Tuesday, December 14, 2010

ဓမ္မ

ဒေါသ၊ ဣဿာ၊ အာဃာတ စသော ဖောက်ပြန်မှုများသည် ဟိန္ဒူလည်း မဟုတ်ပေ။ ဗုဒ္ဓဘာသာလည်း မဟုတ်ပေ။ ဂျိန်းလည်း မဟုတ်ပေ။ ဖာရဆီလည်း မဟုတ်ပေ။ မွတ်စလင်လည်း မဟုတ်ပေ။ ခရစ်ယာန်လည်း မဟုတ်ပေ။ ဓမ္မစစ် ဓမ္မမှန်သက်သက်သာဖြစ်သည်။

ဓမ္မသည် စံထားလောက်သည့် နေနည်း ထိုင်နည်း တစ်ခုဖြစ်သည်။ ချမ်းသာသုခရှိစွာဖြင့် နေသော မြင့်မြတ်သည့် နေနည်းထိုင်နည်းဖြစ်သည်။ ငြိမ်းချမ်းမှုရရှိစေသည့် ညစ်ကြေးကင်းစင်သော နိဿရည်းဖြစ်သည်။ အားလုံးကို ကောင်းကျိုးပေးတတ်သည့် ကျင့်ဝတ်ဥပဒေပေါင်းချုပ်ဖြစ်သည်။ ယင်းသည် အားလုံးအတွက်ဖြစ်သည်။

သီလနှင့်ပြည့်စုံခြင်း၊ သမာဓိနှင့်ပြည့်စုံခြင်း၊ ပညာနှင့်ပြည့်စုံခြင်းတို့သည် ဗုဒ္ဓဘာသာတို့၏ ဓမ္မသာဖြစ်ပါသလား။ တခြားပုဂ္ဂိုလ်များ၏ ဓမ္မမဖြစ်ရတော့ဘူးလား။ ရာဂကင်းခြင်း၊ ဒေါသကင်းခြင်း၊ မောဟကင်းခြင်းတို့သည် ဂျိန်းတို့၏ ဓမ္မသာဖြစ်ပါသလား။ တခြားပုဂ္ဂိုလ်တို့၏ ဓမ္မမဖြစ်ရတော့ဘူးလား။ မေတ္တာ၊ ကရုဏာစိတ်ဖြင့် လူ့အကျိုးဆောင်ရွက်သွားခြင်းသည် ခရစ်ယာန်တို့၏ ဓမ္မသာဖြစ်ပါသလား။ တခြားပုဂ္ဂိုလ်များ၏ ဓမ္မ မဖြစ်နိုင်ဘူးလား။ ဇာတ်ခွဲခြားမှု မထားဘဲ လူမှုရေးညီမျှမှုသည် မွတ်စလင်တို့၏ ဓမ္မဖြစ်ပါသလား။ တခြားပုဂ္ဂိုလ်တို့၏ ဓမ္မမဟုတ်နိုင်ဘူးလား။

ဓမ္မကိုကျင့်သုံးဆောက်တည်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ လူဖြစ်ရန်အတွက်ဖြစ်သည်။ လူတော်လူကောင်းဖြစ်ရန်အတွက် ဖြစ်သည်။ လူတော်လူကောင်းဖြစ်လာပါက ဟိန္ဒူကောင်း၊ ဗုဒ္ဓဘာသာကောင်း၊ ဂျိန်းကောင်း၊ မွတ်စလင်ကောင်း၊ ခရစ်ယာန်ကောင်းစသည်တို့ ဖြစ်လာမည်မှာ မလွဲပေ။ လူတော်လူကောင်းမဖြစ်ပါက ဗုဒ္ဓဘာသာ ဖြစ်နေ၍ကော ဘာလုပ်မှာနည်း။ ဟိန္ဒူ၊ ဂျိန်း၊ ခရစ်ယာန်၊ မွတ်စလင်ဖြစ်နေ၍ကော ဘာထူးမှာနည်း။

ဦးဂိုအင်ကာ

ဓမ္မ-ဘ၀တစ်လျှောက်နေသွားနည်း အတတ်ပညာ


ဆက်လက်ဖတ်ရှုရန်

Sunday, December 12, 2010

မလိုချင်ပါမှ လိုချင်တာရမည်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမတော်မူသော တရားတော်

သာသနာဆိုတာ




ကျောင်းရောက်ဖူးသလား




မလိုချင်ပါမှ လိုချင်တာရမယ်




သံဃာကို တကယ်မြင်နိုင်အောင်



ဒီလောက်နဲ့ မကျေနပ်နှင့်


ဆက်လက်ဖတ်ရှုရန်

Tuesday, December 7, 2010

MADE IN JAPAN စစ်စစ်ရမည်




(၁)
ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများ လျှပ်စစ်ပစ္စည်းနှင့်ပတ်သက်တာ ၀ယ်တော့မယ်ဆိုရင် ဂျပန်ကထုတ်တဲ့ Made In Japan ပစ္စည်းတွေဆို ယုံကြည်စိတ်ချမှုအပြည့်နှင့် တန်ဖိုးထားပြီး တခြားနိုင်ငံလုပ်တွေနှင့်ယှဉ်လိုက်လို့ ဈေးဘယ်လောက်ပဲများနေနေ ၀ယ်ယူ အသုံးပြုတတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လျှပ်စစ်ပစ္စည်းဝါသနာပါတဲ့သူတစ်ယောက်ဆိုတော့ ဂျပန်မိတ်ဆို တတ်နိုင်နေလို့ကတော့ ၀ယ်သုံးဖြစ်ပါတယ်။ ဒီဂျပန်ကိုရောက်လာတော့ ဂျပန်မိတ်တွေတော့ ပေါပေါလောလောသုံးရပြီမှတ်တာ။ တကယ်လက်တွေ့ကျတော့ ထင်သလောက်မပေါပါဘူး။ ပေါတာတွေကတော့ ထုံးစံအတိုင် တရုတ်လုပ်တွေပါဘဲ။ (တရုတ်နှင့်ကင်းပြီး နေလို့မရတဲ့ လူ့ဘ၀ပါလားလို့တောင် တခါတခါ ညည်းမိပါသေးတယ်။) ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် ရေရှည်သုံးရမယ့်ပစ္စည်းမျိုးဆိုရင်တော့ တတ်နိုင်သလောက် ဂျပန်ကထုတ်တာကို ရှာဝယ်ဖြစ်ပါတယ်။

အဲဒီလို ဂျပန်မိတ်ပစ္စည်းတွေကို သဘောကျတတ်တဲ့ ကျွန်တော့်ကို မနေ့က မိတ်ဆွေတစ်ယောက်က ဂျပန်မိတ် Product အသစ်တစ်ခုအကြောင်းကို ပြောပြလာပါတယ်။ အင်း...အဲဒီ Product ကိုတော့ ကျွန်တော် ဘယ်လိုပြောရမှန်းမသိတော့လို့ စာဖတ်သူများကို မျှဝေပြီး ဒီဂျပန်ထုတ် Product ကို ကြိုက် မကြိုက် မေးကြည့်ချင်ပါတယ်။

(၂)
မနေ့က မတွေ့တာတော်တော်ကြာပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်နှင့် အသိအိမ်တစ်အိမ်မှာဆုံဖြစ်ပါတယ်။ ဟိုအကြောင်း ဒီအကြောင်း ထွေရာလေးပါး ပြောကြရင်း သူတစ်နေ့က ဘူတာမှာ ကြုံခဲ့ရပုံအကြောင်းကို ဖောက်သည်ပြန်ချပါတယ်။

အဲဒီနေ့က သူဘူတာက အထွက်မှာ သူ့ကို ဂျပန်အမျိုးသမီးနှစ်ဦးက လာနှုတ်ဆက်တယ်တဲ့။ ပြီးတော့ သူတို့နှင့် ကော်ဖီလိုက်သောက်ဖို့ အချိန်ရပါသလားလို့မေးတယ်ဆိုပဲ။ သူကလည်း အားနေတာမို့ အချိန်ရပါတယ်ဆိုပြီး သူတို့တွေနှင့် လိုက်သွားလိုက်တယ်တဲ့။ (ကောင်မလေးနှစ်ယောက်ကခေါ်တာမို့လို့ လိုက်သွားတာလည်း ဖြစ်နိုင်ပါတယ်။ :) )

ဆိုင်ထဲရောက်တော့ အဲဒီအမျိုးသမီး နှစ်ယောက်က မိတ်ဆွေကို သူတို့ရဲ့  ဘာသာထဲကို ၀င်ဖို့ စတင်စည်းရုံးရေးဆင်းပါတော့တယ်တဲ့။ အဲဒါနှင့် ကျွန်တော်က မိတ်ဆွေကို ကြားဖြတ်ပြီး ကင်းမျှော်စင် အဖွဲ့တွေလားလို့ မေးလိုက်ပါတယ်။ သူက မဟုတ်ဘူး။ အခုဟာက အသစ်လို့ ဖြေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီမှာ ကင်းမျှော်စင်အဖွဲ့တွေက အခုလိုမျိုးပဲ။ ဘူတာတွေမှာ အရှေ့ တိုင်းသားရုပ်ပေါက်တဲ့သူတွေကိုဆို လိုက်ပြီးနှုတ်ဆက်၊ ပြီးတော့ သူ့တို့ဘာသာအကြောင်းရှင်းပြ၊ သူတို့ ဘုရားကျောင်းကို အလည်လာဖို့ဖိတ်၊ ပြီးရင် ဖုန်းနံပါတ်တောင်း၊ အိမ်လာလည်၊ ပြီးရင် အိမ်က လူတွေကိုပါ တစ်ခါထပ်ပြီး စည်းရုံးရေးဆင်း။ အဲဒီလိုမျိုးတွေက ဒီမှာ သူတို့အဖွဲ့တွေက လုပ်နေကျဖြစ်နေပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း အဲလိုအလုပ်ခံရဖူးတော့ မေးကြည့်မိလိုက်တာပါ။ သူက အသစ်လို့ပြောတော့ တော်တော်လေး စိတ်ဝင်စားသွားတယ်။

(၃)
ကျွန်တော့်မိတ်ဆွေက ဆက်ပြောပါတယ်။ အမျိုးသမီးနှစ်ယောက်ကို သူက ခင်ဗျားတို့ဘာသာက ဘာလဲလို့မေးတော့ ဗုဒ္ဓဘာသာလို့ဖြေတယ်တဲ့။ ဒါနဲ့ သူက ငါလည်း ဗုဒ္ဓဘာသာပဲလေ လို့ ပြန်ဖြေတော့ သူတို့က မတူဘူးလို့ပြောပါတယ်တဲ့။ ဘယ်လိုကွာလို့လဲလို့ မေးတော့ သူတိုတွေဖြေပုံက..... အခု သူတို့ကိုးကွယ်တဲ့ ဘုရားက အခုနောက်ဆုံးပွင့်ခဲ့တဲ့ ဘုရားနှင့် အရှေ့ အရှေ့ ပွင့်ခဲ့တဲ့ ဘုရားတွေထက် ရှေးနှစ်ပေါင်းများစွာ (ဘယ်လောက်လောက်လဲတော့ မသိပါ) စောပြီး ပွင့်ခဲ့တဲ့ဘုရားဖြစ်ပါတယ်တဲ့။ အဲဒီ Senior ဘုရားကြီးရဲ့  အဆုံးအမတရားတွေကို နောက်နောက် Junior ဘုရားများက လိုက်ဟောကြတာဖြစ်ပါတယ်တဲ့။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ အဲဒီ သူတို့ရဲ့  ဘုရားကြီးဟာ ဂျပန်ပြည်မှာ ပွင့်ခဲ့တာ ဖြစ်ပါတယ်တဲ့။ ဒါကြောင့် သူတို့ရဲ့  ဗုဒ္ဓဘာသာဟာ အစကနဦးရဲ့  အစကနဦး (ဂျပန်လိုဆိုရင် Moto Moto ) ဖြစ်လို့ နေနှင့်အလားသဏ္ဍာန်တူပါတယ်တဲ့။ အိန္ဒိယမှာ ပွင့်တဲ့ဘုရားက သူတို့ ဘုရားကြီးရဲ့  အဆုံးအမကို မှီပြီး ဟောကြားရတာဖြစ်လို့မို့ လနှင့် အလားသဏ္ဍာန် တူပါတယ်လို့ ဆိုပါတယ်။

ကျွန်တော့်မိတ်ဆွေကလည်း ဘာသာရေးဗဟုသုတအတော်လေး ရှိထားတဲ့သူမို့ သူတို့ကို ပြန်ပြီးမေးခွန်းတွေမေးခဲ့ပါတယ်။ သူက ငါတို့ဘာသာမှာ လူတွေလိုက်နာဖို့ ငါးပါးသီလဆိုတာရှိတယ်။ ခင်ဗျားတို့ ဘာသာမှာကော လိုက်နာဖို့ ဘာသတ်မှတ်ထားလဲလို့ မေးတော့။ သူတို့ဖြေပုံက ငါးပါးသီလဆိုတာ လိုက်နာဖို့သတ်မှတ်ထားပေမယ့်လို့ ဘယ်သူမှ ထိထိရောက်ရောက် မလိုက်နာနိုင်ကြပါဘူး။ ဒါကြောင့် သူတို့ဘာသာမှာ လိုက်နာဖို့ ဘာမှ မသတ်မှတ်ထားပါဘူးတဲ့။ ဒါဆို ခင်ဗျားတို့ဘာသာရဲ့  ကျင့်စဉ်အနေနှင့် ဘာရှိလဲလို့ မေးတော့ သူတို့ဘာသာရဲ့  အဓိကအချက်က စိတ်ကောင်းမွေးဖို့ပါပဲ တဲ့။ ကိုယ့်မှာ စိတ်ကောင်းရှိလာတဲ့အခါကျရင် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကိုလည်း စိတ်ကောင်းရှိလာအောင် လုပ်ပေးရမယ်။ ဒီလောက်ပါဘဲလို့ ဆိုပါတယ်။ အဲဒီလိုစိတ်ကောင်းမွေးတော့ အကျိုးကျေးဇူးအနေနှင့် ဘာရှိမလဲလို့ မေးတော့ သူတို့တွေမှာ စိတ်ညစ်တယ်ဆိုတာ မရှိတော့ပဲ အမြဲတမ်းပျော်ရွှင်နေပါတယ်တဲ့။ သူတို့ ဘာသာဝင်တွေအားလုံးဟာ အမြဲတမ်း ပျော်ရွှင်နေကြသူတွေဖြစ်ပါတယ်လို့ ဆိုပါတယ်။ သူတို့ပြောပုံက အခုလူတွေကို ကြည့်လိုက်ရင် အမြဲတမ်း Stress တွေနှင့် စိတ်ပင်ပန်း၊ စိတ်ညစ်နေကြတယ်တဲ့။ တကယ်လို့ သူတို့ဘာသာထဲကိုသာ ၀င်လိုက်ရင် အဲဒီပြဿနာမျိုး မဖြစ်တော့ပဲ အားလုံးဟာ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်ဖြစ်လာကြမယ်လို့ ဆိုပါတယ်။

(၄)
ဆက်ပြီး ပြောတာကတော့ သူတို့ဘာသာမှာ ဘုန်းကြီးဆိုတာလည်း မရှိဘူး။ အရိုအသေပြုစရာလည်း မလိုပါဘူးတဲ့။ ရုပ်တုကိုးကွယ်မှုတွေကိုလည်း မလုပ်ရဘူး။ လုပ်စရာ မလိုပါဘူးတဲ့။ အိမ်မှာ ဆင်းတုတော်တွေရှိရင် အဲဒါတွေကို စွန့်ပစ်လိုက်ပါ။ ဖျက်ဆီးပစ်လိုက်ပါလို့ဆိုပါတယ်။ သူတို့ဘာသာထဲဝင်လာတဲ့ ဗုဒ္ဓဘာသာတစ်ဦးဆိုရင် သူ့အိမ်မှာရှိတဲ့ဆင်းတုတော်ကို ဓါးနှင့်ခုတ်ပစ်လိုက်တယ်လို့ဆိုပါတယ်။ (တဆင့်ပြန်ကြားရတာတောင် ကျောတော်တော်ချမ်းသွားမိပါတယ်။)

ကျွန်တော့်မိတ်ဆွေလည်း အဲဒီစကားတွေကြားတော့ တော်တော်လေးစိတ်ညစ်သွားပါတယ်။ သူတို့ကလည်း အတင်းကို သူတို့ဘာသာကိုဝင်ဖို့၊ သူတို့ရဲ့  ဘုရားကျောင်းရှိတဲ့ဆီ လာလည်ဖို့တွေပြောပါတယ်။ နောက်ဆုံး ကျွန်တော့်မိတ်ဆွေလည်း အပြတ်ပြောမှ ဖြစ်တော့မယ်စိတ်ကူးပြီး ခင်ဗျားတို့ဘာသာမှာ မွေးဖွားမှုတွေ ချုပ်ငြိမ်းသွားတဲ့ ဖြစ်စဉ်မျိုးရှိလားလို့ မေးပါတယ်။ ဒီတော့ သူတို့က မရှိကြောင်း။ လူတွေက သေပြီးရင် နောက်တဖန်ပြန်ဖြစ်ရအုံးမယ်လို့ ပြန်ဖြေပါတယ်တဲ့။ မိတ်ဆွေက တစ်ခါ ခင်ဗျားတို့ ဘာသာမှာ လူတွေ မိုးပေါ်မှာ ပျံတာမျိုး၊ လမ်းလျှောက်တာမျိုးတွေ လုပ်လို့ရလား၊ ကမ္ဘာကြီးကို ပတ်ကြည့်လို့ရလားလို့ မေးတော့ အဲဒီအမျိုးသမီးနှစ်ယောက် တော်တော်ခေါင်းစားသွားကြပါတယ်။ သူတို့က လေယာဉ်ပျံနှင့်ပတ်မှာလားလို့ ပြန်မေးတော့။ မဟုတ်ဘူး ခြေထောက်နှစ်ချောင်းနှင့်ဘဲ ကောင်းကင်ပေါ်မှာ သွားမှာလို့ပြောတော့ သူတို့က မဖြစ်နိုင်ကြောင်း ပြန်ဖြေပါတယ်။ ဒီတော့မှ ကျွန်တော့်မိတ်ဆွေက ငါတို့ ဘာသာမှာ မွေးဖွာမှုတွေ ချုပ်ငြိမ်းသွားတဲ့ ဖြစ်စဉ်ဆိုတာရှိတယ်။ ငါတို့က အဲဒီဖြစ်စဉ်ကို ရောက်ဖို့အတွက် ကြိုးစားနေကြတာ။ ငါတို့ဘာသာမှာ ကောင်းကင်ပေါ်မှာ လမ်းလျှောက်နိုင်တဲ့ ကျင့်စဉ်တွေ၊ ကမ္ဘာကို ဒီအတိုင်းပတ်နိုင်တဲ့ ကျင့်စဉ်တွေရှိတယ်။ အဲဒါတွေကို ကျင့်ပြီး တကယ်လုပ်နိုင်တဲ့သူတွေလည်း ရှိတယ်။ ဒီတော့ ခင်ဗျားတို့ ဘာသာမှာ ဒါမျိုးတွေမရှိတော့ ငါ့အနေနှင့်ကတော့ ပိုက်ဆံကို ဒေါ်လာသန်းနှင့်ချီပေးပြီး (ဂျပန်ယန်း အိုခု လိုက်ပေးပြီး) ဘာသာပြောင်းခိုင်းရင်တောင် မဖြစ်နိုင်ပါဘူးလို့ ပြောလိုက်ပါတော့တယ်။

