်မှာမှာပဲ ပဲခူးက ကျနော့်အကိုဝမ်းကွဲ ဦးမင်းလွင် လိုက်လာတော့ လေးယောက်ဖြစ်သွားပေါ့။ ဦးလေးသည် ဝေဒနာ ဖိစီးနေပေမယ့် ကံကောင်းပါ၏။ ပြည်တွင်း ပြည်ပမှ ဆွေမျိုး မိတ်ဆွေ အသိတွေက ဘက်စုံ အကူအညီပေးကြတာမို့ မေတ္တာရှင်တွေ ၀ိုင်းလျက်။ ယခု မေတ္တာမိုး စေတနာမြေ ရောက်နေပြန်ကော။
          ဆရာကြီးနှင့် ၀န်ထမ်းတွေကပါ ဂရုစိုက်ကြပါ့။ ရုပ်ပိုင်း ဓာတ်ရောင်ခြည်နှင့် စိတ်ပိုင်း မေတ္တာရောင်ခြည် နှစ်မျိုးစလုံး ခံယူနေသူ ဦးလေးသည် လောကဓံကို ဒေါင်လိုက်ရော အလျားလိုက်ရော ဖြတ်သန်းခဲ့သူမို့ သတိ သမ္မဇဉ်နှင့် ဗျာဓိကို ရင်ဆိုင်နေပါသည်။
          ကျနော့်လည်ပင်းနာ လျော့မသွားပါ။ တိုး၍တောင် နာလာသည်။ တောင်ကြီးရောက်နေတာ (၂) ပတ်ရှိပြီ။ အကိုက ရောက်နေပြီမို့ ကျနော် ရန်ကုန်ပြန်ပြီး စစ်ဆေးလို။ ဦးလေးကို ပြောလိုက်တော့ ပြန်ဖို့ တိုက်တွန်းသည်။ လိုလေသေးမရှိ ကြည့်ရှုစောင့်ရှောက်နေကြတာမို့ ကျနော့်ဦးလေးအတွက် စိတ်ချမိ။ ကျနော့်အဖို့ ရှေ့ ဘာဖြစ်မည်မသိ၊ ဗျာဓိနှင့် ဆက်နွှဲဖို့ ကျနော် ရန်ကုန်ပြန်သွားပါသည်။

ဝေေ၀ကြွေကြွေ-ပင်ခြေမခုတ်
          တဆင့်ပြီး တဆင့် သိရပါပြီ။ မတ်လ ၇ ရက် လည်ချောင်းထဲ မှန်ပြောင်း သွင်းကြည့်လိုက်တော့ အဖြေက Suspicious ulcer (သံသယရှိဖွယ် အနာ)။ နောက်ပိုင်း အသားစစ်ကြည့်လိုက်တော့ “လည်ချောင်းကင်ဆာ”။
          ဆရာကြီးက ဂရုတစိုက် စိတ်ရှည်စွာနှင့် စစ်ဆေးမှုများ ပြုလုပ်ပေးသလို၊ အသိဆရာဝန်တွေကပါ အဖြေကို အတည်ပြု ပေးကြသည်။ အခုတော့ ဗျာဓိက ပိုင်နိုင်စွာ ကင်ဆာတံဆိပ် ခတ်နှိပ်ပေးလိုက်ပေါ့။ ကျနော့်ကို ဦးလေးလို ဓါတ်ရောင်ခြည်နှင့် ကုသခံယူဖို့ ညွှန်ကြားကြသည်။ ရှေ့ဆက်ပေတော့ ကိုယ့်လူရေ။
          ကျနော် ကင်ဆာဖြစ်နေပြီလို့ ဆွေမျိုး မိတ်ဆွေနှင့် တပည့်တွေ သိသွားတော့ အံ့သြ စုတ်သတ်ကြ၊ ငိုကြနှင့် လှုပ်ခတ်သွားပါ၏။ မယုံသူတွေလည်းရှိ။ ဖုန်းဆက်ကြ အိမ်လာကြ၊ အကြံပေး၊ အကူအညီပေးနှင့် အဆက်မပြတ်လှပါ။ ဘာလုပ်မည်ကို သိချင်ကြသည်။ လုပ်သင့်တာကို လုပ်ပါမည်။ မလုပ်နိုင်တာကိုတော့ မလုပ်လို။
