Sunday, June 14, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၆)

မနောဝိညာဉ် စိတ်

ဒုတိယအချက်၌ အတွင်းနှင့် အပြင် တိုက်ခတ်မှုကြောင့် (အာယတနသဘော) ဖြစ်ပေါ်လာသည့် အသိစိတ်ကလေးမျှသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် သိမြင်လာပါတော့သည်။ ယခင်က ထင်မှတ်ခဲ့သည်မှာကား (အသိ) စိတ်သည် မိမိ၏ ကိုယ်အတွင်း၌ အခါခပ်သိမ်း အမြဲတစေ တည်လျက်ရှိသည်ဟုထင်ခဲ့၏ ။ ယခုသော် တိုက်ခတ်မှုဖြစ်ပေါ်လာသော ( ၀ိညာဉ် ) အသိစိတ်ကလေးတွေ တစ်ခုပြီး တစ်ခု ဖြစ်ချည်ပျက်ချည် နေကြသည် ဟု မြင်ကာ၊ သိတတ်သော ‘‘မနောဓာတ် ’’ သည် ကိုယ်တွင်း၌ အမြဲတစေရှိနေခြင်း ကားမှန်ပါ၏ ။ သို့ သော် အာရုံနှင့် တိုက်ခတ်သောအခါမှ ( အကြောင်းဆုံဆည်း၍ ) ဖြစ်ပေါ်လာသော အသိစိတ်ကလေးဟူ၍ ဆိုလိုခြင်း ဖြစ်ပါသည်။ စာထဲ၌ ဖော်ပြထား၍ နားလည်ခြင်းနှင့် ကိုယ်တိုင်စောင့်ကြည့်၍ သဘောပေါက်လာခြင်းတို့ သည် ကြီးစွာသော ခြားနားခြင်း ရှိပါသည်။ ထိုအခါမှ မနောဓာတ်နှင့် ( ၀ိညာဉ် ) အသိစိတ်၏ ခြားနားခြင်းကို ပိုင်းပိုင်းခြားခြားကြီး သဘောပေါက်လာပါတော့သည်။


သဘောပေါက်ပုံ တစ်မျိုး

ထိုကဲ့သို့  သဘောပေါက်လာခြင်းအတွက်ကြောင့် မည်ကဲ့သို့  ထူးခြားသွားခြင်းကို ဥပမာဆောင်၍ ဖော်ပြပါဦးမည်။

ယခင်က ထင်မှတ်ခဲ့ပုံမှာ ‘‘ ငါ၌ မယားရှိ၏ ။ သားသမီးရှိ၏ ။ ဤပစ္စည်း ထိုပစ္စည်းရှိ၏ ။ ၎င်းတို့ 
မသေဆုံးသမျှ ကာလပတ်လုံး၊ သို့ မစဟုတ် မပျောက်ပျက်သမျှ ကာလပတ်လုံး ငါ့အဖို့  အမြဲတစေ ရှိနေ၏ ’’ ဟူ၍ မှတ်ထင်ခဲ့မိသည်။ ယခုသော်ကား ငါ၏ မနောဓာတ်၌ အာရုံအဖြစ်နှင့် ထင်လာခိုက်သာလျှင်၎င်းတို့ ခေတ္တခဏ ရှိလိုက်ကြသည်။ ပြီးနောက် ချုပ်ပျောက် သွားကြသည်ဟု သဘောပေါက်လာသည် ။ ဆိုလိုရင်းမှာ
ဓာတ်ပုံရိုက်ကူးထားသော အရုပ်ကား၏ ရှိခြင်း မျိုးမဟုတ် ။ မှန်ပေါ်တွင် အကြောင်းတိုက်ဆိုင်၍ ထင်ပေါ်လာသည့် ‘‘ အရိပ် ’’ ၏ ရှိခြင်းမျိုးမျှသာ ဖြစ်သည်ဟု သဘောပေါက်လာသည် ဟူလို။

ထိုအချိန်မှစ၍ ကျွန်ုပ်ပိုင်ဆိုင်သည်ဆိုသော ပစ္စည်းဟူသမျှ အပေါ်တွင် တွယ်တာမှု အပုံကြီး လျော့ပါးသွားခဲ့ပြီ။ တွယ်တာမှု ဖြစ်ပေါ်လာမိလျှင်လည်း အထက်ပါ အခြင်းအရာကို ဆင်ခြင် သုံးသပ်လိုက်သည်နှင့် တစ်ပြိုင်နက် ‘‘ ရေ ’’ ဖြစ်၍ လျှောဆင်းသွားလေတော့သည်။

