Thursday, July 9, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၉)

သညာသိနှင့် ပညာသိ


စိတ်အကြောင်း သိပုံနှင့်ပတ်သက်၍ ကလေးသိ၊ ကျောင်းသားသိ၊ ကမ္မဋ္ဌာန်းသမားသိ၊ သင်္ဂြိုဟ်သမားသိ စသည်ဖြင့် အမျိုးမျိုး သိကြပေရာ မည်သည်ကိုမျှ မှားသည်ဟု မဆိုသင့်။ မှန်သလောက် မှန်သည် ဟူ၍သာ ဆိုရပေမည်။ အနောက်တိုင်းမှ စိတ်ပညာ ဆရာကြီး ( psychologists ) များနှင့် စိတ်ကိုစစ်၍ ရောဂါကုသသော ပညာသည်ကြီးများ ( psychiatrists and psycho-anaylists ) ရှိကြပေရာ ၎င်းတို့ သိထားပုံမှာလည်း အလွန်ပင် နက်နဲပေသည်ဟု ၀န်ခံရပေမည်။ ပဏ္ဍိတဝေဒနိယကျမ်းကို ဖတ်ရပြီးနောက် ကျွန်ုပ်သိရပုံမှာလည်း အတော်ကြီး
နက်နဲလှပြီဟု ထင်ခဲ့မိသည်။ သို့ သော် အဆိုပါ သိပုံသိနည်း အားလုံးတို့ သည် သညာသိ (intellect) မျှသာဖြစ်ကြ၍ ဗုဒ္ဓရည်ရွယ်သည့် (ထိုးထွင်းသိမြင်သော) ပညာသိမဟုတ်သေးချေ။


သဿတ ဒိဋ္ဌိ


တဖန် အနောက်တိုင်းသားများ ယခုတလောတွင် အထူး အလေးပေး၍ လေ့လာလိုက်စားလျက်ရှိကြသော စိတ်ပညာတစ်ရပ် ရှိသေး၏ ။ ၎င်းတို့ သည် ကာယကံရှင်ကိုယ်တိုင်က သိသောစိတ် ( conscious ) ကိုသာ မကသေးဘဲ ကိုယ်တိုင်က မသိရသော ဘ၀င်္ဂ ခေါ် ဘ၀င်စိတ် ( unconscious of subconscious ) အကြောင်းကိုပင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာလျက်ရှိကြလေသည်။ ဤပညာသည် တကယ်နက်နဲသည်ကား မှန်သည်။ သို့ ရာတွင် ၎င်းပညာရှိကြီးများ၏ အတွေးခေါ်မှာ လူသတ္တ၀ါတို့ ၏ အတွေ့ အကြုံများသည် မသိသောစိတ် ( ဘ၀င်္ဂ ) ထဲတွင် အခါခပ်သိမ်း နစ်မြုပ်သိုလှောင်လျက်ရှိ၍ အရေးကြုံမှ ပေါက်လာတတ်သည်ဆိုရာ ၎င်းအတွေးအခေါ်၏ မှန်ခြင်း၊ မှားခြင်းကို အပထား၍ သဿတဒိဋ္ဌိ ဘက်သို့  ယိမ်းတတ်သောကြောင့် ဗုဒ္ဓအလိုတော်ကျ မဟုတ်ချေ။ မမေ့ပျောက်နိုင်သကဲ့သို့  မှတ်သားထားသည်ဟု ထင်ရသည်ကားမှန်၏ ။ သို့ ရာတွင် ဗုဒ္ဓဟောတော်မူသည့် ဘ၀င်စိတ်သည်ပင်လျှင် မြစ်ရေအလျဉ်သဖွယ် အခါခပ်သိမ်း တသွင်သွင်စီးလျက်ရှိသည်ဆိုသောကြောင့် ရေထဲ၌ ( ကျောက်ဆူး ချထားဘိသကဲ့သို့  )
အမြဲတည်နေနိုင်သော အခြင်းအရာ တစ်စုံတစ်ခု ရှိသည့်အလား မှတ်ယူထားခြင်းသည် သဿတဒိဋ္ဌိအယူ ဖြစ်သွားတတ်လေသည်။