          ပြောရလျှင် ကျနော် သက်သတ်လွတ် နေ့စဉ် စားလာသည်မှာ အနှစ် (၂၀) ပြည့်ပါတော့မည်။ ၁၉၈၉ ခု၊ နိုဝင်ဘာလမှာ စ အဓိဋ္ဌာန်ယူစဉ်က ကျန်းမာနေသမျှ စားပါမည်ဟု အကန့်အသတ် မထားပေမယ့်၊ နှစ် (၂၀) ထဲ ၀င်နေသည်မို့ မထွက်ချင်။ ရှေးယခင်က ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ခဲ့သည်မှာ (၂၅) နှစ် နီးပါး။ ၂၀၀၃ ခုနှစ် မောင်းထောင် မြေဇင်းတောရ တရားစခန်း ၀င်ပြီးနောက် “ရာသက်ပန် (၈) ပါးသီလ” ဆောက်တည်ပါမည်ဟု အဓိဋ္ဌာန် ပြုထားပြန်ရာ နေ့စဉ် ဥပုသ်စောင့်ခဲ့သည်မှာ ယခုဆို (၆) နှစ်ခွဲ မျှ။
          ဆွေမျိုး မိတ်ဆွေ၊ ဆရာသမားတွေက ကျနော် ကင်ဆာဝေဒနာဖြစ်နေပြီး ဓါတ်ရောင်ခြည်နှင့် ခံယူ ကုသရမှာမို့ အားပြတ်သွားမှာ အလွန်စိုးရိမ်ကြ။ ဥပုသ်နှင့် သက်သတ်လွတ်မှ ထွက်စေချင်ပါသည်။ “နေကောင်းမှ ပြန်ဆောက်တည်ပါ” တဲ့။ တချို့က ဥပုသ်မထွက်တောင် သက်သက်လွတ်ဖျက်ပါ လို့ပြောသည်။ တကယ့်စေတနာနှင့် ပြောကြခြင်းလို့ ကျနော်ယုံကြည်သည်။
          “ သံသရာမှာ အသက်တွေဟာ…ဖက်ရွက်တွေလို ဝေလိုက် ကြွေလိုက်။
          သစ္စာအဓိဋ္ဌာန်တွေ မဖျက်လို။ သီလကို အသက်နဲ့ ဆက်တာထက် အသက်ကို သီလနဲ့ပဲ ဆက်ချင်ပါတယ်။ နေရသမျှပေါ့”
          လို့ အလွန်အားနာစွာနှင့် ပြန်ပြောမိပါသည်။
          ရောဂါသိပြီးနောက် လုပ်စရာတွေဘက် ချက်ချင်း လှည့်ရပါတော့သည်။ ဓါတ်ရောခြည်မှာ ချက်ချင်း ကင်လို့မရ၊ တောင်ကြီးပြန်သွားရမည်။ သည်ကြားထဲ သင်္ကြန်ပိတ်ရက်က အရှည်ကြီး။ စောင့်ပေဦး။ ဒီတော့ရသည့် ကြားချိန်လေးမှာ ဇနီးကြည်ကြည်ကိုခေါ်ပြီး ပြင်ဦးလွင်ကို တက်သွားရ။ ကိုယ်က ဆေးကုသရမှာမို့ ပရဟိတကိစ္စတွေ ပရိတ်ကြီးဘုရားတည်ဖို့ ကိစ္စတွေ လွှဲစရာ လွှဲ၊ စီစဉ်စရာ စီစဉ်ဖို့ပါ။
          အာရှအလင်းရောင်စာသင်တိုက် ဆရာတော်ဦးစိန္တိတ ပြောလိုက်သည့် စကားတခုကို ကျနော် တသက်မေ့မည်မဟုတ်။
          “ခန္ဓာဟာ သစ္စာလောက် တန်ဖိုး မကြီးပါ” တဲ့။