အာရုံပြုမှ ရှိခြင်း

ရှင်းပါဦးအံ့။ လူတစ်ယောက်သည် ငွေထုပ်ကို မြုပ်နှံထားရာ မြုပ်နှံထားမိသည့် အဖြစ်ကို လုံးဝ သတိမေ့နေ မိသည် ဆိုအံ့။ ငွေထုပ်သည် မြုပ်နှံထားသောနေရာ၌ ရှိနေသော်လည်း ထိုသူ့ အဖို့ ၌ ငွေထုပ် မရှိတော့ချေ။

တဖန် ထိုသူမြုပ်နှံထားသော ငွေထုပ်ကို တစ်စုံတစ်ယောက်သောသူက တိတ်တဆိတ် တူးဖော်၍ ယူသွားရာ၊ ထိုသူကမူ ထိုအကြောင်းကို မသိသောကြောင့် သူ့ မှာ ငွေထုပ်ရှိသည်ဟူ၍ပင် မှတ်ထင်လျက် ရှိနေ၏ ။

ဤနေရာ၌ ရှိနေပါလျက်နှင့် မရှိပုံ၊ မရှိပါဘဲလျက်နှင့် ရှိသည်ထင်မှတ်ပုံမှာ ထင်ရှားရှိလေပြီ။ ဆိုလိုရင်းမှာ အကယ်ရှိခြင်း မရှိခြင်းသည် အကြောင်းမဟုတ်လှ။ စိတ်ထဲက ရှိနေသည်ထင်လျှင် ရှိဘိသကဲ့သို့ ကြောင့်ကြမှု ဖြစ်နေ၍ လုံးဝသတိမရလျှင် မရှိသကဲ့သို့  ကြောင့်ကြမှု ကင်းလျက်ရှိသည်။ စင်စစ်သော်ကား ငွေထုပ်ကို သတိရခြင်း ဟူသည်မှာ ထိုသူ၏ မနော ( အကြည် ) ဓာတ်တွင် အရိပ်ထင်လာခြင်းမျှဖြစ်ရာ ထိုအတွက် ကြောင့်ကြမှု ၀င်လာ၏။ ၎င်းအခိုက်အတန့် တွင်သာ ထိုလူ၌ ငွေထုပ်ရှိနေ၏ ။ ခြေထောက်၌ ပုရွက်ဆိတ်ကိုက်၍ ကုန်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် အာရုံပြောင်းသွား၍ ငွေထုပ် မရှိတော့ချေ။

ဤသည်ကား ကျွန်ုပ်တွေ့ ရသော စိတ်သဘာဝ တစ်ခုပေတည်း။ ကျွန်ုပ်၏ ပစ္စည်းများသည် ကျွန်ုပ်အဖို့  တစ်ပြိုင်တည်း အပြွတ်လိုက် ရှိနေကြသည်မဟုတ်။ သတိရသော ၀တ္ထုပစ္စည်းသည်သာလျှင် အခိုက်အတန့် အရ တစ်လှည့်စီ ရှိနေကြခြင်း ဖြစ်လေမည်။ ငါ့ပစ္စည်းတွေ ပေါများလှသည်ဟု ဘာများကြွားဝါစရာ ရှိပါသနည်း။ မနောဓာတ်၌ အရိပ်ထင်လာခိုက်တွင်သာ ရှိသည်ဟု ထင်မှတ်မိခြင်း မဟုတ်ပါလော။


ရင့်ကျက်လာခြင်း

တတိယအချက်၌ ( ဒိဋ္ဌေဒိဋ္ဌမတံ္တ ) ကြားကာမတ္တ၊ မြင်ကာမတ္တ ထားခြင်းအလုပ်၌ အလေ့အကျင့်ရ၍ ရင့်ကျက် လာသောအခါ သဘောပေါက်လာပြန်သည်မှာကား ကြားခြင်း၊ မြင်ခြင်း၊ နံခြင်း စသည်တို့ သည်သာလျှင် တကယ်လက်တွေ့  ( actuality ) ဖြစ်သည်။ အသံ တစ်ခုကြားပြီးသည့်နောက် ‘‘ ငါ့ကို ဆဲရေးခြင်းဖြစ်သည်။ တယ်မိုက်တဲ့လူပဲ’’ စသည်ဖြင့်လိုက်၍ စဉ်းစားခြင်းသည် စိတ်ကူးသက်သက်မျှသာ ဖြစ်သည်။ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့်သာနေခြင်းသည် စွဲလမ်းခြင်း၊ တပ်မက်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းကင်း၍ အလွန်တရာ
ငြိမ်းချမ်းပါပေသည်တကား ဟူ၍ သဘောပေါက်လာတော့သည်။