(၅)
ဒီလိုပြောလို့လည်း သူတို့က လက်လျှော့မသွားပဲ ဒါဆိုလည်း စဉ်းစားပါအုံး။ စာအုပ်တွေလည်း လေ့လာကြည့်ပါဆိုပြီး ပေးပါတယ်တဲ့။ မိတ်ဆွေကလည်း စိတ်ချဉ်ချဉ်ရှိတာနဲ့ ငါက ဂျပန်စကားပဲပြောတတ်တာ၊ စာတော့မဖတ်တတ်ဘူးလို့ ပြောပြီး မယူခဲ့ပါဘူးတဲ့။ ဒါဆိုလည်း သူတို့ သုံးပတ်စောင့်ပါ့မယ်။ ထပ်စဉ်းစားပေးပါ ဆိုပြီး ဖုန်းနံပါတ်တွေပေးသွားပါတယ်တဲ့။

ကျွန်တော်က အဲဒီဘာသာကို ဘယ်လိုခေါ်တယ်လို့ပြောလဲဆိုတော့ မိတ်ဆွေက ပြောတော့ပြောသွားတယ်။ သဲသဲကွဲကွဲ နားမလည်လိုက်ဘူးလို့ပြန်ဖြေပါတယ်။ နောက် သူတို့ ဘာသာအကြောင်း ရေးထားတဲ့ စာအုပ်ဆိုတာတွေကကော ဘာခေါင်းစဉ်တွေလဲ ဆိုတော့ သူက စိတ်မ၀င်စားတာနှင့် သေသေချာချာကို မကြည့်ဖြစ်ခဲ့လိုက်ဘူးလို့ ပြောပါတယ်။ ဒါဆို အခုဖုန်းနှင့်မေးလို့ရရင် မေးကြည့်ပါလားလို့ သူ့ကို မေးခိုင်းလိုက်တော့ သူတို့ဘာသာအကြောင်းနှင့်ပတ်သက်တာကို လေ့လာနိုင်တဲ့ စာအုပ်အကြောင်းကို SMS နှင့်ပို့လာပါတယ်။ နောက် SMSထဲမှာရေးထားတာက အပြင်စာအုပ်ဆိုင်တွေမှာ ၀ယ်လို့မရတဲ့အကြောင်း။ ဖတ်ချင်ရင် သူတို့ဆီက ငှားဖတ်မှ ရမယ့်အကြောင်း ပြောထားပါတယ်။

(၆)
ကျွန်တော်လည်း စာအုပ်အကြောင်းအရာကို အင်တာနက်မှာ ရှာကြည့်တော့ တွေ့တော့တွေ့ပါတယ်။ တွေ့တာတွေအရကတော့ အဲဒီဘာသာဟာ မဟာယာနကနေဆင်းသက်လာတာပါဘဲ။ အဲဒီအမျိုးသမီးနှစ်ဦး ပြောသွားတဲ့ အသေးစိတ်အကြောင်းအရာမျိုးတွေတော့ မပါပါဘူး။ ကျွန်တော်ပဲ ဂျပန်စာကို အင်္ဂလိပ်လိုပြောင်းရှာလို့များလားတော့မသိပါဘူး။

ဘာသာရေးပညာရှင်များနှင့်စိတ်ဝင်စားသူများ လေ့လာနိုင်အောင် အောက်မှာ Reference တွေ ထည့်ပေးလိုက်ပါတယ်။

日蓮大聖人の折伏理論書 (Nichiren dai seijin no shakubuku riron-sho)

ဒါက SMS က ပို့ပေးလိုက်တဲ့ ဖတ်ရမယ့်အကြောင်းအရာပါ။

ကျွန်တော် ဆက်ရှာဖြစ်တဲ့လင့်ခ်တွေက
http://en.wikipedia.org/wiki/Nichiren_Buddhism
http://en.wikipedia.org/wiki/S%C5%8Dka_Gakkai
http://www.sgi.org/

Website စာမျက်နှာတွေအရဆိုရင်တော့ ဒီအဖွဲ့အစည်းဟာ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့်နှင့် လှုပ်ရှားနိုင်နေတာကို တွေ့ရပါတယ်။ သူတို့ ဘယ်လိုတွေနှင့် လူတွေကို စည်းရုံးရေးဆင်းနေသလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လူသားတိုင်း မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြပါတယ်။ တခြားဘာသာတွေကလည်း သူတို့ဘာသာအတွက် သူတို့နည်းသူတို့ဟန်နှင့် စည်းရုံးရေးတွေလုပ်နေကြပါတယ်။ ပြဿနာမရှိပါဘူး။ ထေရ၀ါဒ၊ မဟာယာန ဗုဒ္ဓဘာသာဝင်တွေကလည်း သာသနာပြုလုပ်ငန်းတွေကို ပုံစံအမျိုးမျိုးနှင့် ကမ္ဘာတစ်လွှားမှာ လုပ်နေကြပါတယ်။ ပြဿနာ မရှိပါဘူး။ ဒါပေမယ့်အခုလို ဗုဒ္ဓဘာသာခေါင်းစဉ်တပ်ပြီး သမိုင်းအထောက်အထား၊ စာပေအထောက်အထား၊ တရားသားလေးနက်မှု ဘာမှ မယ်မယ်ရရ ခိုင်ခိုင်မာမာမရှိဘဲ စည်းရုံးလှုပ်ရှားနေတာကတော့ ပြဿနာရှိတယ်လို့မြင်ပါတယ်။ တခြားဘာသာဝင်တွေဘက်ကကြည့်ရင် ဒီလူတွေကိုလည်း ဗုဒ္ဓဘာသာဝင်တွေလို့ပဲ မြင်စရာရှိပါတယ်။ အထင်အမြင်သေးစရာဖြစ်နိုင်ပါတယ်။

ကျွန်တော့်ဘက်က ဒီအဖွဲ့အစည်းအကြောင်းကို ဆက်လက်လေ့လာဖို့ရန်မှာ ဘာသာစကားအခက်အခဲ၊ ပညာရပ်ဆိုင်ရာ အခက်အခဲများရှိနေပါတယ်။ ဖြစ်နိုင်ရင် တတ်သိနားလည်တဲ့ပုဂ္ဂိုလ်များက ဒီအဖွဲ့အစည်းအကြောင်းကို ဆက်လက်လေ့လာဖော်ထုတ်ရေးသားမှုပြုပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။ Made In Japan ကို သဘောကျတဲ့ ကျွန်တော် ဒီတစ်ခါ Made In Japan ဗုဒ္ဓဘာသာကိုတော့ အတော်လေး လန့်သွားမိပါတယ်။ စာဖတ်သူများကော ဒီ ဂျပန်မိတ်စစ်စစ်ကို ဘယ်လိုသဘောရပါသလဲ ခင်ဗျား။


လေးစားစွာဖြင့်
ဝိမုတ္တိသုခ


ဆက်လက်ဖတ်ရှုရန်

Friday, December 3, 2010

Power ကူးစက်ခံရခြင်း (၄)



ဒီနှစ်ထဲမှာ Meme ဆိုတဲ့ စကားတစ်လုံးလည်း ခေါင်းထဲဝင်နေတာ အတော်လေးကြာပါပြီ။ သူကတော့ Gene နှင့် အသံထွက်ကာရံတူတဲ့ အဲဒီဂျင်းနှင့် အုပ်စုတူအဖွဲ့ထဲက စကားအသုံးအနှုန်းတစ်ခုပါပဲ။ လွယ်လွယ်နားလည်အောင်ပြောရရင်တော့ Meme က ဗိုင်းရပ်စ်ပိုးလိုမျိုးပါပဲ။ လူတစ်ဦးရဲ့  စိတ်ထဲမှာရှိနေတဲ့ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှု၊ ၀တ်ပုံစားပုံ၊ နေပုံထိုင်ပုံတွေ၊ ခံယူချက်တွေ၊ စရိုက်ဝါသနာတွေဟာ သူနှင့်ထိစပ်နေတဲ့ တခြားသူတွေဆီကို ကူးစက်ပျံ့ နှံ့ သွားနိုင်ပါတယ်။ ရောဂါပိုးကူးစက်သလိုမျိုး ကူးစက်သွားတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စတင်တွေ့ရှိခဲ့တဲ့သူက ဗြိတိသျှသိပ္ပံပညာရှင် Richard Dawkins ဖြစ်ပါတယ်။ ၁၉၇၆ခုနှစ်က သူရေးခဲ့တဲ့ The Selfish Gene ဆိုတဲ့စာအုပ်မှာ အဲဒီ Meme အကြောင်းကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီMeme ဟာ တစ်ယောက်ကနေ တခြားတစ်ယောက်ဆီကို ကူးစက်သွားတဲ့အခါမှာ ဒုတိယကူးစက်ခံရတဲ့သူဆီမှာ သူက ပုံစံတစ်မျိုးပြောင်းသွားနိုင်ပါတယ်။ အဲဒီလိုပြောင်းသွားတဲ့ပုံစံနှင့် အခြားနောက်တစ်ယောက်ဆီကို ထပ်မံကူးစက်ပါတယ်။ နောက်ထပ်ကူးစက်ခံရတဲ့သူဆီမှာ ပုံစံနောက်ထပ်တစ်မျိုး ထပ်ပြောင်းသွားနိုင်ပါတယ်။ ဒီလိုမျိုးနှင့် နောက်တစ်ယောက် နောက်တစ်ယောက် ဆင့်ကဲဖြစ်စဉ်အနေနှင့် ကူးစက်သွားပါတော့တယ်။ ဒီလိုပုံစံပြောင်းလဲသွားတဲ့အခါမှာ မူလပထမပုံစံထက် ပိုကောင်းသွားနိုင်သလို ပိုလည်းဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ အကူးစက်ခံလူတွေ (Host) အပေါ် အရင်ကထက်ပိုလည်း ကောင်းသွားစေနိုင်သလို ပိုလည်းပျက်စီးဆုတ်နစ်သွားစေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့တွေဟာ မိမိပတ်ဝန်းကျင်နှင့် ဆက်ဆံပတ်သက်ရတဲ့ အချိန်တိုင်းမှာ အမြဲသတိရှိဖို့ လိုအပ်နေတယ်ဆိုတာကို ထင်ရှားလာစေပါတယ်။ လူတစ်ယောက်နှင့် ဆက်ဆံလိုက်တိုင်းမှာ သူ့ဆီက Meme က ကိုယ့်ဆီကို ကူးစက်လာသလို၊ ကိုယ့်ရဲ့  Meme ကလည်း သူ့ဆီကို ကူးစက်သွားပါတယ်။

ရောဂါပိုးကူးစက်ပုံနှင့် နှိုင်းယှဉ်စဉ်းစားကြည့်ရင် ရောဂါပိုးတစ်ခု ကိုယ့်ဆီကူးစက်မလာစေဖို့မှာ ကိုယ်ကိုယ်တိုင်က အနေအထိုင်၊ အသွားအလာ၊ အစားအသောက်ကို သတိပြုဆင်ခြင်ရသလို ကိုယ်ခံအားကောင်းနေဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါမှသာ မိမိဆီကို ရောဂါဝင်ရောက်မလာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ဘက်က ကိုယ်ခံအားကျနေပြီဆိုရင်တော့ ဘာမဟုတ်တဲ့ ရောဂါသေးသေးလေးကလည်း ကိုယ့်ကို ဒုက္ခအများကြီးပေးနိုင်ပါတယ်။

Meme ကလည်း ဒီအတိုင်းပါပဲ။ ကိုယ်ကလူကြားထဲမှာနေရင် ပတ်ဝန်းကျင်လူတွေဆီက Meme Virus တွေက ကိုယ့်ဆီကို ရိုက်ခတ်ပါလိမ့်မယ်။ ပူးဝင်ကူးစက်နိုင်ဖို့ ကြိုးစားကြပါလိမ့်မယ်။ လူတွေနှင့် တိုက်ရိုက် အပြင်မှာထိတွေ့ ဆက်ဆံပတ်သက်နေရုံတင်မကပါဘူး။ အခုခေတ်မှာ တီဗွီတွေ၊ ရေဒီယိုတွေ၊ အင်တာနက်တွေ၊ တယ်လီဖုန်းတွေကနေတဆင့်လည်း Meme ဗိုင်းရပ်စ်က အလွယ်တကူ ကိုယ့်ဆီကို ကူးစက်လာနိုင်ပါတယ်။

ဗိုင်းရပ်စ် အကူးခံရမှာစိုးလို့မို့ လူကြားထဲမသွား၊ လူတွေနှင့်မပေါင်း၊ အင်တာနက်မသုံး၊ တီဗွီမကြည့်ပဲနေလို့လည်း ဖြစ်တဲ့ခေတ်မဟုတ်တော့ ကိုယ့်ဘက်က ကိုယ်ခံအားကောင်းအောင် လုပ်ရုံမှတစ်ပါး အခြားမရှိလို့ပဲပြောရမှာပါပဲ။

(ဆက်ရန်)

ဆက်လက်ဖတ်ရှုရန်

Tuesday, November 30, 2010

Power ကူးစက်ခံရခြင်း (၃)


ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာ ဆရာနေဇင်လတ် ရဲ့  စာအုပ်တစ်အုပ်ဖတ်မိရာကစလို့  Power ဆိုတဲ့စကားလုံးက အတွေးထဲကို ရောက်ရောက်လာပါတယ်။ ဆရာကတော့ အဲဒီစာအုပ်ထဲက ဆောင်းပါးတွေထဲမှာ Power အမျိုးမျိုးအကြောင်းကို အကျယ်ချဲ့ ပြီးရှင်းပြထားလေရဲ့ ။ Personal Power က စလို့  Positional Power, Constitutional Power, Social Power, Economic Power, Military Power, National Power, Technical Power, Political Power, Intuitive Power, Charismatic Power စသည်ဖြင့်ပေါ့။ နောက် ပါဝါတွေကို အုပ်စုလိုက် အမျိုးအစားတွေခွဲပြပြီး ရှင်းပြထားပါသေးတယ်။

ပါဝါရဲ့ အဓိပ္ပါယ်ကလည်း အသုံးပြုတဲ့နယ်ပယ်ပေါ်မူတည်ပြီး အမျိုးမျိုးဖွင့်ဆိုပုံကွဲပြားတယ်။ အဲဒီအဓိပ္ပါယ်တွေအများကြီးထဲမှာ “Power is the ability to influence the behavior of others.” ဆိုတဲ့ အဓိပ္ပါယ်က ကျွန်တော်အခုရေးနေတဲ့ အကြောင်းအရာနှင့် အနီးစပ်ဆုံးတူနေတာကို သတိပြုမိပါတယ်။ ပြောရရင် အခြေခံအကျဆုံးဖြစ်တဲ့ Personal Power ပေါ့။ လူတစ်ဦးဆီ တစ်ဦးဆီက မိမိတို့ရဲ့ ကိုယ်ပိုင်ပါဝါကို တိုးတက်ဖွံ့ ဖြိုးလာအောင် ကြိုးစားနိုင်ကြရင် ပတ်ဝန်းကျင်မှာ ဘာများဖြစ်လာနိုင်မလဲလို့ တွေးမိတဲ့သဘောပါ။

ဆရာနေဇင်လတ်ရဲ့ စာထဲမှာ မဟတ္တမဂန္ဒီကြီးနှင့် Personal Power ကို ဥပမာပေးထားတာတွေ့ရပါတယ်။ ဂန္ဒီကြီးရဲ့  Personal Power အားကောင်းမှုဟာ အိန္ဒိယတမျိုးသားလုံးရဲ့  နယ်ချဲ့ ဆန့်ကျင်ရေးစွမ်းအား People Power ကို ဖြစ်စေခဲ့တယ်တဲ့။

ဆရာ့စာကိုဖတ်ရင်း လူတစ်ဦးချင်းဆီရဲ့  Personal Power က အားကောင်းရင် ကောင်းသလောက် ပတ်ဝန်းကျင်ကို ရိုက်ခတ်နိုင်၊ ကူးစပ်နိုင်ပြီး အားကြီးတဲ့ အင်အားထု၊ အသိုင်းအ၀န်းတစ်ခု၊ နောက်ဆုံး Revolution တစ်ခုအထိ ဖြစ်သွားနိုင်စေတဲ့အကြောင်းကို ကိုယ့်ဖာသာဆက်တွေးမိပါတယ်။ (စာဖတ်သူများကိုလည်း ဒီအကြောင်း ဆက်ပြီးတွေးစေချင်ပါတယ်။)

လောကရဲ့ အထွဋ်အမြတ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ရဲ့  Personal Power အားကောင်းမှုကို သာဓကအဖြစ် ယူကြည့်မိပါတယ်။ အရှင်မြတ်ရဲ့ ပါရမီအဟုန်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ Personal Power ကြီးမှာ သဗ္ဗေညုတဉာဏ်တော်ကြီးနှင့် ပေါင်းစပ်လိုက်တော့ Dhamma Power ကိုပါ ထပ်ဖြစ်စေပြီး တစ်လောကလုံးအတွက် နိဗ္ဗာန်လမ်းစဉ်ကို ဦးဆောင်ခေါ်ယူနိုင်ပါတော့တယ်။ အရှင်မြတ်နှင့် တွေ့ကြုံဆုံတွေ့လိုက်ရတဲ့သူတိုင်းဟာ အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်မှု၊ အေးချမ်းမှုကို ရရှိခံစားသွားတတ်ကြပါတယ်။ အနိမ့်ဆုံးအဆင့် ရန်ပြုဖို့လာတဲ့သူတောင်မှ အရှင်မြတ်ရဲ့ သာဝကအဖြစ် ကို ကျေကျေနပ်နပ်ရောက်သွားကြရတယ်။ သတ္တ၀ါတွေရဲ့  သံသရာအစဉ်အဆက်က စွဲကိုင်လာခဲ့ကြတဲ့ အတ္တနှင့်ယှဉ်တဲ့ အယူမှားတွေကိုစွန့်လွှတ်လိုက်ကြပြီး အနတ္တလမ်းအတွက် Revolution အသစ်တစ်ခုကို စတင်နိုင်ခဲ့ပါတယ်။

