Sunday, September 13, 2009

ဣဒံ မေ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။

ခင်မင်ရတဲ့ ဓမ္မမောင်နှမတို့ ရေ

ပြီးခဲ့တဲ့ တနင်္လာနေ့  (၇၊ စက်တင်ဘာ၊ ၂၀၀၉ ) မှာ ကျွန်တော် ကောင်းမှုကုသိုလ် တစ်ခုကို ထူးထူးခြားခြားလေး လုပ်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းလေးကို ပြောပြချင်လို့ ပါ။ အဲဒီနေ့ က လုပ်ခဲ့တာကို  စပြီး မပြောပြခင် ဒီကုသိုလ် လုပ်ဖြစ်ဖို့ အတွက် အကြောင်းကြောင်းတွေဖြစ်လာပုံလေး
ကို အရင် ပြောပြချင်ပါတယ်။

မနှစ်ကပါ။ ကျွန်တော်လည်း ဒီတိုင်းပြည်ရောက်ခါစ၊ ဗုဒ္ဓဘာသာဝင်တို့ ထုံးစံအတိုင်း မြို့ ပတ်ဝန်းကျင်အနီးအနားမှာ ရှိတဲ့ ဗုဒ္ဓဘာသာဘုရားရုပ်ပွားတော်တွေကို လိုက်ဖူးဖြစ်ခဲ့ပါတယ်။ အဲဒါနှင့်ဘဲ Tokyo Daibutsu လို့ ခေါ်တဲ့ ဘုရားကြီးဆီကို ရောက်သွားခဲ့ပါတယ်။

ဘုရားကိုရောက်တော့ ဘုရားရှိခိုး၊ ပတ်ဝန်းကျင် လေ့လာစရာရှိတာတွေ လျှောက်လေ့လာရင်းက ဘုရားကျောင်းဝင်း အနောက်ဘက်မှာ သုဿန် တစ်ခု ရှိတာကို သတိထားလိုက်မိပါတယ်။ ဒီနိုင်ငံမှာက များသောအားဖြင့် သုဿန်တွေကို ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ နှင့်တွဲပြီး ထားတတ်ကြပါတယ်။ သုဿန်ဆိုပေမယ့်လို့  အရိုးပြာအိုးကိုဘဲ မြှုပ်ထားကြတာပါ။ နောက်ပြီး သန့် ရှင်းသပ်ရပ်မှုလည်း ရှိပါတယ်။

ကျွန်တော်လည်း စပ်စုချင်တာနှင့် သုဿန်ဝင်းထဲကို ၀င်ကြည့်ဖြစ်ခဲ့ပါတယ်။ အထဲရောက်တော့ သူတို့ တွေရဲ့  အုပ်ဂူ အမှတ်အသား တွေကို လိုက်ဖတ်ကြည့်ရင်းက ကျွန်တော့်ခေါင်းထဲကို အတွေးတစ်ခု ၀င်လာပါတယ်။ အခု ဒီသုဿန်မှာ မြှုပ်ထားကြတဲ့သူတွေဟာ ငါနှင့် သံသရာ ဘ၀ တစ်ခုခုမှာ ဆွေမျိုးတွေတော့ တော်ခဲ့ဖူးမှာဘဲ။ ငါနှင့် မကင်းရာ မကင်းကြောင်း ကျေးဇူးခံ ကျေးဇူးစားတွေ ဖြစ်ခဲ့ဖူးမှာဘဲ။ အခုလည်း အကြောင်းတိုက်ဆိုင်လို့  ငါ ဒီနေရာရောက်လာတယ်။ တကယ်လို့ များ ဒီနေရာမှ သူတို့ တွေ မမြင်အပ်တဲ့ သတ္တ၀ါတွေအဖြစ်ရှိနေခဲ့ရင် ငါရောက်နေတုန်းလေး သူတို့ အတွက် တစ်ခုခု ကောင်းတာလုပ်ပေးမယ် လို့  ဆန္ဒဖြစ်လာပါတယ်။ ဒါနဲ့ ဘဲ ရတနာ (၃) ပါးကို အာရုံပြန်ပြု၊ ဘုရားစာတွေ စိတ်ထဲကနေရွတ်၊ နောက် မေတ္တသုတ်ရွတ်၊ ဂုဏ်တော်တွေရွတ်၊ ပြီးတော့ သူတို့ တွေအတွက်ရည်စူးပြီး မေတ္တာပို့ ၊ အမျှဝေ လုပ်ပေးလိုက်ပါတယ်။

အဲဒီနေ့ က ဘုရားဖူးပြီး အိမ်ပြန်ရောက်တော့ အိပ်တဲ့အခါ အိပ်မက်တစ်ခု မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ လူတွေအများကြီးဘဲ။ ကျွန်တော့်ကို လာပြီး ပျော်ရွှင်ပြီး ၀မ်းသာအားရ စကားလာပြောကြတယ်။ ကျွန်တော်နာမည်ကို ခေါ်ပြီး ”.......လုပ်တာ အရမ်းကောင်းတယ်။ အားလုံးအဆင်ပြေတယ်” ဆိုပြီး ပြောသွားကြတယ်။ ကျွန်တော်လည်း အိပ်ရာက နိုးလာတော့ အော်...ဒါ ငါ လုပ်လိုက်တာ သူတို့ အတွက် အကျိုးကျေးဇူးရှိလို့  လာပြောကြတာ ဖြစ်လိမ့်မယ်လို့  မှတ်ယူလိုက်ပါတယ်။

ဒါနဲ့ နောက်ပိုင်း ကျွန်တော် အားတဲ့ ရက်တွေဆိုရင် အဲဒီဘုရားကိုဖြစ်ဖြစ်၊ နောက် ကျွန်တော်တို့ မြို့ ထဲမှာဘဲ နောက်ထပ်သုဿန်အကြီးကြီးတစ်ခုရှိသေးတယ်။ လူနေရပ်ကွက် နှစ်ရပ်ကွက်၊ သုံးရပ်ကွက်စာလောက်ရှိမယ်ထင်တယ်Nippori ဆိုတဲ့ နေရာမှာပါ။ သူကတော့ ကျွန်တော်တို့ မြန်မာပြည်က ထောက်ကြံ့စစ်သင်္ချိုင်းလိုမျိုးဘဲ။ ရှုခင်းလည်း လှတယ်။ Tourists တွေကိုလည်း စွဲဆောင်တဲ့ နေရာတစ်ခုပါ။ အဲဒီ သုဿန်ကို ဖြစ်ဖြစ်သွားပြီး ဘုရားစာရွတ်၊ မေတ္တာပို့ ၊ အမျှဝေ လုပ်လုပ်ပေးပါတယ်။

ကျွန်တော့်စိတ်ထဲမှာ အဲဒီနေရာတွေကို သွားတိုင်း ဒီနေရာမှာ ရှိနေကြတဲ့ သူတွေဟာ ဒါ ငါနှင့်သံသရာမှာ အဘိုးအဘွား၊ မိဘ၊ ဇနီးခင်ပွန်း၊ ညီအကို၊ နှမ၊ အစ်မ၊ သားသမီး၊ ဦးကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေး၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာ၊ တပည့်၊ အသက်သခင်ကျေးဇူးရှင်စသည်ဖြင့် ပတ်သတ်ဆက်နွယ်ခဲ့ကြတဲ့သူတွေလို့  နှလုံးသွင်းပါတယ်။ သူတို့ ကို ငါတတ်နိုင်သလောက် ကျေးဇူးပြန်တုံ့ ပြန်မယ်လို့ လည်း နှလုံးသွင်းပါတယ်။ နောက် သံသရာဘ၀တွေမှာ သူတို့ တွေနှင့်ငါနှင့် လက်တွဲပြီး အတူတကွ ကောင်းမှုကုသိုလ်တွေကို လုပ်ခဲ့ကြလိမ့်မယ်။ တကယ်လို့ များ သူတို့ တွေက အဲဒီကုသိုလ်လုပ်ခဲ့တာတွေကို မေ့လျော့နေခဲ့ရင် ငါ့ကို ပြန်မြင်တဲ့ခဏမှာ အဲဒါကို ချက်ချင်းပြန်သတိရပါစေ ဆိုပြီးတော့လည်း အာရုံပြုထားပါတယ်။

