Sunday, May 31, 2009
ပဋိပဒါ လေးပါး
ပဋိပဒါမျိုး ၄-ပါး။ ။ မဂ်, ဖိုလ်, နိဗ္ဗာန်ရခြင်း၏ ကျင့်ရပုံ အတန်းအစားများ ခြားနားခြင်း ၄-ပါး။
(၁) သုခပဋိပဒါ ခိပ္ပါဘိညာ- ချမ်းသာစွာကျင့် လျင်မြန်စွာရ၊
(၂) သုခပဋိပဒါ ဒန္ဓာဘိညာ- ချမ်းသာစွာကျင့် ကြာမြင့်မှရ၊
(၃) ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ- ဆင်းရဲပင်ပန်းစွာကျင့် လျင်မြန်စွာရ၊
(၄) ဒုက္ခ ပဋိပဒါ ဒန္ဓာဘိညာ- ဆင်းရဲပင်ပန်းစွာကျင့် ကြာမြင့်စွာသော နှစ်ကာလတို့မှ ရ၊
------------------------
၂ - ဝိတ္ထာရသုတ်
၁၆၂။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ-
ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊
ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ် ရှိသော အကျင့်၊
ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊
ချမ်းသာ လွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်
တို့တည်း။
ရဟန်းတို့ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော ရာဂ
သဘောရှိ၏၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏၊ ပင်ကိုယ်သဘော
အားဖြင့်လည်း ပြင်းထန်သော ဒေါသသဘော ရှိ၏၊ ဒေါသကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံး
မသာခြင်းကို မပြတ်ခံစားရ၏၊ ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော မောဟသဘောရှိ၏၊
မောဟကြောင့် ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏။ ထို ပုဂ္ဂိုလ်အား သန္ဓိနြေ္ဒ
ဝီရိယိနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ ပညိနြေ္ဒအားဖြင့် ဤနုံ့သော ဣနြေ္ဒငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏၊
ထို ပုဂ္ဂိုလ်သည် ဤဣနြေ္ဒ ငါးပါးတို့၏ နုံ့ခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌
အကျိုးပေးတတ် သော) မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ဆင်းရဲငြိုငြင်စွာ
ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။
ရဟန်းတို့ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့် ဟူသည် အဘယ်
နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော ရာဂ
သဘောရှိ၏၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏၊ ပင်ကိုယ်သဘော
အားဖြင့်လည်း ပြင်းထန်သော ဒေါသသဘော ရှိ၏၊ ဒေါသကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံး
မသာခြင်းကို မပြတ် ခံစားရ၏၊ ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော မောဟ သဘောရှိ၏၊
မောဟကြောင့် ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် ခံစားရ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိနြေ္ဒ
ဝီရိယိနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ ပညိနြေ္ဒအားဖြင့် ဤလွန်ကဲသော ဣနြေ္ဒ ငါးပါးတို့သည် ထင်ရှားဖြစ်
ကုန်၏၊ ထို ပုဂ္ဂိုလ်သည် ဤဣနြေ္ဒငါးပါးတို့၏ လွန်ကဲခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ
မိမိ၏ (အခြားမဲ့၌ အကျိုးပေး တတ်သော) မဂ်သမာဓိသို့ လျင်မြန်စွာ ရောက်၏။ ရဟန်းတို့ ဤ
အကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။
ရဟန်းတို့ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည်
အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပင်ကိုယ်သဘောအားဖြင့်လည်း
ပြင်းထန်သော ရာဂသဘော မရှိ၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊
ပင်ကိုယ် သဘောအားဖြင့်လည်း ပြင်းထန်သော ဒေါသသဘော မရှိ၊ ဒေါသကြောင့်ဖြစ်သော ဆင်းရဲခြင်း
နှလုံး မသာခြင်းကို မပြတ်မခံစားရ၊ ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော မောဟသဘောမရှိ၊
မောဟကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ ထို ပုဂ္ဂိုလ်အား သဒ္ဓိနြေ္ဒ။ပ။
ပညိနြေ္ဒ အားဖြင့် ဤနုံ့သော ဣနြေ္ဒငါးပါးတို့သည် ထင်ရှား ဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်သည် ဤဣနြေ္ဒ
ငါးပါးတို့၏ နုံ့ခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ်သော)
မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော
အသိဉာဏ်ရှိသော အကျင့်ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟူသည်
အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပင်ကိုယ်သဘောအားဖြင့်လည်း
ပြင်းထန်သော ရာဂသဘော မရှိ၊ ရာဂကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊
ပင်ကိုယ် သဘောအားဖြင့်လည်း ပြင်းထန်သော ဒေါသသဘောမရှိ၊ ဒေါသကြောင့်ဖြစ်သော ဆင်းရဲခြင်း
နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ ပင်ကိုယ်သဘောအားဖြင့်လည်း ပြင်းထန်သော မောဟသဘော မရှိ၊
မောဟကြောင့်ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကို မပြတ် မခံစားရ၊ ထို ပုဂ္ဂိုလ်အား သဒ္ဓိနြေ္ဒ
ဝီရိယိနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ ပညိနြေ္ဒအားဖြင့် ဤလွန်ကဲသော ဣနြေ္ဒငါးပါးတို့သည် ထင်ရှား
ဖြစ်ကုန်၏၊ ထို ပုဂ္ဂိုလ်သည် ဤဣနြေ္ဒငါးပါးတို့၏ လွန်ကဲခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ
မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ်သော) မဂ်သမာဓိသို့ လျင်မြန်စွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို
ချမ်းသာ လွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။ ရဟန်းတို့
အကျင့်တို့သည် ဤလေးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
------
၃ - အသုဘသုတ်
၁၆၃။ ရဟန်းတို့ အကျင့်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ-
ဆင်းရဲ ငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊
ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်၊
ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်၊
ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်
တို့တည်း။
ရဟန်းတို့ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (မိမိ) ကိုယ်၌ မတင့်တယ်ဟု အဖန်တလဲလဲ ရှု၍ နေ၏၊
(သုံးဆောင်အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်၊ အလုံးစုံသော လောက၌ မမွေ့လျော်
ဖွယ်ဟု အမှတ်ရှိသည်၊ အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု အဖန်တလဲလဲ ရှုလေ့ရှိသည် ဖြစ်၍
နေ၏။ ထို ပုဂ္ဂိုလ်အား သေခြင်းကို အာရုံပြု၍ဖြစ်သော အမှတ် “သညာ” သည် မိမိသန္တာန်၌ ကောင်းစွာ
ကပ်၍ တည်၏၊ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ် ဟိရီဗိုလ် ဩတ္တပ္ပဗိုလ် ဝီရိယဗိုလ် ပညာဗိုလ် အားဖြင့်
ဤသေက္ခဗိုလ် ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိနြေ္ဒ ဝီရိယနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ
ပညိနြေ္ဒအားဖြင့် ဤနုံ့ကုန်သော ဣနြေ္ဒငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ထို
ဣနြေ္ဒငါးပါးတို့၏ နုံ့ခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေး
တတ်သော) မဂ် သမာဓိ သို့ နုံ့နှေးစွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍
နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့် ဟု ဆိုအပ်၏။
ရဟန်းတို့ ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်
နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိကိုယ်၌ မတင့်တယ်ဟု အဖန်တလဲလဲ ရှု၍ နေ၏၊
(သုံးဆောင်အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိသည်၊ အလုံးစုံသော လောက၌ မမွေ့လျော်
ဖွယ်ဟု အမှတ်ရှိသည်၊ အလုံးစုံသော သင်္ခါရတရားတို့၌ အမြဲမရှိဟု အဖန်တလဲလဲ ရှုလေ့ရှိသည်ဖြစ်၍
နေ၏။ ထို ပုဂ္ဂိုလ်အား သေခြင်းကို အာရုံပြု၍ ဖြစ်သော အမှတ် “သညာ”သည် မိမိသန္တာန်၌ ကောင်းစွာ
ကပ်၍ တည်၏၊ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ်။ပ။ ပညာဗိုလ်အားဖြင့် ဤသေက္ခဗိုလ်ငါးပါးတို့ကို အမှီပြု၍
နေ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိနြေ္ဒ။ပ။ ပညိနြေ္ဒအားဖြင့် ဤလွန်ကဲသော ဣနြေ္ဒငါးပါးတို့သည် ထင်ရှား
ဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣနြေ္ဒငါးပါးတို့၏ လွန်ကဲခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ
မိမိ၏ (အခြားမဲ့၌ အကျိုးပေးတတ်သော) မဂ်သမာဓိသို့ လျင်မြန်စွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို
ဆင်းရဲငြိုငြင်စွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။
ရဟန်းတို့ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ နုံ့နှေးသော အသိဉာဏ်ရှိသော အကျင့်ဟူသည်
အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်
တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း “ဝိတက်” နှင့် တကွဖြစ်သော၊ သုံးသပ်ခြင်း “ဝိစာရ” နှင့်
တကွ ဖြစ်သော၊ (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း “ပီတိ” ချမ်းသာခြင်း “သုခ” ရှိသော
ပဌမဈာန်သို့ ရောက်၍ နေ၏။ ကြံစည်ခြင်း “ဝိတက်” သုံးသပ်ခြင်း “ဝိစာရ” တို့၏ ချုပ်ခြင်းကြောင့် မိမိ
သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း “သမာဓိ” ကို ဖြစ်ပွါးစေတတ်သော၊
ကြံစည်ခြင်း “ဝိတက်” မရှိသော၊ သုံးသပ်ခြင်း “ဝိစာရ” မရှိသော၊ တည်ကြည်ခြင်း “သမာဓိ” ကြောင့်
ဖြစ်သော၊ နှစ်သိမ့်ခြင်း “ပီတိ” ချမ်းသာခြင်း ”သုခ” ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း