Personal Power အကြောင်းတွေးနေတုန်း တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဟိုးရက်အနည်းငယ်က ဒီဂျပန်ကို ကမ္ဘာ့ဗုဒ္ဓသာသနာပြုပီနန်ဆရာတော်ကြီး ကြွရောက်သီတင်းသုံးခဲ့ပါတယ်။ ဆရာတော်ကြီးကို အနီးကပ်လေ့လာတော့လည်း ဆရာတော်ကြီးရဲ့  Personal Power အားကောင်းမှုကို သတိထားမိဖြစ်ခဲ့တယ်။ ဆရာတော်ကြီးရဲ့  လုပ်ရင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်၊ ဘာအခက်အခဲပဲရှိရှိ နောက်ဆုတ်ဖို့အစီအစဉ်မရှိတဲ့ ဇွဲလုံ့လ၊ မိမိကိုယ်တိုင်နှင့် တပည့်ဒကာဒကာမတွေကို Control လုပ်နိုင်တဲ့ Leadership ကျွမ်းကျင်မှုတွေကို ဖူးလိုက်ရတဲ့အချိန် ခဏလောက်မှာတင် အကဲခတ်မိလိုက်ပါတယ်။ ဒါကြောင့်လည်း ဒီလောက်ကြီးကျယ်တဲ့ သာသနာပြုအလုပ်တွေကို အောင်အောင်မြင်မြင် လုပ်နေနိုင်တာကိုးလို့  စိတ်ထဲရှင်းရှင်းလင်းလင်း သဘောကျကျေနပ်မှုဖြစ်ခဲ့ပါတယ်။

ဒီရက်ပိုင်းထဲမှာပဲ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ နေ့စဉ် အွန်လိုင်းမှာရှိသမျှ အန်တီစုရဲ့ သတင်းတွေ အင်္ဂလိပ် မြန်မာ သတင်းမှန်သမျှ လိုက်ရှာဖတ်၊ နားထောင်၊ ကြည့်ရှုဖြစ်တော့ အန်တီ့ရဲ့  Personal Power ကလည်း အရှိန်အဟုန် ကြီးကြီးနှင့် တစ်ကမ္ဘာလုံးကသူတွေဆီ ရိုက်ခတ်နိုင်တာကို တွေ့လိုက်ရပါတယ်။ ပင်ကိုယ်ကအရည်အချင်းပြည့်ဝခဲ့သူဖြစ်တဲ့အပြင် မိမိအကျိုး၊ မိသားစုအကျိုးကို မငဲ့ဘဲ လူတွေအပေါ်ထားတဲ့ သူ့ရဲ့  စေတနာ၊ မေတ္တာဓာတ်က လူတွေရဲ့  စိတ်ဘ၀င်ကို ခိုက်စေပါတယ်။ သူနိုင်ငံခေါင်းဆောင်ဖြစ်လာမှာကို ကြိုက်တဲ့သူလည်းရှိနိုင်သလို၊ မကြိုက်တဲ့သူတွေလည်းရှိနေမယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူဟာ ကမ္ဘာ့လူထုက အသိအမှတ်ပြု ဦးညွှတ်လိုက်ရတဲ့ စံပြအမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူငြင်းနိုင်မှာလဲ။

ဒီလို တိုင်းကျော် ပြည်ကျော် ကမ္ဘာကျော်အောင် Personal Power ကောင်းကြတဲ့ သူတွေရှိသလို ကိုယ်နေထိုင်လှုပ်ရှားနေရတဲ့ ၀န်းကျင်သေးသေးလေးထဲမှာပဲ မိမိရဲ့ Personal Power နှင့် ကိုယ်နှင့်တွေ့ကြုံထိစပ် ဆက်ဆံနေရတဲ့သူတွေကို အလင်းဓာတ် ပေးနေတဲ့သူတွေလည်း နေရာအနှံ့မှာ ရှိနေကြတာပါပဲ။

(ဆက်ရန်)

ဆက်လက်ဖတ်ရှုရန်

Monday, November 29, 2010

Power ကူးစက်ခံရခြင်း (၂)



မြန်မာစကားမှာ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုတာရှိပါတယ်။ မိမိပတ်ဝန်းကျင်ပေါ်မူတည်ပြီး လူတွေရဲ့  အပြုအမူ၊ အနေအထိုင်၊ ဓလေ့စရိုက်တွေ ကူးစက်ပြောင်းလဲသွားတတ်ပုံကို ညွှန်းဆိုချင်တဲ့ ဆိုရိုးစကားအဖြစ် အပြောများကြပါတယ်။

ကျွန်တော်တို့ရဲ့  နေ့စဉ်ဘ၀မှာ ပတ်ဝန်းကျင်က ကိုယ်အမြဲလို တွေ့မြင်ဆက်ဆံနေရသူတွေက ကိုယ့်ရဲ့  နေမှုထိုင်မှုပုံစံ၊ တွေးပုံခေါ်ပုံတွေအပေါ်မှာ သိသိသာသာရော၊ မသိမသာပါ လွှမ်းမိုးမှုလုပ်နိုင်ကြပါတယ်။

ကလေးတွေ အရွယ်ငယ်ငယ်ကဆို အိမ်က လူကြီးတွေ လုပ်တာကိုင်တာ ပြောတာဆိုတာတွေကို လိုက်ပြီးအတုခိုးလုပ်တတ်ကြတယ်။ နဲနဲလေးအသက်ကြီးလာတော့ ကိုယ်ခင်တဲ့သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ကိုယ့်ထက်အသက်ကြီးတဲ့ သူတွေကိုပဲဖြစ်ဖြစ် အတုခိုးပြန်တယ်။ ဒီလိုနှင့် အရွယ်ရောက်လာတဲ့အချိန်မှာ ကိုယ်သဘောကျတဲ့ မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေကို အတုခိုးမိတတ်ပြန်တယ်။ ဒီထက်ပိုကြီးလာ အတွေ့အကြုံပိုများလာတော့ ကိုယ်ဖတ်တဲ့စာတွေ၊ ကိုယ်နှင့်နီးစပ်တဲ့သူတွေဆီကနေ အမူအကျင့်တွေ၊ အတွေးအခေါ်တွေကို အတုခိုးမိကြပြန်ပါရော။

ကိုယ်ကိုယ်တိုင်က စိတ်လိုလက်ရနှင့် အတုခိုးမိတာရှိသလို ကိုယ်မသိလိုက်ပဲလည်း ပတ်ဝန်ကျင်ကလူတွေရဲ့  အမူအကျင့်တွေ၊ လုပ်ပုံကိုင်ပုံတွေက ကိုယ့်ဆီကူးစက်သွားတာမျိုးလည်း ရှိတတ်ပြန်ပါတယ်။

ရွှေဥဒေါင်းစာအုပ်တွေအမြဲဖတ်တဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဟာ သူရေးတဲ့စာတွေနှင့် သူပြောတဲ့စကားတွေမှာ ရွှေဥဒေါင်းလေသံထွက်ထွက် နေတတ်ပါတယ်။ ဆရာတော်ကြီးတစ်ပါးရဲ့  တရားခွေကို အမြဲနာတတ်တဲ့ မိတ်ဆွေတစ်ယောက်ကျတော့ သူ့လေသံက ဆရာတော့်လေသံဖြစ်ဖြစ်နေလို့ စိတ်ထဲက ရယ်ချင်ခဲ့မိဖူးပါတယ်။ ဂျပန်နိုင်ငံမှာ အနေကြာသွားတဲ့ မြန်မာတွေ မြန်မာစကားပြောရင် ဂျပန်စကားပြောသလိုပဲ အပိုဒ်တွေခွဲခွဲပြီး ဂျပန်လေယူလေသိမ်းနှင့် ပြောကြတာကို ကျွန်တော်ဒီရောက်ခါစက ကြားနေကျမဟုတ်တော့ ဒီလူတွေ မြန်မာပြည် ဘယ်နယ်ကလဲမသိဘူးလို့ တွေးမိခဲ့ဖူးပါသေးတယ်။

ဆရာတော်တစ်ပါးက သူ့ရဲ့ စာအုပ်တစ်အုပ်ထဲမှာ တရားအားထုတ်မယ့်ယောဂီတွေအတွက် လိုက်နာသင့်တဲ့အချက်တွေအဖြစ် ဖော်ပြထားတာက ယောဂီတွေအနေနှင့် နည်းမှန်လမ်းမှန်းနှင့် တရားကို အခြေခံကျကျ သဘောထားမှန်မှန်နှင့် အမြဲ ကြိုးစားအားထုတ်နေဖို့လိုအပ်သလို အခြားတစ်ဘက်မှာလည်း မြတ်စွာဘုရားရှင်ရဲ့  ကြည်ညိုဖွယ်ရာ ဂုဏ်တော်တွေ၊ စိတ်ထားတော်တွေထဲက မိမိနှစ်သက်ရာ ဂုဏ်တော်တစ်ခုခုကို အာရုံပြုနှလုံးသွင်းနေဖို့လိုအပ်ပါတယ်တဲ့။ ဒီလိုနှလုံးသွင်းခြင်းအားဖြင့် မြတ်စွာဘုရားရှင်ရဲ့  မြင့်မြတ်တဲ့ဂုဏ်တော် အရည်အသွေးတော်ဟာ မိမိဆီကို ကူးစက်လာပြီး ကိုယ်တိုင်လည်း အဲဒီအရည်အသွေးကောင်းမျိုး အနီးစပ်ဆုံး ပိုင်ဆိုင်သွားနိုင်လို့ဖြစ်ပါတယ်တဲ့။

ဒါ့အပြင် မိမိရဲ့ ပတ်ဝန်းကျင်အနီးအနားမှာ တရားကိုနှလုံးသွင်းပြီး အမြဲအေးချမ်းစွာနေတတ်တဲ့ ဆရာတော်သမားတော်များ၊ လူပုဂ္ဂိုလ်ယောဂီများ ရှိနေရင် ၄င်းပုဂ္ဂိုလ်များရဲ့  နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေကို အတုယူမှတ်သားနိုင်လို့မို့ မိမိအတွက် တရားအားထုတ်ရာမှာ ပိုအကျိုးများနိုင်ကြောင်း အကြံပြုထားပါတယ်။

ဝါရင့်ယောဂီတစ်ဦးကတော့ တရားအားထုတ်ချင်တဲ့၊ အားထုတ်နေတဲ့ယောဂီများအတွက် အမြဲဆောင်ထားပြီး အခွင့်အရေးရတိုင်း ဖတ်ရှုနှလုံးသွင်းသင့်တဲ့စာအုပ်ကောင်းတစ်အုပ်အဖြစ် ဆရာကြီးဦးဌေးလှိုင်ရေးခဲ့တဲ့ “ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ” စာအုပ်ကို ညွှန်းဆိုပါတယ်။ ဒီစာအုပ်ဟာ လောကက လွန်မြောက်ခဲ့ပြီးခဲ့တဲ့သူတွေရဲ့  ဖြစ်စဉ်တွေ၊ သူတို့ရဲ့  ဘ၀ဖြတ်သန်းခဲ့ရပုံတွေ၊ နေထိုင်ပြုမူဆက်ဆံပုံတွေကို မှတ်တမ်းတင်ထားတာဖြစ်လို့မို့ အတုယူစရာ ကြည်ညိုစရာတွေ အပြည့်နှင့် သဒ္ဓါခွန်အား တိုးတက်လာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

(ဆက်ရန်)

ဆက်လက်ဖတ်ရှုရန်

Friday, November 26, 2010

Power ကူးစက်ခံရခြင်း (၁)


မြတ်စွာဘုရားရှင်က မင်္ဂလသုတ်တရားတော်မှာ “သမဏာနဉ္စ ဒဿနံ” လို့ ထည့်သွင်းဟောကြားခဲ့ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ယူရင်တော့ “ရဟန်းသံဃာတော်တို့ကို ဖူးတွေ့ရခြင်းဟာ မြတ်သော မင်္ဂလာ” ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာတုန်းက မနက်မိုးလင်းအိပ်ယာထလို့  အိမ်ပြင်ထွက်လိုက်တဲ့အချိန် ဆွမ်းခံကြွနေတဲ့ ကိုယ်တော်တစ်ပါးပါးကို လှမ်းပြီးဖူးတွေ့မိတိုင်း စိတ်ထဲမှာ အမြဲတမ်း အတိုင်းမသိကြည်ညိုစိတ်ဖြစ်လေ့ရှိပါတယ်။ သင်္ကန်းကို ညီညီညာညာ သေသေသပ်သပ် ၀တ်ရုံပြီး သပိတ်ကိုလွယ် ဖိနပ်မပါ ခြေဗလာနှင့် အေးအေးချမ်းချမ်း လှမ်းကြွသွားနေတဲ့ကိုယ်တော်ကိုကြည့်ပြီး ကိုယ်မလုပ်နိုင်သေးတဲ့အလုပ်တစ်ခုကို လုပ်နေတဲ့သူတစ်ဦးအဖြစ် စိတ်ထဲက အားကျမိသလို မြတ်စွာဘုရားရှင်လက်ထက်က အရှင်မြတ်ကြီးနှင့်သံဃာတော်တွေဆွမ်းခံကြွပုံကို အာရုံပြု ကြည်ညိုမိတတ်ပါတယ်။

ဆရာတော်တစ်ပါးကတော့ သူ့တရားတစ်ပုဒ်ထဲမှာ “သမဏာနဉ္စ ဒဿနံ” ရဲ့  အနက်အဓိပ္ပါယ်ကို ချဲ့ ယူလိုက်ပြီး “ငြိမ်းအေးသောသူများနှင့် တွေ့ဆုံရခြင်းဟာ မင်္ဂလာတစ်ပါး” ဖြစ်တယ်လို့  ဟောကြားထားတာကို မှတ်သားမိခဲ့ဖူးပါတယ်။

တောင်ပုလုဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်က အမေရိကန်သာသနာပြုခရီးစဉ်မှာ နိုင်ငံခြားသားတချို့ က ဆရာတော်ကြီးတစ်ပါးတည်း နားနေချိန်တွေမှာ ဆရာတော်ကြီး အနီးအနားလေးမှာ ခဏလောက် ထိုင်ခွင့်ရဖို့ ခွင့်တောင်းကြတယ်တဲ့။ သူတို့ ဆရာတော်ကြီးကို စကားလည်းမပြောပါဘူး။ ဒီအတိုင်းလေး ဆရာတော်ကြီးနားထိုင်ချင်လို့ ပါလို့ ပြောကြပါတယ်။ ဘာလို့အနားနားသွားထိုင်ချင်ကြတာလဲလို့ မေးကြည့်တော့ ဆရာတော်ကြီးနားသွားထိုင်နေရတာ စိတ်ထဲ အေးချမ်းလို့ပါတဲ့။

ဒလိုင်းလားမားမိန့်ခွန်းပြောတဲ့အခါ ပရိတ်သတ်က သောင်းနှင့်ချီပြီး နားထောင်တတ်ပါတယ်။ တခါတလေ ဒလိုင်းလားမားက အင်္ဂလိပ်လို ပြောတာမဟုတ်ပဲ သူ့တိဗက်ဘာသာစကားနှင့် ပြောတာမျိုးလည်း ရှိတတ်ပါတယ်။ နားထောင်နေကြတဲ့သူတွေကို နားမလည်ပဲ ဘာလို့နားထောင်နေကြတာလဲလို့စုံစမ်းကြည့်တော့ သူ့စကားကိုနားမလည်ပေမယ့် သူ့ပြောပုံဆိုပုံနှင့် စကားသံတွေထဲမှာ မေတ္တာစေတနာဓာတ်တွေပါလို့မို့ သူ့ကိုကြည့်နေ သူ့အသံကိုကြားနေရတာကိုက စိတ်ချမ်းသာလို့ပါလို့  ပြောကြပါတယ်တဲ့။

ပူလောင်ပျာယာခပ်နေတတ်တဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တခါတလေ အေးအေးချမ်းချမ်းနှင့် နေ့စဉ်ဘ၀ကို နေထိုင်သွားလာနေတဲ့သူတွေကို တွေ့မြင်ရတတ်ပါတယ်။ သူတို့ရဲ့  အသွင်အပြင်ကို ကြည့်လိုက်ရုံနှင့် ကြည့်မိတဲ့သူဆီကို အအေးဓာတ်က ကူးစက်ခံလိုက်ရတာမျိုးပါ။ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ အေးချမ်းပြီး ဆက်ဆံရသူတိုင်းကို ဖော်ဖော်ရွေရွေ လှိုက်လှိုက်လှဲလှဲ ဆက်ဆံတတ်ကြပါတယ်။ ဒီတော့ သူတို့နှင့် စကားပြောလိုက်ရတဲ့သူ၊ ဒါမှမဟုတ် သူတို့ပြောစကားကို ကြားလိုက်ရတဲ့သူ၊ နောက်ဆုံးအဆင့် သူတို့ကို ခပ်လှမ်းလှမ်းက မြင်လိုက်ရတဲ့သူကိုတောင်မှ စိတ်ကျေနပ်မှုနှင့် အေးချမ်းမှုကို ပေးနိုင်ကြသူတွေပါ။

(ဆက်ရန်)

ဆက်လက်ဖတ်ရှုရန်

Saturday, November 20, 2010

Moonlight



*Moonlight*

တပည့်တော်ဟာ အရှင်မြတ်ရဲ့ ရင်သွေးငယ်ပါ
ဒီကမ္ဘာလောကထဲ ခိုဝင်ရောက်လာ
အရှင်မြတ်ရဲ့  ပညာအလင်းနှင့်
မဟာကရုဏာဓာတ် ဖြန့်ကျက်ထားတဲ့ မြတ်နေရာ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
လေးသင်္ချေကမ္ဘာတစ်သိန်း
အတ္တမဲ့ ဖြည့်တင်းခဲ့ ရိက္ခာ
ကိုယ်တော်ရဲ့  ခြေဖမိုး
တပည့်တော်မှာ မြူမှုန်တစ်ပွင့်မျှသာ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
စားဖို့အတွက် အသက်ရှင်သူ
သက်ရှိတစ်ဦးအဖြစ်ထက်ပိုဖို့
ကိုယ်တော်မြတ် လမ်းပြတော်မူပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
လောကဓံလက်ကြမ်း ဆုတ်ညှစ်တဲ့အခိုက်မှာ
အရှင့်ရဲ့  ဓမ္မအလင်းဓာတ်
ခန္ဓာတွင်း စီးဝင်ခွင့်ပြုပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
ကိုယ်နှင့်ထိစပ် ဒီဝန်းကျင်အတွက်
အတိုင်းအတာတစ်ခုတော့
စွမ်းနိုင်သလောက် ပေးဆပ်ခွင့်ပြုပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
နောင်တော်များလျှောက်ခဲ့တဲ့ လမ်းမဟာ
တသွေမတိမ်း
တပည့်တော်လည်း လိုက်လျှောက်ခွင့်ပြုပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
ဆုံးဖြတ်ချက်ယိမ်းယိုင်လို့ စိတ်အားနည်းခိုက်မှာ
ဂုဏ်တော်မြတ်နှင့် မေတ္တာဓာတ်က
ဆွဲထူမ ထွေးပွေ့ တော်မူပါ

တပည့်တော်ဟာ အရှင်မြတ်ရဲ့  ရင်သွေးငယ်ပါ
ဘုန်းတော်ရှင်က နေမင်းပမာ
စကြာအနန္တ ထွန်းတောက်တဲ့အခိုက်
တပည့်တော်အား လတစ်စင်း ဖြစ်ခွင့်ပေးသနားပါ။

ဘာရယ်လို့တော့မဟုတ်ပါဘူး။ သီချင်းတစ်ပုဒ်နားထောင်ရင်း စိတ်ကူးပေါက်တာနှင့် ထရေးလိုက်တာပါ။ တန်ဆောင်မုန်းလပြည့်နေ့လည်း ဖြစ်နေတာနှင့်။ ကျွန်တော့်ရဲ့  ကဗျာမကျ စာမကျ တန်ဆောင်မုန်းလပြည့် အမှတ်တရပါ။ ဖတ်လို့အဆင်မပြေခဲ့ရင်တော့ ကဗျာက၀ိ ပညာရှိအပေါင်း သည်းခံတော်မူကြပါလို့။

