Tuesday, August 11, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၀)

စဉ်းစားတွေးတော၍ မဖြစ်

အထက်တွင် ရေးသားဖော်ပြခဲ့သမျှမှာ အောက်တွင် ရေးသားဖော်ပြလတ္တံ့ သော အကြောင်းအရာများအတွက် ပဏာမပျိုးလိုက်ခြင်းမျှသာ ဖြစ်သည်။

ဗုဒ္ဓဟောတော်မူခဲ့သည့် တရားတော်များ၏ အဆီအနှစ် အကျဉ်းချုပ်မှာ ရုပ်ဓမ္မ၊ နာမ်ဓမ္မတို့ ၏ သဘော သဘာဝတ္တ အစစ်အမှန်ကို သိမြင်ကြစေခြင်းအတွက်မျှသာ ဖြစ်၏ ။ လောကဟူသည် ဘယ်မျှလောက် ကျယ်ဝန်းသည်ဖြစ်စေ၊ လိုရင်းအချူပ်၌ ရုပ်နှင့် နာမ်မျှသာ ရှိ၏။ တစ်နည်းဆိုသော် ခန္ဓငါးပါးမျှသာ ရှိ၏။ ခန္ဓငါးပါးအနက်တွင်လည်း တစ်ပါးပါးကို ယထာဘူတကျကျသိလျှင် ကိစ္စပြီးနိုင်သည်ဟု ဟောတော်မူ၏ ။

ရုပ်အကြောင်းကို ကျယ်ဝန်းစွာသိကြသော လောကဓာတ်ဆရာကြီးများ၊ စိတ်အကြောင်းကို အသေးစိတ်သိကြသော စိတ်ပညာဆရာကြီးများသည် အဘယ့်ကြောင့် အရိယာတွေ ဖြစ်မကုန်ကြဘိသနည်း။ အထက်ပါ ကျွန်မသည် စိတ်အကြောင်းကို တစ်ချက်တည်း သိမြင်လိုက်ကာမျှနှင့် အဘယ့်ကြောင့် သောတာပန် ဖြစ်ပါလေသနည်း။ ပညာရှိကြီးများ၏ သိခြင်းသည် ယထာဘူတမကျ၊ ကျွန်မ၏ သိခြင်းသည် ယထာဘူတ ကျခြင်းကြောင့် ဟူ၍ ဖြေဆိုရပေမည်။

အကြင်သူသည် အဘယ်မျှလောက် ဦးနှောက်ကောင်း၍ ရုပ်အကြောင်း၊ သို့ မဟုတ် စိတ်အကြောင်းများကို ကိုယ့်ဟာကိုယ် တစ်သက်ပတ်လုံး စဉ်းစားဆင်ခြင်စေကာမူလည်း ( ဗုဒ္ဓ အလိုတော်ရှိသည့်အတိုင်း ) ယထာဘူတကျကျ သိမြင်နိုင်လိမ့်မည် မဟုတ်ချေ။ လောကီပညာရှိကြီးတစ်ယောက်ကားဖြစ်လာနိုင်ပေသည်။ သို့ သော်အရိယာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။ ကိုယ့်နည်းနှင့်ကိုယ် ထိုးထွင်းသိမြင်နိုင်သည် ဆိုလျှင်လည်း ( ဗုဒ္ဓ၏ ကျမ်းဂန်များအရ ) ပစ္စေကဗုဒ္ဓတစ်ဆူ ဖြစ်လာရပေတော့မည်။ သို့ ဆိုလျှင် ရုပ်
သို့ မဟုတ် စိတ်အကြောင်းကို ယထာဘူတကျကျ သိမြင်အောင် ဘယ်ကဲ့သို့ ပြုလုပ်ရပါမည်နည်း။

ဤအချိန် ဤနေရာ

ရုပ်တရား နာမ်တရားတို့ ၏ သဘာဝကို ထိုးထွင်းမြင်နိုင်စေခြင်းငှာ နည်းအမျိုးမျိုး ဟောတော်မူခဲ့သည့်အနက် ကျွန်ုပ်အလွန်နှစ်သက်၍ ယုံယုံကြည်ကြည် လေ့လာခဲ့သောနည်းမှာ ဘာဟိရနှင့် မာလုကျပုတ္တတို့ အား ဟောပြတော်မူခဲ့သည့် “ ဒိဋ္ဌေဒိဋ္ဌမတ္တံ ” ဟူသော နည်းပင်ဖြစ်သည်။