”ပီတိ” ကိုလည်း မစွဲမက်ခြင်းကြောင့် အောက်မေ့ခြင်း ”သတိ”၊ ဆင်ခြင်ဉာဏ် “သမ္ပဇဉ်”နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း “သုခ” ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် (တတိယဈာန်)ကြောင့် ထိုသူကို ”လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု ပြောကြား ကုန်၏၊ ထို တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာခြင်း “သုခ” ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း “ဒုက္ခ”ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း “သောမနဿ” နှလုံးမသာခြင်း ”ဒေါမနဿ” တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော လျစ်လျူရှုမှု “ဥပေက္ခာ” ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ထိုပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ်။ပ။ ပညာဗိုလ်အားဖြင့် ဤသေက္ခဗိုလ် ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထိုပုဂ္ဂိုလ်အား သဒ္ဓိနြေ္ဒ။ပ။ ပညိနြေ္ဒ အားဖြင့် ဤနုံ့သော ဣနြေ္ဒငါးပါး တို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣနြေ္ဒငါးပါးတို့၏ နုံ့ခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌အကျိုးပေး တတ်သော) မဂ်သမာဓိသို့ နုံ့နှေးစွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ချမ်းသာလွယ်ကူစွာကျင့်ရ၍ နုံ့နှေးသော အသိဉာဏ် ရှိသော အကျင့် ဟု ဆိုအပ်၏။
ရဟန်းတို့ ချမ်းသာလွယ်ကူစွာ ကျင့်ရ၍ လျင်မြန်သော အသိဉာဏ်ရှိသော အကျင့်ဟူသည် အဘယ်
နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်
တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း “ဝိတက်” နှင့်တကွဖြစ်သော၊ သုံးသပ်ခြင်း “ဝိစာရ”
နှင့်တကွ ဖြစ်သော၊ (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း “ပီတိ” ချမ်းသာခြင်း “သုခ”
ရှိသော ပဌမ ဈာန်သို့ ရောက်၍ နေ၏။ပ။ ဒုတိယဈာန်သို့။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့
ရောက်၍ နေ၏။ ထို ပုဂ္ဂိုလ်သည် သဒ္ဓါဗိုလ် ဟိရီဗိုလ် ဩတ္တပ္ပဗိုလ် ဝီရိယဗိုလ် ပညာဗိုလ်အားဖြင့်
ဤသေက္ခဗိုလ် ငါးပါးတို့ကို အမှီပြု၍ နေ၏။ ထို ပုဂ္ဂိုလ်အား သဒ္ဓိနြေ္ဒ ဝီရိယိနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ
ပညိနြေ္ဒအားဖြင့် လွန်ကဲသော ဤဣနြေ္ဒငါးပါးတို့သည် ထင်ရှားဖြစ်ကုန်၏။ ထို ပုဂ္ဂိုလ်သည် ဤဣနြေ္ဒ
ငါးပါးတို့၏ လွန်ကဲခြင်းကြောင့် အာသဝေါတရားတို့ ကုန်ခြင်းငှါ မိမိ၏ (အခြားမဲ့၌ အကျိုးပေး
တတ်သော) မဂ်သမာဓိသို့ လျင်မြန်စွာ ရောက်၏။ ရဟန်းတို့ ဤအကျင့်ကို ချမ်းသာလွယ်ကူစွာ
ကျင့်ရ၍ လျင်မြန်သော အသိ ဉာဏ်ရှိသော အကျင့်ဟု ဆိုအပ်၏။
ရဟန်းတို့ အကျင့် တို့သည် ဤလေးမျိုး တို့တည်း ဟု (မိန့်တော်မူ၏)။
တတိယသုတ်။
ကျမ်းညွှန်း။ ။ အဂုင်္တ္တရနိကာယ် စတုက္ကနိပါတ် ပဋိပဒါဝဂ်
---------------------------------------------------------------------
ပဌမကောသလသုတ် မှ ကောက်နုတ်ချက်
ရဟန်းတို့ အကျင့် “ပဋိပဒါ” တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ -
ဆင်းရဲစွာ ကျင့်ရ၍ နုံ့နှေးစွာ အသိဉာဏ် ဖြစ်ပေါ်သော “ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ”၊
ဆင်းရဲစွာ ကျင့်ရသော်လည်း လျင်မြန်စွာ အသိဉာဏ် ဖြစ်ပေါ်သော “ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ”၊
ချမ်းသာစွာ ကျင့်ရသော်လည်း နုံ့နှေးစွာ အသိဉာဏ် ဖြစ်ပေါ်သော “သုခပဋိပဒါ ဒန္ဓာဘိညာ”၊
ချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ် ဖြစ်ပေါ်သော “သုခပဋိပဒါခိပ္ပါဘိညာ”
အကျင့်တို့တည်း။ ရဟန်းတို့ အကျင့်ပဋိပဒါတို့သည် ဤလေးမျိုးတို့ တည်း။
ရဟန်းတို့ ဤအကျင့်လေးမျိုးတို့တွင် ချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ် ဖြစ်ပေါ်
သော ဤအကျင့်သည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ကျင့်သော သတ္တဝါတို့လည်း ရှိကုန်၏။
ရဟန်းတို့ ဤသို့ကျင့်သော သတ္တဝါတို့အားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း
ရှိသည်သာတည်း၊ ဖောက်ပြန် ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်
ရှိသော အရိယာတပည့်သည် ထိုချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ် ဖြစ်ပေါ်သော အကျင့်၌
လည်း ငြီးငွေ့၏၊ ထိုအကျင့်၌ ငြီးငွေ့သော် မြတ်သော အကျင့်၌ တပ်ခြင်းကင်း၏၊ ယုတ်သော အကျင့်၌
ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၆)
ကျမ်းညွှန်း။ ။ အဂုင်္တ္တရနိကာယ် ဒသကနိပါတ် မဟာဝဂ်
-------------------------------------------------------------
အကျင့်ပဋိပဒါ ဒေသနာ
၁၅၂။ မြတ်စွာဘုရား ထို့ပြင် မြတ်စွာဘုရားသည် အကြင်ဒေသနာဖြင့် နိဗ္ဗာန်သို့ ရောက်ကြောင်း
အကျင့် “ပဋိပဒါ” တို့၌ တရားကို ဟောတော်မူ၏၊ ဤဒေသနာသည် မိမိထက် အလွန်အကဲ မရှိ၊ မြင့်မြတ်
ပါ၏။
မြတ်စွာဘုရား ပဋိပဒါတို့သည် ဤလေးပါးတို့တည်း။
ဆင်းရဲစွာ ကျင့်ရ၍ နှေးသော အသိဉာဏ် ဖြစ်ပေါ်သော “ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ”၊
ဆင်းရဲစွာ ကျင့်ရ သော်လည်း လျင်သော အသိဉာဏ် ဖြစ်ပေါ်သော “ဒုက္ခပဋိပဒါခိပ္ပါဘိညာ”၊
ချမ်းသာစွာ ကျင့်ရ သော်လည်း နှေးသော အသိဉာဏ်ဖြစ်ပေါ်သော “သုခပဋိပဒါဒန္ဓာဘိညာ”၊
ချမ်းသာစွာ ကျင့်ရ၍ လျင်သော အသိဉာဏ်ဖြစ်ပေါ်သော “သုခပဋိပဒါခိပ္ပါဘိညာ” (ဤလေးပါးတို့တည်း)။
မြတ်စွာဘုရား ထို (ပဋိပဒါလေးပါး) တို့တွင် အကြင် ပဋိပဒါသည် ဆင်းရဲ၏၊ အသိဉာဏ်သည်
နှေး၏၊ မြတ်စွာဘုရား ဤပဋိပဒါကို ဆင်းရဲသည်၏ အဖြစ်ကြောင့် လည်းကောင်း နှေးသည်၏
အဖြစ်ကြောင့် လည်းကောင်း နှစ်ပါးစုံသော အကြောင်းကြောင့်ပင် ညံ့၏ ဟူ၍ ဆိုအပ်၏။
မြတ်စွာဘုရား ထို (ပဋိပဒါလေးပါး) တို့တွင် အကြင်ပဋိပဒါသည် ဆင်းရဲ၏၊ အသိဉာဏ်သည်
လျင်၏၊ မြတ်စွာဘုရား ဤပဋိပဒါကို ဆင်းရဲသည်၏ အဖြစ်ကြောင့် ညံ့၏ ဟူ၍ ဆိုအပ်၏။
မြတ်စွာဘုရား ထို (ပဋိပဒါလေးပါး) တို့တွင် အကြင်ပဋိပဒါသည် ချမ်းသာ၏၊ အသိဉာဏ်သည်
နှေး၏၊ မြတ်စွာဘုရား ဤပဋိပဒါကို နှေးသည်၏ အဖြစ်ကြောင့် ညံ့၏ ဟူ၍ ဆိုအပ်၏။
မြတ်စွာဘုရား ထို (ပဋိပဒါလေးပါး) တို့တွင် အကြင်ပဋိပဒါသည် ချမ်းသာ၏၊ အသိဉာဏ်သည်
လျင်၏၊ မြတ်စွာဘုရား ဤပဋိပဒါကို ချမ်းသာသည်၏အဖြစ်ကြောင့်လည်းကောင်း လျင်သည်၏ အဖြစ်
ကြောင့် လည်းကောင်း နှစ်ပါးစုံသော အကြောင်းကြောင့် မြင့်မြတ်၏ ဟူ၍ ဆိုအပ်၏။
မြတ်စွာဘုရား နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ပဋိပဒါတို့၌ ထိုဒေသနာသည် မိမိထက် အလွန်
အကဲ မရှိ၊ မြင့်မြတ်ပါ၏။
ကျမ်းညွှန်း။ ။ ပါထိက၀ဂ္ဂပါဠိတော် သမ္ပသာဒနီယသုတ်
-------------------------------------------------------------------------------------------------
ဓမ္မမိတ်ဆွေများကို ဒီ ပဋိပဒါ များအကြောင်းကို ဖတ်စေလိုတဲ့ ကျွန်တော့်ရဲ့  ရည်ရွယ်ချက်ကတော့ တကယ်လို့ များ နည်းမှန်လမ်းမှန်နှင့် တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်မှာ မိမိအားထုတ်မှုဟာ ချမ်းချမ်းသာသာရှိသော်လည်း အသိဉာဏ်ပိုင်းမှာတော့တိုးတက်မှု နှေးနေတာမျိုးသော်လည်းကောင်း၊ ဒါမှမဟုတ် အားထုတ်မှုဟာ ဆင်းရဲပင်ပန်းမှုတွေနှင့်တွေ့ ကြုံနေရပြီး တိုးတက်မှုလည်း နှေးနေတာမျိုးတွေ သော်လည်းကောင်း ဖြစ်ပေါ်ခံစားနေကြရရင် မိမိရဲ့ အားထုတ်မှုအပေါ် သံသယမဖြစ်ဘဲ၊ စိတ်ဓါတ်ကျမသွားဘဲ လူတစ်ယောက်နှင့်တစ်ယောက် တရားရပုံချင်း မတူညီကြကြောင်း ဘုရားဟော အဆုံးအမတော် ရှိပြီးသားဆိုတာလေးကို သိရှိမှတ်သားထားပြီး နောက်မဆုတ်တမ်း ဆက်လက်ကြိုးစားအားထုတ်ဖို့ ကို ဆန္ဒပြုတိုက်တွန်းအားပေးချင်လို့ ပါခင်ဗျား။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်
Saturday, May 30, 2009
“မြစ်တစ်ခု စီးဆင်းမှု နရီ (သို့) ညီလေး ဖိုးသားအတွက် မွေးနေ့လက်ဆောင်”
ညီလေးဖိုးသားရေ
ညီ့ရဲ့  (၂၄) နှစ်ပြည့် မွေးနေ့ အတွက် အမှတ်တရ ဖြစ်အောင် တစ်ခုခု ပေးမယ်လို့ စိတ်ကူး ရင်းက ဒီစာကို မွေးနေ့ လက်ဆောင် အဖြစ် ရေးလိုက်ပါတယ်။
ညီ့ကို ပေါ့ပေါ့ပါးပါး ဟိုတစ်ခါ တုန်းက လိုပဲ အကို ပုံပြင်လေးတွေ ပြောပြမယ်လို့ စိတ်ကူး ထားတယ်။
ညီ့ကို ပထမ တစ်ပုဒ် အနေနှင့် တရားရှာတဲ့ လူငယ်လေး တစ်ယောက် အကြောင်း ပြောပြမယ်။
တစ်ခါက လူငယ် တစ်ယောက်ဟာ တရားကို သိမြင်ချင်လို့ ဆရာကြီး တစ်ဦးဆီကို သွားပြီး သူ့ကို သင်ပြပေးဖို့ တပည့် သွားခံပါတယ်။ ဒီအခါမှာ ဆရာကြီးက လူငယ်ကို လိုအပ်တဲ့ မေးခွန်းလေး တချို့ကို မေးပါတယ်။ အဲဒီလို မေးပြီးသွားတဲ့ အခါမှာတော့ လူငယ်ကို ပြောလိုက် တာက သင့်ကို ကျွန်ုပ် အနေနှင့် တရားကို သင်ပြပေးဖို့ မလိုတော့ ပါဘူးတဲ့။ သင့်ထံမှာ သင်ယူ လေ့လာ သင့်တဲ့ တရားက အလုံ အလောက် ရှိနေပါပြီတဲ့။ သင်တကယ် လိုအပ်တာက ထပ်ပြီး သင်ယူဖို့ မဟုတ်ပါဘူး။ သင်သိထား တာတွေကို လက်တွေ့ ကျင့်ကြံ ကျင့်သုံးဖို့ ပါလို့ ဆရာကြီးက ဆိုလိုက်ပါတယ်။ လူငယ်လည်း ဆရာကြီး ဆီကနေ ပြန်လာခဲ့ ရပါတယ်။
ပထမ ပုံပြင်လေး ကတော့ ဒါလေးပါပဲ ညီရေ။ ကျန်တဲ့ ဆက်ပြီး စဉ်းစားရမယ့် အပိုင်း ကတော့ ညီ့ တာဝန် ဖြစ်သွားပြီနော်။
ဒုတိယ ပုံပြင်ကို ဆက်ပြောပြ မယ်နော်။ ဒီအကြောင်း အရာက မဟတ္တမ ဂန္ဒီကြီးရဲ့  ဖြစ်စဉ်တွေထဲက တစ်ခုလို့လည်း ပြောပါတယ်။ ထားပါလေ။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။ အဓိကက ပုံပြင်က ပေးတဲ့ တစ်ခုခုကို ကိုယ် ရလိုက်ဖို့ပဲ မဟုတ်လား ညီရာ။
တခါက ဆရာကြီး တစ်ယောက် ဆီကို မိခင် တစ်ယောက်က သူ့သားငယ် လေးကို ခေါ်လာပြီး ကလေးကို ဆုံးမပေးပါလို့ အပ်တယ်တဲ့။ ဒီတော့ ဆရာကြီးက ကလေးက ဘာဖြစ်နေလို့ လဲလို့ မေးတယ်။ ကလေးရဲ့ မိခင်က ပြောတာက ဒီကလေးက အချိုတွေ သိပ်စားတယ်။ အဲဒါ သူ့ကို အချို သိပ်မစားဖို့ ဆုံးမပေး ပါလို့ ပြောပါတယ်။ ဒီအခါမှာ ဆရာကြီးက ကလေး မိခင်ကို နောက်တစ်လ ကျမှ ကလေးကို ပြန်ခေါ်လာဖို့ စေခိုင်းလိုက် ပါတယ်။ ဒီလိုနဲ့ နောက်တစ်လ ကြာတော့ မိခင်နှင့် ကလေး တခါ ဆရာကြီးဆီ ပြန်ရောက်လာ ကြပါတယ်။ ဒီအခါမှာတော့ ဆရာကြီးက ကလေးကို ”ကလေး အချိုတွေ သိပ်မစားနဲ့” လို့ ပြောလိုက် ပါတယ်။
ဆရာကြီးရဲ့ ဒီဆုံးမ စကားကို ကြားတော့ မိခင်လုပ်တဲ့ သူက ဆရာကြီးနှယ် ဒီစကားလေး ပြောဖို့ အရေး ဘာလို့ တစ်လတောင် ချိန်းရတာ လဲပေါ့။ ပြီးခဲ့တဲ့ လကတည်းက ပြောလိုက်လည်း ရသားနဲ့လို့ Complaint တက်ပါတယ်။ ဆရာကြီးက ဒီတော့ ဘာပြန်ပြော သလဲ ဆိုတော့ ငါလည်း ပြီးခဲ့တဲ့ လအထိ အချိုတွေ တအား စားခဲ့တယ်။ ဒီကလေးကို အချိုတွေ မစားဖို့ကို ဆုံးမစကား ပြောဖို့ ငါအရင် အချိုကို မစားဘဲ နေနိုင်အောင် ကျင့်လိုက်တယ်။ အခု အချိန်မှာ ငါ အချို မစားတော့ဘူး။ မစားဘဲ နေနိုင်ပြီ။ ဒါကြောင့် အခု ဒီကလေးကို အချိုမစားဖို့ ငါဆုံးမတယ်လို့ ပြန်ဖြေလိုက် ပါသတဲ့။