ကျွန်တော်နားထောင်တဲ့ သီချင်းကို နားထောင်ကြည့်ချင်ရင်တော့ အဲဒီမှာ သွားနားထောင်ကြည့်ပါ။ သီချင်းနာမည်က Gekkou တဲ့။ ဆိုတဲ့အဆိုတော်က Chihiro Onitsuka ပါ။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

ဆက်လက်ဖတ်ရှုရန်

Friday, November 19, 2010

ဆောင်းညနေ ကောင်းကင်အောက်က ကာမာကူရ

ဒီနေ့ ညနေ ကာမာကူရဘုရားသွားဖူးရင်း စိတ်ထဲ ဓာတ်ပုံရိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာတာနဲ့ တစ်ချိန်လုံး ဓာတ်ပုံတွေပဲ ရိုက်ခဲ့ပြီး ပြန်လာခဲ့ပါတယ်။ စရောက်တုန်းက ညနေငါးနာရီ အလင်းရောင်ရှိနေသေးရာကနေ နာရီဝက်အတွင်း နေ၀င်ပြီး လထွက်လာတာကို အမှတ်တရ မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ အခု ဂျပန်မှာ ဆောင်းဝင်နေပြီမို့ နေ့တာတိုပြီး ညတာရှည်နေပါပြီ။

(ဓာတ်ပုံဆရာက Pro မဟုတ်တဲ့အတွက် ဓာတ်ပုံတွေ ရုပ်ထွက် quality မကောင်းတာကိုတော့ သည်းခံပေးစေလိုပါတယ် ခင်ဗျား။)



















ဆက်လက်ဖတ်ရှုရန်

Thursday, November 18, 2010

“အိပ်ရေးပျက်ပေမယ့် မြတ်ပါသည်”

ကျူရှူးဆရာတော်၊ ပီနန်ဆရာတော်ကြီး၊ ထိုင်ဝမ်ဆရာတော်ကြီး

ပီနန်ဆရာတော်ကြီး၊ ထိုင်ဝမ်ဆရာတော်ကြီး၊ နာဂိုယာဆရာတော်


ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ကျွန်တော့်ဆီကို တိုကျိုမြန်မာဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ကိုယ်တော်က ဖုန်းဆက်လာခဲ့ပါတယ်။ နောက်အပတ်ထဲ ပီနန်ဆရာတော်ကြီး ကြွလာရင် ညပိုင်းတွေမှာ ဝေယျာဝစ္စ၀ိုင်းကူပေးဖို့  ဘယ်ရက်တွေအားမလဲ လို့ မေးလာပါတယ်။ ကျွန်တော်လည်း တနင်္လာကနေ သောကြာအထိ ကြားရက်ဆို ဘယ်ရက်မဆို အဆင်ပြေကြောင်း ပြန်ဖြေရင်း ရက်ညှိကြတော့ ဒီအပတ် အင်္ဂါနေ့နှင့်ဗုဒ္ဓဟူးနေ့ နှစ်ရက်ကို တာဝန်ယူပေးဖြစ်သွားပါတယ်။

ပီနန်ဆရာတော်ကြီးက တိုကျိုမြို့ မှာ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းအဆောက်အအုံတစ်ခု သီးခြားပေါ်ထွန်းလာဖို့ ကြိုးစားကြတော့ အရင်ဦးဆုံး န၀ကမ္မစိုက်ထုတ်လှူဒါန်းပြီး တိုက်တွန်း အားပေးမှုပြုခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ဒါကြောင့် အခု ကျောင်းကြီးပြီးစီးသွားချိန်မှာ ဆရာတော်ကြီးကို ပင့်ဆောင်ပြီး ကျောင်းတော်အသစ်ကြီးကို ပြသရင်း ကျေးဇူးပြုပူဇော်ဂုဏ်ပြုကြတာဖြစ်ပါတယ်။

အင်္ဂါနေ့ ည ကိုးနာရီလောက် သူငယ်ချင်းတစ်ယောက်နှင့်အတူ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ်။ မျှော်မှန်းထားတဲ့အတိုင်းပါပဲ။ ဧည့်ပရိသတ်တွေနှင့် ကျောင်းမှာ စည်ကားနေပါတယ်။ ဆရာတော်ကြီးကို ဖူးမြော်ရင်း သြ၀ါဒခံနေတဲ့သူတွေ၊ နံနက်အာရုံဆွမ်းအတွက် ချက်ပြုတ်စီမံတဲ့သူတွေနှင့် ကျောင်းရဲ့ အထပ်တိုင်းက လူတွေနှင့်ပြည့်နေပါတယ်။

ကျွန်တော်လည်း ဆရာတော်ကြီးသီတင်းသုံးနေတဲ့အခန်းထဲ ၀င်ရောက်ဝတ်ဖြည့်ပြီး ဆရာတော်ကြီးကို ဖူးတွေ့ကြည်ညိုခဲ့ပါတယ်။ ဆရာတော်ကြီးဟာ သက်တော်ရှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း သက်တော်ခြောက်ဆယ်ကျော်အရွယ်လို့ ထင်ရအောင်ကို နုပျိုပြီး၊ သန်မာတောင့်တင်းတာကို သတိထားမိပါတယ်။ စကားပြောဆိုရာမှာ အသံသြဇာနှင့် ပြည့်စုံပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့လက္ခဏာတော်ကို ထင်ရှားစွာဖူးတွေ့ရပါတယ်။ ခြုံပြောရရင်တော့ ဘုန်းရှိန်ကံရှိန် အင်မတန်ကြီးမားကြောင်း မြင်တာနှင့်ကို သိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးက သာသနာပြုလုပ်ငန်းအတွေ့အကြုံတွေကို ဒကာ၊ ဒကာမတွေကို စိတ်အားထက်သန်စွာနဲ့မိန့်ကြားနေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ ကို နှုတ်တော်ကနေလည်း ပြောနေသလို ကိုယ်လက် အမူအရာတော်အားဖြင့်လည်း ပြောနေသလို ခံစားရပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီး ကြွရောက်ခဲ့စဉ်တုန်းကလည်း အနီးကပ်ဖူးမြော်ခွင့်ရခဲ့ဖူးလိုက်တော့ ဆရာတော်ကြီးနှစ်ပါးရဲ့  ထူးထူးခြားခြားစရိုက်လက္ခဏာမတူတာတွေကို သတိထားမိလိုက်ပါတယ်။ ဗန်းမော်ဆရာတော်ကြီးက ဒကာ၊ ဒကာမတွေအဖူးမြော်ခံတဲ့အခါ ဒကာ၊ ဒကာမတွေက စကားတွေဖောင်ဖွဲ့အောင်ပြောကြပြီး ဆရာတော်ကြီးက ပြုံးပြုံးလေးနားထောင်နေတတ်ပါတယ်။ လိုတော့မှ နဲနဲပါးပါး ၀င်ပြောပါတယ်။ အခန်းထဲမှာ နားထောင်လိုက်ရင် ဒကာ၊ ဒကာမအသံတွေကို ဆက်တိုက်ကြားနေရမှာဖြစ်ပြီး ဆရာတော်ကြီးအသံကို ရံဖန်ရံခါလောက်မှ ကြားရမှာဖြစ်ပါတယ်။ အခုပီနန်ဆရာတော်ကြီးကျတော့ ဆရာတော်ကြီးက အကြောင်းအရာအစုံအလင်ကို ဖြေးဖြေးချင်းမိန့်ကြားနေပြီး ဒကာ၊ ဒကာမတွေက နားထောင်ကြပါတယ်။ ဆရာတော်ကြီးရဲ့ အသက်အရွယ်နှင့် အခုလိုအပင်ပန်းခံပြီး ဒကာ၊ ဒကာမတွေကို အချိန်ပေးစကားပြော သြ၀ါဒပေးနိုင်တာ အံ့သြဖို့ကောင်းပါတယ်။



ကျွန်တော်တို့ကို ညဘက် ဝေယျာဝစ္စလုပ်ဖို့လို့ခေါ်ပေမယ့် တကယ့်တကယ် ဘာမှ ထွေထွေထူးထူးလုပ်စရာက ရှိတာမဟုတ်ပါဘူး။ ဆရာတော်ကြီးမကျိန်းခင် ဒကာ၊ ဒကာမတွေနှင့် ပြည့်နေပြီး၊ ည ၁၀နာရီခွဲကျတော့ ဆရာတော်ကြီးက ကျိန်းပါတော့တယ်။ ဆရာတော်ကြီးကို လာဖူးကြတဲ့ ဧည့်သည်တွေလည်း ပြန်သွားကြပါတယ်။ ဆရာတော်ကြီးကို ၀တ်ဖြည့်ဖို့က ဦးဇင်းငယ်တစ်ပါးက ရှိနေပါတယ်။ ကျွန်တော်တို့လည်း ဆွမ်းချက်တဲ့သူတွေကို ကူညီဖို့ ဆွမ်းစားခန်းထဲသွားခဲ့ပါတယ်။

ည (၁၁)နာရီခွဲကျော်ကျော်လောက်မှာ ဘုန်းကြီးကျောင်းနှင့် အသင်းအတွက် အင်တာနက်စာမျက်နှာသစ်ပြုလုပ်ဖို့ အစည်းအဝေးကိုစပါတယ်။ ပါဝင်သူတွေက ကျောင်းထိုင်ဦးဇင်း၊ အဖွဲ့ ဥက္ကဋ္ဌ ဦးလေးအပြင် အိုင်တီဆိုင်ရာတာဝန်ယူထားတဲ့ အစ်ကိုတစ်ယောက်နဲ့ ကျွန်တော်တို့ပါ။ အသင်းရဲ့ ပုံမှန်အစည်းအဝေးလုပ်တဲ့ရက်တွေမှာက ကျွန်တော်က မအားတော့ မသွားနိုင်။ ကျွန်တော် ဘုန်းကြီးကျောင်းသွားတဲ့အချိန်ဆိုရင်လည်း ကျောင်းထိုင်ဦးဇင်းကလွဲလို့  ကျန်တဲ့သူတွေကို တွေ့ဖို့က ခဲယဉ်းတော့။ အခုလို ကြုံကြိုက်တုန်းလေး တစ်ခါတည်း Meeting ထိုင်ဖြစ်ကြပါတယ်။ ကျွန်တော်တို့ မီတင်းက အိပ်ချင်မူးတူးမီတင်းပါဘဲ။ အားလုံးက ပင်ပန်းပြီး အိပ်ငိုက်နေကြပါပြီ။ ဒါပေမယ့် အလုပ်ကိစ္စဆိုတော့ မျက်လုံးတွေ အတင်းဖွင့်ပြီး လုပ်စရာကိစ္စပြီးပျက်သွားအောင် တစ်ခါတည်း ရှင်းလိုက်ကြတဲ့သဘောပါပဲ။ အသင်းအတွက် ဒိုမိန်းဝယ်ဖို့ ကိစ္စ၊ နာမည်ရွေးဖို့ကိစ္စ၊ hosting ၀ယ်ဖို့ကိစ္စ၊ Website မှာ ထည့်မယ့်အကြောင်းအရာတွေကို စီစစ်ရွေးချယ်တဲ့ကိစ္စ၊ Sitemap ဆွဲတဲ့ကိစ္စ စသည်ဖြင့် ဆွေးနွေးကြပြီး (၁၂)နာရီခွဲခါနီးလောက်မှာ ပြီးသွားပါတယ်။

ဘုန်းကြီးကျောင်းမှာ ဧည့်သည်တွေ အားလုံးပြန်သွားကြတော့ အတူလိုက်အိပ်တဲ့သူငယ်ချင်းရဲ့  Laptop ကွန်ပျူတာကို Windows အသစ်တင်ပေးဖို့  အလုပ်က ကျန်နေပါတယ်။ သူနှင့်ကလည်း လူချင်းတွေ့ဖို့ က ကျန်တဲ့အချိန်တွေမှာ မလွယ်တော့ အခုတွေ့တဲ့အချိန်လေး သူ အကူအညီတောင်းထားတာ လုပ်ပေးရပါတော့တယ်။ စက်ကို format ရိုက်၊ Windows တင်၊ Drivers တွေရှာတင်၊ သုံးမယ့် Software တွေ တင်၊ အင်တာနက်ချိတ်ပေး တာတွေ လုပ်ပြီးချိန်မှာတော့ လေးနာရီထိုးသွားပါပြီ။ ဒါနဲ့ အားလုံးလက်စသပ်ပြီး အိပ်ရပါတော့တယ်။ ငါးနာရီခွဲ ပြန်ထရမှာကိုး။

မနက်ငါးနာရီခွဲတော့ မျက်နှာသစ်ပြီးတာနှင့် အာရုံဆွမ်းအတွက်ကို စပြီးပြင်ဆင်ကြပါတယ်။ ခဏနေတော့ အလှူရှင်တွေလည်းရောက်လာကြပြီး အားလုံးဝိုင်းပြင်ဆင်ချက်ပြုတ်ကြပါတယ်။ ၆နာရီခွဲမှာ ပီနန်ဆရာတော်ကြီးနှင့်တကွ သံဃာတော်(၈)ပါးကို ရှမ်းခေါက်ဆွဲဆွမ်းကို ဆပ်ကပ်လှူဒါန်းကြပါတယ်။ ၇နာရီကျော်ကျော်လောက်မှာ ဆွမ်းကပ်တာပြီးသွားတော့ ကျန်တဲ့ ဧည့်သည်တွေနှင့် ကျွန်တော်တို့အားလုံး မနက်စာ စားကြပါတယ်။ စားသောက်လို့ပြီးတာနှင့် ပန်းကန်ခွက်ယောက်တွေ ဆေးကြောသန့်စင်၊ ဆွမ်းစားခန်းကို နေသားတကျဖြစ်အောင်ပြုလုပ်ပေးခဲ့ပြီး (၈) နာရီကျော်ကျော်လောက်မှာ ကျောင်းကနေ ပြန်လာခဲ့ပါတယ်၊ အလုပ်သွားဖို့က ရှိနေသေးတာဆိုတော့။







ဒုတိယညကိုတော့ ကျောင်းကို ည(၁၀)နာရီလောက်မှ ရောက်သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ထုံးစံအတိုင်း ဧည့်သည်တွေက မနေ့ကထက်ကို ပိုစည်နေပါတယ်။ နောက်နေ့ဆရာတော်က ပြန်ကြွတော့မှာဆိုတော့ လာနှုတ်ဆက်ကြတဲ့သူတွေနှင့် ကျောင်းကပြည့်နေပါတယ်။ ကျွန်တော်လည်း ဆွမ်းစားခန်းထဲမှာ ဧည့်သည်တွေပြောနေကြတဲ့စကားတွေနားထောင်ရင်း ညနေစာ စားလိုက်ပါတယ်။ ည(၁၁) နာရီလောက်မှာ ဧည့်သည်တွေအားလုံးရှင်းသွားပါပြီ။ ကျွန်တော်လည်း ထမင်းစားသောက်ပြီး ဗိုက်လေးလေးရှိတာရော၊ မနေ့က အိပ်ရေးပျက်ထားတာရောနှင့် ဒီညတော့ စောစောစီးစီးအိပ်တော့မယ်လို့ စိတ်ကူးပြီး အိပ်ဖို့ပြင်ဆင်မယ်လုပ်တုန်း မနေ့ကတည်းက ကျောင်းမှာ ကျွန်တော်တို့နှင့်အတူလာအိပ်ပြီး ဝေယျဝစ္စကူလုပ်ပေးတဲ့ အကိုတစ်ယောက်က ဒီနေ့လည်းလာအိပ်တော့ သူနှင့်မအိပ်ခင် စကားစမြည်ပြောဖြစ်ပါတယ်။

စကားကပြောရင်းက ဘာသာရေးဘက်ရောက်သွားပါတယ်။ ဘာသာရေးကနေ အွန်လိုင်းဘာသာရေးကဏ္ဍကို ရောက်သွားပါတယ်။ အဲဒီကနေတစ်ဆင့်တက်လို့  ကျွန်တော်ဘလော့ဂ်ဂါမှန်းသိသွားတဲ့အချိန်မှာတော့ သူက ကြုံတုန်း ဘာသာရေးဆွေးနွေးချင်တယ်ဗျာ။ မေးချင်တာတွေလည်း ရှိတယ်၊ မအိပ်သေးဘူးဆိုပြီး ကျွန်တော်တို့သုံးယောက်သောက်ဖို့ ကော်ဖီထဖျော်လိုက်ချိန်မှာတော့ ကျွန်တော့်စိတ်ထဲ ငါတော့ လူပေါင်းမှားပြီလို့ တွေးမိလိုက်ပါတော့တယ်။

သူနဲ့က သီလနဲ့ပတ်သက်တဲ့ တချို့ မရှင်းတဲ့ကိစ္စ၊ သံဃာတော်နှင့် လူတွေကြား ဆက်ဆံရာမှာ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စ၊ ၀ိနည်းနှင့်ပတ်သက်တဲ့ကိစ္စ၊ တရားအားထုတ်တဲ့ နည်းတွေနှင့် ပတ်သက်တဲ့ကိစ္စ၊ အွန်လိုင်းမှာ ပြီးခဲ့တဲ့တလောကဖြစ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ အငြင်းပွားမှုတွေအကြောင်း၊ ဓမ္မကထိကဆရာတော်တွေရဲ့  တရားဟောပုံ တရားပြပုံတွေအကြောင်း၊ စိတ္တနုပဿနာနှင့် ဓမ္မာနုပဿနာအကြောင်း စသည်ဖြင့် အကြောင်းအရာတွေတော်တော်စုံစုံလင်လင်ပါပဲ။ သူကလည်း မရှင်းတာမေးသလို၊ ကျွန်တော်ကလည်း သူ့ဆီက သိချင်တာတွေပြန်မေးခဲ့ပါတယ်။ ဒီလိုနဲ့ ဆွေးနွေးလိုက်တာ (၂)နာရီခွဲသွားပါတယ်။ စကားလက်စသတ်ပြီး အိပ်ယာဝင်ခဲ့ရပါတယ်။

မနက် (၅)နာရီခွဲအိပ်ယာပြန်ထပြီး အာရုံဆွမ်းပြင်ဆင်ပါတယ်။ ဒီနေ့ဆရာတော်ကြီးက အာရုံဆွမ်းဘုန်းပြီးတာနှင့်လေဆိပ်ဆင်းတော့မှာဆိုတော့ အာရုံဆွမ်းကို နည်းနည်းနောက်ကျပြီး (၇)နာရီထိုးခါနီးမှ ကပ်ကြပါတယ်။ ထမင်းကြော်နှင့် မြန်မာဟင်း၊ အီတာလီယံဟင်းတွေ ကပ်ပါတယ်။ ဆရာတော်ကြီးနှင့်အတူလိုက်ပါလာတဲ့ ထိုင်ဝမ်ဆရာတော်ပါ ပြန်ကြွမှာဖြစ်ပါတယ်။ ကျန်တဲ့သံဃာတွေအားလုံးက လေဆိပ်ကို လိုက်ပို့ကြပါမယ်။ ဆွမ်းစားပြီးချိန်မှာတော့ လေဆိပ်သွားဖို့ ပြင်ဆင်ကြပါတော့တယ်။ ကျွန်တော်တို့နှင့် ဆွမ်းအလှူရှင်တွေ၊ ဧည့်သည်တွေကတော့ မနက်စာ စားသောက်ကြပြီး ဆွမ်းစားခန်းကို ရှင်းလင်းရေးလုပ်ကြပါတယ်။ (၈)နာရီကျော်ကျော် အားလုံးပြီးတော့ ကျွန်တော်တို့တွေ အားလုံးကိုနှုတ်ဆက်ပြီး ကျောင်းကနေပြန်လာခဲ့ပါတော့တယ်။