          ပြင်ဦးလွင်က အပြန် ကျောက်ဆည်အ၀င်မှာ ကြားဖြတ်ကိစ္စ တခုပေါ်လာပါသည်။ ကိုအောင်ကြည်၊ မမော်တို့၏ တိုက်တွန်းချက်နှင့် တိုက်ဆိုင်မှု အကြောင်းကြောင်းတွေကြောင့် ကျနော်တို့ မန္တလေးက တိုင်းရင်းသမားတော်တဦးနှင့် တွေ့ပြီး ကုသဖို့ ဆေးတွေ ရန်ကုန် ယူသွားပါ့။
          လည်ပင်းက နာသည်ထက် နာလာတာမို့ ကျနော် ငုတ်တုတ်ထိုင်ပြီး အချိန်ကို စောင့်မနေနိုင်ပါ။ မီသည့်ဆေးနှင့် ကုချင်ပါသေး။ ဆရာပေးလိုက်သည့် ဆေးတွေက နာကျင်မှုကို ကြားကာလမှာ များစွာ သက်သာစေပါ၏။ တောင်ကြီးမှာ ဓါတ်ရောင်ခြည်ကင်ဖို့ သွားတော့ ဆရာ့ဆေးတွေကိုပါ ယူသွားပါသည်။

တိမ်နှင့် ဝတိံလို
          ဒုတိယအကြိမ် မေတ္တာမိုး၊ စေတနာမြေကို မေလ ၁၆ ရက်နေ့မှာ ရောက်ခဲ့ပြန်ပေါ့။
          ဒီတခါတော့ လူနာစောင့်အဖြစ် မဟုတ်။ ကိုယ်တိုင် လူနာအဖြစ်။ ဇနီးဖြစ်သူ ကြည်ကြည်ပါလာသည်။ ရှေးယခင်လိုပဲ ဆရာဦးနီနီကိုနှင့် မမျိုးတို့က သူတို့အိမ်မှာ စတည်းချခိုင်း။ ဆရာဝန်ကြီးနှင့်တွေ့တော့ စစ်ဆေးမှုများ ပြုလုပ်ရသည်။
          ကျနော် ဥပုသ်မဖျက် သက်သတ်လွတ်မထွက်ဘဲ ကုရမရ၊ မိတ်ဆွေမှ တဆင့် ကြိုမေးတုန်းက ဆရာကြီးက “ရပါတယ်” ဖြေခဲ့ပါ့။ ယခု ကိုယ်တိုင် ထပ်မေးလိုက်တော့ “ရပါတယ်၊ အားပြတ်မယ့် အခြေအနေ ရောက်လာရင်တော့ ဆေးရုံတက်ပြီး Drip (ဆေးပုလင်း)ချိတ်ရမယ်” လို့ပြောပါသည်။
          ရွှင်လန်းတက်ကြွပြီး ရယ်မောစရာတွေနှင့် စိတ်ရှည်စွာ ပြောဆိုစစ်ဆေးတတ်သူ ဆရာကြီးကိုယ်တိုင်က အားဆေးကြီး တပုလင်းပါ။ တနေ့လျှင် (၁) ကြိမ်၊ တပတ်လျှင် (၅) ကြိမ်နှင့် အကြိမ် (၃၀) ဓါတ်ရောင်ခြည် ကင်ရပါမည်။ အားလုံး တလခွဲ ကြာပါမည်။
          မနက်တိုင်း ဆရာဦးနီနီကိုက ကျနော့်ကို အိမ်ကနေပြီး ဆေးရုံကို ကားနှင့် ပို့ပြီးလျှင် အိမ်ပြန်ပို့။ အားလုံး အဆင်ပြေနေသည်မို့ ၁၀ ရက်ကြာတော့ ကြည်ကြည် ရန်ကုန်ပြန်သွားပါသည်။ ဓါတ်ကင်ရင်း ကျနော် အားနည်းသွားပြီး ဆေးရုံတက်ရမည်ဆိုလျှင် မြင်းခြံကဆရာတွေ၊ ကျောက်ဆည်က မိတ်ဆွေတွေ ဆေးရုံကို လိုက်လာဖို့ စီစဉ်ပြီးသားပါ။