ဒုတိယ ပုံပြင်လေးကလည်း ဒီလောက်ပါပဲ ညီရေ။
ကဲ ညီရေ။ အကို ပြောပြချင်တဲ့ ပုံပြင်တွေ ကတော့ အဲဒါလေးပါပဲ။ ညီ ကြိုက်မကြိုက်တော့ မသိပါဘူး။
အဲ... ကြုံတုန်းလေး ဘာသာရေး ဘလော့ဂ် ရေးတဲ့ ဘလော့ဂ်ဂါ အချင်းချင်း တရား စကားလေးတော့ ပြောလိုက်ပါ အုံးမယ်။
အတွေးအခေါ် ပညာရှင် တစ်ယောက်ရဲ့  ထင်ရှားတဲ့ အတွေး အခေါ်လေး တစ်ခုပါ။ သူက ပြောတယ်။ “မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို့ မရပါ” တဲ့။ ညီ ကြားဖူး မလားတော့ မသိပါဘူး။ သူ ဆိုလိုချင်တဲ့ အဓိပ္ပါယ် ကတော့ လူတစ်ယောက်ဟာ မြစ်တစ်ခုမှာ သွားပြီး ရေ ဆင်းချိုးမယ် ဆိုပါတော့။ ပထမ တစ်ကြိမ် ရေချိုးပြီး ပြန်တက်လာလို့ နောက်တစ်ခေါက် မြစ်ထဲ ပြန်ဆင်းတဲ့ အချိန်မှာ ဒီမြစ်ဟာ ခုန သူ ရေဆင်းချိုး ခဲ့တဲ့ မြစ်ရေ မဟုတ်တော့ဘူး။ မြစ်ရဲ့ သဘာဝ ရေက အမြဲ စီးဆင်းနေတဲ့ အတွက် နောက်တစ်ကြိမ် သူပြန်ဆင်းတဲ့ အချိန်မှာ မြစ်ရေက အသစ် ဖြစ်နေပြီ။ ခုနမြစ်ရေ မရှိတော့ ဘူးပေါ့။
ဒီအဆိုကို မြန်မာပြည်က ဆရာတော် တစ်ပါးကတော့ မပြည့်စုံ သေးဘူးလို့ ဆိုပါတယ်။ သူက ထပ်ဖြည့်ပြီး ပြောတာက အမှန်မှာ မြစ်တစ်ခုတည်း ကသာ စီးဆင်းပြီး အသစ် ဖြစ်သွားတာ မဟုတ်ပါ ဘူးတဲ့။ ရေ ဆင်းချိုးတဲ့သူ ကိုယ်တိုင်ကို ကလည်း ဒုတိယ တစ်ခေါက်မှာ အရင်လူ မဟုတ်တော့ဘဲ လူအသစ် ဖြစ်သွားပါပြီတဲ့။
ရုပ်နာမ် ခန္ဓာတို့ရဲ့ သဘော မျက်စိတစ်မှိတ် လျှပ်တပြတ် အတွင်းမှာပဲ အကြိမ်ပေါင်း ကုဋေပေါင်း များစွာ ပျက်ဆီး ကုန်ဆုံးသွား ခဲ့ပြီး အသစ်ပေါင်း အကြိမ်ပေါင်း များစွာ ဖြစ်သွားခဲ့ ပြီကိုး။ မြစ်ရေကလည်း အသစ်၊ လူကလည်း အသစ်။
ကဲ... ညီ့မွေးနေ့ အတွက် စဉ်းစားစရာ လေးတွေ လက်ဆောင် အဖြစ်ပေးလိုက် ပါတယ်။
မွေးနေ့ အတွက် ဆုတောင်း ကိုတော့ ဘုန်းဘုန်းဦးတိက္ခ ဉာဏကို ဆုတောင်းပေး သလိုဘဲ ဆန္ဒပြု ပြောချင်ပါတယ်။ Happy Everyday ပါ ညီရေ။
ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်
Tuesday, May 26, 2009
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၇)
လူဖြစ်ရကျိုးနပ်အောင်
ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ၊ မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆနဲ့ သားရေးသမီးရေးတွေနဲ့ ချည်း အရေးပေါင်း သောင်းခြောက်ထောင်နဲ့  တစ်သက်တာ အချိန်ကုန်သွားမယ်ဆိုရင် ကိုယ့်အတွက် အနှုတ် လက္ခဏာပြနေပြီ မှတ်လိုက်ပါ။ သတိအမှတ်ကိုယ်မှာကပ်ပြီး ၀ိပဿနာတရားကို ကြိုးစားအားထုတ်မှသာလျှင် လူဖြစ်ရကျိုး၊ သာသနာတော်နဲ့  တွေ့ ကြုံရကျိုးနပ်ပါလိမ့်မယ်။
အဖြေသုံးမျိုး
ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ မိသားစု စားဝတ်နေရေး၊ ဘ၀ရပ်တည်နေရေးအတွက် ရောင်းဝယ်ကြတဲ့ အခါမှာ အဖြေ( ၃ ) မျိုးရှိတယ်။ အရင်းရယ်၊ အရှုံးရယ်၊ အမြတ်ရယ်။ လောကုတ္တရာ စီးပွားရှာတဲ့နေရာမှာလည်း
အဲဒီလိုပဲ ( ၃ ) မျိုးရှိတယ်။ ကုသိုလ်ကောင်းမှုကြောင့် လူ့ ဘ၀ ပြန်ရရင် အရင်းပဲ။ အကုသိုလ်ကြောင့် အပါယ်လေးပါးကျရင် အရှုံး။ တရားထူးတရားမြတ်ရရင် အမြတ်ထွက်တာပဲ။ အဲဒီလို အမြတ်ထွက်အောင် ကြိုးစားကြ။
တရားနှင့်အားထုတ်သူ
တရားအားထုတ်ခါစတွင် ကိုယ်ကတရားကို တွဲခေါ်ရတာ၊ နောက်ပိုင်း ကျင့်အား ကောင်းလာတော့ တရား အရသာ ပေါ်လာပြီး တရားကကိုယ့်ကိုတွဲခေါ်သွားတော့တာပဲ။
ဆက်လက်ဖတ်ရှုရန်
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄)
ဒိဋ္ဌေဒိဋ္ဌမတံ္တ
ကျွန်ုပ်သည် သောတာပန် ပုဂ္ဂိုလ်အကြောင်းရင်းနှင့် ပတ်သက်၍ နိကာယ်ကျမ်းများကို မွှေနှောက်ရှာဖွေရင်း အတ္တုပ္ပတ္တိကို ဖတ်ရှုမိရာ ‘‘ဒိဋ္ဌေဒိဋ္ဌမတံ္တ ’‘ ဟူသော ဗုဒ္ဓ၏ သြ၀ါဒကို အလွန်နှစ်သက်၍ ပီတိဖြစ်သည့်အလျောက်
၎င်းနည်းအတိုင်း အားထုတ်ဖို့  သန္နိဋ္ဌာန်ချလိုက်သည်။
စိတ်ရိုးရိုး သဘာဝ
ဒိဋ္ဌေဒိဋ္ဌမတံ္တ ဟူသော ပါဠိတော်အရမှာ မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နံကာမတ္တ စသည်ဖြင့် အာရုံ ၆ပါးတို့ ၌ မိမိ၏စိတ်ကို ‘‘ ဘရိတ်အုပ် ’’ ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အနည်းငယ် ရှင်းလင်းရသော် အသံတစ်ခုကြားလျှင်
ဘာသံဟူ၍ပင် မစဉ်းစားစေဘဲ စိတ်ကို ထိန်းထားရမည့်အဓိပ္ပာယ်မျိုး ဖြစ်၏။ အခြားသော ဒွါရပေါက်များ တွင်လည်း ဤအတိုင်းပင်။ ဒွါရခြောက်ပေါက်အနက် မနောဒွါရသည် ထိန်းချုပ်ရန် အခက်ဆုံးဖြစ်သည်ကို တွေ့ ရ၏ ။ ဥပမာ လမ်းပေါ်မှ အော်ဟစ်သံကြားလိုက်ရသည့်အခါ ‘‘ ဘယ်သူ့ အသံပါလိမ့်၊ ဘာကြောင့်အော်ပါလိမ့်၊
ရန်ဖြစ်ကြတာလေလား၊ ငါ့အိမ်သားများနဲ့  ရန်ဖြစ်ကြလေရော့လား၊ ဟိုဘက်အိမ်က လူများနဲ့  မနေ့ က စကားများကြဖူးတယ်၊ သူတို့ ဟာ တယ်ဆိုးတဲ့ လူတွေပဲ၊ အသံကတော့ မိန်းမသံပဲ၊ ရန်တွေ့ တာနဲ့  တူတယ် ’’ စသည်များဖြင့် ရှည်လျားစွာ စဉ်းစားမိတတ်လေတော့သည်။ ဤကား ပြုလုပ်နေကျ စိတ်သဘာဝပေတည်း။
ကြံစည်ခြင်းဖြင့် အချိန်ဖြုန်းခြင်း
ထို့ ပြင် ၎င်းသြ၀ါဒအတိုင်း ကြိုးစား၍ အားထုတ်သောအခါ အာရုံတစ်ခုအကြောင်းနှင့် ပတ်သက်၍ ရှည်းလျားစွာ လိုက်ပြီး စိတ်မကူးရဟု ဆိုခြင်းအားဖြင့် လွန်လေပြီးသော အတိတ်ကာလအကြောင်း၊ မဖြစ်သေးသော အနာဂတ်ကာလအကြောင်းများကို စိတ်မကူးရ ဟူသော အဓိပ္ပာယ်တွေ့ ရှိရသည်။ စိတ်သည် ပစ္စုပ္ပန်တည့်တည့် အပေါ်၌ မနေတတ်ဘဲ ရှေ့ အကြောင်း နောက်အကြောင်းများကို စဉ်းစားချင်တတ်သော သဘာဝရှိ၏ ။ မြင်ခြင်း ၊ ကြားခြင်း ၊ နံခြင်း ၊ လျက်ခြင်း ၊ ထိတွေ့ ခြင်းစသော ပဉ္စာရုံများနှင့် မကြုံကြိုက်ပြန်လျှင်လည်း လွန်လေပြီးသော အဖြစ်အပျက်များ သို့ တည်းမဟုတ် ရှေ့ အဖို့  မည်ကဲ့သို့ ပြုလုပ်မည်ဟူသော အကြံအစည်၊ မည်ကဲ့သို့  ဖြစ်လိမ့်မည်ထင်သည် ဟူသော မှန်းဆချက်၊ မည်ကဲ့သို့  ပြုလုပ်လျှင် ကောင်းပါမည်နည်း ဟူသောစိတ်ကူးတွေး တောချက်များဖြင့် အချိန်ကုန်လျက်ရှိသည်ကို တွေ့ ရသည်။ လွန်လေပြီးသော အဖြစ်အပျက်များနှင့် ပတ်သက်၍လည်း ဤသို့ ပြုမိခဲ့၍သာ တော်ပေတော့သည်။ ထိုသို့ ပြုမိခဲ့လျှင်ကိုယ်ကျိုးနည်းရချေရဲ့ ဆိုကာ
ကိုယ့်ဟာကိုယ် ကျေနပ်ခြင်း၊ ဤသို့ ပြုမိ၍ ခံရသည်၊ ထိုသို့ ပြုမိပါလျှင် တော်လေဦးမည် စသည်ဖြင့် ကိုယ့်ဟာကိုယ် မကျေနပ်ခြင်း စသည်များဖြင့် အချိန်ကုန်တတ်သော သဘာဝရှိသည် ကို တွေ့ ရသည်။
နီးစပ်ရာ ကူးကျော်ပုံ
ထိုကဲ့သို့  စူးစူးစိုက်စိုက် စဉ်းစားဆင်ခြင်ရန် ပြဿနာမရှိသော အခါများတွင်လည်း စိတ်ကလေး အလုပ်လုပ် တတ်ပုံမှာ အတော်ဆန်းကြယ်၏။ ဥပမာ မိတ်ဆွေတစ်ယောက် လေယာဉ်ပျံနှင့် ဆိုက်ရောက်မည့် အကြောင်းကို ဖျတ်ခနဲ သတိရလိုက်မိသည့်အခါ `` ခုတလောမှာ လေယာဉ်ပျံတွေက သိပ်စိတ်မချရဘူး။ ကမ္ဘာမှာ လေယာဉ်ပျံ ပျက်ကျတဲ့သတင်းတွေ ခဏခဏကြားရတယ်။ မန္တလေး ၀ါးတန်းက ‘ ရေချို ’ကိုအေး မောင်တစ်ယောက် ကံကောင်းလို့ ပါလား၊ ဒါထက် ငါးပိရေချိုမစားရတာ တော်တော်ကြာသွားပြီ။ ငံပြာရည်ဖျော်နဲ့ ချည်း စားရတာ ငြီးငွေ့ နေပြီ။ မြိတ်ငံပြာရည်စစ်စစ်ရလျှင်လဲ တော်သေးရဲ့ ၊ တစ်ပြည်လုံး နှံ့ နေအောင်ရောက်ဖူးပြီဆိုပေမယ့် မြိတ်တစ်ခုတော့ ငါမရောက်သေးဘူး။ ပင်လယ်ကူးသင်္ဘောလဲ စီးဖူးအောင် မြိတ်ကိုတော့ တစ်ခေါက်လောက် သွားလည်ဦးမှပဲ။ ဒါပေမယ့် သင်္ဘောစီးချင်းစီးရင်း ဗုဒ္ဓဇယန္တိပွဲတော်ကြီးအတွင်းမှာ အိန္ဒိယ သွားလည်လျှင်တော့ တစ်ဝက်ခနှုန်း ရတယ်ဆိုပဲ။ ဒါပေမယ့် ပတ် ( စ်)ပုတ်အတွက် အခက်အခဲများ ရှိနေဦမလား မဆိုနိုင်ဘူး။ အစိုးရက ငါလိုလူကျမှ ကြေးထူချင် ထူနေဦးမယ် ’’ စသည်များဖြင့် တရှည်တလျားကြီးကူးကျော်ပြေးလွှား တတ်လေသည်။
စိတ်ကလေး၏ ကူးကျော်ပြေးလွှားပုံ အခြင်းအရာမှာ ငယ်စဉ်က ရဖူးသည့် လင်္ကာကလေးတစ်ပုဒ်နှင့် တူလှသည်။
ဘုရားကျွန်တော်
တောင်ပေါ်ကျွန်းက
ဆင်တော်တစ်စီး
အမြီးငွေလိပ်
လိပ်သည့်သင်ဖြူး
ဖြူးသည့်လေညင်း
ညင်းသည့်အမည်း
မည်းသည့်မီးသွေး
သွေးသည့်နံ့ သာ
သာသည့်လမင်း........စသည်ဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ် ပေတည်း။ စိတ်သည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကဲ့သို့  အခြားအရေးကြီးသော အာရုံတစ်ခုနှင့် မတိုက်မချင်း ရှည်လျားစွာ ကူးကျော်ပြေးလွှားတတ်သည်ကို တွေ့ ရသည်။
ပစ္စုပ္ပန်တည့်တည့်
ဤခေတ်တွင် ၀ိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်တည့်တည့်ထားရမည်ဟူသော စကားကို အသုံးပြုတတ်ကြသည်။ ၎င်းတို့ ဆိုလိုပုံရသည်မှာ မိမိတို့  အားထုတ်သော ကမ္မဋ္ဌာန်းအာရုံတည့်တည့် အပေါ်၌သာ စိတ်ကိုထားရမည်ဟု ပြောလိုဟန်တူသည်။ ‘‘ ဒိဋ္ဌေဒိဋ္ဌမတံ္တ ’’ ဟူသော သြ၀ါဒအရ အားထုတ်သော သူအဖို့ မှာ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိ ။ အာရုံနှင့် အာရမ္မဏိက တိုက်ခိုက်၍ ဖြစ်ပေါ်လာသည့် ( ၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်တိုင်း ဖြစ်တိုင်း သိစေ၍ ရှေ့ လျှောက်ပြီး တရှည်တလျားကြီး ကူးကျော်ပြေးလွှား ခြင်း မပြုစေရန် သတိဖြင့် စောင့်ထိန်းထားရသော အလုပ်မျှသာ ရှိသေးသည်။ တစ်နည်းဆိုသော် ကျရောက်လေ သမျှသော အာရုံ တို့ ကိုသိ၍ အတိတ် အနာဂတ်တို့ ကို မလိုက်စေပဲ ပစ္စုပ္ပန် တည့်တည့်အပေါ်တွင် အခါခပ်သိမ်း ထားရခြင်းပင် ဖြစ်သည်။ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိဘဲ အလုပ်တစ်ခုလုံးမှာ မိမိ၏စိတ်ကို ပစ္စုပ္ပန် တည့်တည့်အပေါ်၌ အခါခပ်သိမ်းတည်နေစေဖို့ ပင် ဖြစ်သည်။
စဉ်းစားစိတ်ကူးခြင်း၊ တွေးတောကြံဆခြင်း ဟူသမျှသည် ပစ္စုပ္ပန်တည့်တည့်ထားခြင်း မဟုတ်သောကြောင့် ပယ်ဖျက်ထားရာ၏ ။ အသံတစ်ခု ကြားလိုက်ရသည့်အခါ ‘‘ ဘာသံပါလိမ့် ’’ ဟူ၍ ဆင်ခြင်ခြင်းသည် ပစ္စုပ္ပန် တည့်တည့် မဟုတ်တော့ချေ။ အသံသည် ကုန်ဆုံးသွားပြီဖြစ်၍ ထိုအသံအကြောင်းကို ဆင်ခြင်တွေးတောမိခြင်း သည် အတိတ်ဖြစ်သော အခြင်းအရာကို စဉ်းစားဆင်ခြင်ခြင်းမျှသာ ဖြစ်သည်ဟု နားလည်ရပေမည်။ သို့ မှ သာလျှင် ‘‘ကြားကာမတ္တ၊ မြင်ကာမတ္တ’’ ဟူသော သြ၀ါဒနှင့် ကိုက်ညီပေလိမ့်မည်။
ဆက်လက်ဖတ်ရှုရန်
Monday, May 25, 2009
Happy Everyday ပါဘုရား...!
