Tuesday, September 29, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၄)

ယိုးဒယားကနည်းနှင့် တူခြင်း

“အိပ်မက်လောက” ထဲမှ တတုံ တတုံထွက်၍ “ဒိဋ္ဌလောက” ထဲ၌ စိတ်ကိုထားခြင်းအားဖြင့် တစ်ချက်တစ်ချက်တွင် သိမြင်ရသော အခြင်းအရာများမှာ တန်ဖိုးရှိလှသည်။ အတော်ကြီးကျင့်သားရလာသောအခါ “အိပ်မက်လောက” မှထွက်၍ ဒိဋ္ဌလောကသို့  ၀င်လိုက်ဆိုလျင်ပင် ယခင်က ပူပန်သောကရောက်ခြင်းများ၊ အလိုမကျသဖြင့် ဒေါသဖြစ်ခြင်း စသော နှလုံးမသာယာမှုများသည် မီးကို ရေနှင့် ငြိမ်းသတ်လိုက်ဘိသကဲ့သို့  ရုတ်ချည်း ပျောက်ကွက်သွားတတ်ပေသည်။

သတိလွတ်နေခြင်းကြောင့် ပူပန်စရာထင်၍ ပူပန်မိရာမှ ရုတ်တရက် သတိရ၍ ပူပန်စရာမဟုတ်ကြောင်း သိရသည်နှင့် တပြိုင်နက် အပူကင်းကွာသွားပုံကို ဥဒါဟရုဏ်ဆောင်၍ ပြရဦးမည်။

မင်းသမီးနှင့်မင်းသား ယိုးဒယားကဟန်ဖြင့် ထွက်လာခြင်းကို ပွဲထဲ၌ မြင်ဖူးကြပေလိမ့်မည်။ မင်းသားသည် ရှေ့ ကထွက်လာ၍ မင်းသမီးက နောက်မှကပ်ပါလာ၏။ နှစ်ယောက်စလုံးသည် ဆိုင်းချက်နှင့် ကလျက်ရှိကြသည်။ ကိုယ့်ဟန်နှင့်ကိုယ် ကလျက်ရှိရာမှ တစ်ချက်တစ်ချက်တွင် မင်းသားက နောက်သို့ လှည့်ကြည့်လိုက်တိုင်း မင်းသမီးသည် လက်အုပ်ချီလျက် ရှိခိုးနေခြင်းကို တွေ့ မြင်ဖူးကြပေလိမ့်မည်။ မင်းသားသည် ရှေ့ သို့ လှည့်လျက် ကသည့်အခါတိုင်း မင်းသမီးသည် ကချင်သလို ကလျက်ရှိသော်လည်း မင်းသားက နောက်သို့ လှည့်ကြည့်လိုက်သော အခါများတွင် မင်းသမီးမှာ လက်အုပ်ချီလျက်သာ တွေ့ ရသည်။

“ဒိဋ္ဌေဒိဋ္ဌ မတ္တံ” အလုပ်၌ ၀ါရင့်သောယောဂီ၏ စိတ်မှာလည်း သတိလွတ်ခိုက်တွင် ရောက်ချင်ရာ ရောက်နေစေကာမူ၊ သတိရ၍ လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် ယိုးဒယားကသော မင်းသမီး၏ လက်အုပ်ချီခြင်းကဲ့သို့  ပြားပြားဝပ်လျက် ရှိနေသည်ကို တွေ့ ရတတ်ပေသည်။ သို့ ဆိုလျင် အတော်ဟန်ပြီဟု ၀မ်းမြောက်ထိုက်ပေပြီ။ မဂ်ဆိုက်ခြင်းမျိုးကား မဟုတ်သေးပေ။