ဦးနှောက်နှင့် နှလုံး


ထို့ ပြင် စိတ်၏ တည်နေရာဌာနနှင့် ပတ်သက်သော အယူအဆ တစ်ခုလည်းရှိသေး၏ ။ စိတ်နှင့် ပတ်သက်သမျှတွင် အနောက်တိုင်း ပညာသည်များသည် ဦးနှောက်ကို အလေးပေး၍ ဖော်ပြတတ်၏ ။ ဗုဒ္ဓ၀ါဒအရမူ နှလုံးအိမ်ကို အရေးတကြီး ဖော်ပြထားသည်။ ဤခေတ်တွင် ဥာဏ်ကောင်းခြင်း၊ စဉ်းစားစိတ်ကူးခြင်း စသော အခြင်းအရာများမှာ ဦးနှောက်ကို အမှီပြု၍ ဖြစ်ပေါ်လာသည်ဟု လက်ခံနားလည်လျက် ရှိကြသော်လည်း ရိုးဖြောင့်ခြင်း၊ စိတ်သဘောကောင်းခြင်း စသော အခြင်းအရာမျိုးတို့ မှာမူ နှလုံးအိမ်တွင် အမှီပြု၍ ဖြစ်ရသည်ဟု ယုံကြည်ကြသည့် လက္ခဏာရှိသည်။ ထို့ ကြောင့် ( good heart ) စိတ်နှလုံးကောင်းခြင်း ဟူ၍လည်းကောင်း၊ ( change of heart ) စိတ်နှလုံးနှင့် တကွ ပြောင်းလဲပါမှ တန်ဖိုးရှိသည် ဟူ၍လည်းကောင်းသုံးနှုန်းကြခြင်း ဖြစ်လေသည်။ ဥာဏ ( ဦးနှောက် ) ဘယ်လိုပင်ကောင်းစေကာမူ စိတ်နှလုံး ( အကျင့် စာရိတ္တ ) မကောင်းလျှင် တန်ဖိုး များစွာမရှိနိုင်ဟူသော အသုံးအနှုန်းလည်း ရှိပေသေးသည်။ “ လူတော်လူကောင်း ” ဟူသော စကားလုံးတွင်လည်း ( လူတော် ) သည် ဦးနှောက် ကောင်းခြင်းကို ဆိုလို၍ “လူကောင်း ” သည် နှလုံးကောင်းခြင်းကို ဆိုလိုပေသည်။ ထို့ ကြောင့် စိတ်နှင့် ပတ်သက်၍ ဖော်ပြသည့်အခါ ဦးနှောက်ကို အလေးပေးချင်ကြသော်လည်း နှလုံးကို လွှတ်ထား၍ မဖြစ်နိုင်ပေ။


တိုက်ခတ်မှ ဖြစ်ပေါ်ခြင်း


စိတ်နှင့်ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သည့် အသိအမျိုးမျိုးတို့ သည် မည်မျှပင် ခက်ခဲနက်နဲစေကာမူ ( လောကီတွင် တန်ဖိုးရှိသည် ဆိုစေဦး ) စဉ်းစားဥာဏ် ( intellect ) ဖြင့် သိခြင်းမျှသာ ဖြစ်ကြပေရာ ဗုဒ္ဓသိစေလိုသော ( ထိုးထွင်း၍ သိခြင်းခေါ် ) ပညာသိ မဟုတ်သောကြောင့် ကြီးစွာသော တန်ဖိုးရှိကြသည် မဟုတ်ချေ။ ပညာသိဟုခေါ်သည့် သိခြင်းမျိုးမှာ လွန်စွာနက်နဲသည်ဖြစ်၍ ဥပမာအားဖြင့်သာ ဖော်ပြနိုင်ပေမည်။

သုတ္တန်ကျမ်းတစ်နေရာ၌ ကျွန်မတစ်ယောက်သည် ၎င်း၏သခင်မအတွက် သနပ်ခါးသွေးလျက်ရှိစဉ် လက်ကောက်နှစ်ဖက် ၀တ်ထားသည်ဖြစ်၍ တစ်ဖက်နှင့်တစ်ဖက် တိုက်ခတ်မိခြင်းကြောင့် တချွင်ချွင်အသံ ထွက်လျက်ရှိ၏ ။ ဤတွင် ကျွန်မသည် တစ်ဖက်ကို ဖြုတ်ထားလိုက်ရာ တိုက်ခတ်စရာ မရှိခြင်းကြောင့် အသံမထွက်တော့ခြင်း ကို တွေ့ ရ၏ ။ ဤနေရာတွင် ဆင်ခြင်သုံးသပ်မိသည်မှာ တိုက်ခတ်စရာ ရှိ၍ အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော “ ၀ိညာဉ်စိတ် ” ဆိုသည်မှာ ဤအတိုင်းပေတကားဟု ထိုးထွင်းသိမြင်လိုက်သည်နှင့် တစ်ချက်တည်း သောတာပန်တည်သွားသည်ဟု တွေ့ ရဖူးလေသည်။


ထိုးထွင်း သိမြင်ခြင်း


၎င်းကျွန်မသည် စိတ်တစ်ခုယုတ် ၉၀၊ အကျယ် ၁၂၀ ပါး ကိုလည်း ရေတွက်တတ်မည်မထင်။ စိတ္တက္ခဏ၏ လျင်မြန်ပုံအကြောင်းကိုလည်း (ကျွန်မတစ်ယောက်သာ ဖြစ်၍ ) ကြားဖူးကောင်းမှ ကြားဖူးပေမည်။ ဘ၀င်စိတ်၏ တသွင်သွင်စီးခြင်း အကြောင်းကိုလည်း နားစွန်နားဖျားဖြင့် ကြားဖူးမည်လော မပြောတတ်ချေ။ သို့ ရာတွင် အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်ဆိုသောကြောင့် အကြောင်းမတိုက်ဆိုင်လျှင် မဖြစ်၊ ဖြစ်ခြင်းကြောင်းလည်း ရှိသည်။ ချုပ်ရာသော လမ်းစဉ်လည်း ရှိသည်။ ချုပ်ခြင်းသဘောလည်း ရှိသည် စသည်ဖြင့် ထိုးထွင်းသိမြင်သွားဟန်ရှိသည်။

ဤစာကို ဖတ်သောသူသည်လည်း ကျွန်ုပ်ရေးပြသည့်အတိုင်း နားလည်ပါသည်ဟု ဆိုစေကာမူ ကျွန်မ မြင်သကဲ့သို့  မမြင်ခြင်းမှာ ထိုးထွင်းမှုဟု ဆိုအပ်သော ၀ိပဿနာဥာဏ် မပါသောကြောင့် ဖြစ်လေသည်။ ၎င်း ကျွန်မသည် ပါရမီခံ ရင့်သန်သော ပုဂ္ဂိုလ်ဖြစ်ရမည် ဆိုခြင်းမှာ ယုံမှားဖွယ်ရာ မရှိချေ။ သို့ ရာတွင် နောက်ဆုံးအချိန်၌ လုပ်နေသော အလုပ်မှာ သနပ်ခါးသွေးခြင်းဖြစ်၍ သူ၏ နှလုံးသွင်းတရားမှာ လက်ကောက်ခြင်း တိုက်ခတ်မိ၍ တချွင်ချွင်မြည်ခြင်းနှင့် အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်၏ တူညီပုံအခြင်းအရာပင် ဖြစ်လေသည်။

ထို့ ကြောင့်လည်း နည်းခြင်း များခြင်းသည် အရေးမကြီးလှ။ အရာဟုတ်-မဟုတ်သာလျှင် အရေးကြီးသည်ဟု ဗုဒ္ဓဟောတော်မူခြင်းဖြစ်သည်။


ဥာဏ်ကောင်းတိုင်း မဟုတ်သေး


ဘုရားလက်ထက်တော်၌ သစ္စကပရိဗိုဇ် သိဉ္စည်းဆရာကြီးမှစ၍ ဥာဏ် (intellect ) ကြီးသော ပုဂ္ဂိုလ်ကြီးများ ရှိခဲ့ကြ၏ ။ ဤလက်ထက်တွင်လည်း လောကဓာတ် ဆရာကြီးများ၊ အဘိဓမ္မာ ဆရာကြီးများ၊ သင်္ချာ ဆရာကြီးများ၊ စိတ်ပညာ ဆရာကြီးများသည် စဉ်းစားဥာဏ်အရာ၌ အလွန်ကြီးကျယ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်ဟု ( ဘယ်သူမှ မယုံချင်နေ ) ကျွန်ုပ်ယုံကြည်၏ ။ ဤမျှသာမကသေး၊ ဗုဒ္ဓ အဘိဓမ္မာကို “ အရည်ကျို ” သောက်ပြီး ကျမ်းကြီး ကျမ်းငယ်များ ရေးထုတ်နိုင်ကြသည့် အရှေ့ တိုင်းသားများ၊ အနောက်တိုင်းသားများလည်း အမြောက်အမြား ရှိကြ၏ ။ “ စိတ် ” အကြောင်းဆိုလျှင် စာအုပ်ပေါင်း အမြောက်အမြား ရေးထုတ်နိုင်ကြ၏ ။ အထက်ပါ ကျွန်မသည် ဥာဏ် ( intellect ) အရာတွင် ၎င်းပုဂ္ဂိုလ်ကြီးများနှင့် နှိုင်းယှဉ်လိုက်ပါက ရေနှင့်ဆီလောက် ကွာပေလိမ့်မည်။ သို့ ပါလျက် “ စိတ် ” အကြောင်းနှင့် ပတ်သက်၍ ကျမ်းအစောင်စောင် ပြုနိုင်သော ပညာရှိကြီးများသည် ၎င်းကျွန်မကဲ့သို့ စိတ်အကြောင်းကို ဗုဒ္ဓအလိုတော်ကျ မသိမြင်ကြသဖြင့် သောတာပန် မတည်နိုင်ကြခြင်းမှာ စဉ်းစားစရာကောင်းလှသည်။

No comments:

Post a Comment