(ဘုန်းဘုန်း ဦးတိက္ခဉာဏလင်္ကာရ (ယောဆရာတော်ဘုရား) ရဲ့  (၃၁) နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ရေးသားပူဇော်ပါသည်။)
လောကကြီးထဲကို လူသားတစ်ယောက် မိခင်ရဲ့ ဝမ်းကြာတိုက်ကနေ ရောက်ရှိလာတဲ့နေ့ ကို မွေးနေ့  (Birthday) ရယ်လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ နှစ်စဉ် အဲဒီနေ့ ရက်ကို ပြန်ရောက်တိုင်း ရောက်တိုင်းလည်း ဘယ်နှစ်နှစ်မြောက် မွေးနေ့ ရယ်လို့ လည်း သတ်မှတ်တတ်ကြပြန်ပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ မတူညီကြပေမယ့်လို့  မိမိတို့ အနေအထားအလျှောက် အခြေအနေ ပေးသလောက် မွေးနေ့ အမှတ်တရ အဖြစ် အဲဒီနေ့ မှာ သတ်သတ်မှတ်မှတ်လေး တစ်ခုခုတော့ လုပ်တတ် ကြပါတယ်။ တချို့ က မွေးနေ့ ကိတ်လှီးမယ်၊ တချို့ က ဘုရားသွားမယ်၊ အလှူဒါန လုပ်မယ်။ တချို့ က ကိုယ့်ဖာသာကိုယ်ဘဲ အမှတ်တရ တစ်ခုခုလုပ်ကြမယ်။ စသည်ဖြင့်ပေါ့...။
ဒါပေမယ့် လူတွေအားလုံးတူညီနိုင်တဲ့အချက်ကတော့ မွေးနေ့  မှာ တတ်နိုင်သလောက် တစ်နေ့ လုံး ကောင်းတဲ့အာရုံတွေနှင့် ဖြစ်နေအောင်၊ မင်္ဂလာရှိအောင်၊ ပျော်ရွှင်စရာကောင်းတဲ့နေ့ လေး တစ်နေ့ ဖြစ်အောင် လုပ်တတ်ကြတာပါဘဲ။
တခြားသူတွေတော့မပြောတတ်ပါဘူး။ ကျွန်တော်ငယ်ငယ် ကလေးဘဝတုန်းကတော့ မွေးနေ့ ကိုရောက်ပြီဆိုရင် မနက်စောစောထ၊ မြတ်စွာဘုရားကို ဆွမ်းတော်ကပ်၊ သောက်တော်ရေကပ်၊ ပြီးတော့ သီလယူ၊ မေတ္တာပို့ ၊ တရားနှလုံးသွင်း စတာတွေလုပ်၊ ပြီးတော့ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်း၊ ပြီးတာနှင့် သူငယ်ချင်းတွေကို ခေါ်ပြီးကျွေး၊ နောက်ပြီးတော့ တစ်နေရာရာကို လျှောက်လည် စသည်ဖြင့် အဲဒီနေ့ လေးကို ထူးထူးခြားခြား ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေနှင့် ပြည့်နေအောင် ကြိုးစားနေထိုင်ပါတယ်။ အဲဒီမွေးနေ့ ပြီးနောက်ရက်တွေကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာ ပါဘဲ။
အခုအသက်ကြီးလာတဲ့အချိန်ရောက်တော့လည်းဘဲ မွေးနေ့ ရောက်ပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကို တခြားနေ့ တွေကထက်စာ ပိုသတိထားလုပ်ရင်း မိမိစိတ်ကိုလည်း ကောင်းတဲ့အာရုံတွေမှာ ပိုပြီး ဂရုစိုက်ထားရင်း အကုသိုလ်ဖြစ်စရာတွေကို တတ်နိုင်သလောက်ရှောင်ရင်း အဲဒီတစ်နေ့ စာကို စိတ်ချမ်းသာအောင် နေထိုင်းရင်း ဖြတ်သန်းတတ်ပါတယ်။ အဲဒီနေ့ ပြီးလို့  နောက်ရက်တွေမှာတော့ ကောင်းဆိုးအာရုံတွေကြားထဲမှာ စိတ်ညစ်လိုက်၊ ပျော်လိုက်နှင့် ဒုံရင်းဘဝကို ပြန်ရောက်သွားတတ်ပါတယ်။
ကျွန်တော် ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူက “မွေးနေ့ မှာ Happy Birthday ပျော်ရွှင်စရာ မွေးနေ့ လို့ ပြောကြတယ်။ ပျော်လည်း ပျော်ကြတယ်။ နေ့ တိုင်း အဲဒီလိုပျော်လို့  မဖြစ်ဘူးလား။” လို့  တွေးစရာလေး ရေးထားပါတယ်။ ကျွန်တော်တို့ တွေ ကိုယ့်မွေးနေ့ မှာ ထူးထူးခြားခြား ကုသိုလ်ကောင်းမှုတွေလုပ်၊ စိတ်ချမ်းသာစရာတွေလုပ်သလို နေ့ တိုင်း နေ့ တိုင်း ဒီလိုမျိုး လုပ်လို့ ၊ နေထိုင်လို့  မဖြစ်နိုင်ဘူးလားလို့  ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပါတယ်။
နောက်ပြီးတော့ရှိပါသေးတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် ဆုတောင်းပေးကြတဲ့အခါမှာ “အသက် ၁၂၀ ရှည်ပါစေ” ဆိုတာလေး ပြောလေ့ပြောထရှိကြပါတယ်။ ကျွန်တော်တို့ တွေကိုယ်တိုင်လည်း အသက်တစ်ရာတမ်းမှာ သက်တမ်းစေ့နေချင်ကြတဲ့ စိတ်ကူးလေးတော့ ရှိတတ်ကြပါတယ်။
ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့ ရတတ်တဲ့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေကို တစေ့တစောင်း လေ့လာမိဖူးပါတယ်။ တချို့ လူကြီးတွေကတော့ သေဆုံးတဲ့အချိန်အထိ စီးပွားရေး၊ ကြီးပွားရေးတွေနှင့်ဘဲ အချိန်ကို ကုန်ဆုံးကြပါတယ်။ တချို့ တွေကတော့ အိပ်၊ စား၊ ပျော်ပါးပြီးဘဲ သေချိန်ရောက်ခဲ့ကြ ပါတယ်။ တချို့ တွေကျတော့ ကျန်းမာရေးမကောင်းတော့လို့  နာတာရှည်ရောဂါသည် ဘဝနှင့် အိပ်ယာထဲမှာဘဲ အချိန်ကုန်လွန် သွားကြပါတယ်။ တချို့ ကျတော့ သူငယ်ပြန်သလိုမျိုးတွေဖြစ်ပြီး မေ့မေ့လျော့လျော့နှင့် သက်တမ်းကုန်ကြပြန် ပါတယ်။ ရှားရှားပါးပါး တချို့ တလေသာ သတိကောင်းကောင်းနှင့် မိမိအကျိုး အများအကျိုးရှိတဲ့ ကိစ္စတွေကို လုပ်ရင်း သက်တမ်းကုန်လို့ သေကြရပါတယ်။
တကယ်လို့ များ ကျွန်တော်တို့ တွေ သက်တမ်းစေ့နေထိုင်နိုင်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမှာလဲ။ ဘယ်လို နေ့ စဉ်ဘဝကို ဖြတ်သန်းကြမှာလဲ။ ဒီနေရာမှာ အရေအတွက် (Quantity) နှင့် အရည်အချင်း (Quality) ကို ထည့်သွင်းစဉ်းစားရမယ့် အပိုင်းလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ဗုဒ္ဓအလိုကျ ဘယ်လို နေထိုင်ရင်ကောင်းမလဲလို့ တွေးမိပြီး စာပေထဲမှာ ကျွန်တော်ရှာတော့ ဂါထာ သုံးပုဒ်ကို သတိထားမိပါတယ်။
၁။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
၂။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။
သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
၃။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။
မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။
ဒီတရားဂါထာတော် သုံးပိုဒ်ကတော့ မြတ်စွာဘုရားရှင်က ကျွန်တော်တို့ ကိုဖြစ်စေချင်တဲ့၊ ဗုဒ္ဓအလိုကျ ကျွန်တော်တို့ တွေ အသက်ရှင်နေရမယ့် ရက်တွေကိုအသုံးချဖို့  ဆုံးမထားတာလေးဖြစ်ပါတယ်။
ကျွန်တော် ကိုယ့်ကိုယ်ကို ထပ်ကွန့် ပြီးစဉ်းစားမိတာ၊ မေးခွန်းမေးမိတာ တစ်ခုက တကယ်လို့ များ မနေရလို့  အခုနေ (ဒါမှမဟုတ်) နောက် ၂၄ နာရီအတွင်းများ သေရတော့မယ်ဆိုပါရင် အဲဒီအဆုံးအမ (၃) ပိုဒ်ထဲက ဘယ်တစ်ခုခုကိုများ လိုက်နာကျင့်ကြံအားထုတ်ဖြစ်ခဲ့ပြီလဲလို့ ပါခင်ဗျား။
ဘုန်းဘုန်း မွေးနေ့ အတွက် အမှတ်တရဖြစ်အောင် တစ်ခုခု ရေးမယ်လို့ စိတ်ကူးရင်း ခေါင်းထဲပေါ်လာတာ လေးတွေကို ချရေးလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း၊ ခင်မင်ရတဲ့ ဓမ္မမောင်နှမတွေကိုလည်း တွေးစရာလေးတွေပေးရင်းပေါ့ခင်ဗျား။
(ဒီဆောင်းပါးလေးနှင့်ဘဲ ဘုန်းဘုန်းမွေးနေ့ အတွက် တပည့်တော် ဓမ္မပူဇာအနေဖြင့် ပူဇော်ဂါရ၀ပြုပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါဘုရား။ ဘုန်းဘုန်းရေ…Happy Everyday! ပါ။)
ရိုသေစွာရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်
Wednesday, May 20, 2009
နှစ်သက်မိသော ဇင် ပုံပြင်များ (၉)
Egotism
The Prime Minister of the Tang Dynasty was a national hero for his success as both a statesman and military leader. But despite his fame, power, and wealth, he considered himself a humble and devout Buddhist. Often he visited his favorite Zen master to study under him, and they seemed to get along very well. The fact that he was prime minister apparently had no effect on their relationship, which seemed to be simply one of a revered master and respectful student.
One day, during his usual visit, the Prime Minister asked the master, "Your Reverence, what is egotism according to Buddhism?" The master's face turned red, and in a very condescending and insulting tone of voice, he shot back, "What kind of stupid question is that!?"
This unexpected response so shocked the Prime Minister that he became sullen and angry. The Zen master then smiled and said, "THIS, Your Excellency, is egotism."
ဆက်လက်ဖတ်ရှုရန်
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၆)
တရား နဲ့  မတရား
မိမိနှာသီးဖျားမှာ စိတ်စိုက်ပြီးမှတ်နိုင်မှ တရား၊ မမှတ်နိုင်ရင် မတရား။ တရားမဟုတ်ရင် မတရားပဲပေါ့။ တစ်နည်းပြောရရင် မှတ်နိုင်တော့တရား၊ မမှတ်နိုင်တော့ အလကား။
အကျိုးမရှိသော အသက်ရှင်ခြင်းပဲ။
ဓမ္မသဘော
ဘုန်းကြီးတို့  သူတော်စင်တွေ ဓမ္မသဘောဟာ အင်မတန် ဆန်းကြယ်တယ်။
အိမ်မှာနေရင် အဟုတ်သား၊ မှတ်ကြည့်မှ ခက်မှန်းသိတယ်။
မှတ်နေရင်းကနေ ကြံစည်တယ်၊ စဉ်းစားတယ်၊ တွေးတောတယ်၊ အတွေးနယ်ချဲ့ တယ်၊
အမှတ်ပျောက်တယ်၊ အမှတ်လွတ်တယ်၊ ဒီလိုမဟုတ်လား။
တရားရချင် ထိန်းလို့ ပေး
မိမိစိတ်ကို ထိန်းချုပ်မှုမရှိဘဲ လွှတ်ထားရင် အကုသိုလ်စိတ်တွေ ၀င်တတ်တယ်။
ရှုမှတ်ပွားများမှု လွတ်နေရင် တရားရမှုဝေးမယ်။
ဒါကြောင့် - ဆိုးသွမ်းနေတဲ့ မိမိစိတ်ကလေးကို တရားရချင်ရင် သတိနဲ့ အမြဲ ထိန်းချုပ်ပေးရမယ်။
ဆက်လက်ဖတ်ရှုရန်
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃)
ရဟန်းပြုဖူးခြင်း
ကျွန်ုပ်မှာ `တရားသမား `တစ်ယောက်၏ နာမည်မျိုးထွက်ခဲ့ပုံ ရသော်လည်း မိရိုးဖလာအားဖြင့် `တရားသမား ` မိဘနှစ်ပါးတို့ မှ ပေါက်ဖွားခဲ့၍ မဂ်ဆိုက် ဖိုလ်ဆိုက် အားထုတ်ခဲ့သော ဆရာတော်ကြီးတစ်ပါး၏
တပည့်ဖြစ်သည်။ တစ်ဖက်တွင် ဆရာတော်ဘုရားနှင့် မိဘနှစ်ပါးတို့ ၏ အကျင့်သီလနှင့် သြ၀ါဒသည် လည်းကောင်း၊ အခြားတစ်ဖက်တွင် အဖော်အပေါင်းနှင့် ခပ်ပျော်ပျော် နေချင်တတ်သည့် ကျွန်ုပ်၏ ၀ါဒနာသည်လည်းကောင်း လွန်ဆွဲသကဲ့သို့  ဖြစ်ခဲ့ရာတွင် တစ်ဖက်တစ်လှည့်စီ ပါခဲ့မိသည်။ သို့ သော်
လူတစ်ယောက်၌ အဆိုးနှင့် အကောင်း ယှဉ်တွဲလျက်ရှိရာတွင် (အကောင်းချည်းသက်သက်ဆိုသောလူမှာ တကယ်ရှားလိမ့်မည်ထင်သည် ) အဆိုးဘက်က ပို၍နာမည်ထွက်ခြင်းမှာ လောက၏ ဓမ္မတာဖြစ်၏ ။ သို့ ဖြစ်၍ ‘‘ ပျော်ချင်တတ်သောရွှေဥဒေါင်း ’’ ဟူ၍သာ လူသိများဟန်ရှိ၍ သားမယားကို စွန့် ပစ်ပြီး ရဟန်းပြု၍
အားထုတ်ခဲ့ဖူးသော အဖြစ်ကိုမူ လူသိနည်းပုံ ရသည်။ သို့ သော် ၃၅နှစ်အရွယ်တွင် ရဟန်းပြုပြီး မဂ်တရား ဖိုလ်တရားအတွက် အကြိတ်အနယ်အားထုတ်ခဲ့ဖူးခြင်းကား အမှန်ဖြစ်ပါသည်။ သို့ သော် တောရကျောင်း တစ်ကျောင်း၌ငှက်ဖျား ဖျား၍ မိဘများ၏ တောင်းပန်ချက် အရ ၅၂ ရက်နှင့်ပင်လူဝတ်လဲခဲ့ရပေသည်။
နှစ်သက်သောနည်းများ
ရဟန်းပြုခဲ့စဉ်က အထက်ပါ ငယ်ဆရာတော်၏ နည်းနာနိသျှအတိုင်းသော်လည်းကောင်း၊ ထို့ နောက် ဤခေတ်တွင် ပေါ်ပေါက်လျက်ရှိသော (မဂ်ပေါက်ဖိုလ်ပေါက်ဆိုသည့်) နည်းနာနိသျှအမျိုးမျိုးအတိုင်းသော် လည်းကောင်၊ ကျင့်ကြံအားထုတ်ခဲ့ဖူးရာ ကျွန်ုပ်အနှစ်သက်ဆုံးသောနည်းမှာ စိတ္တာနုပဿနာခေါ် ၀ိပဿနာ ရှုနည်းနှင့် မာလုကျပုတ္တနှင့် ဗာဟိရတို့ အား ဗုဒ္ဓကိုယ်တော်တိုင် ညွှန်ပြသည့် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းပင်ဖြစ်ပါသည်။
စိတ္တာနုပဿနာရှုပုံ
ကျွန်ုပ်သည် စိတ္တနုပဿနာရှုမှတ်ရာ၌ အတွင်းနှင့်အပြင် (အာရုံနှင့်အာရမ္မဏိက) တိုက်မိခြင်းဖြစ်ပေါ်လာသည့် (၀ိဥာဏ်) စိတ်ကိုသိအောင် ကြိုးစားပါသည်။ ဥပမာ မျက်စိနှင့် အဆင်းတိုက်မိသော အခါ “မြင်စိတ်” ဖြစ်လာခြင်းကိုသိ၍၊ နားနှင့်အသံတိုက်မိသောအခါ “ကြားစိတ်” ဖြစ်လာသည်ဟု သိအောင် သတိပြုကာ စောင့်ကြည့်ပါသည်။ ဒွါရခြောက်ပါးရှိသည့်အနက် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယတည်းဟူသော ဒွါရများ၌ တိုက်မိခြင်းထက် မနောဒွါရနှင့် ဓမ္မာရုံတို့ တိုက်မိခြင်းသည် အကြိမ်ပေါင်းများစွာပိုမိုသည်ဟု တွေ့ ရပါသည်။ (ဆိုလိုရင်းမှာ လူသတ္တ၀ါသည် ကြံစည်စိတ်ကူးနေခြင်းများဖြင့် အချိန်ကုန်ကြရသည်ဟု သိရသည်ဟူလို) ယင်းကဲ့သို့ စိတ်ဖြစ်တိုင်း သိအောင်ရှုမှတ်ရာတွင် ပထမ၌ တစ်ခုတည်းသောစိတ်ကလေးသည် မြင်ချည်တစ်ခါ၊ ကြားချည်တစ်လှည့်၊ စဉ်းစားချည်တစ်ဖုံ၊ တောင်ခုန်မြောက်ခုန် ခုန်လျက်ရှိသည်ဟု မှတ်ထင်မိပါသည်။
သဲလွန်စရခြင်း
ထိုကဲ့သို့ သတိမြဲမြဲရှုမှတ်၍ တစ်နှစ်ခွဲခန့် ကြာရှိသောအခါ တစ်နေ့ သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုကို ကြည့်လျက် ရှိစဉ် တစ်ယောက်သောသူက ကျွန်ုပ်၏နာမည်ကို ခေါ်လိုက်သည်နှင့် ရုတ်ကနဲ လှည့်ကြည့်လိုက်ရာတွင် ဘွားကနဲ အသိဉာဏ်တစ်ခု ပေါ်လာ၍ ဒိတ်ကနဲဖြစ်သွားပါသည်။ ကျွန်ုပ်သိလိုက်ရသည်မှာကား အသံကြား၍လှည့်ကြည့်လိုက်သော တစ်ခဏတွင် “မြင်စိတ်” ချုပ်သွား၍ “ကြားစိတ်” ဖြစ်ပေါ်လာသည်ဟူသော အသိဉာဉ်ပင်ဖြစ်သည်။ ကျွန်ုပ်မှာထိုအသိဉာဏ်ကြောင့် အလန့် တကြားနှင့် တအံ့တသြ ဖြစ်သွားမိပါသည်။ ဤတွင်တစ်ခုတည်းသောစိတ်က ဤမှထိုမှ ခုန်နေခြင်းမဟုတ်။ တစ်အာရုံအပြီးတွင် ကုန်ဆုံးသွာ၍ အခြားတစ်အာရုံတွင် အသစ်ဖြစ်လာသည်ဟု ထိုးထွင်း၍ သိမြင်လိုက်ခြင်းဖြစ်သည်။ ဤတွင် ငယ်စဉ်က ဆရာတော်ဘုရားသင်ကြားခဲ့သည့် “ဓူရင်္ဂမံ ဧကစာရံ” ဟူသောပါဠိတော်အရ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်ခြင်းဆိုသည်ကို အသည်းနှလုံးတည်းမှ သဘောကျနိုင်သဖြင့် အကြီးအကျယ် ၀မ်းသာမိပါတော့သည်။ ထိုအချိန်မှစ၍ ကျွန်ုပ်မှာ စိတ်အကြောင်းကို လက်တွေ့ သိမြင်ခြင်းနှင့် ပတ်သတ်၍ သဲလွန်စရခဲ့ပါသည်။
ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်း
စာပေသမားဝိုင်းတစ်ခုတွင် စကားစပ်မိသည်နှင့် ဤအဖြစ်အပျက်ကို ပြောပြမိရာ “ခင်ဗျားကစိတ်အကြောင်းကို ခုမှသိတာကိုးဗျ။ မြတ်စွာဘုရားက ဓူရင်္ဂမံ-ဧကစာရံ အသရိရံ-ဂူဟာသယံ လို့  ဟောထားတယ် မဟုတ်ဘူးလားဗျ” ဟု ၀ိုင်း၍ပြောကြသည်။ ဤသို့ သောအခြင်းအရာမျိုးကြောင့် “စာသမားများ” နှင့် ဆွေးနွေးခြင်းကို ကျွန်ုပ်ရှောင်ကွင်းခဲ့ခြင်းဖြစ်သည်။ သို့ သော် ၄င်းတို့ အနက် တစ်ယောက်သောသူက စဉ်းစားဉာဏ်ရှိပုံရသည်။ ထိုသူက “ခင်ဗျားဖြစ်ပုံ ကောင်းတယ်ဗျ။ စိတ်၏ ဖြစ်ပျက်ခြင်းသဘောတရားကို ယထာဘူတကျကျ မြင်လိုက်ခြင်းဖြစ်လို့ မို့  ဥဒယဗ္ဗယဉာဏ်လို့ ခေါ်ထိုက်တယ်ဗျ။ နောက်နောင် ဘ၀များမှာ ဒီဉာဏ်ဟာ ခင်းဗျာ့အဖို့  မဂ်အခြေဖိုလ်အခြေဖြစ်ပြီး အထောက်အပံ့ဖြစ်စေနိုင်ပါတယ်” ဟုပြောဖော်ရပါသည်။ ကျွန်ုပ်သည် ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်းကို လက်ခံသော်လည်း နောင်ဘ၀များကျကာမှ အထောက်အပံ့ဖြစ်ရမည် ဆိုချက်ကိုမူ ၀မ်းထဲက ကျိတ်၍ ပြုံးမိပါတော့သည်။
ဆက်လက်ဖတ်ရှုရန်
Tuesday, May 19, 2009
How Big Are You?