ဒီနှစ်ရက်မှာ သံဃာတော်တွေကို ကိုယ်လှူတာမဟုတ်ပေမယ့် ကိုယ့်အလှူလိုမျိုးသဘောထားပြီး ဝေယျာဝစ္စကုသိုလ်တွေကို သဒ္ဓါတရားအပြည့်၊ စေတနာအပြည့်နှင့် လုပ်ပေးခဲ့ရတာ ၀မ်းသာကြည်နူးစရာကောင်းပါတယ်။ အိပ်ရေးပျက်ပေမယ့်လို့ မအိပ်ရတဲ့အချိန်မှာ သာသနာတော်အတွက်၊ အများအတွက် တန်ဖိုးရှိတဲ့ကိစ္စတွေကို လုပ်ပေးလိုက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပီနန်ဆရာတော်ကြီးကို ဖူးမြော်ရင်း ဆရာတော်ကြီးဆီက မျက်စိနှင့်မမြင်နိုင်ပေမယ့် ခံစားသိနှင့်ရရှိလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားတွေဖြစ်ပါတယ်။ နိုင်ငံခြားသာသနာပြုလုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်နေတဲ့ သာသနာပြုပုဂ္ဂိုလ်တစ်ဦးရဲ့  Personal Power က ကိုယ့်ဆီကို ကူးစက်ရိုက်ခတ်လိုက်တယ်လို့ပြောလို့ရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း သာသနာတော်အတွက် ဆက်ပြီးကြိုးစားလုပ်ဆောင်နိုင်ဖို့ ကျွန်တော့်အတွက် အားသစ်ကို ဖြစ်စေခဲ့တာတော့ အမှန်ပါဘဲခင်ဗျာ။

လေးစားခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်

Monday, November 15, 2010

Rich & Poor

အချမ်းသာဆုံးလူနှင့် အဆင်းရဲဆုံးလူ

တစ်နေ့သောအခါ၌ လူတစ်ယောက်သည် သူတော်စင်တစ်ပါးထံသို့သွားလျက် သူ၏ရွှေခွက်တစ်ခွက်ကို သူတော်စင်အား အလှူဒါနအဖြစ်ပေးလှူသည်။ သို့သော်လည်း သူတော်စင်က ရွှေခွက်ကို အလှူမခံဘဲ “ငါဆင်းရဲသားဆီက အလှူဒါနကို လက်မခံဘူး” ဟု ပြောလိုက်သည်။ ထိုအခါ အလှူဒါနပြုသူက တအံ့တသြဖြစ်သွားပြီး ”အရှင်သူမြတ်၊ ကျွန်ုပ် ဒီဒေသမှာ အကြီးဆုံး သူဋ္ဌေးသူကြွယ်တစ်ယောက်ဖြစ်ပါတယ်။ သူဋ္ဌေးသူကြွယ်ဖြစ်တဲ့ ကျွန်ုပ်ရဲ့ အလှူကို လက်ခံပါ။” ဟု ပြောလိုက်သည်။

ထိုအခါသူတော်စင်က ပြုံးပြီးပြောလိုက်သည်။

“မင်း အကြွယ်ဝအချမ်းသာဆုံးဖြစ်တယ်ဆိုတာတော့ ဟုတ်ပါပြီ။ ငါမေးတဲ့ မေးခွန်းတစ်ခုကို ဖြေကြည့်စမ်းပါ။ ယခုလောက် ဥစ္စာဓန ကြွယ်ဝချမ်းသာနေပါလျက်နဲ့ မင်း နောက်ထပ်ဥစ္စာဓန မလိုချင်ဘူးလား။”

သူတော်စင်ကြီး၏ အမေးကို ကြားရသောအခါ “ကျွန်ုပ် နောက်ထပ် ပစ္စည်းဥစ္စာ လိုချင်တဲ့စိတ်ရှိပါတယ်” ဟုပြောလိုက်သည်။ ထိုအခါ သူတော်စင်က သူ၏ အယူအဆကို ပြောပြလိုက်သည်။

“အဆင်းရဲဆုံး ပုဂ္ဂိုလ်ဆိုတာ ကိုယ့်ဆီမှာ မရေမတွက်နိုင်လောက်တဲ့ ဥစ္စာဓနရှိနေပေမယ့် နောက်ထပ် ဥစ္စာဓနလိုချင်တဲ့လူဖြစ်တယ်။ ချမ်းသာကြွယ်ဝသူကတော့ ဥစ္စာဓန မရှိပေမယ့် ဥစ္စာဓနရယူလိုတဲ့ အာသာဆန္ဒမရှိတဲ့လူဖြစ်တယ်” ဟု ပြောလိုက်သည်။

ဥစ္စာဓနမာန် တက်နေသော သူဌေးသူကြွယ်ကြီးသည် မိမိ၏ဆင်းရဲသည့်အခြေအနေကို သူတော်စင်ကြီးပြောပြသည့်အတွက် နားလည်သဘောပေါက်သွားသည်။

ဧကံသမယံ (၅)

ပါရဂူ


ဆက်လက်ဖတ်ရှုရန်

Friday, November 12, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ် (အဆက်)




နိဂုံး

အတတ်ပညာ တစ်ဟုန်ထိုး တိုးတက်လာသောကမ္ဘာကြီးသည် လူတို့၏ အတ္တအခြေခံစိတ်ကြောင့် မလှမပ ဖြစ်နေရသည်။ ထိုအတ္တစိတ်များ နည်းပါးသွားပါက ပိုင်ဆိုင်ထားသောအတတ်ပညာဖြင့် လောကကို ကောင်းစွာအလှဆင်နိုင်မည်ဖြစ်ပြီး မျိုးဆက်သစ်တို့အတွက်လည်း ကောင်းမွေကို ထားရစ်နိုင်မည်ဖြစ်သည်။

သံသရာခရီးနှင့်ယှဉ်လျှင် မျိုးဆက်တစ်ခု၏သက်တမ်းသည် ဘာမျှမရှိ၊ သို့သော်လည်း မျိုးဆက်ပေါင်းများစွာတို့၏ ကောင်းမွေ၊ ဆိုးမွေများဖြင့် လောကကြီး ပြုံးတစ်ခါ၊ ရယ်တစ်လှည့်ဖြင့် ရှင်သန်နေရပါသည်။ “မင်းကောင်း“တို့၏ လက်ထက်တွင် တိုင်းပြည်တစ်ခု သာယာဝပြောခဲ့ကြရသော်လည်း “မင်းဆိုး“တို့လက်ထက်တွင် လောကကြီး မလှမပ ဖြစ်ခဲ့ကြရသည်။ ကမ္ဘာ့သမိုင်းတွင် “မင်းကောင်း“အရေအတွက် အလွန်နည်းသည်။ မြန်မာ့သမိုင်းတွင်လည်း “မင်းကောင်း”အရေအတွက် လက်ချိုးရေ၍ပင်ရသည်။

လူသည်အတ္တကို သီးခြားဖိတ်ခေါ်စရာမလို၊ မွေးစကပါလာသော ဖွားဖက်တော်သာဖြစ်သည်။ ထိုအတ္တပါးလျစေရန် လောကမှရရှိသောပညာဖြင့် သင်းသတ်ရသည်။ ထိုအတ္တ ပါးလျမှသာလျှင် ငြိမ်းချမ်းရေးစိတ်ဖြစ်၍ အများကောင်းကျိုးအတွက် သယ်ပိုးနိုင်မည်ဖြစ်သည်။ အချို့ ကား ထိုစိတ်မျိုးရှိသော်လည်း ပညာမကြီးလျှင် လုပ်ခွင့်မရတတ်ကြ။ အခြေခံသည် “စေတနာ”သာဖြစ်၏။ ဒုတိယသည် “ပညာ” ဖြစ်၏။ ပညာတကယ်ဖြစ်လျှင်လည်း စေတနာကို ပြန်လည်မွေးဖွားနိုင်ပါသည်။ သို့သော် အများစုမှာ “အတတ်”ကို “အသိ”ဖြင့် မှားယွင်းတတ်ကြသည်။ ထိုမှားသောအသိဖြင့် ဘ၀ကိုရှင်သန်ကြသည်။ လောကအတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ကြ။

လူသည်ဝမ်းရေးအတွက် အတ္တကိုအခြေခံလျှင် အပြစ်မဆိုသာ။ အခြေခံ စား၊ ၀တ်၊ နေရေးအတွက် အတ္တဦးစားပေးလျှင်လည်း အပြစ်ဆိုမည့်သူ မရှိသေး။ ပြည့်စုံလုံလောက်သော အခြေအနေတစ်ခုကို ပိုင်ဆိုင်ပြီးနောက် အကန့်အသတ်မရှိ၊ ပို၍ပြည့်စုံကုံလုံသော အခြေတစ်ခုအတွက် အတ္တကိုရှေ့ တန်းတင်လွန်းလာလျှင် ကောင်းသည်ဟု မဆိုသာတော့။ တိရစ္ဆာန်တို့ထက် ပို၍ထူးကဲသည်ဟု ပြော၍မရ။ Maslow ၏ လူသားလိုအပ်ချက်(၇)ဆင့်တွင် အားလုံးသည် ပိုမိုပြည့်စုံသော ဘ၀၊ အသိအမှတ်ပြုခံလိုသော အခြေအနေစသည်ဖြင့်သာ အတ္တကို အခြေခံထားကြောင်း တွေ့ရသည်။ နောက်ဆုံးအဆင့်ဖြစ်သော Self Actualization အဆင့်တွင်မှသာ အမှန်ကို သုံးသပ်မိသောအဆင့် ဖြစ်လာသည်။ သို့သော်လည်း အတ္တချသည်ဟုကား မဆိုသာသေး။

လူသည် အတ္တ၏သားကောင်ဖြစ်သော်လည်း၊ တစ်ဘက်က လောက၏သားကောင်လည်းဖြစ်သည်။ အတ္တကိုအခြေခံသော စား၊ ၀တ်၊ နေရေးအဆင့်အတွက် မဖယ်ရှားနိုင်ခြင်းကို အပြစ်မဆိုသာသော်လည်း ပြည့်စုံသောဘ၀တွင် အများအကျိုး၊ လောကအကျိုးအတွက် စောင်းငဲ့ကြည့်သင့်ပါသည်။ လောကကြီး ဆက်လက်တည်တံ့ရန် လူတိုင်းတွင် တာဝန်ရှိပါသည်။ အများအတွက် စိတ်၊ လောကအတွက်စိတ်သည် တစ်နည်းဆိုလျှင် ငြိမ်းချမ်းရေးစိတ်ဖြစ်သည်။ ထိုစိတ်မျိုးနှင့် ဝေးကွာလွန်းနေပါလျှင် ထိုသူသည် လူမှတစ်ပါး အခြားသတ္တ၀ါအုပ်စုများနှင့် ပို၍နီးစပ်သည့်သဘော ဖြစ်လာပါသည်။ လူတိုင်း ငြိမ်းချမ်းရေးစိတ် ထားသင့်သည်လည်းဖြစ်သည်။

ဒေါက်တာနေဇင်လတ်

ဆက်လက်ဖတ်ရှုရန်

Thursday, November 11, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ် (အဆက်)

အပိုင်း(၄)

ငြိမ်းချမ်းရေးစိတ်နှင့်ဝေးကွာသူများက "Might is Right" ဟူသော “အင်အားအခြေခံ” အယူအဆကို ကျင့်သုံးကြသည်။ ထို့ကြောင့် တစ်ချိန်က ဗြိတိသျှအင်ပါယာကြီးကို နေမ၀င်အင်ပါယာအဖြစ် ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ အင်အားဟူသော Power တစ်ရပ်ရရန် ရယူနိုင်သောနေရာ အများအပြားရှိသည်။ Sources Of Power ဖြစ်သည်။ ငြိမ်းချမ်းရေးစိတ်ဓာတ် အခြေခံသူများက ဤသို့သောပါဝါကို အမှန်တရားသည်သာ အင်အားဟူသော "Right is Might" မှ ရယူကြသည်။ ဤတွင် လောကကြီးသည် ဓမ္မနှင့် အဓမ္မတို့အားပြိုင်ရာ သလင်းပြင်ဖြစ်ခဲ့ရသည်။ သမိုင်းမတင်နိုင်မီခေတ်တွင်ရော၊ သမိုင်းတင်နိုင်သည့် ခေတ်မှာရော ဤအားပြိုင်မှုသည် အမြဲတစေ ရှိနေခဲ့ပါသည်။ လူတို့ ငြိမ်းချမ်းရေးစိတ်ဓာတ် မပိုင်ဆိုင်နိုင်သေးသရွေ့  ဆက်လက်ဖြစ်ပေါ်နေမည့်အရာ ဖြစ်သည်။

သတ္တလောကကြီးတစ်ခုလုံးတွင် နှစ်မျိုးသာခွဲခြားထားသည်။ “လူ”နှင့် “တိရစ္ဆာန်” ဟူ၍ဖြစ်သည်။ မရေမတွက်နိုင်သော သတ္တ၀ါတို့တွင် တစ်မျိုးတည်းသောအရာကို “လူ” ဟု တစ်တန်းထားပြီး၊ ကျန်အရာများကို တိရစ္ဆာန်ဟု သတ်မှတ်ရခြင်းမှာ “အသိပညာ” ပေါ် အခြေခံ၍ဖြစ်သည်။ အသိပညာထူးကို ပိုင်ဆိုင်နိုင်သောသူမျိုးဖြစ်၍ “လူ” ဟု သတ်မှတ်ရခြင်း ဖြစ်သည်။ ကျန်တိရစ္ဆာန်တို့သည် “အိပ်၊ စား၊ ကာမ” ဟူသော ရည်ရွယ်ချက်(၃)မျိုးအတွင်းမှာသာ ရှင်သန်ကြ၏။ ထို့ ထက် ပို၍ မရှိနိုင်၊ လောကကောင်းကျိုးကို မသိ၊ ငြိမ်းချမ်းခြင်းကို နားမလည်၊ သူတို့လောကတွင် “Might is Right" ဟူသော အင်အားသည်သာ အဓိကဖြစ်၏။

လူတွင်ကား ထိုသို့မဟုတ်၊ “အသိထူး” ကို ပိုင်ဆိုင်နိုင်ကြ၍ အမှားအမှန်ကို ခွဲခြားနိုင်သည်။ လောကကို အလှဆင်နိုင်ခွင့်လည်း ရှိသည်။ “အိပ်၊ စား၊ ကာမ” ထက်ပိုသော ရည်ရွယ်ချက်၊ အတွေးအမြင်များလည်း ရှိနိုင်ကြသည်။ ငြိမ်းချမ်းရေးကို နားလည်နိုင်ခွင့်ရှိသည်။ "Right is Might" သည် လူသားများအတွက် ထားလိုလျှင် ထားနိုင်သော အယူအဆတစ်ရပ်ဖြစ်သော်လည်း လူတို့သည် တိရစ္ဆာန်များထက် ပို၍ အတ္တကြီး၊ လောဘကြီး၍ အများစုက မထားခဲ့ကြ၊ တိရစ္ဆာန်များက တစ်ဝမ်းစားရလျှင် ကျေနပ်စိတ်ဖြင့် တင်းတိမ်နိုင်ကြသော်လည်း လူတို့က အတ္တစိတ်များသဖြင့် ရုပ်ဝတ္ထု ချမ်းသာမှုတို့အတွက် အတောမသတ် လောဘထားတတ်ကြသည်။ တိရစ္ဆာန်တို့ထက် အဆများစွာပို၍ ဖောက်ပြန်တတ်သော သတ္တ၀ါလည်းဖြစ်သည်။ ပရိယာယ်ပိုသော သတ္တ၀ါလည်းဖြစ်သည်။ လူတို့တွင် တင်းတိမ်စိတ် အလျဉ်းမရှိတတ်ကြ၊ အတ္တ၊ လောဘတို့က ထူးသောအသိကို တလွဲသုံးစေရန် လှုံ့ဆော်နိုင်သောကြောင့် ဖြစ်သည်။ အသိထူးရနိုင်ခွင့် ရှိကြသော်လည်း ပညာအဖြစ်သို့ မပြောင်းနိုင်လျှင် လူသည် လောကတွင် ကြောက်စရာ အကောင်းဆုံး သတ္တ၀ါအဖြစ်သို့ ရောက်တော့သည်။ တချို့ က အသိတစ်ခုကို ပညာသို့ ရောက်ပြီဟု ယူဆကြသည်။ တကယ်ပညာအဖြစ်သို့ မရောက်သောအခါ အနုတ်သဘောဆောင်သော ရလဒ်တို့ကို ရတော့သည်။

မြန်မာပညာရှိတို့က ပညာတတ်မှုနှင့် ပညာရှိမှုကို ကြွက်(၄)မျိုးနှင့် ဥပမာပြုခဲ့သည်။
(၁) တွင်းတူးလျက် မအောင်းသောကြွက် (စာတတ်သော်လည်း အမှန်မသိသူ)
(၂) အောင်းလျက် မတူးသောကြွက် (စာမတတ်သော်လည်း အမှန်သိသူ)
(၃) တူးလည်းတူး၊ အောင်းလည်း အောင်းသောကြွက် (စာလည်းတတ်၊ အမှန်လည်းသိသူ)
(၄) တူးလည်းမတူး၊ အောင်းလည်း မအောင်းသောကြွက် (ဘာမှမသိ၊ ဘာမှမတတ်သူ)

လောကတွင် အမှားကို အမှန်ဟုထင်မြင်၊ ခံယူထားကြသောသူများ အများအပြားရှိသည်။ နောက်လိုက်ဘ၀တွင် သူတို့၏အမှားကြောင့် ၀န်းကျင်အတွက် မထောင်းသာလှသော်လည်း၊ ခေါင်းဆောင်တို့တွင် ဤလွဲမှားသော အရည်အချင်း ကပ်ငြိပါက လောကအတွက် အန္တရာယ်ကြီးသည်။ တစ်ချိန်က ဂျာမနီမှ ဟစ်တလာ၊ အီတလီမှာ မူဆိုလီနီတို့သည် ဤမှာယွင်းသော အယူအဆများကို အမှန်ဟုယုံကြည်မှု ထားရှိခဲ့ကြသူများဖြစ်သည်။

ဒေါက်တာနေဇင်လတ်

(ဆက်လက်ဖော်ပြပေးသွားပါမည်။)


ဆက်လက်ဖတ်ရှုရန်

Wednesday, November 10, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ် (အဆက်)