          ဓာတ်ကင်လို့ (၁၂) ကြိမ်လောက်ရတော့ ကျနော့်လည်ပင်းနှင့် ခံတွင်းတွေ ခြောက်ကပ်လာ၊ သလိပ်နှင့် တံတွေးတွေ ထွေးနေရ၊ အိပ်ရေးပါ ပျက်ပြီး အစားမစားနိုင်တော့။ ထမင်းမှ ဆန်ပြုတ်၊ နောက်တော့ မြူစွမ်နှင့်သာ စခန်းသွားရပါ့။ Ensure နှင့် မုန်လာဥနီ ဖျော်ရည်ကို အဓိက အားထားနေရ။ တဖြည်းဖြည်း အနေရ ပိုဆိုးပေမယ့် ထူးဆန်းသည်က ကျွန်တော့် ကိုယ်အလေးချိန်မကျပါ။ မြင်သူတွေက “တော်တော်လန်းဆန်းသူ” လို့ ပြောကြပါ၏။ အိမ်က နေ့တိုင်း ဖုန်းဆက်ပြီး အခြေအနေမေးပါသည်။
          “လူ လို ပြီလား” အမေးကို “ဖြစ်ပါတယ်။ မလိုပါ” ဟု ပြန်ဖြေနေမိ။
          ဆရာတို့အိမ်သည် စာကမ္ဘာပါ။ ဂျာနယ်မဂ္ဂဇင်းတွေ မျိုးစုံ။ ကျနော့်မှာ တနေ့ တနေ့ ဆေးကုရင်း စာဖတ်၊ တရားမှတ်၊ တရားနာ၊ ဓမ္မာရုံသွားနှင့် လူမမာနှင့် မတူပါ။ လန်းလန်းဆန်းဆန်း ရှိတာမို့ ဆရာတို့က ကျနော့်ကို (၂၄) မိုင် ဝေးသည့် မွေတော်ကက္ကူဘုရားနှင့် တောင်ကြီးပေါ်က စေတီတွေဆီ ပို့ပေးသေး။ ဒီလိုနှင့်ပဲ ဥပုသ်နှင့် သက်သတ်လွတ် မထွက်ရ၊ ဆေးပုလင်း မချိတ်ရ၊ လူနာစောင့် မခေါ်ရနှင့် ဓါတ်ရောင်ခြည် အကြိမ် (၃၀) ပြည့်သွားပါတော့သည်။ ရန်ကုန် ပြန်ရတော့မည်လေ။
          ဇွန်လ (၂၇) ရက်နေ့မှာ မေတ္တာမိုး စေတနာမြေမှ ကျနော် ဟဲဟိုးလေဆိပ်ဆီ ထွက်ခဲ့။ လေယာဉ်ဝေဟင်ပေါ် ရောက်လို့ ပြတင်းပေါက်က ကြည့်မိ။
          တိမ်တွေ စုခဲလိုက်၊ ပြိုကွဲလိုက်၊ လွင့်မျောလိုက်နှင့် … အတွေးတခု ပေးနေပါ၏။
          “လူလည်း ဒီလိုပါပဲ။ ရှင်သ၍တော့ ရွေ့နေရမှာပဲ။ ကိုယ့်ကို တိမ်လို သဘောထား၊ စိတ်ကိုတော့ ၀တိံလို မြှင့်ပြီး၊ ရှေ့မှာ ဘာဖြစ်ဖြစ်၊ လုပ်စရာရှိတာ ဆက်လုပ်၊ ဆုပ်စရာရှိတာ မြဲမြဲဆုပ်ထား”
          ဟု တွေးရင်း မကြာခင် လေယာဉ်သည် ရန်ကုန်လေဆိပ် ရောက်သွားပါသည်။

(Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြပြီးသော အကြောင်းရာများကို ထပ်မံဖြည့်စွက် ရေးသား ပါသည်။ )

မိုးမခ မှတ်ချက် - ၂၀၀၉ ဒီဇင်ဘာလထုတ် ကလျာမဂ္ဂဇင်းမှ ပြန်လည်ကောက်နုတ်ဖော်ပြပါတယ်။ ဓာတ်ပုံမှာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာက တွေ့ရတဲ့ ပုံဖြစ်ပါတယ်။
 
(မိုးမခ မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment