Monday, November 16, 2009

အုပ်ချုပ်ရေးနှင့်ဘာသာရေး



'Secular State' ဟူသော စကားတစ်လုံးရှိသည်။ “ဘာသာရေးတခြား၊ အုပ်ချုပ်ရေး တခြား” စည်းခြားထားသောနိုင်ငံဟူ၍ ဆိုလိုသည်။ နိုင်ငံအုပ်ချုပ်ရေးတွင် ဘာသာရေးဝင်မစွက်နိုင်သောနိုင်ငံကို ဆိုလိုခြင်းဖြစ်သည်။ ယင်းစကားလုံးအရ ဆိုလိုသောဘာသာရေး သို့ မဟုတ် ”ရီလစ်ဂျင်း” ၌ “ရီလစ်ဂျင်း” မဟုတ်သော ဗုဒ္ဓဘာသာမပါပေ။ “ဘာသာရေးတခြား၊ အုပ်ချုပ်ရေးတခြား” စည်းခြားရာ၌ ပါသော ဘာသာရေးသည် ဗုဒ္ဓဘာသာမှအပဖြစ်သော အခြားဘာသာများဖြစ်သည်။

လောကီလူမှုရေး လူမှုကိစ္စများအတွက် ဗုဒ္ဓဟောကြားထားတော်မူသော မင်္ဂလသုတ်၊ သိင်္ဂါလောဝါဒသုတ်၊ ပရာဘ၀သုတ်၊ အပရိဟာနိယတရားစသည်တို့ သည် နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာ၌ နိုင်ငံ၏ စုလစ်မွမ်းချွန် သို့ မဟုတ် သရဖူအဖြစ် တန်ဆာဆင်ထား၍ရသည်။ နိုင်ငံတစ်နိုင်ငံကို အရောင်တင်ရာ၌ ဗုဒ္ဓဘာသာကို အရောင်တင်ဆေးအဖြစ် အသုံးပြု၍ရသည်။ ဗုဒ္ဓဘာသာကို နိုင်ငံ၏အထွတ်အဖြစ် သို့ မဟုတ် အရောင်တင်ဆေးအဖြစ် အသုံးပြုရာ၌ အသောကမင်းတရားကြီးသည် ထိပ်ဆုံးကပါဝင်သည်။

သို့ သော်လည်း အသောကမင်းတရားကြီး၏ အုပ်ချုပ်ရေးစနစ်ကို လေ့လာသုံးသပ်ကြည့်လျင် တစ်ပိုင်းက “အုပ်ချုပ်ရေးတခြား၊ ဘာသာရေးတခြား” လမ်းစဉ်နှင့် အကျုံးဝင်နေပြီး တစ်ပိုင်းက ယင်းလမ်းစဉ်က ခွဲထွက်သွားသည်ကို တွေ့ ရသည်။

အသောကမင်းကြီးဖြန့် ဖြူးသော တရားဓမ္မမှာ ဗုဒ္ဓဟောကြားသော တရားဓမ္မ၏ အခြေခံ သဘောတရား ဖြစ်သည်။ အသောကမင်းတရားကြီးသည် မိမိတရားဓမ္မ သို့ မဟုတ် မိမိဘာသာတရားကို သိဒ္ဓိတင်လိုသည်ဖြစ်၍ အခြားတရားဓမ္မ သို့ မဟုတ် အခြားဘာသာတရားကို ဝေဖန်ရှုံ့ ချသည့်အလုပ်ကို မနှစ်မြို့ ပေ။ အခြားဘာသာတရားကို ပြစ်တင်ရှုံ့ ချသူများအား တရားဓမ္မ၏ ရန်သူဟူ၍ပင် သဘောထားသည်။

အသောကမင်းတရားကြီးသည် တရားဓမ္မ သို့ မဟုတ် ဘာသာတရားကို လူတန်းစားတစ်ရပ်၏ ကိုယ်ပိုင်ပစ္စည်းဟူ၍ သဘောမထားပေ။ တရားဓမ္မ သို့ မဟုတ် ဘာသာတရားတစ်ခုခုကို ဖြန့် ဖြူးနေကြသူများအားလည်း ထိုတရားဓမ္မ သို့ မဟုတ် ထိုဘာသာတရား ပိုင်ဆိုင်သူဟူ၍ သဘောမထားပေ။ အသောကမင်းတရားကြီး၏ တရားဓမ္မ သို့ မဟုတ် ဘာသာတရား လမ်းစဉ်လိုက်လျင် နိုင်ငံ သို့ မဟုတ် လူမျိုး၏အမြင် ကျဉ်းမြောင်းမှု ပပျောက်သွားမည်သာမက အင်အားတောင့်တင်း ခိုင်မာလာသည့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာ၌ အကူအညီ အထောက်အပံ့များစွာ ဖြစ်လာနိုင်သည်။