၁၆၊ ၅၊ ၂၀၀၉ (စနေနေ့ ) တုန်းက ဘုန်းဘုန်း ဦးတိက္ခဉာဏလင်္ကာရ (ယောဆရာတော်) ရဲ့ “ကူညီဖေးမ ပရဟိတ” ခေါင်းစဉ်နှင့် တရားတော်ကို အွန်လိုင်းကနေ နာယူလိုက်ရပါတယ်။ ဆရာတော်က “ဆ၀ါလာတ သုတ္တန်” ကိုအခြေခံပြီး ဟောာကြားဆုံးမသွားခဲ့ပါတယ်။
ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားကို နာယူနေရင်းက ကျွန်တော်တရားတိပ်ခွေလေးတစ်ခုကို ချက်ချင်းသတိရ လိုက်တယ်။ ဆရာတော်ဦးဇောတိက ၁၉၉၇ခုနှစ်လောက်က သြစတြေးလျမှာ ဟောထားတဲ့တရားလေးပါ။ "Giving & Loving" တဲ့။ ကျွန်တော် မကြာမကြာနာဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ထဲမှာ ကိုယ့်အတ္တတွေနှင့် ပိတ်လှောင်မွန်းကြပ်မှုတွေ ဖြစ်လာတဲ့ အချိန်တွေမှာပေါ့။
တရားထဲမှာ ဆရာတော်က လူတစ်ယောက်အကြောင်းကို အဓိကပြောသွားပါတယ်။ Dr. Albert Schweitzer အကြောင်းပါ။ အာဖရိကကိုသွားပြီး ဘ၀ကိုမြှုပ်နှံပြီး လူသားအကျိုးပြုအလုပ်တွေ လုပ်ခဲ့တဲ့ ဆရာဝန်တစ်ယောက်အကြောင်းပါ။ ကျွန်တော် သူ့ အကြောင်းကို နားထောင်မိတိုင်း အားကျကြည်ညိုစိတ် ဖြစ်ရပါတယ်။ သူ့ ဘ၀နှင့် သူ့ လုပ်ဆောင်မှုတွေကို စာပေမှာရှာဖတ်တော့လည်း တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတုယူဖို့ ကောင်းပါတယ်။ ကြည်ညိုစရာကောင်းပါတယ်။
သူဟာ တခြားဘာသာဝင်တစ်ယောက်ပါ။ တခါတလေ သူ့ လုပ်ငန်းအတွက် ပိုက်ဆံလိုရင် ဥရောပနိုင်ငံတွေမှာ လိုက်တရားဟောပြီးတောင် ရံပုံငွေရှာတဲ့သူပါ။ ဒါပေမယ့် သူ့ ရဲ့ လုပ်ဆောင်မှုတွေကတော့ ဗုဒ္ဓအလိုကျ ဖြစ်နေပါတယ်။ သူ့ ရဲ့ စိတ်ဓါတ်ကလည်း ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာနေသူလိုပါဘဲ။ တခါက သူ့ အကြောင်းကို ဦးဇင်းလေးတစ်ပါးနှင့် ပြောဖြစ်တော့ သူက တကယ်လို့ သာ ဒီပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုရင် ဦးဇင်းတို့ က ဆုကြီးပန်လို့ တောင် ပြောချင်တာတဲ့။
ဟုတ်ပါတယ်။ ဒီဆရာဝန်ကြီးဟာ တကယ်ကိုကိုယ်ကျိုးစွန့် ပြီး အများအကျိုးကိုလုပ်သွားခဲ့သူပါ။ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံထားတဲ့ ကျွန်တော်တောင် သူ့ စိတ်ဓါတ်ရဲ့  တစ်စိတ်တစ်ပိုင်းကို မှီဖို့  အချိန်တော် တော်ယူပြီး ကြိုးစားရအုံးမှာပါ။
ဆရာတော်ဦးဇောတိက က သူ့ ရဲ့ တရားကို ကဗျာတစ်ပုဒ်နှင့် အဆုံးသတ်ထားပါတယ်။ ကဗျာနာမည်က "Splendid Torch" တဲ့။ George Bernard Shaw ရဲ့ လက်ရာပါ။ အဲဒီကဗျာကို နားထောင်ရင်း၊ ဖတ်ကြည့်ရင်း အဲဒီကဗျာထဲမှာသုံးထားတဲ့ "Use Up" ဆိုတဲ့စကားလုံးလေးက ကျွန်တော့်ကို စဉ်းစားစရာတွေ အများကြီးဖြစ် စေခဲ့ပါတယ်။
ကျွန်တော်တို့ ဒီဘ၀ ကံအလျောက်ရလာတဲ့ ခန္ဓာကြီးကို ဘယ်လောက်ထိအသုံးချခဲ့ပြီးပြီလဲ။ ဘာတွေအတွက် အသုံးချခဲ့ပြီးပြီလဲ။ မြတ်စွာဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းကြီးများကတော့ သူတို့ ရရှိလာတဲ့ ခန္ဓာကိုယ်ကို မိမိအကျိုး၊ သူတစ်ပါးအကျိုးတွေအတွက် အကုန်အသုံးချပြီး ဖယောင်းတိုင် တစ်တိုင်ရဲ့  မီးစာရော၊ ဖယောင်းရော ကုန်တော့မှ မီးငြိမ်းသလိုမျိုး အသုံးချလို့ ရသမျှ အကုန်ထုတ်ပြီး သုံးသွားခဲ့ကြပါတယ်။ နောက်ဆုံး ခန္ဓာဝန်ချမယ့်အချိန်အထိ အများဝေနေယျတို့ ရဲ့ အကျိုးကို ရှေ့ ရှုဆောင်ရွက်တော်မူသွားခဲ့ကြပါတယ်။
မြတ်စွာဘုရား နှင့် အရိယာသူတော်ကောင်းတို့ ရဲ့ တပည့်ဖြစ်ချင်ကြတဲ့ ကျွန်တော်တို့ ကရော ဘယ်အတိုင်း အတာအထိ ကျွန်တော်တို့ ဘ၀တွေကို ဘာတွေအတွက် အသုံးချခဲ့ပြီးပြီလဲဆိုတာ ပြန်သုံးသပ်စရာကောင်း ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရဲ့ နောက်ပိုင်း မျိုးဆက်သစ်တွေအတွက်ကော ဘာတွေ ပြင်ဆင်ပေးပြီးပြီလဲ။ လက်ဆင့်ကမ်းပေးရမယ်ဆိုရင်ကော ဘာတွေကို ပေးခဲ့မှာလဲ။
ဘုန်းဘုန်း ဦးတိက္ခဉာဏရဲ့ တရားတော်ကို အဲဒီညကနာလိုက်ရာက အချိန်တော်တော်ကြာ ကိုယ့်ကိုယ်ကို မမေးဖြစ်တော့တဲ့ ဒီမေးခွန်းတွေခေါင်းထဲ ပြန်ရောက်လာအောင် သတိပေးလိုက်သလို ဖြစ်သွားပါတယ်။
"Giving & Loving" တရားခွေထဲမှာ ဆရာတော် ဦးဇောတိက က "How big are you?" လို့ မေးထားပါတယ်။ ကျွန်တော်လည်း ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုရော၊ ညီအကိုမောင်နှမအားလုံးကိုပါ ထပ်ဆင့်ပြီး မေးလိုက်ပါတယ်ခင်ဗျား။ "HOW BIG ARE YOU?" လို့ ။
Splendid Torch
This is the true joy in life:
the being used for a purpose
recognized by yourself as a mighty one.
The being a force of nature,
instead of a feverish, selfish little clod of ailments and grievances
complaining that the world will not devote itself to making me happy.
I am of the opinion that
my life belongs to the whole community,
and as long as I live,
it is my privilege to do for it whatever I can.
I want to be thoroughly used up when I die -
for the harder I work, the more I live.
I rejoice in life for its own sake.
Life is no "brief candle" to me;
it is a sort of splendid torch
which I have got hold of for the moment,
and I want to make it burn as brightly as possible
before handing it on to future generations.