ဒီတိုင်းပြည်မှာက ဗုဒ္ဓဘာသာဆိုပေမယ့်လို့  သူတို့ အယူအဆတွေက ကျွန်တော်တို့ နှင့် မတူတာများပါတယ်။ နောက်ပြီး လူတွေရဲ့  စိတ်ထဲမှာကိုက ဘာသာတရားက သူတို့ နှင့်ခပ်ကင်းကင်းဖြစ်နေကြပြီး အချိန်တိုင်း လောကီအောင်မြင်ရေးတွေနှင့် နပမ်းလုံးနေကြတဲ့ သူတွေဆိုတော့ သူတို့ လက်ကိုင်ထားတဲ့ဆောင်ပုဒ်ကိုက အလုပ်မလုပ်နိုင်တဲ့နေ့  အသက်မရှိတဲ့နေ့  လို့ကို ဖြစ်နေတာပါ။ ဒီတော့ သူတို့ တွေရဲ့ ဘ၀ကူးဘယ်လိုဖြစ်မယ်ဆိုတာ မောင်နှမတို့ တတွေ မှန်းကြည့်နိုင်လောက်မယ် ထင်ပါတယ်နော်။

ကျွန်တော် အဲဒီလိုမျိုး လုပ်ပေးနေရင်းက စိတ်ထဲမှာ သိပ်အားမရချင်ဘူးဖြစ်လာပါတယ်။ ဒီလိုမျိုး ငါအခုလိုလုပ်နေတာထက် ပိုပြီးထိရောက်တာမျိုး သူတို့ တွေကို လုပ်ပေးနိုင်ရင် ပိုကောင်းမယ်လို့  တွေးမိပါတယ်။ မိမိထက် သီလ၊ သမာဓိ၊ ပညာ သာလွန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကနေ လုပ်ပေးနိုင်ရင် သူတို့ တွေအတွက် ပိုအကျိုးရှိလိမ့်မယ်လို့  ခံစားရပါတယ်။ ဖြစ်နိုင်ရင် ရဟန်း၊ သံဃာတွေကို ပင့်ဆောင်ပြီး လုပ်ပေးလို့ ရရင် သိပ်ကောင်းမှာဘဲလို့  ဆန္ဒပြုမိပါတယ်။

ကျွန်တော် အဲဒီလိုမျိုး သုဿန်သွားသွားပြီး လုပ်ပေးနေတာကို သိတဲ့သူတွေထဲမှာ တချို့ ကလည်း ၀မ်းသာကြည်နူးကြသလို၊ တချို့ ကလည်း ဒီကို ရောက်တာမှာ နှစ်မပေါက်သေးဘူး၊ ဂေါက်သွားပြီထင်တယ်လို့  ပြောသူတွေလည်း ရှိပါတယ်။ နောက် တချို့ ကလည်း သေတာတို့ ၊ သုဿန်တို့ ဆိုရင် တွန့် ကြ၊ စပ်ဆုပ်ကြတာတို့ တွေ ရှိသေးတော့ ကျွန်တော့်မှာ နောက်ပိုင်း ကိုယ်ဘာသွားသွားလုပ်နေတယ်ဆိုတာကို လူသိမခံဘဲ တိုးတိုးတိတ်တိတ် နှင့် လုပ်ခဲ့ရပါတယ်။

ဘုန်းကြီးကျောင်းက သီတင်သုံးနေကြတဲ့ ဆရာတော်တွေကို လျှောက်ကြည့်ချင်ပေမယ့်လို့  အခွင့်အခါမပေးသေးတာကြောင့်ထင်ပါရဲ့ ။ ကျောင်းတောင် သိပ်မရောက်ဖြစ်ခဲ့ပါဘူး။