အသောက၏ ဘာသာရေးဆိုင်ရာ မူဝါဒသည် သမိုင်း၌ ဖြစ်ပေါ်လာခဲ့သော ဘုရင်အချို့ ကဲ့သို့  ဘာသာရေး တစ်ယူသန်ဝါဒမဟုတ်ပေ။ သမိုင်း၌ ဖြစ်ပေါ်လာခဲ့သော ဘုရင်အချို့ ကဲ့သို့  မိမိဘာသာတရားကို ဖြန့် ဖြူးလိုသည့်အတွက် အခြားဘာသာတရားကို ဆန့် ကျင်ဘက်မလုပ်ပေ။ ယင်းဘက်လိုက်သည့် မူဝါဒ၏ဆိုးကျိုးကို ဘုရင်အသောက ကောင်းစွာနားလည်သည်။ အသောက၏ ဘာသာရေးဆိုင်ရာမူဝါဒသည် လူသား၏မူဝါဒသာဖြစ်သည်။

ဘုရင်အသောကသည် ထီးနန်းကို တရားဓမ္မအပေါ် အခြေခံအောင်လုပ်ပြီးသည့် နောက်၌ပင် ထီးနန်းကို တရားဓမ္မအပေါ် စိုးမိုးခွင့်မပေးပေ။ တစ်ဖက်က ဗုဒ္ဓတရားကို သက်ဝင်ယုံကြည်သူဖြစ်သည့်အတိုင်း တစ်ဖက်ကလည်း အုပ်ချုပ်သူ မင်းလုပ်သူအနေဖြင့် နိုင်ငံအတွင်းရှိ ဘာသာတရားအားလုံးကို တိုးတက်ကြီးပွားခွင့်ရှိအောင် လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားသည်။ မိမိဘာသာအတွက် အခြားဘာသာတရားများကို မည်သည့်အခါမှ ဖိနှိပ်ချုပ်ချယ်ခွင့် မပြုပေ။

အသောကမင်းကြီးသည် ဗုဒ္ဓတရားကို ပြန့် ပွားအောင် ကြိုးစားသူအမှန်ဖြစ်သော်လည်း အခြားဘာသာတရားများကိုလည်း လွတ်လပ်ခွင့်ပေးထားသဖြင့် ယနေ့ ကျင့်သုံးနေသော အုပ်ချုပ်ရေး တခြား၊ ဘာသာရေးတခြား” ဟူသော မူဝါဒနှင့် ထော်လော်ကန့် လန့်  ဖြစ်နေသည်ဟူ၍လည်း ပြော၍မရပေ။

အုပ်ချုပ်ရေး တခြား၊ ဘာသာရေးတခြား” မူဝါဒနှင့် ထော်လော်ကန့် လန့် လုပ်သည်ဟူ၍လည်း မဆိုနိုင်သော၊ “အုပ်ချုပ်ရေး တခြား၊ ဘာသာရေးတခြား” မူဝါဒနှင့် ထော်လော်ကန့် လန့် လုပ်သည်ဟူ၍လည်း ပြော၍မရသော၊ အသောကမင်းတရားကြီး၏ ဓမ္မတရားဆိုင်ရာမူဝါဒကို လိုက်နာသော ကမ္ဘာ့သမိုင်း၌ရှိသည့် ဘုရင်ဧကရာဇ်များမှာ အိန္ဒိယ၊ သီရိလင်္ကာ၊ တိဗက်၊ နိပေါ၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂို၊ စမ္ပာ၊ သီရိဝိဇယ၊ မြန်မာနိုင်ငံများ၌ သမိုင်းစဉ်လာရှိခဲ့ကြသော ဘုရင်ဧကရာဇ်များဖြစ်သည်။

(စာရေးဆရာ ပါရဂူ“ရာဇာနှင့်သာသနာ” စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။)

No comments:

Post a Comment