(George Bernard Shaw)
ရိုသေလေးစားရပါသော ဘုန်းဘုန်းဦးတိက္ခဉာဏလင်္ကာရ နှင့် ပရဟိတလုပ်ငန်းများကို အားကျိုးမာန်တက် လုပ်ဆောင်နေကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံးကို ဒီဆောင်းပါး၊ ဒီကဗျာလေးဖြင့် ရိုသေစွာဂါရ၀ပြု လိုက်ပါသည်။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
ဆက်လက်ဖတ်ရှုရန်
Wednesday, May 13, 2009
သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၅)
နီးခြင်း - ဝေးခြင်း
လူတိုင်းအတွက်မသွားဘဲ နီးနီးလာတာကသေခြင်းတရား၊ သွားပါလျှက် ဝေးနေတာက နိဗ္ဗာန်ရွှေပြည်။
မြား နဲ့ စိတ်
မြားလုပ်သောသူသည် အသက်မရှိသည့် ကောက်နေသောမြားတို့ ကို ဖြောင့်အောင်ပြုနိုင်သေးရင် အသက်ရှိသောလူသားက ( ဘုန်းကြီးတို့ ၊ သူတော်စင်တွေက )
ဟိုဒီသွားနေတဲ့ မိမိစိတ်ကလေးကိုထိန်းပြီး
ဝိပဿနာတရားကြိုးစားအားထုတ်ထိုက်တယ်။
ဝေဒနာနုပဿနာကမ္မဋ္ဌာန်း
တရားရှုမှတ်နေတုန်း ဝေဒနာ ဖြစ်ပေါ်လာရင်သည်းခံပြီးတော့ ကြိုးစားမှတ်ရတယ်၊
အဲဒီ ဝေဒနာကိုပင် သြော် - ကံကောင်းထောက်မလို့  တွေ့ လာရတဲ့ ငါရဲ့ မိတ်ဆွေကြီးပဲလို့  သဘောထားပြီး ဝေဒနာရဲ့  သဘောကိုသိအောင်ရှုမှတ်ရတယ်။
အဲဒါကိုပဲ ဝေဒနာနုပဿနာကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။
မသိ မသာ လွန်နစ်နာ
တရားသဘောကိုမသိဘဲနဲ့  သေသွားတဲ့သူများတယ်၊
မသိမသာဆိုတာ အဲဒါပြောတာပေါ့၊
သစ္စာလေးပါးမြတ်တရားကိုမသိတော့ သံသရာမှာ ထပ်ပြန်တလဲလဲ မသာတွေဖြစ်ကြရတယ်။ မသိ=သစ္စာလေးပါးမြတ်တရားကိုမသိ။ မသာ=အဖန်တလဲလဲသေကြေ ပျက်စီးရခြင်း၊
အဲဒါ အနစ်နာဆုံးပဲ။
ဆက်လက်ဖတ်ရှုရန်
မိုးသို့ .....တိုင်တည်ခြင်း
(ဒီခေါင်းစဉ်ကို ဖတ်ပြီး ကျွန်တော့်အကြောင်း ကောင်းကောင်းသိတဲ့ သူတွေကတော့ ပြုံးကြပါလိမ့်မယ်။)
ကိုယ့်အကြောင်းကိုယ် ပြန်စဉ်းစားကြည့်မိတာပါ။
ကျွန်တော်ငယ်ငယ် ကျောင်းသားဘ၀ကို ပြန်သတိရမိပါတယ်။ ကျောင်းက ဆရာမပေးလိုက်တဲ့ အိမ်စာတွေကို အိမ်ပြန်ရောက်ရင် ချက်ချင်းပြီးအောင်လုပ်၊ ကျက်စရာရှိတဲ့စာတွေကျက်။ အားလုံးပြီးသွားတဲ့အချိန်ဆိုရင် ကျွန်တော်စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်နေခဲ့ဖူးပါတယ်။ ငါလုပ်ရမယ့် တာဝန်တွေအားလုံး ပြီးသွားပြီပေါ့။ တာဝန်ကျေပြီပေါ့။
ကျောင်းသားဘ၀ စာမေးပွဲတွေအများကြီးဖြေခဲ့ဘူးပါတယ်။ စာအကုန်ရထားတဲ့ဘာသာမျိုး သွားဖြေရမယ့်နေ့ ဆိုရင် စိတ်ထဲမှာ ဘာထိတ်လန့် စိုးရိမ်စိတ်မှ မရှိဘဲ ပေါ့ပေါ့ပါးပါးဘဲ စာမေးပွဲခန်းထဲဝင်၊ မေးခွန်းလွှာကို ကောက်ကိုင်ပြီး မေးထားသမျှတွေဖြေပြီး အိမ်ပြန်ခဲ့တဲ့ အကြောင်းကိုလည်း ပြန်လည် သတိရမိပါတယ်။
ကျောင်းတွေပြီးလို့  လုပ်ငန်းခွင်ထဲရောက်လာတဲ့အချိန်ကျပြန်တော့ ကိုယ်လုပ်ရမယ့် တာဝန်ဝတ္တရားပိုင်းကို ကျွမ်းကျင်လာပြီးတဲ့နောက် အမှားအယွင်းမရှိလုပ်နိုင်လာတော့လည်း စိတ်ထဲမှာ လွတ်လပ်မှုတစ်မျိုးကို ခံစားရပြန်တာပါဘဲ။ အလုပ်အပေါ်မှာ စိတ်တင်းကျပ်မှုမရှိ လုပ်နိုင်သွားခဲ့ပြန်တာကိုး။
ဒီလိုနဲ့ အချိန်ကျလို့  အိမ်ထောင်ပြု၊ စီးပွားဥစ္စာရှာပြီး လောက ၀တ္တရားတွေ ထမ်းဆောင်ရတဲ့ အလှည့်ရောက်လာ ပြန်တော့လည်း ကိုယ့်ဘက်က အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ပေးလိုက်နိုင်လို့  အစစအဆင်ပြေသွားတာ မျိုးတွေနှင့် တခါတလေ တွေ့ ကြုံရတဲ့အခါမျိုးတွေမှာ စိတ်ကျေနပ်မှုတွေခံစားခဲ့ရဖူးပါတယ်။
လောကလူသားတစ်ယောက်အတွက် ဘ၀ရဲ့ ပြီးပြည့်စုံမှုလို့ ဆိုလာရင် ဇနီး၊ မယား၊ သမီး၊ သား၊ ဥစ္စာစီးပွား၊ အခြံအရံ နှင့် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေထိုင်နိုင်မှုကိုဘဲ တန်ဖိုးထား ပြောကြမှာ ကမ္ဘာ့လူသားတိုင်းရဲ့  (၉၀) ရာခိုင်နှုန်းကျော်လောက်ဖြစ်နေလိမ့်မယ် လို့  ကျွန်တော်ထင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်းဘဲ ဒီပန်းတိုင်တွေအတွက်ပဲ ဘ၀ရဲ့ အချိန်တော်တော်များများကို ဖြတ်သန်းအသုံးချ ခဲ့ပြီးပါပြီ။ အတိုင်းအတာတစ်ခုထိလည်း ကျေနပ်စရာ ကောင်းတဲ့ အခြေအနေတွေကို ရရှိ ပိုင်ဆိုင်ဖြတ်သန်းဖူး ခဲ့ပါပြီ။
တစ်နေ့ ကနာလိုက်ရတဲ့ တရားတစ်ပုဒ်ထဲမှာ ဆရာတော်က “မကျေနပ်ရင် အောက်ကြည့်၊ ကျေနပ်ရင် အထက်ကြည့်” တဲ့။ ဆိုလိုတာက ကိုယ့်ဘ၀ကို အလိုမကျ၊ စိတ်တိုင်းမကျ၊ အားမရ တွေဖြစ်တဲ့ အချိန်အခါမျိုးမှာ ကိုယ့်လောက် အဆင်မပြေ၊ အခြေအနေမလှကြတဲ့ သူတွေကို သတိရပါပေါ့၊ ဒါဆိုရင် ဒေါသထွက် မကျေမနပ်ဖြစ်နေတာတွေ လျော့သွားပါလိမ့်မယ်တဲ့။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အကျေနပ်ကြီး ကျေနပ်နေတဲ့ အချိန်တွေမှာဆိုရင်တော့ ကိုယ့်ထက် အစစသာသူတွေကို သတိရလိုက်ပါပေါ့။ ဒါဆိုရင် သွေးနားထင်ရောက်နေတာ လျော့သွားပါလိမ့်မယ်တဲ့။
ဒီရက်ပိုင်း ကျွန်တော် ဗုဒ္ဓတရားတော်တွေကို အွန်လိုင်းမှာရှာဖတ်ရင်းနှင့် ဘုရားလက်ထက်ကလည်း ကိုယ့်ကိုယ်ကို လောကီဝတ္တရားတွေကျေပွန်လို့  အားရကျေနပ်ပြီး ပါးစပ်ကကို ထုတ်ဖော်ပြောရလောက်အောင် ၀မ်းသာလုံးစို့ နေတဲ့ ပုဏ္ဏားတစ်ယောက်အကြောင်းလေး ဖတ်လိုက်ရပါတယ်။ သူက ဘယ်လိုတွေ ထုတ်ဖော် ပြောသလဲဆိုတော့
၁။ “ငါသည် ထမင်းချက်ပြီးသူ နွားနို့ညှစ်ယူပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ အခြံအရံနှင့်တကွ နေသူဖြစ်၏၊ (ငါ၏) အိမ်ကိုလည်း မိုးပြီးလေပြီ၊ မီးကိုလည်း ထွန်းညှိပြီးလေပြီ၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုပါမူ ရွာသွန်းလိုက်ပါလော့။”
မိုးကို တိုင်တည်ပြီး ပြောလိုက်ပုံလေးပါ....
နောက် သူက ဆက်ပြောပါသေးတယ်
၂။ “(ဤအရပ်၌)မှက် ခြင် မရှိကုန်၊ မြက်တို့ပေါက်ရာ မြစ်ဝှမ်း၌ နွားတို့ ကျက် စားကုန်၏၊ ထိုနွားတို့သည် ရွာချလာသော မိုးကြီးကိုလည်း ခံနိုင်ရည် ရှိကြကုန်၏၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”
သူက နွားကျောင်းသား သူဌေးတစ်ဦးပါ။
၃။ “(ငါ၏ အိမ်ရှင်မ) ဂေါပီသည် လင့်အလိုသို့ လိုက်တတ်၏၊ လော်လည်မှု မရှိ၊ ကာလရှည်စွာက ပေါင်းသင်းခဲ့သော မယားဖြစ်ခဲ့၏၊ ငါ့ကို မြတ်နိုး၏၊ ထိုမယား၏ အပြစ် တစ်စုံတစ်ရာကိုမျှ့ ငါမကြားစဖူး၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”
ကဲ....သူ့ မိန်းမကောင်းကြောင်းလေးကို ကြွားကြွားလေးပြောထားတာပါ။
၎။ “ငါသည် ကိုယ်ပိုင်အလုပ်ဖြင့်သာ အသက်မွေးမြူ၏၊ ငါ၏ သားသမီးတို့သည်လည်း ငါနှင့်အတူတကွ နေထိုင်ကြကုန်၏၊ အနာရောဂါ မရှိကြကုန်၊ ထိုသားသမီးတို့၏ အပြစ် တစ်စုံတစ်ရာကိုမျှ ငါမကြားစဖူး၊ (မိုးနတ်မင်း) အကယ်၍ ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။”
ဒါကျတော့ သူ့ အလုပ်နှင့် သားသမီးတွေ ကောင်းကြောင်းဗျ။
၅။ “ဤအရပ်၌ ငါ့အား မသင်းမကွပ်ရသေးသော နွားပေါက်တို့လည်း ရှိကုန်၏၊ နို့စို့ နွားငယ်တို့လည်း ရှိကုန်၏၊ ကိုယ်ဝန်ဆောင် နွားမတို့လည်း ရှိကုန်၏၊ အရွယ် ရောက် နွားမတို့လည်း ရှိကုန်၏၊ နွားတို့၏ အကြီးဖြစ်သော နွားလား (ဥသဘ) လည်း ရှိ၏၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက် ပါလော့။”
ဒါကတော့ သူ့ ပိုင်ဆိုင်မှုကို ကြွားတာပေါ့ဗျာ။
၆။ “နွားချည်တိုင်တို့ကို မတုန်လှုပ်စေကုန်မူ၍ မြဲစွာ စိုက်ထားအပ်ကုန်ပြီ၊ ဖြူဆန်မြက် ဖြင့် ပြုအပ်ကုန်သော ကြိုးအသစ်တို့ကို ကောင်းစွာ ကျစ်ထားကုန်ပြီ၊ (ထိုကြိုး တို့ကို) နွားငယ်တို့သည်လည်း ဖြတ်ခြင်းငှါ မတတ်နိုင်ကုန်၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”
ဒါကကျတော့ သူ့ အလုပ်ကိစ္စတွေမှာ ပြုလုပ်စရာတာဝန်တွေကို လုပ်ပြီးပြီဆိုတာ ပြောပြန်ရော။
သူပြောလိုက်တာလေးတွေကို ဖတ်ကြည့်လိုက်တော့ ပုဏ္ဏားကို တော်တော်အားကျဖို့ ကောင်းနေပါတယ်။ တယ်ဟုတ်တဲ့ လူဘဲ။ ဇနီးကောင်းလည်း ရှိတယ်။ သားသမီးတွေနှင့် တပျော်တပါး။ ဥစ္စာပစ္စည်းကလည်း ကြွှယ်ဝချမ်းသာတယ်။ သူလုပ်ရမယ့် တာဝန်ဝတ္တရားတွေလည်း အကုန်လုပ်ပြီးနေတဲ့သူတစ်ယောက်။ ဘယ်လောက်အားကျဖို့ ကောင်းလဲ။ ကိုယ်တွေများ သူ့ လိုပြောချင်လိုက်တာ ဖြစ်ချင်လိုက်တာ။
အဲဒီမှာဘဲ သူထက်သာတဲ့သူတစ်ဦးက ပေါ်လာပါရောဗျား။ ဘယ်သူများလည်းဆိုတော့.........“ဗုဒ္ဓ” ပေါ့။
ပုဏ္ဏားက တစ်ခွန်းထုတ်ပြောလိုက်တာနှင့် မြတ်စွာဘုရားကလည်း ချက်ချင်း တစ်ခွန်းပြန်ပြီးပြောတယ်။ မသိရင် (ခေတ်စကားနှင့်ပြောရရင်တော့) ဗုဒ္ဓက ပုဏ္ဏားကို ဖဲ့ နေသလိုပါဘဲ။
၁။ “ငါသည် အမျက်မထွက်သူ စိတ်၌ စူးဝင်တတ်သော ငြောင့်တံသင်း ကင်းပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ တစ်ညဥ့်သာ နေသူဖြစ်၏၊ ငါ၏ (ခန္ဓာ) အိမ်ကို (ကိလေသာ) အမိုး ဖွင့်လှစ်ထားပြီ၊ မီး (တစ်ဆယ့်တစ်ပါး) ငြိမ်းအေး လေပြီ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”
မြတ်စွာဘုရားရဲ့ မိုးသို့ တိုင်တည်ပုံလေးပါ။
ပုဏ္ဏားက နွားတွေအကြောင်းပြောတော့ မြတ်စွာဘုရားက ဒီလိုလေး ပြန်ပြောတယ်။
၂။ “ငါဘုရားသည် (အရိယမဂ်တည်းဟူသော) ဖောင်ကို (ဉာဏ်ဖြင့်) ဖွဲ့ထားပြီး ကောင်းစွာ စီရင်ထားပြီး ဖြစ်ခဲ့၏၊ (ငါသည်) သြဃလေးပါးဟူသော ရေအလျဉ်ကို တွန်းလှန်ပယ် ဖျောက်ကူးမြောက်ပြီးလျှင် နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့ ရောက်ပြီး ဖြစ်ရကား (ငါ့အား) ဖောင်ဖြင့် အကျိုး မရှိတော့ပေ၊ (ကိလေသာဟူ သော) မိုးနတ်မင်း သင်သည် ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။”
ပုဏ္ဏားက သူ့ မိန်းမအကြောင်းပြောတော့ မြတ်စွာဘုရားက ဒီလိုပြန်ဆိုပြန်ရော။
