Monday, February 1, 2010

သဲသဲကွဲကွဲ နဲ့  မသဲမကွဲ

လွန်ခဲ့တဲ့ (၅) နှစ်လောက်ကထင်ပါတယ်။ ကျွန်တော် ဂျာနယ်တစ်စောင်တွေ့ တာနှင့် ကောက်ဖတ်ရင်း ဆရာတော်တစ်ပါးရဲ့  ဆောင်းပါးလေးတစ်ပုဒ်ကို အမှတ်မထင် ဖတ်လိုက်မိတယ်။ ဖတ်ပြီးတဲ့အချိန်မှာတော့ ဆောင်းပါး ခေါင်းစဉ်လေးကို စိတ်ထဲစွဲသွားပြီး ဆောင်းပါးထဲပါဝင်တဲ့ အကြောင်းအရာတွေကိုလည်း မှတ်မှတ်ရရဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် စာရေးတဲ့ ကိုယ်တော် ဘယ်သူဆိုတာရယ် ဘယ်ဂျာနယ်ဆိုတာရယ်ကိုတော့ အမှတ်မရတော့ဘူးဖြစ်သွားခဲ့ပါတယ်။ အဲဒီဆောင်းပါးထဲက အကြောင်းကို ကျွန်တော်နှင့်ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေတွေ့ လို့ အကြောင်းတိုက်ဆိုင်တဲ့အခါတိုင်းလည်း ပြောပြဖြစ်ပါတယ်။ ပြောပြလိုက်တိုင်းမှာလည်း လူတိုင်းက ခေါင်းစဉ်လေးနှင့် ပြောတဲ့အကြောင်းအရာနှင့်ကို တွဲပြီး ရွတ်ရင်း သဘောကျ နှစ်ခြိုက် မှတ်သားသွားတတ်ကြပါတယ်။ (တကယ် သဘောပေါက်သွား၊ မသွားတော့ မသိဘူးပေါ့ခင်ဗျာ။) ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဒီခေါင်းစဉ်နှင့် ပို့ စ်တစ်ပုဒ်တော့ ရေးကြည့်အုံးမယ်လို့ စိတ်ကူးနေတုန်း အမှတ်မထင် ဘုန်းဘုန်း ဦးသိရိန္ဒ ရဲ့  မေတ္တာဥယျာဉ် ဆိုဒ်မှာ တင်ထားတာတွေ့ လိုက်ရတော့ တော်တော်ကို ပျော်သွားပါတယ်။ ကိုယ့်ဟာကို ဆောင်းပါးအကြောင်းအရာကို ပြန်ရေးနေတာထက်စာရင် မူရင်းအတိုင်း ဖော်ပြလိုက်တာက ပိုကောင်းတယ် ဆိုတော့ အခု မူရင်းကို ပြန်လည် ကူးယူဖော်ပြ မျှဝေးပေးလိုက်ပါတယ်။ အားလုံး ခေါင်းစဉ်လေးကို သတိတရ ဖြစ်နိုင်ကြပါစေ။

**********************************

သဲသဲကွဲကွဲ နဲ့  မသဲမကွဲ


" ထိမ်းမြားလက်ထပ်တယ်"
ဆိုတာ လူလားမြောက်ပြီ လို့ ကြွေးကြော်ပြီး၊ လောကဓံကို စိန်ခေါ်လိုက်တာ ဖြစ်လို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေဖို့ မဟုတ်တော့ဘူး။"