ဒီလိုနှင့် ဒီဘက်လပိုင်းတွေမှာ ဘုန်းကြီးကျောင်း ခဏခဏရောက်ဖြစ်တာရယ်၊ အခုလောလောဆယ် သီတင်းသုံးနေတဲ့ ဘုန်းဘုန်းတွေကလည်း လူငယ်ပိုင်းကိုယ်တော်တွေ၊ ဆက်ဆံရတာ စိတ်ထဲမှာ ရင်းနှီးပွင့်လင်းမှုလည်း ရှိနေတာနှင့် ဘုန်းဘုန်းတွေကို အကျိုးအကြောင်းပြောပြပြီး တပည့်တော် သူတို့ သူတို့ တွေအတွက် ကောင်းမှုကုသိုလ်လုပ်ပေးချင်၊ အမျှဝေပေးချင်လို့ ပါလို့  လျှောက်ထားတော့ ဘုန်းဘုန်းတွေက လိုလိုလားလားဘဲ ဒါ တအားကောင်းတဲ့ကိစ္စ၊ လုပ်ကြတာပေါ့ဆိုပြီး ဘုန်းဘုန်းတွေ အားမယ့်တစ်ရက်ကို Appointment ယူလာလိုက်ပါတော့တယ်။

ဒါနဲ့ ဘဲ ပြီးခဲ့တဲ့ (၇) ရက်နေ့ က ကျွန်တော် တအားလုပ်ချင်နေတဲ့ ဆန္ဒတစ်ခုပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

အဲဒီနေ့ က မနက်ပိုင်း ဘုန်းဘုန်း သုံးပါးကို နေ့ ဆွမ်း ဘုန်းကြီးကျောင်းမှာဘဲ ဆက်ကပ်လှူဒါန်းပါတယ်။ နောက် ကျောင်းမှာရောက်နေကြတဲ့ ဧည့်သည်တွေကို နေ့ လည်စာ ကျွေးမွေးဧည့်ခံပါတယ်။ အားလုံး စားသောက်ပြီးကြတာနှင့် ဘုန်းဘုန်းတွေနှင့်အတူ Tokyo Daibutsu ကို စတင်သွားရောက်ကြပါတယ်။ ကျွန်တော်နှင့်အတူ ကျောင်းကိုရောက်နေတဲ့ ဧည့်သည်တွေကလည်း စိတ်ဝင်စားပါတယ်ဆိုပြီး လိုက်လာခဲ့ကြတော့ အားလုံး လူစုံတက်စုံတပျော်တပါးပါဘဲ။

ဘုရားရောက်တော့မှ ဘုရားဆင်းတုတော်ကြီးရှေ့ မှာ ဘုန်းဘုန်းတွေက သီလပေး၊ တရားဟော၊ တရားနာ၊ ပရိတ်ရွတ်၊ မေတ္တာပို့ ၊ သံသရာဆွေမျိုးတွေအတွက် ရည်မှန်းပြီး သင်္ကန်းပရိက္ခရာလှူဒါန်း၊ ပြီးတော့ အမျှဝေ လုပ်ပါတယ်။ ဘုန်းဘုန်းတွေကလည်း တကယ့်ကို စေတနာ၊ မေတ္တာ၊ ကရုဏာ အပြည့်နှင့် ဦးဆောင်စီမံဆောင်ရွက်ပေးတော်မူကြပါတယ်။

အဲဒီဘုရားရုပ်ပွားတော်ကြီးရှေ့ နေရာမှာ တရားဟော၊ တရားနာပြီးသွားကြတော့မှ သုဿန်နေရာကို သွားပြီး ဘုန်းဘုန်းတွေက မေတ္တာပို့ ၊ အမျှဝေကို ထပ်ဆင့် လုပ်ဆောင်ပေးတော်မူကြပါတယ်။  ဘုန်းဘုန်းတွေက အားလုံးကိုယ်စား တညီတညာတည်း အောက်ပါအတိုင်း ရွတ်ဆိုတော်မူပါတယ်။ ကျွန်တော်တို့ တွေက စိတ်ထဲကနေ အာရုံပြုထားလိုက်ကြပါတယ်။

“ဣဒံ မေ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။”