၃။ “ငါ၏ စိတ်သည် (ငါ့) အလိုသို့ လိုက်၏၊ ကိလေသာ အနှောင်အဖွဲ့မှ လွတ်၏၊ ကာလရှည်ကြာစွာ ထက်ဝန်းကျင် ပွါးစေအပ်ပြီးသည်ဖြစ်၍ ကောင်းစွာ ယဉ်ကျေး ပြီးဖြစ်ရကား ငါ့အား မကောင်းမှု မရှိတော့ချေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”
ပုဏ္ဏားက သူ့ အလုပ်အကြောင်း၊ သားသမီးတွေအကြောင်းပြောတော့ မြတ်စွာဘုရားကလည်း အခုလို
၎။ “ငါသည် တစ်စုံတစ်ယောက်သော သူ၏ အခစားမဟုတ်၊ လောကအားလုံး၌ သဗ္ဗညုတဉာဏ် လောကုတ္တရာ သမာဓိ ချမ်းသာဖြင့် လှည့်လည်နိုင်သူ ဖြစ်၍ အဖိုးအခဖြင့် ငါ့အား အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”
ပုဏ္ဏားက သူ့ ပိုင်ဆိုင်မှုတွေကို ကြွားတော့ မြတ်စွာဘုရားက ဒီလိုဆိုပါတယ်။
၅။ “ဤသာသနာတော်၌ ငါဘုရားအား မသင်းမကွပ်ရသေးသော နွားပေါက် (ပရိယု-ဋ္ဌာနကိလေသာ) တို့သည်လည်း မရှိကုန်၊ နို့စို့နွားငယ် (အနုသယကိလေသာ) တို့သည်လည်း မရှိကုန်၊ ကိုယ်ဝန်ဆောင် နွားမ (ပုညာဘိသင်္ခါရ) စသည်တို့သည် လည်းကောင်း အရွယ်ရောက်နွားမ (တဏှာ) တို့သည်လည်းကောင်း မရှိကုန်၊ နွားတို့၏ အကြီးဖြစ်သော နွားလားဥသဘ (အဘိသင်္ခါရဝိညာဉ်)သည်လည်း မရှိ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”
ပုဏ္ဏားက နောက်ဆုံး သူ့ တာဝန် လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့အကြောင်းပြောချိန်မှာတော့ မြတ်စွာဘုရား ကလည်း ဒီလိုအဆုံးသတ်လိုက်ပါတယ်။
၆။ “နွားလားဥသဘသည် ကြိုးအနှောင်အဖွဲ့တို့ကို ဖြတ်၍ တည်သကဲ့သို့ ငါသည် အထက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့် လည်းကောင်း၊ ဆင်ပြောင်ကြီးသည် ဆင်တုံးမနွယ်ကြိုးကို ချိုးဖြတ်၍ တည်သကဲ့သို့ ငါသည် အောက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့် လည်းကောင်း အမိဝမ်းတိုက်၌ ကိန်းနေခြင်းသို့ တစ်ဖန် ကပ်ရောက်တော့မည် မဟုတ်၊ (ကိလေ သာ ဟူသော) မိုးနတ် မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”
ဒီတရားတော်ကို ဖတ်နေရင်း ကျွန်တော့် စိတ်နှလုံးတွေ တကယ်ကို တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ တွေမှာ လောကီပြည့်စုံမှုတွေအတွက် အသည်းအသန်ကြိုးစားရုန်းကန်နေရချိန်မှာ ပုဏ္ဏားလိုမျိုးလည်း မကြုံးဝါးနိုင်။ မြတ်စွာဘုရားလိုမျိုး ဥဒါန်းကျူးဖို့ ကတော့ ဝေးလိုက်သည်များ။
နောက် ကျွန်တော်တို့ တွေ အချိန်ပေးလုပ်ကိုင်ရှာဖွေနေကြတာတွေကရော။ တကယ်ကိုယ့်အတွက် ဘာများ အာမခံချက်ပေးနိုင်မှာလဲ။ သေကြပြီဟေ့ဆိုရင် ဘာတွေက၊ ဘယ်သူတွေက ကိုယ့်နောက်ကို ပါလာမှာလဲ။
ဒါဆို တစ်ဘ၀လုံး တာဝန်ဝတ္တရားတွေကျေအောင်လုပ်နေတာတွေ၊ တော်တော်များများကိစ္စတွေမှာ တာဝန် ကျေတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေမှုတွေဟာ တကယ်ဟုတ်လို့ လား။ ကိုယ့်အတွက် တကယ်အသုံးတည့်တဲ့ အရာတွေလား။ ကိုယ့် သံသရာခရီးအတွက် ကိုယ်ဘာများတာဝန်ကျေအောင် လုပ်ထားပြီးခဲ့ပြီလဲ။
မြတ်စွာဘုရားက အဲဒီသုတ်တော်မှာ ဆက်လက်ပြီး ဟောထားတာက-
“သားသမီးရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ မှန်၏- ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏၊ ဥပဓိမရှိသူသည် မစိုးရိမ်ရ။”
ကျွန်တော်တို့  ပိုင်ဆိုင်ထားကြတာတွေက အချိန်တော်တော်များများမှာ ကျွန်တော်တို့ အတွက် စိုးရိမ်မှုကိုဘဲ ဖြစ်စေတာ တကယ်အမှန်ပါ။ ဒီပိုင်ဆိုင်မှုတွေအပေါ်မှာ ငြိတွယ်မှုကြောင့် ပူလောင်မှုတွေဘဲ ဖြစ်စေခဲ့တာပါ။ ဒါတွေကြောင့် ချမ်းသာတယ်ဆိုတာ တဒင်္ဂ၊ ခဏ အချိန်လေးမျှပါ။ ကိုယ်တွေက မငြိအောင်လည်းဘဲ နေမှ မနေနိုင်ကြတာကိုး။ ဒီတော့လည်း “သမုဒယကြောင့် ဒုက္ခဖြစ်တယ်” ဆိုတဲ့ တရားစကားနှင့်က ကွက်တိကိုကျလို့ ။
ကျွန်တော်တို့ ရဲ့ တကယ်ကျေရမယ့်တာဝန်က ကျွန်တော်တို့ တွေနှင့် တစ်သံသရာလုံး အမြဲလိုက်ပါနေတဲ့ ကိလေသာတွေကို ကုန်အောင်လုပ်ကြဖို့ ပါ။ ဒီဟာတွေကြောင့်ဘဲ ကျွန်တော်တို့ တွေဟာ ဘ၀ဇာတ်ခုံ အဖုံဖုံကို ပုံစံအမျိုးမျိုးနှင့် ကနေကြရတာပါ။
ဒီကိလေသာတွေက ဆွဲချခဲ့လို့ စုတ်ပြတ်စွာ ကျခဲ့ရတဲ့ ဘ၀အခြေအနေတွေ ကြိမ်ဖန်များစွာရှိခဲ့ပါပြီ။ နောင်လည်း သူတို့ တွေက ကိုယ့်ကို ကြုံရင်ကြုံသလို အနေနိမ့်အောင် လုပ်နေကြအုံးမှာပါ။ ဒုက္ခပေါင်းစုံခံစားခိုင်းကြအုံးမှာပါ။
ဒါတွေကို ဘာလို့ ကျွန်တော်သိရက်နဲ့  သံဝေဂ မရနိုင်ရတာလဲ။ ဘာတွေများကောင်းနေလို့ သာယာနေရတာလဲ။ မေးခွန်းများစွာ ကိုယ့်ကိုယ်ကို မေးမိပါတယ်။
“ငါသည် အရိယာမဂ်တည်းဟူသော ဖောင်ကို ကောင်းစွာဖွဲ့ထားပြီးလေပြီ ၊ ဩဃတည်းဟူသော ရေအလျင်ကို ကူးမြောက်၍ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်ပြီးဖြစ်၏၊ ထို့ကြောင့် ငါ့အားဖောင်ဖြင်အကျိုးမရှိတော့ ၊ အို… ကိလေသာတည်းဟူသော မိုးပဇ္ဇုန်.. သင်ရွာလိုက ရွာသွန်းလေလော့…….။”
မြတ်စွာဘုရားရှင်ရဲ့  ရင်ထဲကထွက်လာတဲ့ ဒီနှုတ်ထွက်စကား။ ကျွန်တော် လိုက်ပြီး ရေရွတ်မိပါတယ်။
သြော်...ငါ ဘယ်အချိန်များ ဒီလိုမျိုး ပြောနိုင်မှာပါလိမ့် မိုးရယ်...။
ကျွန်တော့်အာရုံမြင်ကွင်းထဲကို ညပိုင်းတာဝန်ပြီးဆုံးလို့  ခရီးသည်မတင်တော့ဘဲ ဒီအတိုင်းမောင်းသွားတဲ့ ဘက်စ် ကား တစ်စီးဝင်လာပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ ကားရဲ့ အရှေ့ ဘက်အပေါ် Display Screen မှာ “OUT OF SERVICE” တဲ့။
လေးစားစွာဖြင့်
ဝိမုတ္တိသုခ
(ဘုန်းဘုန်း ဦး တိက္ခဉာဏရဲ့ ဘလော့ဂ်က
မဟီမြစ်ကမ်းမှ ကျူးရင့်သံ ကိုဖတ်ပြီး မူရင်း တရားတော် ဓနိယသုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ် ကို ဦးလောကနာထ၏ အကူအညီဖြင့် ထပ်ဆင့်ရှာဖွေဖတ်ရင်းက ဒီဆောင်းပါးကို ရေးဖြစ်ပါသည်။)
ဆက်လက်ဖတ်ရှုရန်
Tuesday, May 12, 2009
ဘုန်းဘုန်းဦးတိက္ခဥာဏနှင့် ရောက်တက်ရာရာ
ဓမ္မမောင်နှမတို့ ရေ
ဒီနေ့ အွန်လိုင်းတက်လိုက်တော့ ဘုန်းဘုန်းဦးတိက္ခဥာဏ(ယောဆရာတော
်) ကလည်း လိုင်းပေါ်မှာ ရှိနေတာနှင့် ဘုန်းဘုန်းကို နှုတ်ဆက်ရင်း ရောက်တက်ရာရာ ပြောဖြစ်ပါတယ်။ ဒါပေမယ့် ဗဟုသုတဖြစ်စရာ မှတ်သားစရာတွေ ဘုန်းဘုန်းပြောတဲ့အထဲမှာ တော်တော်များများပါနေတာမို့  အားလုံးကို ပြန်လည်ဝေငှလိုက်ပါတယ်။
ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ
1:06 PM me: ဘုန်းဘုန်း၊ မင်္ဂလာပါ။ နေကောင်းပါရဲ့ လားဘုရား
 bhikkhu.tikkhanana: မင်္ဂလာပါ ကိုဝိမုတ္တိ
  နေကောင်းပါတယ်
1:07 PM ကိုဝိမုတ္တိကော နေကောင်းလား
 me: ဘုန်းဘုန်း ဆွမ်းဘုန်းပြီးပြီလားဘုရား
 bhikkhu.tikkhanana: မပြီးသေးဘူး ဒကာ
 me: အချိန်တော့နီးပြီထင်တယ်
 bhikkhu.tikkhanana: ဟုတ်
1:08 PM me: တပည့်တော် ဒီရက်ပိုင်း အွန်လိုင်းသိပ်မတက်ဖြစ်တာနဲ့ ဘုရား
 bhikkhu.tikkhanana: ဟုတ်လား
  အလုပ်တွေ ရှုပ်နေတယ်နဲ့တူတယ်
1:09 PM me: အလုပ်မရှုပ်ဘူးဘုရား။ နားနေရတာ။ အဲဒါနှင့် ကိုယ့်ဖာသာ တရားလေးနှင့် နေနေလို့ဘုရား
1:10 PM Mind Tuning ပြန်လုပ်နေတာပါ ဘုရား။ :)
 bhikkhu.tikkhanana: ဟား.. ကောင်းတယ်လေ..ဘာဖြစ်ဖြစ် လုပ်ဖြစ်ဖို့လိုတာပါ
1:11 PM me: တင်ပါ့ ဘုရား
1:12 PM ဘုန်းဘုန်း ဆိုက်ဒ်အသစ်တော်တော်လေးပြီးနေပြီလားဘုရား
 bhikkhu.tikkhanana: ပြီးနေပါပြီ
  ဘုန်းဘုန်းလုပ်နေတာတော့ မဟုတ်ပါဘူးလေ
  ကိုဝင်းမြင့်တို့လုပ်နေတာပါ
1:13 PM me: တင်ပါ့။
  ကောင်းပါတယ် ဘုရား
1:14 PM bhikkhu.tikkhanana: အခု အဲဒီမှာ ဘယ်အချိန်ရှိပြီလဲ
 me: ၁နာရီ ၁၅ ပါဘုရား
1:15 PM တပည့်တော် ဘုန်းဘုန်းဘလော့ဂ်က ဓနိယသုတ်ကို ပြန်ရေးထားတာလေးကို ဖတ်သွားတယ်ဘုရား။
 bhikkhu.tikkhanana: အော် ပြောရအုံမယ်...ကိုဝိမုတ္တိပို့တဲ့ အီးမေးလ်တွေကို ဘုန်းဘုန်းဆိုက် သတင်းလွှာ ကဏ္ဍရယ် တရားကဏ္ဍရယ်မှာ တင်ထားလိုက်တယ်
 me: တင်ပါ့ ရပါတယ် ဘုရား
 bhikkhu.tikkhanana: ဘုရားဒကာလေး မို့ပါ
 me: ဘုန်းဘုန်း အသုံးဝင်တယ်ဆို တပည့်တော် ၀မ်းသာပါတယ် ဘုရား
1:16 PM ဟားဟား
  မနေ့ ကတော့ ဦးလောက သူ့ ဆိုက်မှာ တပည့်တော်ရိုက်ထားတဲ့ ဘုရားပုံတင်ထားတယ်
 bhikkhu.tikkhanana: အော်
1:17 PM me: ခုန စကားဆက်လိုက်အုံးမယ်။ မြတ်စွာဘုရား ဥဒါန်းတော်ကို ဖတ်ပြီး တပည့်တော် ပီတိတွေဖြစ် မျက်ရည်တွေကျလာတယ်ဘုရား
  တကိုယ်လုံးတုန်တက်ပြီးတော့။ တော်တော်ကို ထူးဆန်းတယ်
1:18 PM ဒီတခါတော့ တပည့်တော် Heart ထိတဲ့အလှည့်လားမသိဘူး
 bhikkhu.tikkhanana: ဟုတ်လား
 me: တင်ပါ့။
 bhikkhu.tikkhanana: သဒ္ဓါတရားတွေ အရမ်းမြင့်နေတဲ့ ကာလတွေပါလေ
1:19 PM me: တင်ပါ့။ ဘုန်းဘုန်းဆီကပို့ စ်ကိုဖတ်ပြီး မူရင်းဖတ်ချင်တာနှင့် ဦးလောကနာထဆီကို လှမ်းတောင်းတော့  မူရင်းသုတ်မြန်မာပြန်ဖတ်ရတယ်ဘုရား
1:20 PM bhikkhu.tikkhanana: ဦးလောက က ဘယ်မှာ သီတင်းသုံးတာလဲ
 me: ဆန်ဖရန်စစ္စကို ထင်တယ်ဘုရား
1:21 PM bhikkhu.tikkhanana: အော်
 me: အဲဒါ ဖတ်နေရင်း မျက်ရည် တွေကျလာလို့ ။ ဦးလောကကို ချက်ချင်းလှမ်းပြောမိတယ်။ အဲဒါ သူက ပီတိကို ပြန်မှတ်၊ ပြန်မှတ်ဆိုပြီး သတိလှမ်းပေးတယ်
 bhikkhu.tikkhanana: အင်း ဟုတ်ပါတယ်
1:22 PM me: တပည့်တော် အဲဒီဥဒါန်းလေးနှင့်စပ်ပြီး ဆောင်းပါးလေးတစ်ပုဒ်တော့ ရေးဖြစ်မယ်ထင်ပါတယ်ဘုရား
1:23 PM မနေ့ က တပည့်တော်ပို့ လိုက်တဲ့ အယောင်ဆောင်ခြင်း (၃၇) ပါးကလည်း တပည့်တော် ဖတ်ဖြစ်တော့ တော်တော်လေး လန့် သွားတယ်ဘုရား။
 bhikkhu.tikkhanana: ကောင်းတယ် ရေးဖြစ်အောင်ရေးပါ
1:24 PM me: တင်ပါ့
 bhikkhu.tikkhanana: အေးဗျာ ဒါ သတိထားစရာတွေချည်းပဲ
  အယောင်ဆောင်ခြင်း ၃၇ ပါးကလေ
 me: တင်ပါ့။ အဲဒါ ဘုန်းဘုန်းတို့ အားလုံးကိုလည်း သတိရသွားတာနှင့်