မြင်ကာ မတ္တ၊ ကြားကာ မတ္တဖြင့် ပြီးဆုံးစေ၍ ရှည်လျားစွာတောက်လျှောက်ကြီး လိုက်မသွားရအောင် အားထုတ်သော ပုဂ္ဂိုလ်သည် (နံပါတ် ၁ ဆောင်းပါးတွင် ဖော်ပြခဲ့ဖူးသည့်အတိုင်း ) မိမိ၏စိတ်ကို ပစ္စုပ္ပန်တည့်တည့်အပေါ်တွင် ထားနိုင်သော အလေ့အကျင့် ရင့်ကျက်လာပေလိမ့်မည်။ အချိန်ကာလ အားဖြင့် ပစ္စုပ္ပန်၊ ဋ္ဌာနအားဖြင့် ဤနေရာ ( now & here ) မှတပါး အခြားသို့ စိတ်ရောက်မသွားစေရအောင် “ သတိ ” ကို မွေးမြူရသည်။ လွန်လေပြီးသော အတိတ်အကြောင်းကိုလည်းကောင်း၊ မိမိရှိနေသော ဋ္ဌာနမှတပါး ထိုထိုသောအရပ်၊ ထိုထိုသောနေရာများအကြောင်းကို လည်းကောင်း စိတ်ကူးတွေးတောခြင်း မပြုလုပ်မိစေရန် “ သတိ” ဖြင့် စောင့်ထိန်းရသည်။ ဤအလုပ်သည် လွယ်ကူသလို ထင်ရသော်လည်း လုပ်ကြည့်သောအခါ မလွယ်ကူပုံ အခြင်းအရာကို နံပါတ် ( ၁ ) ဆောင်းပါးတွင် ဖော်ပြခဲ့လေပြီ။

ပရမတ် ဆတ်ဆတ်သဘော

“ ကြားကာမတ္တ၊ မြင်ကာမတ္တ ” တည်းဟူသော လုပ်ရပ်၏ အဖိုးတန်ပုံမှာ ဤသို့ တည်း။

ကြားလိုက်သည်နှင့် တပြိုင်နက်၊ မြင်လိုက်သည်နှင့် တပြိုင်နက် အာရုံနောက်သို့ လိုက်၍ ရှည်လျားစွာ စဉ်းစားနေကြသော ( သတ္တ၀ါတို့ ၏ သံသရာတစ်လျှောက်လုံး ) အလေ့အကျင့်ကို အထိုက်အလျောက် ချိုးနှိမ်နိုင်သောအခါ အကြင်ယောဂီပုဂ္ဂိုလ်၏ စိတ်သည် ကြားသောအခိုက်တွင် “အသံ” အပေါ်၌သာ ပြီးဆုံးသွား၏ ။ မြင်သောအခိုက်တွင် “ အဆင်း ” အပေါ်၌သာ ပြီးဆုံးသွား၏ ။ နံသောအခိုက်တွင် “အနံ” အပေါ်၌သာ ပြီးဆုံးသွား၏။ စားသောအခိုက်တွင် “အရသာ” အပေါ်၌သာ ပြီးဆုံးသွား၏။ ထိတွေ့ သော အခိုက်တွင် “အတွေ့ ” အပေါ်၌သာ ပြီးဆုံးသွား၏ ။

အဆင်း၊ အနံ့ ၊ အသံ၊ အရသာ၊ အတွေ့ ဟူသော သဘာဝများသည် စင်စစ်အားဖြင့် ပရမတ် သဘောတရား များသာ ဖြစ်ကြ၏။ သို့ သော် အကြင်ယောဂီပုဂ္ဂိုလ် တို့ သည်၎င်းတို့ ကို ပရမတ် သဘောတရားဟူ၍ ပိုင်းပိုင်းခြားခြား သိမြင်နိုင်သေးသည် မဟုတ်ချေ ။ ဤလုပ်ရပ်၏ တန်ဖိုးရှိခြင်းမှာကား အဆင်းသက်သက်၊ အသံသက်သက် အစရှိသည်တို့ အပေါ်၌ချည်း စိတ်ကိုထားတတ်ဖို့  သတိနှင့် အလေ့အကျင့်ပြုလုပ်ခြင်းသည် ( ပရမတ် သဘောတရားမှန်း မသိမြင်သေးစေကာမူလည်း) ပရမတ် သဘောတရားပေါ်မှာချည်း ထားမိလျက်သား ဖြစ်နေလေတော့သည်။ ဥပမာ ရွှေတုံးတွေဟူ၍ မသိသေးစေကာမူလည်း ရွှေတုံး တစ်ခုပြီးတစ်ခုပေါ်သို့ ခြေချလျက်သား ဖြစ်နေခြင်းနှင့် တူပေတော့သည်။

အကြင် ယောဂီပုဂ္ဂိုလ်သည် ပါရမီရင့်သန်၍ အဆင်းသက်သက် အသံသက်သက်မျှ အပေါ်မှာချည်း ထားနိုင်အောင် လေ့ကျင့်နိုင်သော “ ဇွဲ ” ရှိသည်ဆိုငြားအံ့။ တစ်ကြိမ်တစ်ခါတွင် အဆင်းဓာတ်၊ အသံဓာတ်တို့ ၏ ပရမတ်ဆတ်ဆတ် သဘောကိုဖြစ်စေ၊ သို့ တည်းမဟုတ် စက္ခုဝိညာဏ်စိတ်၊ သောတ၀ိညာဏ်စိတ်တို့ ၏ ပရမတ္တသဘာဝကို ဖြစ်စေ ( အထက်ဖော်ပြပါ ကျွန်မကဲ့သို့ ) ထိုးထွင်းသိမြင်နိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သည်။


No comments:

Post a Comment