အနက်အကျဉ်း-
မေ =
အကျွန်ုပ်၏ ၊ ဣဒံ (ပုညံ) = ဤယနေ့ ယခုပြုလုပ်ဆောက်တည်ရသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်စသည့် ကုသိုလ်ကောင်းမှုအစုစုတို့ သည် ၊ ဉာတီနံ = အစမထင်သော သံသရာတစ်လျှောက်တွင် ဘ၀အဆက်ဆက်က တော်စပ်ပတ်သက်ခဲ့ကြသော အဆွေအမျိုးတို့ အား ((၀ါ) ဆွေမျိုးတို့ ၏ အတ္တာယ = အကျိုးငှာ ) ဟောတု = ဖြစ်ပါစေသတည်း။
ဉာတယော = ထိုဆွေမျိုးအပေါင်းတို့ သည် ၊ သုခိတာ = ချမ်းသာခြင်း ရှိကြကုန်သည်၊ ဟောန္တု = ဖြစ်ကြပါစေ ကုန်သတည်း။

မေတ္တာပို့ ရွတ်ဆိုပြီးတဲ့နောက် သုဿန်ထဲမှာဘဲ ရေစက်ချအမျှဝေခြင်းကို ထပ်မံပြုလုပ်ပါတယ်။ ကျွန်တော်တို့ မှာ အယူဝါဒမတူတဲ့သူတွေပိုင်ဆိုင်တဲ့  အရပ်ဒေသတစ်ခုမှာ ထေရ၀ါဒအယူအဆနှင့် လုပ်နေကြရတာဖြစ်တော့ ဘေးလူတွေ သတိမထားမိအောင်ဘဲ Informal တော့ ဆန်တာပေါ့ခင်ဗျာ။ အားလုံးက မတ်တပ်ရပ်ပြီးဘဲ နေကြပါတယ်။ ရွတ်တဲ့ ဘုန်းဘုန်းတွေကလည်း တိုးတိုးညင်ညင်လေးရွတ်၊ လိုက်ဆိုကြတဲ့ သူတွေကလည်း ခပ်တိုးတိုးဘဲပေါ့။ ရေစက်ချတော့လည်း မသိမသာလေးဘဲ။ (ကျွန်တော့်တစ်သက်မှာ ဒီတစ်ခါဘဲ ရေသန့် ဗူးနှင့် မြေကြီးပေါ်ကို လောင်းပြီး ရေစက်ချအမျှဝေ ပထမဆုံး လုပ်ဖူးခြင်းပါဘဲ။)

အဲဒီလိုနှင့် Tokyo Daibutsu မှာ လုပ်တဲ့ အစီအစဉ် အောင်မြင်စွာနှင့် ပြီးသွားခဲ့ပါတယ်။ အဲဒီကပြီးတော့ ကျွန်တော်တို့ တွေ Nippori သုဿန်ကို ဆက်လက်ချီတက်ကြပါတယ်။

Nippori မှာတော့ တရားထပ်ဟော၊ ထပ်နာမလုပ်တော့ဘဲ တန်းပြီးဘဲ သုဿန်ထဲမှာ မေတ္တာပို့ ဆုတောင်း အမျှဝေ၊ ရေစက်ချ လုပ်ပါတယ်။ မနက်ပိုင်းက လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်အာရုံပြုပြီးတော့ပေါ့။

အားလုံးပြီးသွားတော့ ညနေလည်း စောင်းသွားပါပြီ။ ဘုန်းဘုန်းတွေရော၊ ပရိတ်သတ်ရော အားလုံးလည်း ပင်ပန်းသွားကြပါပြီ။ ဒါပေမယ့် အားလုံးရဲ့ စိတ်ထဲမှာတော့ ကြည်နူးဝမ်းမြောက်မှုတွေ ကိုယ်စီနှင့်ပါဘဲ။ ကျွန်တော့်ကိုတော့ မမေးနှင့်တော့လေ။ ကျွန်တော် ဘယ်လောက် ၀မ်းသာကြည်နူးနေမလဲဆိုတာကို။