ဘာကြောင့် “ငါ” ထင်ရသနည်း

ပုဂ္ဂိုလ်အမျိုးမျိုး ရှိသည့်အနက် ရုပ် (ကိုယ်) ကောင်ကြီးကို “ငါ” ထင်သူများလည်း ရှိ၏။ ကြံစည်စိတ်ကူးတတ်သော စိတ်ကလေးကို “ငါ” ထင်တတ်သူများလည်း ရှိ၏။ ကိုယ်နှင့် စိတ်တို့ ကို ပိုင်ဆိုင်သော ဥစ္စာရှင် “ငါ” ကောင်ကလေး (soul or atman) တသီးတခြားရှိသေးသည်ဟု ယူဆသူများလည်း ရှိကြ၏။ အနောက်တိုင်းပြည်များ၌ “ငါ” ရှိသည်ဟူသော အထောက်အထားကို ဒဲ့စ်ကာတီ (Descartes) ဟူသော ဂရိတ်ပညာရှိကြီး တင်ပြခဲ့ဖူးသည့်အတိုင်း သူငါကစ ပြောတတ်ကြသည်။ ၄င်းဆရာကြီးက (I think, therefore I am) “ငါစဉ်းစားသည်။ ထို့ ကြောင့် ငါရှိသည်။” ဟု ပြောခဲ့သည်။ အဓိပ္ပါယ်မှာ စဉ်းစားစိတ်ကူးတတ်သော ငါကောင်ကလေးရှိနေခြင်းကို ထောက်ခြင်းအားဖြင့် ငါရှိကြောင်းထင်ရှားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရှေးပညာရှိကြီး တစ်ဦးတစ်ယောက်က တင်ပြထားခဲ့သော အကိုးအကားဖြစ်သည်ဆို၍ အနောက်တိုင်းပြည်များတွင် အတော်အတန်လူများ မငြင်းဝံ့ဘဲ လက်ခံထားကြသည်။ စင်စစ်မှာလည်း စဉ်းစားစိတ်ကူးတတ်သော သဘာဝကဲ့သို့  “ငါ” နှင့်တူသော အခြင်းအရာသည် မရှိတော့ချေ။

ကျွန်ုပ်ကိုယ်တိုင် (တရားအားမထုတ်ရသေးမီက) ဤအတိုင်းပင် မျက်စိလည်ခဲ့ဖူးသည်။ ဤကိုယ်ကြီးသည် သေဆုံးသောအခါ၌ မြေကြီးထဲသို့ ရောက်ရမည်ဖြစ်သောကြောင့် “ငါ” မဟုတ်နိုင်။ သို့ သော် စဉ်းစားကြံစည်တတ်သော စိတ်ကလေးမူကား “ငါ” အဖြစ်နှင့် ဘ၀တပါးသို့  ကူးပြောင်းသွားမည် ဖြစ်သည်ဟု ယူဆခဲ့ဖူးလေသည်။ (စာထဲက ဘယ်လိုဆိုစေ၊ ကိုယ်တိုင်သဘောပေါက်မှ လက်ခံနိုင်သည်။) သို့ သော် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအတိုင်း လေ့ကျင့်၍ “အိပ်မက်လောက” ထဲမှထွက်ပြီး “ဒိဋ္ဌလောက” ထဲ၌ ခဏခဏ နေဖန်များလာသောအခါ စဉ်းစားကြံစည်တတ်သော သဘောတရားကလေးသည် “ငါလည်းမဟုတ်၊ ငါ့ပစ္စည်းလည်းမဟုတ်၊ ပိုင်ဆိုင်သော ဥစ္စာရှင်လည်း မရှိသည့်အဖြစ်ကို တစ်လထက် တစ်လ လက်တွေ့ သဘောကျလာပေတော့သည်။ “ငါ” သော်လည်းကောင်း၊ “ငါ့ပစ္စည်း” သော်လည်းကောင်း ဟုတ်ခဲ့ပါမူ၊ ငါထားသောနေရာ၌ နေမည်။ မကြံစည်ပါနှင့်ဟု အမိန့် ပေးလိုက်လျင် (ငါပိုင်ဆိုင်ရိုးမှန်ပါက) ငါ့စကားကို နားထောင်ရမည်။ သူသွားချင်ရာသွား၍ ကြံခဲ့ပြီး မောတော့မှ အိပ်သောဟာကလေးကို “ငါ” ဟူ၍ လည်းကောင်း၊ “ငါ့ပစ္စည်း” ဟူ၍ လည်းကောင်း ဘယ်နည်းနှင့် မှတ်ယူသင့်ပါသနည်းဟု သဘောကျမိသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

No comments:

Post a Comment