  တရားမလုပ်တဲ့သူမှာ ဒါတွေဖြစ်စရာမရှိဘူးဘုရား။ လုပ်နေတဲ့သူတွေမှာ ဖြစ်မှာလေ
1:25 PM သူတော်ကောင်းတရားလုပ်နေရင်းနှင့် အကုသိုလ်ဖြစ်ကြရတာဆိုတော့
 bhikkhu.tikkhanana: ဟုတ်ပါတယ်
  တကယ့်ကို သတိပြုစရာတွေပါ
 me: ဘုန်းဘုန်းတို့ သိပြီးသားလို့ တော့ထင်ပါတယ်ဘုရား
1:26 PM bhikkhu.tikkhanana: ဘုရားရှင်ဟောတဲ့ ဟိုနေရာ ဒီနေရာကနေ ဆရာကြီးက ကောက်နှုတ်စုပေါင်းထားတာပါ..သိထားတာတော့များပါတယ်
 me: တင်ပါ့
 bhikkhu.tikkhanana: ပြန်ဖတ်လိုက်တော့ ပြန်သတိပေးပြီးသား ဖြစ်သွားတာပေါ့
 me: တင်ပါ့ဘုရား
1:28 PM အထူးသဖြင့် တရားအားထုတ်ပြီးခါစ အချိန်တွေမှာ ယောဂီတွေ သဒ္ဓါတရားတက်ပြီး ဖြစ်တတ်ကြတဲ့ ပြဿနာတွေရှိတာကိုးဘုရား
 bhikkhu.tikkhanana: ဟုတ်တယ်
1:29 PM အဲဒီအယောင်ဆောင်ခြင်း ၃၇ ပါးကိုလဲ ဆိုက်သစ်မှာ တင်ထားလိုက်သေးတယ်
 me: တင်ပါ့ဘုရား။ ၀မ်းသာပါတယ်ဘုရား
1:31 PM တပည့်တော် တစ်ခုသတိထားမိတာက တရားအားထုတ်တဲ့သူတွေက တရားအပြင် ကိုယ့်ထက် ၀ါရင့်တဲ့ ဓမ္မမိတ်ဆွေဖြစ်ဖြစ်၊ ဆရာသမားတစ်ဦးဦးဘဲဖြစ်ဖြစ် သူတို့ ရဲ့ နေပုံထိုင်ပုံ ပြောဆိုဆက်ဆံပုံတွေကို ပါ အတုယူလေ့လာသင့်တယ်လို့ ထင်ပါတယ်ဘုရား
  မဟုတ်ရင် လူတွေကြားထဲ သိပ်အချိုးမကျဖြစ်ဖြစ်နေတတ်ကြလို့ 
1:32 PM bhikkhu.tikkhanana: ဟုတ်ပ ကိုဝိမုတ္တိ
  ဒီလိုတွေ အများကြီးတွေ့ရတယ်
  သတိထားသင့်တဲ့အရာပါ
 me: ဟုတ်တယ်ဘုရား။ တပည့်တော်ကိုယ်တိုင်လည်း အဲဒီလို ဖြစ်ခဲ့ဖူးလို့ ဘုရား
1:33 PM တရားအားထုတ်ပြီးခါစမှာ တွေ့ ရာလူကို တရားစကားဘဲပြောချင်နေ။
  ကိုယ်ကနားထောင်ဖို့ ကို အားမသန်
 bhikkhu.tikkhanana: အဲဒါ သတိပြုစရာပါ
 me: အဲလိုဖြစ်တာဘုရား
 bhikkhu.tikkhanana: ဦးဇင်းတို့ကတော့ တော်တော်တွေ့ရတယ်
1:35 PM me: အဲဒါ တပည့်တော်သူငယ်ချင်းတစ်ယောက်က သူလည်း တရားလုပ်ထားတာပါ။ တပည့်တော်ကို နောက်သလိုပြောင်သလို နှင့် တစ်ခွန်းပြောလိုက်တော့ တပည့်တော် တော်တော်လေး သတိထားလိုက်ရတော့တယ်
  သူက “တရားဝါနုတဲ့သူတွေက တအားပြောချင်ကြတယ်တဲ့။ ၀ါရင့်တဲ့သူတွေက နားဘဲထောင်တော့တယ်” တဲ့
1:36 PM သူက လူတွေကြားထဲ ဘယ်တော့မှ တရားအကြောင်းမပြောဘူးဘုရား
 bhikkhu.tikkhanana: တရားအလုပ်လုပ်စမှာ ငြိမ်းအေးမှုလေးတွေ့တယ် ကျန်တဲ့လူတွေကိုလဲ ခံစားစေချင် တွေ့စေချင်တယ်.. သူရဲ့ စေတနာ သဒ္ဓါတွေကို ပညာနဲ့ ထိန်းပေးမှ နေရ ထိုင်ရတာ အဆင်ပြေတယ်
 me: အဲဒါ တပည့်တော်ကို တစ်ခွန်းတည်းထည့်လိုက်တာ တပည့်တော် တခါတည်း နင်သွားတယ်။
 bhikkhu.tikkhanana: အင်းပေါ့
1:37 PM me: နောင်တပည့်တော် အဲဒါ ဆင်ခြင်ဖြစ်သွားရော
1:38 PM နောက်ပြီး ဆရာတော်ကြီးတွေရဲ့  ထေရုပတ္တိတွေ လိုက်ဖတ်ဖြစ်တော့ သူတို့ ရဲ့ နေပုံထိုင်ပုံပြောဆိုပုံတွေ အတုယူဖြစ်တယ်
  အဲဒီကျမှ တော်တော်ဟန်ကျသွားတာ။
1:39 PM bhikkhu.tikkhanana: ဟုတ်တယ်
  ဆရာတော်ကြီးတွေက သိပ်ပြီး သိုသို သိပ်သိပ်နေတော်မူကြတာ
1:40 PM ရေပြည့်သွားရင် ဘောင်ဘင် သိပ်မခတ်တော့ဘူးလို့ ပြော၇မယ်ထင်ပါတယ်
  လိုအပ်ရင်တော့လဲ ပြောရတာပေါ့လေ
1:41 PM me: ဟုတ်ပါတယ်ဘုရား။ တီးမှမြည်တယ်ဆိုတာ
 bhikkhu.tikkhanana: ဟုတ်တယ် စည်ကြီးနဲ့တူသွားတယ်
1:42 PM me: နောက်ပြီးဖြစ်တတ်ကြတာ ကိုယ်သိတာတွေကဘဲ အမှန်ဆိုပြီး သူများကထပ်ပြောလာရင် စဉ်းစားတောင်မကြည့်တော့ဘဲ လက်မခံကြတာမျိုးဘုရား
1:43 PM bhikkhu.tikkhanana: အလယ်အလတ်ကို ရှာတယ် လျှောက်တယ်ဆိုပြီး ဘေးကိုတော့ မရောက်သင့်ပေဘူး ပေါ့
1:45 PM me: တင်ပါ့ဘုရား။ ဇင်ပုံပြင်ထဲက ဥပမာလို့ ကိုယ့်ရေခွက်ကို ဖုံးထားမယ်(သို့ ) အပြည့်ကြီးထားထားတော့ တခြားသူက ကိုယ့်ခွက်ထဲကို လာထည့်ပေးလို့ မရဘူးဖြစ်ကြတာဘုရား
 bhikkhu.tikkhanana: ကောင်းလိုက်တဲ့ စကား
 me: အဲဒါ နစ်နာမှုလို့ ထင်ပါတယ်ဘုရား
 bhikkhu.tikkhanana: သေချာတာပေါ့
  ရင်ကို အမြဲဖွင့် ကြိုဆိုရမယ်
1:46 PM me: တင်ပါ့။
1:47 PM တပည့်တော် သတိထားမိတာ တရားသမားတွေ ကိုယ်အားထုတ်တဲ့တရားကို ပြန်သွားစွဲတဲ့ အစွဲဖြစ်တာကိုပါဘုရား
1:48 PM bhikkhu.tikkhanana: အစွဲကတော့ ဘာမှ မကောင်းပါဘူး. ဒါပေမယ့် ပျော့ပြောင်းတဲ့အစွဲဆိုတော်သေးရဲ့...........
  ပြင်းထန်လွန်းရင် မကောင်းတော့ဘူး
1:49 PM me: ဟုတ်တယ်ဘုရား။ တပည့်တော် သေသေချာချာမမှတ်မိတော့လို့ ။ ဘယ်ဆရာတော်လည်းမသိဘူး ဆုံးမထားတာ။ အစွဲကင်းချင်လို့ တရားအားထုတ်ပါတယ်ဆိုကာမှ တရားကို ပြန်စွဲ၊ ရိပ်သာပြန်စွဲ၊ နည်းစနစ်ကိုပြန်စွဲ မဖြစ်သင့်ဘူးလို့ ပြောထားတာ
1:50 PM bhikkhu.tikkhanana: ဦးဇင်းလဲ ဘယ်ဆရာတော်လို့ မသိဘူး ကြားဖူးပါတယ်..ဖောင်ဆိုတာ သုံးပြီးရင် ထားခဲ့ရတာလို့ နားလည်မိပါတယ်
1:51 PM me: ဟုတ်တယ်ဘုရာ။ ဘုန်းဘုန်းအချိန်ရရင်တပည့်တော်ကို အဲဒီတရားမူရင်းလေးရှာပေးလို့ ရမလားဘုရား
 bhikkhu.tikkhanana: ညပိုင်းလောက် ပို့ထားပေးလိုက်မယ်လေ
1:52 PM ခုတော့ နည်းနည်း လုပ်စရာတွေရှိနေသေးလို့
 me: တင်ပါ့ဘုရား။ ချက်ချင်းကြီးမဟုတ်ပါဘူးဘုရား
  ဘုန်းဘုန်းအားမှပါ
1:53 PM ဘုန်းဘုန်းဆွမ်းချိန်နီးနေပြီလားဘုရား
1:54 PM bhikkhu.tikkhanana: ဟုတ် ၁၅ မိနစ်လောက်ကျန်ပါသေးတယ်
1:56 PM me: တပည့်တော် ကို ဆရာတော်ကြီးတစ်ပါးက ပြောဖူးတယ်ဘုရား။ တချို့ ရိပ်သာဆရာတော်တွေက ကိုယ့်ကိုယ်ကို ရဟန္တာကြီးတွေလို နေနေကြတယ်တဲ့။ အဲဒါဟန်ဆောင်မှုဘဲလို့ သူကပြောတယ်။ အဲဒါကို ဘုန်းဘုန်း ဘယ်လိုသဘောရလဲဘုရား
1:57 PM bhikkhu.tikkhanana: အဲလိုတော့ အရမ်းမပြောသင့်ဘူး
1:58 PM ဦးဇင်းတို့ဆရာ တိပိဋကဆရာတော် ဦးသုမင်္ဂလ ကမိန့်ဖူးတယ်
 me: တပည့်တော်က စဉ်းစားကြည့်တာ သူတို့ က ၀ိနည်းတအားထိန်းတာရယ်။ သတိကို အချိန်တိုင်းထိန်းနေတာရယ်ကြောင့်လို့ ထင်တာဘဲဘုရား
 bhikkhu.tikkhanana: တချို့က မဟာစည်ဆရာတော်တရားထူးမရဘူး လိမ်ပြောတာနဲ့ စွပ်စွဲကြတာကိုး
 me: တင်ပါ့
1:59 PM bhikkhu.tikkhanana: စာပေသုံးသပ်ချက်နဲ့ပြောရ ရင်တော့ အဓိမာန သူ့ဟာသူ ရပြီလို့ထင်ပြီး နေတာ
  အပြစ်မရှိဘူး
 me: တင်ပါ့
 bhikkhu.tikkhanana: အဲဒီ သိက္ခာပုဒ်မှာ အပြစ်လွတ်သူစာရင်းထဲပါတယ်
 me: တင်ပါ့
 bhikkhu.tikkhanana: ဆိုလိုတာက လိမ်ညာ ဖြီးဖြန်းတာ မဟုတ်ပဲ
  သူ့ဟာသူ
  နေတတ်တဲ့ပုံစံနဲ့နေတာကို အပြစ်လို့မပြောသင့်ဘူး
2:00 PM me: တင်ပါ့
  မှတ်သားစရာပါဘုရား
 bhikkhu.tikkhanana: ပြောရင် ပြောတဲ့သူ့ရဲ့ အနေအထားကို ဖော်ပြတာပါပဲ
 me: ခုနဆရာတော်ကတော့ သူက ဒါ သာဌေယျ လို့ ပြောချင်တဲ့ပုံဘဲဘုရား
2:01 PM bhikkhu.tikkhanana: “မာယာ ပြစ်ဖုံး ဟိတ်ဟန်သုံး ခေါ်ထုံး သာဌေယျ”
  သေချာတာကတော့ဗျာ သူတော်ကောင်းဆိုတာ လူများအပြစ်ကို မပြောဘူး
2:02 PM မေးခဲ့ရင်တော့ နည်းနည်းပဲ ပြောတယ်
 me: တင်ပါ့။ ဒါလည်း တိုင်းဖို့ ပေတံတစ်ခုပါဘဲဘုရား
 bhikkhu.tikkhanana: သပ္ပုရိသ သုတ္တန်တဲ့
2:03 PM အဂုင်္တ္တရနိကာယ်
  စတုက္ကနိပတ်မှာ ရှာကြည့်လို့ဖတ်နိုင်တယ်
  တိုင်းတာစရာ ပေတံလေးတွေပေါ့လေ
 me: တင်ပါ့ဘုရား
  တင်ပါ့ဘုရား
 bhikkhu.tikkhanana: ကိုယ်က ဘယ်အရာကိုမှ လွယ်လွယ်မပြောမိဖို့လိုတယ်
2:04 PM တကယ်လို့ ကိုယ်ပြောတဲ့ လူ သို့ ကိုယ်တော်က အရိယာအစစ်ဖြစ်နေရင်
  အလကားနေရင်း အပြစ်တွေကြီးကုန်ရော
 me: တင်ပါ့။ သတိထားရမှာပါ ဘုရား။
 bhikkhu.tikkhanana: အရိယာအစစ် အတုကလဲ အနေအထိုင်နဲ့ ဆုံးဖြတ်လို့မရဘူး
2:05 PM ဆိုပါစို့ စွန်းလွန်းဆရာတော်ကြီးတို့ ပုံစံက ရဟန်းအချင်းချင်း ကြည်ညိုစရာမှ မရှိတာ
 me: တင်ပါ့။ ဟုတ်ပါတယ်ဘုရား
 bhikkhu.tikkhanana: ဒါပေမယ့် သူက တကယ့်ကို ဘ၀လွတ်မြောက်သူပဲ
 me: ဟုတ်ပါတယ်ဘုရား
 bhikkhu.tikkhanana: ဘုရားဟောတွေလဲ ရှိပါသေးတယ်
2:06 PM ဒီလိုဆိုတော့ လိမ်ညာနေတာမဟုတ်ဘူး....ပြီးတော့ သာသနာကို နှောက့်ယှက်နေတာမဟုတ်ဘူးဆိုရင်..
  သိပ်ပြောစရာ မလိုပါဘူး
2:07 PM me: “သာသနာကို နှောက်ယှက်နေတာ မဟုတ်ဘူး ဆိုရင်” ဆိုတာ လေးက တော်တော်လေး မှတ်သားထိုက်တယ်ဘုရား
2:08 PM bhikkhu.tikkhanana: ဆရာတော်တွေထဲမှာလဲ ရိပ်သာမုန်း
  ပြီးတော့ စာသင်တိုက်မုန်းတွေကလဲ ရှိတတ်လို့
  သတိနဲ့ ချိန်နိုင်အောင် ထောက်ပြတာပါ
  တကယ်ဆို ဦးဇင်းတို့လဲ ပရိယတ်ကို အားသန်ခဲ့သူပါ
2:09 PM me: တပည့်တော် ကောင်းကောင်းသိတယ်ဘုရား။ ဘုန်းဘုန်းတော်တော်များများနှင့် ရင်းရင်းနှီးနှီးနေဖူးတယ်
2:10 PM တခါတလေ ဘုန်းဘုန်းတွေပြောထည့်လိုက်တဲ့စကားတွေက တပည့်တော်ကို တွန့် သွားစေတယ်။
2:12 PM bhikkhu.tikkhanana: မျိုးစုံနားလည်နိုင်ပါတယ်..နားလည်ထားသင့်ပါတယ်..ဒါပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်...ပြီးတော့ ဆည်းကပ်သင့်တဲ့ သူ....ပြီးတော့ လောကထဲ နေသမျှ လောက၀တ်ကျေပွန်မှုတွေ ရှိအောင် ကြိုးစားနေနိုင်အောင် အားထုတ်သင့်တယ်လို့ မြင်မိပါတယ်
  “လောက၀တ် မကျေရင် အနေခက်တယ်.ဓမ္မ၀တ်မကျေရင် အသေခက်တယ်” လို့ ဆရာများဆုံးမတာကို နာခံဖူးပါတယ်
2:13 PM me: တင်ပါ့။ မှတ်သားစရာပါဘုရား
2:14 PM ဘုန်းဘုန်း ဆွမ်းဘုန်းရအုံးမယ်။ တပည့်တော်နောက်မှ ဆက်ပါတော့မယ်ဘုရား။
2:15 PM ဒီနေ့ ဘုန်းဘုန်းနှင့်ပြောရတာ အင်မတန် အကျိုးများပါတယ်ဘုရား
 bhikkhu.tikkhanana: တွေ့ရတာ ၀မ်းသာပါတယ် ကိုဝိမုတ္တိ
  နောက်မှ ဆက်ပြောကျမယ်လေ
  ဟန်ချက်ညီညီ လျှောက်နိုင်ပါစေလို့တော့ ဆန္ဒပြုချင်ပါတယ်
 me: တပည့်တော် ရိုသေစွာ ဦးတင်ကန်တော့ပါတယ်ဘုရား
2:16 PM တင်ပါ့ဘုရား။ တပည့်တော်ကြိုးစားပါ့မယ်ဘုရား
ဆက်လက်ဖတ်ရှုရန်