ဒီနှစ် ၁၃၆၄-ခုနှစ်ဆန်း(၁)ရက်နေ့က တပည့်ဇနီးမောင်နှံတို့က နှစ်ဦးမှာ မင်္ဂလာဦးဆွမ်းကပ်ပွဲ ကုသိုလ်ပြုကြလို့ သြ၀ါဒ ပေးပါဆိုတာနဲ့ ပြောပေးလိုက်ရတယ်။ ပရိတ်သတ်ကလည်း သတိုးသားရဲ့ သူငယ်ချင်းတစ်စုပဲဖြစ်လို့ တပည့်ရင်းချာများချည်း ဖြစ်တဲ့အတွက် ရင်းရင်းနှီးနှီး ရယ်ရယ်မောမောပဲ ပြောခဲ့ဖြစ်တာပါ။ မထေရ်မြတ်တို့ စကားဝိုင်း ကြားထဲမှာ မထေရ်လတ် စကားတစ်ခုကို ထည့်လိုက်ရတာကတော့ ဖတ်ရှုသူအတွက် အကျိုးမဲ့ မဖြစ်တန်ကောင်းဘူး ထင်လို့ပါ။ မူရင်းအတိုင်းပဲ မှတ်တမ်းပြု လိုက်ပါတယ်။

ထိမ်းမြား လက်ထပ်ပြီးကြတဲ့ ဇနီးမောင်နှံကို သြ၀ါဒပေး ရမယ် ဆိုတော့ ဖတ်ပြီး အမှတ် တရ ဖြစ်ခဲ့တဲ့ ဘာသာပြန် ကဗျာတစ်ပုဒ်ထဲက စကားကို သတိရမိတယ်၊ တိတိကျကျ တော့ မဟုတ်ဘူး၊ ဆိုလိုရင်းကတော့ " သင်ဟာ အသိပညာ များလည်း ပြည့်စုံကောင်း ပြည့်စုံ နေမယ်။ ရားထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ်။ အရွယ်ကြီးလို့ ဆံပင်များလည်း ဖြူကောင်းဖြူနေမယ်။ သို့သော် ထိမ်းမြား လက်ထပ်ခြင်း မပြုရသေးသမျှ လူ လားမမြောက်သေး" တဲ့။

သူ့ စာအလိုအရဆိုရင် အခုပြောမယ့် စကားဟာ လူလား မမြောက်သေးသူက လူလား မြောက်သူတို့ကို ဆုံးမတဲ့ သြ၀ါဒ စကားလို့တောင် ဆိုရတော့မလိုဘဲ။

မင်္ဂလာဆောင်တယ် ဆိုတဲ့အကြောင်း မပြောခင် ပတ်ဝန်းကျင်မှာ သတိထားမိခဲ့တဲ့ ဇနီးမောင်နှံနှစ်မျိုး အကြောင်းကို အရင်းပြောချင်တယ်။ (၁) သဲသဲကွဲကွဲ ဇနီးမောင်နှံ နဲ့ (၂) မသဲမကွဲ ဇနီးမောင်နှံ တို့ အကြောင်းပါပဲ။ သဲသဲကွဲကွဲ ဇနီးမောင်းနှံဆိုတာ "မျက်စိအောက်က ပျောက်မှာပင် အလွန်စိုးတယ်"ဆိုတဲ့ စိတ်ကူးယဉ် စကားကို ဘ၀လမ်းညွန်ထင်ပြီး အဖြစ်သဲ လိုက်နာကြတဲ့ ဇနီးမောင်နှံ မျိုးကိုပြောတာ။ အလုပ်သွားတာ၊ ဈေးသွားတာမျိုးကိုတောင် စိတ် မချနိုင်ကြတာတို့၊ သူငယ်ချင်း အပေါင်းအသင်းဟောင်းတွေ့လို့ တရင်းတနီးနှုတ်ဆက်တာ ကိုတောင် မနာလို မရှုစိမ့်နိုင်ကြတာတို့၊ မကျေမနပ် ပူကြ ဆူကြတာတို့ လုပ်နေကြတဲ့ ငြူငြူ စူစူ အူတူတူဆိုတဲ့ စုံတွဲမျိုးပေါ့။

" စိတ်မချနိုင်ဘူး"ဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျ ကောက်ချက်ချ ကြည့်ရင် အချင်းချင်း ယုံကြည်မှု မရှိတဲ့ သဘောပါပဲ။ နောက်ဆက်တွဲ အနေနဲ့ ဣဿာ မစ္ဆရိယ ဒေါသစတဲ့ ကိလေသာ စိတ်ရိုင်း စိတ်ပူတွေ တသီကြီး ဖြစ်တတ်တာမို့ ဒီလို စုံတွဲမျိုးဟာ မေတ္တာ ဗြဟ္မစိုရ် တရား ကင်းမဲ့တဲ့ ကိလေသာစိတ် သက်သက်နဲ့ စုံတွဲ မျိုးလို့ပဲ ဆိုရမှာပါ။