အပိုင်း (၃)

ဂန္ဒီကြီးသည် ငြိမ်းချမ်းရေးစိတ်ကို အပြည့်အ၀ပိုင်ဆိုင်သူဖြစ်၏။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက်ဟူသော ရည်မှန်းချက်ကိုသာ ထားရှိခဲ့သူဖြစ်သည်။ ထို့ထက်ပို၍ ဘာမှမရှိ၊ သူ၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့သည် အကြားအလပ်မရှိ ထင်ရှားသည်။

ဗုဒ္ဓက လောကအမြင် (၆)မျိုးကို ခွဲခြားပေးခဲ့သည်။ ဤအမြင် (၆) မျိုးသည် အမှန်စင်စစ် ပညာလည်းဖြစ်သည်။ ဤ (၆)မျိုးဖြင့် မျှတစွာကြည့်နိုင်ပါက "An eye for an eye" သည် မရှိနိုင်တော့။

(၁) တတွ ဒဿန (ရှိ/မရှိ ရှုထောင့်မှ မြင်ခြင်း)
(၂) ပမာဏ ဒဿန (အမှား/အမှန် ရှုထောင့်မှ မြင်ခြင်း)
(၃) တက္က ဒဿန (သင့်/မသင့် ရှုထောင့်မှ မြင်ခြင်း)
(၄) အာစာရ ဒဿန (ကောင်း/မကောင်း ရှုထောင့်မှ မြင်ခြင်း)
(၅) ရသ ဒဿန (ခံစားမှု ရှုထောင့်မှ မြင်ခြင်း)
(၆) စရိက ဒဿန (၀ါသနာနှင့် စရိုက်ရှုထောင့်မှ မြင်ခြင်း)

ဤရှုထောင့် (၆) မျိုးကို ရှုမြင်ရာတွင် လူတိုင်း တစ်ထပ်တည်းမကျနိုင်။ “အတ္တ” က ရှုမြင်ပုံမတူရန် တွန်းအားပေးသောကြောင့်ဖြစ်သည်။ သို့သော်လည်း အကွာအဟနည်းပါးရန် ကောင်းသည်။ သာမန်လူသားများအတွက် မထောင်းသာလှသော်လည်း ခေါင်းဆောင်ကြသည့်သူများ၊ ဤအမြင်ရှုထောင့်များတွင် ဆန့်ကျင်ကြပါက...လောကသည် အနိဋ္ဌာရုံသို့ ရှေးရှုရသည်။

ခေါင်းဆောင်များသည် လောကကြီး ဣဋ္ဌာရုံဖြစ်ရန် တာဝန်ရှိသည်။ မျိုးဆက်ဟောင်းတို့သည် မျိုးဆက်သစ်တို့အတွက် ကောင်းမွေပေးရန် တာဝန်ရှိသည်။ မျိုးဆက်ဟောင်းတို့သည် မျိုးဆက်သစ်တို့အတွက် အာဝါသကောင်း၊ ရေခံမြေခံကောင်းများဖြင့် ရှင်သန်ခွင့်ရှိရန် ဖန်တီးပေးနိုင်ဖို့လိုသည်။

အတိတ်သူတို့ ကြိုးစားခဲ့ကြရခြင်းမှာ ပစ္စုပ္ပန်သူများအတွက်ဖြစ်သည်။ သို့ဆိုလျှင် ပစ္စုပ္ပန်သူတို့ ကြိုးစားရခြင်းမှာ အနာဂတ်မျိုးဆက်တို့အတွက်သာ ဖြစ်သင့်သည်။ အမွေကောင်းတို့ကို ချန်ထားနိုင်ခဲ့ရန်သာ ရည်မှန်းချက်ဖြစ်သင့်သည်။ ဤအယူအဆကို အခြေခံရပ်တည်ချက်အဖြစ် ယုံကြည်ပါက အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတို့သည် စကားအမယ်ဖွဲ့သည့် အဆင့်တွင်ပင် မရှိနိုင်တော့။ သို့သော်လည်း လောကအမြင် (၆)မျိုးမှ မှန် မမှန်၊ သင့် မသင့်၊ ကောင်း မကောင်း စသည်တို့ကို အများစုက ကောင်းစွာ မခွဲခြားနိုင်ကြ၊ ထို့ထက်ပို၍ ခံစားမှုရှုထောင့်ကို ဦးစားပေးကြည့်သောအခါ Conflict ဟူသော ၀ိဝါဒကွဲပြားမှုများ ကြီးထွားလာကြရသည်။

“လောကကြီးနှင့် မျိုးဆက်သစ်တို့” ဟူသော ရည်မှန်းချက်ကို ဖျက်ဆီးသည့်အရာသည် အဂတိတရား (၄)ပါးလည်းဖြစ်သည်။ လူတို့ အဂတိတရား (၄)ပါးနှင့် ကင်းလွတ်သောအခါ Self Interest ဟူသော ကိုယ်ကျိုးစီးပွား ဦးစားပေးမှုကို ဆောင်ရွက်နိုင်ကြတော့၏။

(၁) ဆန္ဒာ ဂတိ (အလိုဆန္ဒကြောင့် ဖောက်ပြန်မှု)
(၂) ဒေါသာ ဂတိ (ဒေါသကြောင့် ဖောက်ပြန်မှု)
(၃) မောဟာ ဂတိ (အမှား-အမှန် မသိမှုကြောင့် ဖောက်ပြန်မှု)
(၄) ဘယာ ဂတိ (ကြောက်ရွံ့ မှုကြောင့် ဖောက်ပြန်မှု)

လူသည် အတ္တ၏ သားကောင်ဖြစ်သည်။ အတ္တနှင့်ယှဉ်၍ မွေးဖွားလာကြသူများလည်း ဖြစ်သည်။ လောက၏ ပညာကိုရှာရင်း အတ္တနှင့် ပရကို မျှတစွာ ကျင့်ကြံလာကြရသည်။ ပညာနုံ့သူများမှာ မျှတစွာ မကျင့်ကြံနိုင်ကြ။

အနာဂတ်ကို ကြီးကြီးမားမား ဖန်တီးခွင့်ရှိကြသူများ၊ လောကကို သာမန်ထက်ပို၍ အလှဆင်နိုင်ကြမည့်သူများ အတ္တ-ပရ မျှတစွာရှိရန် အထူးလိုအပ်ပါသည်။

ဒေါက်တာနေဇင်လတ်

(ဆက်လက်ဖော်ပြပေးပါမည်။)

ဆက်လက်ဖတ်ရှုရန်

Tuesday, November 9, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ် (အဆက်)


အပိုင်း (၂)

နေ့စဉ်သတင်းများတွင် ဣဋ္ဌာရုံထက် အနိဋ္ဌာရုံတွေက ပိုများနေသည်။ ကမ္ဘာ့နိုင်ငံပေါင်း တော်တော်များများမှာ တည်ငြိမ်မှုဆိုတာ ဘာလဲဟု မေးယူရလောက်အောင် ဖြစ်နေ၏။ လူတွေအချင်းချင်း အတ္တရှေ့ ထား၍ အနိုင်ရယူလိုမှုအတွက် ရသမျှနည်းလမ်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် အရပ်ကယ်ပါ၊ လူဝိုင်းပါ ဖြစ်နေကြရသည့်အထဲ ဗုံးခွဲမှုတွေ၊ အကြမ်းဖက်မှုတွေက အရှိန်ကျဟန်မတွေ့ရသေး။ သဘာဝဘေးအန္တရာယ်ကလည်း တစ်ခါတစ်ခါ ခပ်ကြမ်းကြမ်းနှောက်လိုက်သေးသည်။ လုပ်ပိုင်ခွင့်အတော်အားနည်းရှာသော ကုလသမဂ္ဂကြီးမှာ အမှုအခင်းတွေက အပုံအပင်၊ တစ်နိုင်ငံမှလည်း ကောင်းကောင်းမလိုက်နာကြ။

ကမ္ဘာကြီးသည် ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေပြီလားဟုပင် တစ်ခါတစ်ခါ တွေးမိရသေးသည်။ အရာအားလုံးသည် အတ္တကြီးမားမှု (Egocentric) ဟူသော ကိုယ့်အတွက်သာ ပဓာနထားသည့်စိတ် လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာရသော ရလဒ်ဖြစ်သည်။ အသုံးလှစေရန် National Interest ဟူသော “အမျိုးသားကိုယ်ကျိုးစီးပွား” စကားလုံးဖြင့် တချို့ က ဖလှယ်သုံးစွဲကြသည်။ အတ္တသည် အတ္တသာဖြစ်သည်။

လူ့သမိုင်းမှတ်တမ်းပြုနိုင်သည့် နှစ်ပေါင်း (၅၅၀၀) ကျော်အတွင်း စစ်ပွဲပေါင်း (၁၄၅၀၀) ကျော် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်း ရာနှင့်ချီ၍ သေကြေပျက်စီးခဲ့ပြီးဖြစ်သည်။

“ယောနိသော မနသိကာရ”
ကို ဗုဒ္ဓက အလေးထားဟောကြားခဲ့သော်လည်း အများစုက “အယောနိသော မနသိကာရ” ဖြစ်နေကြသည်။ အတတ်ပညာ တစ်ဟုန်ထိုး တိုးတက်လာသောကြောင့် အသိပိုင်းတွင် ဆုံးရှုံးခဲ့ရသည်လား မသိ။ “၀ိဇ္ဇာ” ဖြစ်၍ လောကအကျိုး သယ်ပိုးနိုင်သူတွေထက် ”အ၀ိဇ္ဇာ” ဖြစ်၍ လောကအကျိုး ဆုတ်ယုတ်စေသူတွေ ပို၍များပြားလာသည်ဟု ခံစားခဲ့သည်။ အရင်းခံသည် အတ္တလွန်ကဲမှု "Egoism" ကြောင့်ဖြစ်သည်။ “သူများ” ထက် “ငါ” ဟူသော Egoistic ဖြစ်မှုများကြောင့်ဖြစ်သည်။ Selfishness ဟူသော တစ်ကိုယ်ကောင်းစိတ်သည်လည်း အပေါင်းအဖော်ဖြစ်သည်။

အတတ်လွန်သော (၂၁) ရာစုတွင် လူသားတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့နှင့် ကင်းဝေးကြပြီလား၊ အတော် သံသယရှိလာရသည့် အခြေအနေဖြစ်သည်။

ဒေါက်တာနေဇင်လတ်

(ဆက်လက်ဖော်ပြပေးပါမည်။)

ဆက်လက်ဖတ်ရှုရန်

Monday, November 8, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ်


အပိုင်း(၁)

14th August 2009

"An eye for an eye
A tooth for a tooth."

ခပ်ပြင်းပြင်းစိတ်ရှိသူတို့က “မျက်လုံးတစ်ဖက်အတွက် မျက်လုံး” “သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” ဟူသော လက်စားချေအယူအဆကို ခံယူကြသည်။ အချိန်၊ အခါ၊ အသက်အရွယ်၊ အခြေအနေတစ်ရပ်သည် အယူအဆတို့ကို အခါအားလျော်စွာ အပြောင်းအလဲပြု၏။ အရာအားလုံးသည် တစ်သမတ်သဘောမရှိ၊ “မတည်မြဲခြင်း” ဟူသည်သာ မှန်ကန်သောသဘောရှိသည်။

အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက လွတ်လပ်ရေး၏ ဖခင်ကြီးဟု တင်စားခံရသည့် မဟတ္တမဂန္ဒီကြီးသည် "Non-violence" ဟူသည့် အကြမ်းမဖက်သည့် ငြိမ်းချမ်းရေးလမ်းစဉ် အယူအဆတစ်ရပ်ဖြင့် ဗြိတိသျှတို့ကို တော်လှန်ခဲ့သည်။ တစ်နိုင်ငံလုံး၏ ချစ်ခင်၊ လေးစား၊ ကြည်ညိုမှုတို့မှ ရရှိလာသော ဂန္ဒီကြီး၏ Personal Power သည် Constitutional Power, Authority Power, Military Power စသော အဘက်ဘက်ကပြည့်စုံသည့် Multi Power ပိုင်ရှင် ဗြိတိသျှတို့ကို တွန်းလှန်နိုင်ခဲ့သည်။ အိန္ဒိယတို့ လွတ်လပ်ရေးရခဲ့၏။ သင်ခန်းစာတစ်ရပ်မှာ Multi Power ကို Personal Power က ပြည်သူ့အား People Power အဖြစ် အောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ၏ ပထမဆုံး ၀န်ကြီးချုပ်မှာ နေရူးဖြစ်လာသည်။ ဂန္ဒီကြီးသည် ၀န်ကြီးချုပ်နေရူး၏ ဆရာလည်းဖြစ်သည်။

ဗြိတိသျှတို့ကို အောင်နိုင်ခဲ့ပြီးသော်လည်း ဂန္ဒီကြီးက သူ၏အယူအဆကို မပြောင်းလဲခဲ့။ ၀န်ကြီးချုပ်ကို ပြောကြားခဲ့သော သူ့စကားမှာ မှတ်သားဖွယ်ရာကောင်းသည်။

"If an eye for an eye and a tooth for a tooth, then soon the world becomes blind and toothless."


ရင့်ကျက်သော၊ အမှန် ငြိမ်းချမ်းရေးစိတ်ဓာတ်ရှိသော၊ နိုင်ငံကောင်းကျိုးတစ်ခုတည်းကိုသာ Mission အဖြစ်ဆောင်ရွက်သော ဒဿနဖြစ်သည်။

“မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းနဲ့သာ လက်စားချေကြစတမ်းဆိုရင် ကမ္ဘာကြီးဟာ မျက်လုံးတွေကန်းပြီး သွားတွေရှိကြတော့မှာ မဟုတ်ဘူး”

မြင့်မြင့်ကြံ၊ မြင့်မြင့်ပျံ၊ ခေါင်းဆောင်လုပ်ကြမည့်သူများ မပစ်ပယ်သင့်သော အယူအဆဖြစ်သည်။


ဒေါက်တာနေဇင်လတ်

(ဆက်လက်ဖော်ပြပေးပါမည်။)


ဆက်လက်ဖတ်ရှုရန်

Tuesday, November 2, 2010

တိုင်းပြည်မလိုချင်တဲ့ သူတော်စင်

ရှေးအခါက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုဖြစ်သည်။ တစ်နေ့သ၌ သူတော်စင် ရာကယသည် ဇနကဘုရင်ထံသွားပြီးလျှင် ဇနကဘုရင်အား တရားဓမ္မ ဟောကြားပြသသည်။ သူတော်စင် ရာကယ ပြန်မည်ပြုသော်အခါ ဇနကဘုရင်က ပြောလိုက်သည်။

“ကျွန်ုပ်ကို အရှင်သူမြတ် အသိဉာဏ်ပေးတဲ့အတွက် တရားအမြင်ရဲ့ တံခါး ဖွင့်ပြတဲ့အတွက် အရှင်သူမြတ်ဟာ ကျွန်ုပ်အတွက် အလွန်တရာ ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီကျေးဇူးကို ဆပ်တဲ့အနေနှင့် ကျွန်ုပ်ပိုင်တဲ့ တိုင်းပြည်တစ်ခုလုံးကို အရှင်သူမြတ်အား ပေးလှူလိုပါတယ်။”

ဇနကမင်းကြီးရဲ့ စကားကို ကြားရသောအခါ သူတော်စင်ရာကယ က မဆိုင်းမတွ ပြန်ပြောလိုက်သည်။

“သင်မင်းကြီးရဲ့ တိုင်ပြည်ဟာ ကျုပ်အတွက် ဘာအဓိပ္ပါယ်မှ မရှိဘူး။ တိုင်းပြည်ဆိုတာ တရားနှင့်အညီ အုပ်ချုပ်မင်းလုပ်တဲ့လူရဲ့  လက်ထဲမှာသာ ရှိရမယ်။ ကျုပ်ကတော့ လောကီစည်းစိမ်များကို တပ်မက်တွယ်တာခြင်း မရှိတော့တဲ့ တရားဘာဝနာအလုပ်ကိုသာ ကျင့်ကြံအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။”

သူတော်စင်ပုဂ္ဂိုလ်ကြီး၏ စကားကို ကြားရသောအခါ ဇနကဘုရင်က “တကယ်လို့ ကျွန်ုပ်အနေနှင့် လှူဖွယ်ပစ္စည်း တစ်ခုခု ပေးလှူရင်ကော” ဟု မေးသောအခါ သူတော်စင် ရာကယ က ပြန်ပြောလိုက်သည်။

“တကယ်လို့ သင်မင်းကြီး လှူဖွယ်ပစ္စည်းတစ်ခုခုကို လှူဒါန်းချင်တယ်ဆိုရင်တော့ တိုင်းပြည်ကိုမပေးဘဲ တိုင်းပြည်ပေးလှူလိုတဲ့ မာန်မာန ကျုပ်ကို ပေးလှူပါ။”

ပါရဂူ
ဧကံသမယံ (၅)



ဆက်လက်ဖတ်ရှုရန်

Wednesday, October 20, 2010

အလှူဒါန အစစ်အမှန်



တစ်နေ့သောအခါ၌ လူတစ်ယောက် မဟတ္တမဂန္ဒီထံလာပြီး ပြောလိုက်သည်။

“မဟတ္တမကြီးခင်ဗျား၊ ဒီကမ္ဘာကြီးဟာ အလွန်မရိုးသားတဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ ဓမ္မသာလာဆောက်ဖို့အတွက် ကျွန်ုပ် ငွေပေါင်းများစွာ ပေးလှူခဲ့တယ်။ ဒါပေမယ့် အဲဒီလို ကျွန်ုပ်ရဲ့  အလှူဒါနကို သိပါလျက်နှင့် လူတွေက ကျွန်ုပ်ကို အဲဒီ ဓမ္မသာလာဆောက်လုပ်ရေးကော်မတီက ထုတ်ပစ်လိုက်ကြတယ်။ အဲဒီလိုလုပ်တာ တရားပါ့မလား ပြောပြပါ မဟတ္တမကြီး။”

ထိုပုဂ္ဂိုလ်စကားကို ကြားရသောအခါ မဟတ္တမဂန္ဒီက ပြန်ပြောသည်။

“မိတ်ဆွေ၊ မိတ်ဆွေဟာ အလှူဒါနရဲ့  အနက်အဓိပ္ပါယ်မှန်ကို မသိနားမလည်တဲ့အတွက် ယခုလို စိတ်မကောင်းခြင်း ဖြစ်နေရတာပါ။ အရာဝတ္ထုတစ်ခုကိုဖြစ်စေ၊ ငွေကြေးကိုဖြစ်စေ အလှူဒါနပြုပြီး အဲဒီလိုပြုတဲ့အတွက် တစ်စုံတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ချက်ထားတာဟာ တကယ့်အလှူဒါန အစစ်အမှန်မဟုတ်ဘူး။ ကုန်ကူးသန်းရောင်းဝယ်တဲ့ သဘောမျိုးဖြစ်နေတယ်။ အလှူဒါန ဘယ်လိုလှူရတယ်ဆိုတာ ကျုပ်ပြောပြမယ်။

မိတ်ဆွေ၊ အလှူဒါနပြုတယ်ဆိုတာ တခြားလူတွေမသိအောင် လုပ်ရလိမ့်မယ်။ အလှူဒါနပြုတာ ကြော်ငြာမောင်းခတ်ပြီး မပြုလုပ်ရဘူး။ လူမသိ သူမသိအောင် တိုးတိုးတိတ်တိတ် အလှူဒါနပြုရလိမ့်မယ်။ ညာဘက်လက်ကလှူတာတောင် ဘယ်ဘက်လက်က မသိပါစေနဲ့။ မိမိအလှူဒါနပြုတဲ့အကြောင်း ကြော်ငြာမောင်းခတ်နေရင်တော့ အဲဒီအလှူဒါနရဲ့  တန်ဖိုး လျော့သွားမှာဖြစ်တယ်။”

ပါရဂူ
ဧကံသမယံ (၅)

ဆက်လက်ဖတ်ရှုရန်

Thursday, September 30, 2010

Teacher And Daka (Supporters)

I do remember one Myanmar probe “Teacher and Daka are like water and lotus.” Teacher (in this case, teacher means the Buddha and the Sangha) and supporter (Daka) are depending on each other. Teacher cannot live without supporter. If teacher is far away from supporter, he has no one who will support him with the four requisites such as robe, food, monastery and medicine. That’s why he or she should have supporter and cannot live without supporter.