ကျွန်တော်တို့ တွေ ပျော်ရွှင်ဝမ်းမြောက်ကြည်နူးနေသလိုဘဲ ကျွန်တော်တို့ မမြင်နိုင်တဲ့ သူတွေ အယောက်ပေါင်းများစွာဟာလည်းဘဲ ဒီလို ကြုံတောင့်ကြုံခဲ ကုသိုလ်အခွင့်အရေးမျိုးနှင့် ဆုံဆည်းကြုံကြိုက်ခွင့်ရကြလို့  ဘယ်လောက်များ ၀မ်းသာနေကြရှာမလဲ။ သူတို့ သူတို့ တွေရဲ့  လက်ရှိဘ၀အနေအထားကနေ ဒီ့ထက်မက သာလွန်ကောင်းမွန်တဲ့ အခြေအနေတစ်ခုခုကို သူတို့ ကံအားလျော်စွာ ရောက်ရှိခံစားကြရမှာကတော့ ဧကန်အမှန်ဘဲဖြစ်မှာပါ။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဒီအမှတ်တရ ကုသိုလ်ကောင်းမှုလေးကို တွေးမိတိုင်း ကြည်းနူးဝမ်းသာလို့ မဆုံး ဖြစ်မိပါတယ်။ တကယ်ပါ။ ဘာ အကျိုးခံစားခွင့်ကိုမှ မမျှော်လင့် မတောင့်တပါဘူး။ ဒီကုသိုလ်ကောင်းမှုကို လုပ်ချင်တဲ့ စိတ်ဆန္ဒဘဲရှိတာပါ။ လုပ်ပေးလိုက်ရတော့ စိတ်ထဲမှာ ချမ်းသာတယ်။ ကြည်နူးတယ်။ ဒါလေးပါဘဲ။ ကျွန်တော် တစ်ခါက ရေးပြခဲ့ဖူးတဲ့ George Bernard Shaw ရဲ့  Splendid Torch ကဗျာထဲက စာသားလေးတစ်ကြောင်းအတိုင်းပါဘဲ။ It is my privilege to do for it တဲ့။ ဒါဟာ ငါ့လုပ်ရမယ့် တာဝန် ၀တ္တရားမဟုတ်ပါဘူး။ ဒါဟာ ငါ့ရဲ့  ရပိုင်ခွင့် အခွင့်အရေးတစ်ခုပါ လို့ ။ အဲဒီလိုလေး ခံစားမိပါတယ်။

အဲ.... ကျွန်တော် အာလူးဖုတ်တာများသွားပြီ။ အဓိက မောင်နှမတွေဆီ ဒီစာရေးရတဲ့ ရည်ရွယ်ချက်က ကျွန်တော်လုပ်ခဲ့သမျှ ကုသိုလ်ကောင်းမှုအစုစုတို့ ကို အမျှပေးဝေချင်လို့ ပါ။ ကျွန်တော်အဲဒီနေ့ က သံသရာတစ်လျှောက်ကတော်စပ်ခဲ့ဖူးတဲ့ ဆွေဟောင်းမျိုးဟောင်းတွေ အားလုံးအတွက် လုပ်ခဲ့သမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုအစုစုတို့ ကို ဓမ္မမောင်နှမတွေအားလုံးကို အမျှပေးဝေပါတယ်။ အားလုံး ကျွန်တော်နှင့်ထပ်တူ ကုသိုလ်ကောင်းမှုတွေအတွက် ၀မ်းမြောက်ကြည်နူးစွာဖြင့် သာဓုခေါ်ဆိုတော် မူကြပါခင်ဗျား။

အမျှ....အမျှ...အမျှ....ယူတော်မူကြပါခင်ဗျား.......။

(ဤ အီးမေးလ်စာစုဖြင့် တပည့်တော်၏ ကုသိုလ်ပြုလိုသော ဆန္ဒကို မငြိုမငြင် ဖြည့်ဆည်းဆောင်ရွက် မေတ္တာ ကရုဏာ အပြည့်အ၀ဖြင့် ကူညီတော်မူသော တိုကျို မြန်မာဘုန်းကြီးကျောင်းမှ သံဃာတော်အရှင်မြတ် ဘုန်းဘုန်းတို့ အား တပည့်တော် ရိုသေစွာ ရှိခိုးဦးတင် ကန်တော့ပါတယ် အရှင်မြတ်အပေါင်းတို့ ဘုရား။ )

လေးစားခင်မင်စွာဖြင့်

4 comments:

  1. ၀မ်းမြောက်ကြည်နူးစွာဖြင့်
    သာဓု သာဓု သာဓု
    metta to all, mimi

    ReplyDelete
  2. sadhu sadhu sadhu

    ReplyDelete
  3. well done .သာဓု သာဓု သာဓု

    ReplyDelete