ကိလေသာဆိုတဲ့ သဘောက ပထမတော့ လိုလားတောင့်တ မျှော်လင့်တယ်၊ မျှော်လင့် သလို ဖြစ်မလာတော့ ဒေါသတွေ သောကတွေ မနာလို ၀န်တိုဆိုတဲ့ ဣဿာ မစ္ဆရိယတွေ ဖြစိ လာတာ ဓမ္မတာပဲ။

ကြာတော့ တဖြည်းဖြည်း စိတ်ဝမ်းတွေ ကွဲလွဲလာ ကြရင်း နောက်ဆုံး ဇနီးမောင်နှံ ကွဲကြတဲ့အထိ ရောက်ကုန်ကြရော။ မျှော်လင့်ချက် တစ်ခုတည်းနဲ့ လက်တွဲကြသူ မှန်သမျှ ဒီလိုပဲ။ အစမှာတော့ သည်းကြတယ်။ နောက်တော့ ကွဲကြတာပဲ။ မြတ်စွာဘုရား ဟောကြား တာက "မေတ္တာသိနေဟ" မေတ္တာဆိုတာ ခိုင်မြဲအောင် တွဲကပ်ပေးတဲ့ အစေးဓာတ်တဲ့။ ဒီ အစေးဓာတ်မပါရင် ကြာကြာမတွဲနိုင်ဘူး။ ကွဲတတ်ကြတာပဲ။ ခုကာလစကားနဲ့ဆိုရင် ဒီလို စုံတွဲ မျိုးကို ရွှေရည်စိမ်စုံတွဲ၊ ဆေးဆိုးပန်းရိုက်စုံတွဲ၊ ဒါမှမဟုတ် "အင်တွဲ" တွေလို့များ ပြောရမလား ဘဲ။ ဘယ်သူ့ ကိုလို့ ပုဂ္ဂလဓိဋ္ဌာန် ပြောတာ မဟုတ်ဘူးနော်၊ ပတ်ဝန်းကျင်မှာ မြင်ရ ကြားရ တွေ့ ရ တတ်တဲ့ လောက ဓိဋ္ဌာန်သဘော ဓမ္မဓိဋ္ဌာန်သဘောကို ပြောရတာ။

ထိမ်းမြားတယ်ဆိုတာ လူလားမြောက်ပါပြိလို့ ကြွေးကြော်ပြီး လောကဓံကို စိန်ခေါ် လိုက်တာဖြစ်လို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေဖို့ အချိန်မဟုတ်တော့ဘူးနော်။

ဘ၀တစ်သက်တာကို ရည်မှန်းပြီး နှစ်ကိုယ့်တစ်စိတ်နဲ့ အတူလက်တွဲရင်း လောကဓံ တိုက်ပွဲ ကို ရင်ဆိုင်ဖို့ ခြေလှမ်းစကြတာ။ ၀မ်းသမုဒ္ဒရာ မခန်းခြောက်ရအောင် အူသိမ် အူမဆိုတဲ့ မြစ် ချောင်းတွေ မှန်မှန်စီးဆင်းနိုင်ရေးအတွက် ရုန်းကန်လှုပ်ရှား ခြင်းဆိုတဲ့ မိုးလေ၀သ မှန်ကန်ဖို့ အဓိကထားရမယ့် အချိန်ရောက်ပြီ။