Likewise, supporter cannot also live without teacher. He or she should have teacher who can differentiate between what is good and what is bad for him or her. If he or she has no teacher, he or she cannot differentiate between what is good and what is bad him or her. As a result of it, he or she may do what he or she should do or what he or she should not do. If he or she does what is good, it is no problem for him or her. Otherwise, if he or she performs bad deeds, he or she will go to hell where is full with the various kinds of suffering. That is why he or she cannot live without teacher. Therefore teacher and supporter are depending on each other.

As had been mentioned above, Dayaka(supporter)’s duty is to support teacher(the Sangha) who have been performing to propagate the Buddha’s Sasana. Teacher’s duty is to preach the truth Dhamma the supporters. As to my duty, I would like to expound the truth Dhamma all of you as the expressing your sense of gratitude.

The Late Venerable Moe Gok Sayadaw always admonishes his disciples “All of you! Try to know what the Truth Dhamma is first. After knowing the Truth Dhamma, please do good deeds.” It is definitely right. When we search for the reason why the Late Venerable Moe Gok Sayadaw always admonishes his disciples, we will come to know it very well. If someone doesn’t know what the truth Dhamma is, he or she will perform the good deeds dedicating the human bliss and heavenly bliss. As a result of it, he or she will go round in Samsara which is birth and death. He or she will face many problems such as, association with the unbeloved ones, dissociation with the beloved ones, not getting what he or she wants, getting what he or she does not want, old age, decay and death and so on and so forth. Otherwise, someone does good deeds after knowing the Truth Dhamma. He or she never performs good deeds dedicating the human bliss and the heavenly bliss because he or she has differentiated the Truth Dhamma. According to the Truth Dhamma, he or she knows that the human bliss and the heavenly bliss is Dukkhasacca (the truth of suffering). Why should we say the human bliss and the heavenly bliss? Because the Buddha said:

“The new becoming (birth) is also suffering; getting old is also suffering; death is also suffering; sorrow, lamentation, pain, grief and despair are also suffering; association with unlovable ones is also suffering; disassociation from lovable is also suffering; not getting what one wants is also suffering; getting what one does not want is also suffering” in Dhammacakkapavattana Sutta (the great discourse on the wheel of Dhamma, we should say the human bliss and the heavenly bliss. That is why the Late Venerable Moe Gok Sayadaw always admonishes his disciples “All of you! Try to know what the Truth Dhamma is first. After knowing the Truth Dhamma, please do good deeds.” As I am the Late Venerable Moe Gok Sayadaw’s disciple, I admonish my Upasakas and Upasikas:

“Please try to know the Truth Dhamma first. After that, please do good deeds dedicating Nibbana which is free from suffering.”

Thus, your good deed (Dana) will be the highest dana (Vivattanissita dana) which is free from Samsara (birth and death). To attain Nibbana, all of Upasakas and Upasikas will have to practice meditation. Here, I would like to explain to my Upasakas and Upasikas how to practice meditation or how to use the immortal medicine in briefly.

Here, immortal medicine means the Paths (Maggangas) leading to the attainment of immortality (Nibbana), deliverance from the cycle of birth and death. With respect to their stage of development, paths are classified into two levels, namely, Mundane Fivefold path (Lokiyapancangika-magga) and Supramundane Eightfold Path(Lokuttara-atthangika-magga).

The Mundage Fivefold path is composed of the following path:

(1) Right view(Sammaditthi)

(2) Right thought (Sammasankappa)

(3) Right effort (Sammavayama)

(4) Right mindfulness(Sammasati)

(5) Right concentration(Sammasamadhi)

Of five paths, the first two are called Wisdom Path (Pannamagga) and the next three are Concentration Path (Samadhimagga). Here, the Wisdom path plays the leading role.

The Fivefold Mundane Path is also called Vipassanamagga, Lokiyapancangikamagga, Pubbabhagamagga and Purecarikamaga, etc. Whatever they may be called, the main thing is to apply them practically in practicing Vipassana meditation, that is, to employ them as immortal medicine.

Here, you should bear in mind that, to an ordinary worldling only the Mundane Fivefold Path, i.e. the Insight Path (Vipassana-magga) is applicable in the course of insight meditation. Hence, it is the Forerunner Path (Pubbabhagamagga) heralding the Noble Path (Ariya-magga); it may be called the initial portion of immortal medicine.

In Vipassana practice, the Vipassana-magga functions as the next following consciousness (insight knowledge) which observes the perishing of the previous one, called Anicca (impermanence). In this process, the preceding Anicca and the subsequent Magga go on concurrently without allowing any defilement (Kilesa) to creep in between them. It is the technique of killing the cause to prevent the effect. As meditator keeps on meditating the arising and the disappearing of the five aggregates, he gradually attains the two highly developed stages of Vipassana knowledge, namely, Yathabhutanana (knowledge according to the reality) and Nibbindanana (knowledge of disgust); and eventually he gains the Magga-nana (the path knowledge).

In this connection, it should be borne in mind that, the first two Vipassana knowledge, which sees the truth nature of the ceaselessly arising and the disappearing of the Khandha, and which disgusts the nature of them, are still Mundane Path knowledge; only the Magga-nana which culminates in the cessation of the arising and the disappearing of the Khandhas, and sees Nibbana, is Supramundane Path knowledge. However, the later could not be attained without the development of the former.

With the attainment of the three stages of knowledge, the meditator becomes a Sotapanna, who initial enters the stream leading to Nibbana (the immortality). At this stage there arises in the Sotapatti Path Consciousness the Supramundane Eightfold Path, including Moral Path (Sila-magga) i.e. Right Speech (Sammavaca), Right Action (Sammakammanta) and Right livelihood (Samma-ajiva). A Sotapanna had already eliminated egoistic wrong view (sakkayaditthi) and doubt (vicikicca). He had by means of immortal medicine; cure himself the disease of defilements to a certain extant. So he free from the danger of falling into the woeful planes in the next existences. At the most there are only seven existences for him before he eventually attains the highest stage of Arahatta Magga(Path), Phala(Fruition) and the final stage of Nibbana. There are three stages yet to attain after becoming a Sotapanna, i.e. Sakadagami(Once Returner), Anagami (Non-returner) and Arahant (Perfect One).

It is to be borne in mind that, only when there exist the arising and the perishing of mind and matter, there is mortality, otherwise, there is no mortality. Eventually, the cessation of arising and perishing of mind and matter is immortality-Nibbana.

When there is no mind and matter, there is no death; and when there is no death, there is Nibbana, i.e. immortality, Amata. Immortal medicine is, indeed, the path leading to the cessation of suffering (Dukkha). Now I have given you the immortal medicine, which is not yet produced by the modern scientists in the world.

You should constantly use the immortal medicine, that is to say, you should ‘incessantly and constantly’ observe the arising and the disappearing of mind and matter, especially your mind according to Moe Gok Sayadaw’s way, while you going, standing, sitting, and lying down. The more you observe, the more you become repugnant of the arising and disappearing mind and matter. In fact, it is Insight Wisdom (Vipassana-panna) which leads you from the state of arising and perishing(Sankhata) to the state of non-arising and non-perishing(Asankhata).

With reference to the Four Noble Truths, the arising and the disappearing of the Khandha is Dukkha-sacca. The knowing of the arising and the disappearing of the Khandha is Magga-sacca. Extermination of Tanha (craving) and other defilements is the cessation of Samudaya-sacca. Non-appearance of rebirth, decay and death is Nirodha-sacca. Hence, Vipassana meditation on the arising and the disappearing of the Khandhas covers the whole of the Four Noble Truths expounded by the Buddha.

Therefore, Vipassana meditation should be practiced as soon as possible. Practicing Vipassana meditation is using the immortal medicine. Now I have given you the immortal medicine, compounded by Moe Gok Sayadaw as to the Buddha’s way as a gift of Dhamma or as a gift of gratitude to you. May I conclude my Dhamma talk here urging “Please use this immortal medicine” so that all of you can realize Nibbana.

May all of you be free from the various kinds of suffering because of your good deed!



Ashin Javana
Pune University
Pune, India
http://www.ashinjavana.blogspot.com/
9 February 2010.
ဆက်လက်ဖတ်ရှုရန်

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၇)

အထင်မှားပုံခြင်း တူလှသည်

အသက်၃၅နှစ်အရွယ်တွင် မိမိ၏ အဇ္ဈတ္တသန္တာန်၌ ‘ငါ’ ရှာသောအလုပ်ဖြင့် စမ်းသပ်အားထုတ်၏။

ဗုဒ္ဓက ‘ငါ’ ဟူ၍လည်းကောင်း၊ ‘သူတစ်ပါး’ ဟူ၍လည်းကောင်း၊ တကယ်ရှိသည်မဟုတ်။ အထင်မှားကြခြင်းသာ ဖြစ်သည်ဟု ဟောတော်မူ၏။ ကျွန်ုပ်စဉ်းစားသည်ကား ‘ငါ’ဟုထင်မှတ်ခြင်း၊ ‘သူတစ်ပါး’ဟု ထင်မှတ်ခြင်းတို့သည် အထင်မှားခြင်း၊ (ဒိဋ္ဌိ)မျှသာ ဖြစ်သည်ဆိုပါလျှင် အချို့ က ‘ငါ’ဟူ၍ အထင်မှားသူမှား၊ အချို့ က ‘သူတစ်ပါး’ဟူ၍ အထင်မှားသူ ဖြစ်သင့်သည်။ ယခုသော် မိမိကိုယ်ကို ‘သူတစ်ပါး’ဟု အထင်မှားသူ တစ်ယောက်တစ်လေမျှမရှိဘဲ ‘ငါ’ ဟူ၍ အသီးသီး တညီတညွတ်တည်း အထင်မှားသူတွေချည်း တွေ့ရသည်။ ဤအခြင်းအရာကို ထောက်ခြင်းအားဖြင့် တစ်ယောက်တစ်မျိုးစီ အထင်မမှားကြဘဲ ‘ငါ’ ဟူ၍ချည်း တညီတညာတည်း အထင်မှားကြခြင်းမှာ အထင်မှားစေလောက်အောင် လုံလောက်သော အကြောင်းတစ်ခု ဧကန်မုချ ရှိရမည်။ ထိုကဲ့သို့ အထင်မှားစေအောင် လှည့်စားသော အခြင်းအရာသည် အဘယ်နည်းဟု မိမိကိုယ်ကိုမေး၏။ ကျွန်ုပ်သည် ထိုအခြင်းအရာကို စာထဲ၌လည်းမရှာ၊ မည်သူ့အားမျှလည်း မမေးဘဲ၊ မိမိ၏ စိတ်အတွင်း၌ တွေ့အောင်ရှာ၏။ ၆ရက်မြောက်သောနေ့၌ အဖြေတွေ့၍ သင်္ကန်းဝတ်ခဲ့ဖူးလေသည်။ (အရိပ်အမြွက် ဖော်ပြရသော်...သတ္တ၀ါသည် သေတ္တာကြီးကို မြွေထင်သည်မဟုတ်၊ ကြိုးကိုမြွေထင်မိခြင်းမျှသာ ဖြစ်၍ တညီတညွတ်တည်း အထင်မှားမည်ဆိုကလည်း မှားလောက်ပါပေသည်။)

ကျွန်ုပ်လမ်းချော်ခဲ့ပုံ

ထို့နောက် ဂျပန်ခေတ်၌ အသက် ၅၀ကျော်အရွယ်တွင် ကျွန်ုပ်သည် စိတ္တာနုပဿနာအလုပ်ကို (လက်ထပ်ဆရာမရှိဘဲ) သတိပဋ္ဌာန်အရ အားထုတ်စမ်းကြည့်၏။

တဖြည်းဖြည်း လမ်းချော်သွား၍ စိတ်၏ပြောင်းလဲမှုများကို ရှုရမည့်အစား၊ တည်ငြိမ်လျက်ရှိသော စိတ်ကို တရှုတည်းရှုလျက် ရှိ၏။ အတော်ကြီး သမာဓိကောင်း၍ တစ်နာရီခွဲခန့် တည်ငြိမ်လျက်ရှိသော စိတ်ကို (ကိုယ့်ဟာကိုယ်) ရှုကြည့်နေနိုင်သည်အထိ တတ်နိုင်ခဲ့ပါသည်။ ထိုအခါတွင် တန်ခိုးကလေးများပင် အထိုက်အလျောက် ရှိလာခဲ့ပါသည်။

ထိုကဲ့သို့ စူးစူးစိုက်စိုက် ရှုလျက်ရှိစဉ် ဉာဏ်အမြင်တစ်ခု ဖြစ်ပေါ်လာသည်မှာ သိတတ်သော ၀ိညာဉ်စိတ်ဟူသည်မှာ သူတစ်ခု၊ ငါတစ်ခု ရရှိနေသည်မဟုတ်။ အားလုံးပေါင်းပါမှ ၀ိညာဉ်တစ်ခုတည်းသာရှိသည်။ ပမာဆိုသော် သမုဒ္ဒရာရေပြင်ထဲ၌ ၀တ္ထုပစ္စည်းများရှိနေရာတွင် တစ်ခုစီတည်သည်ဟု ဆိုရသော်လည်း သူ့ရေ ငါ့ရေ ရှိနေသည်မဟုတ်။ တစ်ဆက်တည်းသော ရေပြင်ကြီးသာရှိ၍ ထိုရေဖြင့် ဆက်သွယ်လျက် ရှိသကဲ့သို့ သတ္တ၀ါဟူသမျှမှာလည်း ရုပ်တရားတစ်ခုစီ ရှိစေကာမူ၊ ၀ိညာဉ်တည်းဟူသော အသိတရားတစ်ခုတည်းသာ ဆက်သွယ်လျက်ရှိသည်ဟု မြင်လာပါသည်။ ပထမ၌ တော်တော်နက်သော အမြင်ဟု ထိမိ၍ တော်တော်ကြီး ကျေနပ်မိ၏။ သို့ရာတွင် တရားအားထုတ်ထားသော ကျွန်ုပ်အဖို့မူကား၊ ဤအမြင်သည် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ တည်းဟူသော) လက္ခဏာမပါသည့် အမြင်မျိုးမျှသာဖြစ်၍ ‘၀ိညာဏံ၊ အနန္တံ၊ ၀ိညာဉ် အဆုံးမရှိ’ ဟူသော အရူပကမ္မဋ္ဌာန်း အခြေမျိုးသို့ ဆိုက်ရောက်သွားလေပြီဟု ဆင်ခြင်သုံးသပ်မိသည်နှင့် လက်လွှတ်ပစ်လိုက်ခဲ့ဖူးပါသည်။

အရူပကမ္မဋ္ဌာန်း

ဤနေရာ၌ ရှင်းလင်းရန် တစ်ခုရှိနေသည်မှာ မဂ်ဖိုလ်အတွက် အားထုတ်ရာတွင် ‘လမ်းချော်’၍ သွားသည်ဟု ဆိုသော်လည်း လက္ခဏာမထင်သည့် အတွက်ကြောင့်သာလျှင် ‘လမ်းချော်သည်’ ဟု ဆိုရခြင်းဖြစ်သည်။ စင်စစ်အားဖြင့် ၀ိညာဏံအနန္တံဟူသော အရူပကမ္မဋ္ဌာန်းသည် မိစ္ဆာဒိဋ္ဌိတို့၏ ကမ္မဋ္ဌာန်းမဟုတ်။ ပဉ္စမဈာန် ကမ္မဋ္ဌာန်းတစ်မျိုးပင်ဖြစ်ပေသည်။ ၀ိညာဉ်အဆုံးမရှိဟူသော ဉာဏ်အမြင်သည် လက္ခဏာမဆိုက်သဖြင့် ပရမတ်အမြင် မဟုတ်သော်ငြားလည်း သမုတိသစ္စာနယ်တွင် အတော် အဆင့်အတန်းမြင့်သော ဉာဏ်အမြင်ဖြစ်သည်ဟု နားလည်သင့်ကြ၏။ (ကျွန်ုပ်ကိုယ်တိုင် ထိုကမ္မဋ္ဌာန်း ပေါက်ဖူးသည်ဟု ဆိုလိုခြင်းမဟုတ်။ ထိုနယ်ထဲသို့ ရောက်သွားဖူးခြင်းသာ ဖြစ်ပါသည်။) အရူပကမ္မဋ္ဌာန်းများ၏ အဆင့်အတန်းမြင့်ပုံကို သာဓကတင်ပြရသော်၊ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူခါနီး၌ ပထမဈာန်မှစ၍ အထက်ဆုံး အရူပဈာန်တိုင်အောင် အဆင့်ဆင့် ၀င်စားတော်မူသည်ဟု ကျမ်းဂန်၌ဆိုပါသည်။ ကိုယ်တော်မြတ်သည် နောက်ဆုံးသောအချိန်တွင် မိစ္ဆာဒိဋ္ဌိအလုပ်မျိုးကို ပြုတော်မူမည် မဟုတ်ဟု နားလည်းသင့်ကြပါသည်။ ဤအကြောင်းကို ရေးသားရခြင်းမှာ ဈာန်အလုပ်ကို အလွန်အထင်ကြီးသူများလည်းရှိ၍၊ အလွန်အမင်း အထင်သေးတတ်သူများလည်း ရှိတတ်သောကြောင့် ဖြစ်သည်။