ဒီလို ခံယူချက်မျိုး ရှိကြတဲ့ ဇနီးမောင်နှံ ဆိုတာ မူလကတည်းက ဘ၀တစ်သက်တာ အတွက် တူညီတဲ့ ခံယူချက်၊ တူညီတဲ့ ယုံကြည်ချက်တွေနဲ့ လက်တွဲခဲ့ကြတာ ဖြစ်လို့ အဖြစ် မသည်းကြတော့ဘူး။ နာလည်နိုင်စွမ်း၊ ခွင့်လွတ်နိုင်စွမ်း ရှိကြတယ်။ ဘ၀ တစ်သက်တာအထိ အပြန်အလှန် အကျိုးလိုလားတဲ့ မေတ္တာအစေးဓာတ်နဲ့ တွယ်ကပ်ထားတာ ဖြစ်လို့၊ စိတ်မချတာတို့၊ မနာလို ၀န်တိုတာ တို့ဆိုတဲ့ ကိလေသာ အပူဓာတ်လည်း မပြင်းထန် ကြတော့ဘူး

တစ်ချို့ ငယ်ပေါင်း အကြောင်းသိ ဇနီးမောင်နှံတွေ ဆိုရင် ပြောသံ ဆိုသံမှာ နင်- ငါ- ဟေ့- ဟဲ့ ဆိုတဲ့ အသံတွေ လွှမ်းနေတတ်ကြလို့ နဘေးက ကြားရတဲ့သူတွေက ဟုတ်မှ ဟုတ်ပါ့မလား လို့ တောင် ထင်ရတယ်။ ဟန်ဆောင်တာ အဖြစ်သည်းတာတွေ မပါတော့ ပြောသံ ဆိုသံ ကလည်း မပြစ်ချွဲတော့ဘူးပေါ့။ သူတို့ အဖြစ်သည်းတာကိုကြည့်ုပြီး အချစ် နည်းတယ်လို့ မထင်လိုက်လေနဲ့၊ ယုံကြည် စိတ်ချလို့ အနည်ထိုင်ပြီး အချစ်မြဲသွားကြတာ။ အနည်ထိုင်တယ်ဆိုလို့ အသားသေပြီး အေးစက်မာခဲ သွားတယ်လိုလည်း မထင်လေနဲ့  ၊ မဟုတ်ဘူး။ ရှင်သန်နေတဲ့ သစ်ပင်ဟာ အနှစ်လိုပဲ။ မာပေမယ့် မခဲဘူး။ အမြဲကြီးထွားနေတာ။ ပင်စည်နဲ့  လိုက်ဖက်အောင် အနှစ်က ကြီးထွားလိုက်နေကြတာ။ ဒါကြောင့်လည်း သားသမီး တွေကနေ မြေးတွေ မြစ်တွေအထိ အသိုက်အအုံ ကြီးလာလေ သူတို့ မေတ္တာဓာတ်က ကြီးမား ကျယ်ပြန့်လေ ဖြစ်နေကြတာပေါ့။

ဒီနေ့ ဇနီးမောင်နှံစုံတွဲကော ဘယ်အမျိုးအစားထဲ ပါချင်ကြသလဲ။ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရွေးချယ် သတ်မှတ်ပြီး ရောက်နိုင်တဲ့ လမ်းမှန်အတိုင်း စည်းကမ်းကျကျ လျှောက် လှမ်းကြ။ ဘ၀နောင်ရေးနဲ့ ပတ်သက်လို့ ဘယ်ဗေဒင်ကိုမှ မမေးနဲ့၊ ကိုယ်လျှောက်တဲ့ လမ်းပေါ် က မှတ်တိုင်များက ကိုယ့်ဘ၀မှတ်တိုင်ပဲ၊ လမ်းဆုံးမှာရှိတဲ့ ပန်းတိုင်ဟာလည်း ကိုယ်ဆိုက် ရောက်ရမယ့် ပန်းတိုင်ပဲ။ လျှောက်တဲ့လမ်းကတစ်မျိုး၊ ရောက်တဲ့ ပန်းတိုင်က တစ်မျိုးဆိုတာ မရှိဘူး။ ဒါဟာ ဖောက်ပြန် ပြောင်းလဲခြင်း မရှိတဲ့ ကမ္မနိယာမ သဘောပါပဲ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

No comments:

Post a Comment