ငြိမ်းအေးခြင်းတစ်မျိုး

ကျွန်ုပ်ကိုယ်တိုင် ‘လမ်းချော်’ ဖူးခြင်းကို ဖော်ပြပြီးနောက်၊ ကျွန်ုပ်၏ ဆောင်းပါးများကို သဘောကျ၍ ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်အရ အားထုတ်သူများ၏ ‘လမ်းချော်’ပုံကို ဖော်ပြလိုပါသည်။ ကျွန်ုပ်သည် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးနှင့် အကြောင်းအားလျော်စွာ တွေ့ဆုံမိကြ၍ သူ၏ တရားအားထုတ်ပုံ အခြင်းအရာနှင့် ဆိုက်ရောက်သော အခြေအနေတို့ကို ရှင်းလင်းပြောပြခြင်းအားဖြင့် သိရခြင်းဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သည် ဒိဋ္ဌေဒိဋ္ဌမတ္တံကျင့်စဉ်ကို အားထုတ်၍ ကာလအတန်ကြာသောအခါတွင် မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ ချိုချဉ်ငန်စပ် အစရှိသော ရသာရုံပေါ်ခြင်း၊ ထိတွေ့ခြင်း စသော ပဉ္စာရုံများလည်း ချုပ်ငြိမ်း၍ ကြံစည်တွေးတောခြင်းတည်းဟူသော လောကီ ဓမ္မာရုံများလည်း အလျဉ်းရပ်စဲလျက်ရှိသော ကာလအပိုင်းအခြားမျိုးကို (အားထုတ်သည့်အခါတိုင်း) မကြာမကြာ ကြုံရဖူးကြောင်း၊ ဆိတ်ငြိမ်သော နေရာမျိုးတို့၌ အတော်အတန်ကြာရှည်စွာ ‘ချုပ်ငြိမ်း’၍ သာမန်နေရာမျိုးတို့တွင် အနည်းငယ်မျှသော အချိန်ကာလမျှလောက်သာ ‘ချုပ်ငြိမ်း’ကြောင်း၊ ပဉ္စာရုံများ အားလုံးနှင့် လောကီ ဓမ္မာရုံအမျိုးမျိုး ရပ်စဲလျက်ရှိသော ကာလအပိုင်းအခြားအတွင်း ရှိသည့် ‘စိတ်’ကို မည်သို့သော စိတ်မျိုးဟူ၍ ခေါ်သင့်ပါသနည်းဟု ကျွန်ုပ်အား မေးလေသည်။

မဂ်၏သဘော

ထိုပုဂ္ဂိုလ်သည် ကျမ်းဂန်တတ်ကြီး တစ်ယောက်ဟု မဆိုနိုင်သော်လည်း စာပေကျမ်းဂန်များကို ကျွန်ုပ်ထက် အချိန်ပေး၍ ဖတ်ရှုလေ့လာထားသူ တစ်ယောက်ဖြစ်၏။ ကျွန်ုပ်ရိပ်မိသည်ကား စိတ်မည်သည် အာရုံနှင့်ကင်း၍ မနေစကောင်း ဟူသော စာဆိုရှိသည်ဖြစ်၍၊ လောကီအာရုံ အားလုံးနှင့် ကင်းစင်လျက်ရှိသော အခိုက်အတန့်ဆိုပါက လောကုတ္တရာ (နိဗ္ဗာန်) အာရုံဖြစ်ရမည်ဟု ယူဆထားဟန် ထူပေသည်။ နိဗ္ဗာန်အာရုံဟူသည်မှာ မဂ်ဆိုက်ပြီးသော ပုဂ္ဂိုလ်တို့၌သာလျှင် ဖြစ်ပေါ်နိုင်ပေရာ၊ မဂ်စိတ်ဟူသည်မှာလည်း အလွန်ထင်ရှားသော အခြင်းအရာကြီးတစ်ခုဖြစ်၍ ‘မသိမသာ’ သဘောမျိုးဖြင့် မဂ်ဆိုက်သွားသည်ဟု မဖြစ်နိုင်ကြောင်း ကျွန်ုပ်သိ၏။

ထိုပုဂ္ဂိုလ်ပြောပြသော အခြင်းအရာ၌ ထိုကဲ့သို့ ထင်ထင်ရှားရှားကြီး ကြုံတွေ့လိုက်ရသည့် ကိစ္စမျိုးဟူ၍ မရှိပါချေ။ ဤတွင် မည်ကဲ့သို့ ဖြေဆိုရမည်ကို အကြံယူကာ ရုတ်တရက် မဖြေပါရစေနှင့်ဟု ခွင့်တောင်းရပေသေးသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

ဆက်လက်ဖတ်ရှုရန်

Wednesday, September 29, 2010

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃၆)

ကျွန်ုပ်တွေ့သော စိတ်သဘာဝ (၈)

တရားအားထုတ်ရာ၌ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်နှင့် သမ္မာသင်္ကပ္ပတို့၏ အရေးကြီးပုံ

ကျွန်ုပ်အားထုတ်ပြီး အားထုတ်ဆဲဖြစ်သော ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းသည် ဗုဒ္ဓဟောတော်မူခဲ့သည့် ၀ိပဿနာရှုနည်းပင်ဖြစ်သော်လည်း အခြားသောနည်းများနှင့် ခြားနားချက်ကြီးတစ်ခု ရှိခြင်းကို တင်ပြရပေဦးမည်။

များစွာသော ၀ိပဿနာ ဆရာ့ ဆရာတော်များက စိတ်သည်နှစ်ခု တပြိုင်တည်းမဖြစ်နိုင်၊ တစ်ခုပြီးမှ တစ်ခုဖြစ်ရသည်။ မိမိ၏စိတ်ကို မိမိသိသည်ဆိုရာ၌ ရှေ့ စိတ်ကို နောက်စိတ်ကသိခြင်းသာ ဖြစ်ရမည်။ ဥပမာ တစ်စုံတစ်ခုကို ကိုင်ချင်သောအခါ၌ ကိုင်ချင်သောစိတ် ဖြစ်ပေါ်လာခြင်းကို လူသာမန်တို့မသိလိုက်ဘဲ၊ ရှုမှတ်သောယောဂီတို့ သည်သာလျှင်သိရသည်။ သို့ရာတွင် ကိုင်ချင်သောစိတ်က ရှေ့ မှဖြစ်သွားခြင်းကို နောက်စိတ်က လိုက်၍ သိခြင်းဖြစ်သည်ဟု ပြောဟောပြခြင်းကို ကြားနာရဖူး၏။ စိတ်နှစ်ခု တပြိုင်နက်တည်း မဖြစ်နိုင်ခြင်းကိုလည်း ၀န်ခံ၍ သူ့နည်းနှင့်သူ မှန်ကန်ခြင်းကိုလည်း ၀န်ခံရပေမည်။ သို့ရာတွင် ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းမူ၌ ရှေ့ ဆင့်နောက်ဆင့် မဟုတ်ဘဲ တပြိုင်နက်တည်းကဲ့သို့ ဖြစ်ပေါ်ရသော အခြင်းအရာကို တင်ပြလိုပါသည်။

ဧကုပ္ပာဒ ဧကနိရောဓ

ရှင်းဦးအံ့။
စိတ်နှစ်ခု တပြိုင်နက်တည်း မဖြစ်နိုင်ခြင်းမှာမူကား ဘုရားဟောဖြစ်ရုံသာမက၊ လက်တွေ့အားဖြင့်လည်း (စမ်းသပ်သူတိုင်းအဖို့) အလွန်ရှင်းလှသည်ဖြစ်၍ အထူးရေးသားရန်မလိုပါ။ သို့ရာတွင် ‘သတိ’ ဟူသည်မှာ စိတ် (၀ိညာဏက္ခန္ဓာ) မဟုတ်၊ စေတသိက်တရား (သင်္ခါရက္ခန္ဓာ)မျှသာဖြစ်၏။ ‘သတိ’ယှဉ်သော ‘စိတ်’ ဟူ၍လည်းရှိ၍၊ သတိမယှဉ်သော စိတ်ဟူ၍လည်း ရှိ၏။ စေတသိက်တို့မည်သည် (ဧကုပ္ပာဒ နိရောဓာစ၊ ဧကာလမ္ဗဏ ဟူသော သဂြိုဟ်အရ) စိတ်နှင့် တပြိုင်တည်းဖြစ်၍ တပြိုင်တည်းချုပ်သည်ဆိုရာ၊ စိတ်နှစ်ခု တပြိုင်တည်း မဖြစ်နိုင်သော်လည်း စေတသိက်ဖြစ်သော ‘သတိ’သည် စိတ်နှင့် တပြိုင်တည်း ဖြစ်နိုင်စွမ်းရှိ၏။ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်သောယောဂီသည် သတိနှင့်ယှဉ်သောစိတ် ရှိသည်ဆိုအံ့။ မြင်သောအခြင်းအရာကို “မြင်သည်”ဟူ၍ နောက်စိတ်ကလိုက်ပြီး မှတ်နေရတော့သည်မဟုတ်။ သတိနှင့်ကြည့်လိုက်လျှင် သတိနှင့်မြင်လိုက်တော့ သည်သာ ဖြစ်၏။ မြင်ခြင်းတည်းဟူသော အခြင်းအရာကို အလုပ်တစ်ခုအနေဖြင့် ရှုမှတ်ရတော့သည်မဟုတ်။ မလပ်သောသတိရှိသည်ဆိုလျှင် မြင်သည်နှင့်တပြိုင်နက် သတိတွဲလျှက်သာ ရှိရပါတော့သည်။ ဥပမာ ရေစိုသောလက်ဖြင့် တစ်စုံတစ်ခုသော ၀တ္ထုပစ္စည်းကို ကိုင်တွယ်လိုက်သည့်အခါ ထိလိုက်ခြင်းနှင့် စွတ်စိုခြင်းတည်းဟူသော အခြင်းအရာတို့မှာ တပြိုင်တည်း ဖြစ်ရသကဲ့သို့ပင်။ ထိုလက်ဖြင့် တစ်ခုပြီးတစ်ခု သိနိုင်ခြင်းကား မှန်သကဲ့သို့ စိတ်မှာလည်း တစ်ခုပြီးတစ်ခု သိနိုင်ပါသည်။ သို့ရာတွင် စိုစွတ်သောလက်သည် ၀တ္ထုပစ္စည်းကို ထိခြင်းကား အလုပ်တစ်ခု၊ စိုစွတ်စေခြင်းကား အလုပ်တစ်ခု မဟုတ်သကဲ့သို့ သတိယှဉ်သောစိတ်သည် အာရုံနှင့်ထိတွေ့သည်နှင့် တပြိုင်နက် ရှုမှတ်ပြီး ဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအတိုင်း ကျနအောင် အားထုတ်သော ယောဂီသည် ဤအတိုင်းပင် တွေ့ရပေမည်။ ကျွန်ု့ပ်မှာ အကြိမ်ကြိမ် ၀န်ခံခဲ့သည့်အတိုင်း ကျမ်းတတ်တစ်ယောက် မဟုတ်သဖြင့် ကျမ်းဂန်ကို အခြေခံပြီး ကြံဆခြင်းမဟုတ်။ ကိုယ်တိုင်အားထုတ်၍ တွေ့ရှိရသော အခြင်းအရာကို တင်ပြခြင်းမျှသာ ဖြစ်ပါ၏။ သို့ရာတွင် ကျွန်ုပ်တွေ့ရှိသော သဘာဝသည် ကျမ်းဂန်နှင့် ကိုက်ညီသည်ဟု ယုံကြည့်ပါသည်။

တပြိုင်တည်းယှဉ်နိုင်ခြင်း

ထပ်၍ရှင်းဦးအံ့။
ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအရ အားထုတ်သော ယောဂီသည် စင်္ကြလျှောက်ခိုက်တွင် ပစ္စုပ္ပန်တည့်အောင် သုံးသပ်လျက်ရှိသည်ဆိုအံ့။ ကြွခြင်း၊ လှမ်းခြင်း စသောအလုပ်များကို ‘ကြွတယ်၊ လှမ်းတယ်’ စသည့် ပညတ်အခေါ်အဝေါ်များဖြင့် ရှုမှတ်ရန်လိုသည်မဟုတ်။ ကိုယ်ကာယ၏ အမူအရာပြောင်းလဲပုံ အခြင်းအရာများကို မပြတ်သောသတိဖြင့် စောင့်ကြည့်ရန်သာ လိုပေသည်။ ယင်းသို့ရှိစဉ် ‘ဒိုင်း’ခနဲ မြည်သောအသံကြီးတစ်သံ ကြားရသည်ဆိုအံ့။ ၄င်းကို ကြားရခြင်းအတွက်ကြောင့် စင်္ကြနှင့်ပတ်သက်၍ အလုပ်ပျက်သွားလေပြီဟု နှလုံးမသာယာခြင်း ဖြစ်ဖို့မလို။ အာရုံပြောင်းလဲသွားခြင်းကို ချက်ချင်းသိစေဖို့ သတိရှိရန်သာ အရေးကြီးပေသည်။

အာရုံပြောင်းလဲသွားခြင်းကို မသိလိုက်ဘဲ “ဘာသံပါလိမ့်” “ဘယ်ကလာတဲ့အသံပါလိမ့်” အစရှိသော အတွေးအခေါ်များ ၀င်ရောက်မလာစေအောင်၊ သတိရှိစေဖို့မှာလည်း အတော်ရင့်ကျက်လာသော ယောဂီများ၏ အလုပ်ကြီးဖြစ်လေသည်။ ဤကျင့်စဉ်၏ အရေးကြီးသော အလုပ်မှာ လွန်လေပြီးသော အတိတ်စိတ် (သို့မဟုတ် အာရုံ) ကို လိုက်၍ သိစေဖို့မဟုတ်၊ ပစ္စုပ္ပန်ဆတ်ဆတ်အပေါ်၌ သတိယှဉ်သောစိတ်ဖြင့် စောင့်ကြည့်ရန်သာ ဖြစ်လေသည်။ ရှေ့ စိတ်ကို နောက်စိတ်က သိခြင်းတည်းဟူသော အလုပ်မှာ အခြားရှုနည်းများအတွက် ဖြစ်ပေရာ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်မူကား (ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်အရ) လွန်လေပြီးသော အာရုံကို ရံဖန်ရံခါတွင် တမင်တကာ ဆင်ခြင်သုံးသပ်ခြင်းမျိုးမှတပါး အခါခပ်သိမ်း နောက်ပြန်ရှုမှတ်ရသော အလုပ်မျိုးမဟုတ်ပေ။ (ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်အကြောင်းကို ရှေ့ တွင် ရှင်းလင်း ဖော်ပြပါဦးမည်။)

လက်ထပ်ဆရာ အရေးကြီးခြင်း

ဝိပဿနာ တရားအားထုတ်ခြင်း ဟူသည်မှာ ဂေါတမဗုဒ္ဓဟောတော်မူခဲ့သည့် နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်ကြီးဖြစ်သည် မှန်သော်လည်း ကျမ်းဂန်ကိုကြည့်၍ အားထုတ်ရခြင်းထက် ထိုကျမ်းဂန်အရ အားထုတ်၍ အထိုက်အလျောက် ပေါက်ရောက်ထားသည့် ဆရာတော်ထံသို့ ချဉ်းကပ်ကာ အားထုတ်ပုံ အားထုတ်နည်းကို လက်ထပ်သင်ပြခြင်းခံရသည်က ပို၍အရာရောက်ကြောင်းမှာ ကျွန်ုပ်၏ ကိုယ်တွေ့ ဖြစ်ပါသည်။

ကိုယ်တိုင်အားထုတ်ဖူးခြင်းမရှိဘဲ ကျမ်းဂန်ထဲမှ ထုတ်နုတ်ကာ နည်လမ်းညွှန်ပြခြင်းသည်လည်း စာမဖတ်တတ်သူများအဖို့ အသုံးဝင်နိုင်သော်လည်း အဟုတ်တကယ် လိုလားသူဖြစ်ပါက အားထုတ်ထားသည့် အာစရိယထံ သြ၀ါဒခံယူပါမှ အရာရောက်နိုင်သည်ဟု နားလည်ကြရာချေသည်။ စင်စစ်မှာ တစ်ကြိမ်တစ်ခါမျှ လမ်းညွှန်ပြရုံနှင့် မပြီးသေး။ ဆရာသွားခဲ့သော လမ်းအတိုင်း တပည့်ဖြစ်သူက လိုက်လျှောက်ရာတွင် လမ်းခုလတ်၌ တိမ်းချော်ခြင်းများလည်း ရှိတတ်သည်ဖြစ်၍ မကြာမကြာ တွေ့ဆုံကာဖြင့် ပြုပြင်ပေးဖို့လည်း အရေးကြီးလှပေသည်။ ဤလမ်းကို ကိုယ်တိုင်မလျှောက်ဖူးသော ပုဂ္ဂိုလ်က ဆရာလုပ်ကာ မတိမ်းမချော်ရအောင် ပြုပြင်ပေးဖို့ဟူသည်မှာ လွန်စွာ သဘာဝမကျသဖြင့် ခဲယဉ်းသော အလုပ်တစ်ခုဟု ဆိုထိုက်ပေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်၏ ငယ်ဆရာတော်က “လက်ထပ်ဆရာ အပြကောင်းမှ အကြောင်းကို ရိပ်မိနိုင်သည်” ဟု ဟောတော်မူဖူးလေသည်။

ကျွန်ုပ်၏သန္နိဋ္ဌာန်

ကျွန်ုပ်ရေးသားခဲ့သော ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းကို သဘောကျသဖြင့် အားထုတ်သူအချို့ ၏ ‘လမ်းချော်’ ပုံနှင့် ကျွန်ုပ်ကိုယ်တိုင် စိတ္တာနုပဿနာ အလုပ်ကို လုပ်ဖူးစဉ်က ‘လမ်းချော်’ ပုံတို့ကို ဖော်ပြရပေဦးမည်။

ကျွန်ုပ်၌ ငယ်ဆရာတော် ရှိဖူးသည်မှန်သော်လည်း အလွန်နုနယ်သောအချိန်က တွေ့ရသော ဆရာတော်ဖြစ်၍၊ မဂ်ဖိုလ်နိဗ္ဗာန်ကိုရအောင် တစ်နေ့နေ့၌ အားထုတ်မည်ဟူသော သန္နိဋ္ဌာန်မျိုးစေ့ကလေး ချပေးခဲ့ရုံမှတပါး၊ ကျွန်ုပ်အား လက်ထပ်သင်ပြနိုင်သော အရေးအခွင့် မရှိခဲ့ချေ။

ဆရာတော်ပျံလွန်တော်မူသော်အခါ ကျွန်ုပ်မှာ အသက်၂၀ရှိပြီဖြစ်ရာ၊ ၁၃နှစ်ခန့်က ချထားခဲ့သော သန္နိဋ္ဌာန်ကို ကောင်းကောင်းသတိရသော်လည်း အားမထုတ်နိုင်သေးဘဲ၊ အမှတ်အသား ပြုထားလိုက်ရုံမျှသာရှိ၏။ သန္နိဋ္ဌာန်ချထားသောအချိန်၌လည်း ကျွန်ုပ်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို လိုချင်လှသောကြောင့်မဟုတ်၊ (နားမလည်သော အခြင်းအရာတစ်ခုကို လိုချင်တတ်သည်ဟူ၍လည်း မဖြစ်နိုင်) ဆရာတော်ဘုရားက ကျွန်ုပ်၏ မိဘများနှင့် အခြားတပည့်များအား မကြာခဏ ဟောပြောလေ့ရှိသည့် ‘နိဗ္ဗာန်’ ဟူသော အခြင်းအရာမှာ မည်သို့သော အခြင်းအရာမျိုးဖြစ်သည်ဟု သိလိုသဖြင့် တစ်နေ့နေ့တွင် သိအောင် ကြိုးစားမည်ဟူသော ဆုံးဖြတ်ချက်မျှသာ ဖြစ်လေသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

ဆက်လက်ဖတ်ရှုရန်