ဤတွင် ဒွါရနှင့် တိုက်ခိုက်ခြင်းသည်သာလျှင် မလွှဲမရှောင်နိုင်သော အခြင်းအရာဖြစ်၍ ဆက်လက်ပြီး အရှည်ကြီး စဉ်းစားခြင်းသည် စိတ်ကူးခြင်း ( အိပ်မက်သဖွယ် ) ရှိပါဘိတော့သည် ဟု ထင်မြင်လာတော့သည်။

လူတစ်ယောက်က မိမိအား ဆဲရေးနေသော်လည်း ‘‘ အသံ ’’ ဟုသိခြင်းအဖြစ်၌သာ ရပ်တန့် ထားနိုင်ပါမူ၊ နာတတ် သောစိတ် ဖြစ်ပေါ်လာမည် မဟုတ်ချေ။ သို့ သော် တစ်လောကလုံးသည် အရှည်ကြီးလိုက်၍ စဉ်းစားမှု (အိပ်မက်မက်မှု)ကြောင့် ချစ်ခြင်း၊ မုန်းခြင်း စသော အခြင်းအရာများ ဖြစ်ပေါ် လျက်ရှိသည်ဟု သိမြင်လာတော့သည်။ ထိုအခါတွင် ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့် အချိန်အတန်ကြာအောင် နေနိုင်သောအဖြစ်သို့  ရောက်လာခဲ့လေပြီ။

သတိနှင့် သမ္မာသတိ

ဤနေရာ၌ သတိနှင့် သမ္မာသတိ ခြားနားပုံကို ရှင်းပြလို၏ ။ လမ်းလျှောက်သွားရာ၌ ခါးပိုက်နှိုက်မခံရအောင်၊ ခလုတ်မတိုက်မိအောင်၊ ကားမတိုက်မိအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းသည် ‘‘ သတိ ’’ မည်၏။ သို့ သော် ၎င်းသတိသည် မဂ္ဂင်ရှစ်ပါးထဲမှ သတိမဟုတ်ချေ။ မဂ္ဂင်ထိုက်သော သတိဟူသည်ကား မိမိ၏ နာမ်ရုပ်ကို စောင့်၍ကြည့်သော သတ္တိမျိုးဖြစ်၏ ။ (ဤနေရာ၌ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့်သာ နေနိုင်အောင် စောင့်ထိန်းထားသော သတိကို ဆိုလိုသည် ) အလေ့အကျင့်ရ၍ နိုင်နင်းလာသောအခါ မိမိ၏ စိတ်ကို အလိုမရှိအပ်သော အာရုံမျိုးတို့ ၌ မမျောမပါစေဘဲ၊ အကျိုးရှိစေမည့် အာရုံမျိုးတို့ ၌သာ ထားနိုင်လောက်အောင် ပိုင်ပိုင်နိုင်နိုင် ဖြစ်လာသည်။ ထိုနောက်တွင်ကား ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာ နေနိုင်အောင် အထူးတလည် မကြိုးစားရတော့ဘဲ ထိုကဲ့သို့  နေရသော အဖြစ်သာလျှင် ငြိမ်းချမ်းသည်ဟု ကြာလေ သဘောကျလေ ဖြစ်လာတော့သည်။ ထိုအခါ၌ စိတ်သည် မြင်ရုံကြားရုံကလေးများ အပေါ်တွင်သာ တည်ငြိမ်လျက်ရှိရာ ထိုအခြင်းအရာကို ‘‘ သမ္မာသမာဓိ ’’ ဟူ၍ ကျွန်ုပ် နားလည်သည်။

စိတ်က ဖန်ဆင်းခြင်း

၎င်းအခြေအနေသို့  ရောက်လာသောအခါ၌ အပြင်ပသို့  မလိုက်တော့ဘဲ အတွင်းဘက်သို့ သာ လှည့်ကာအာရုံပြုတတ်သော အလေ့အကျင့် ဖြစ်ပေါ်လာ၏ ။ ဥပမာ အသံတစ်ခု ကြားလိုက်ရသောအခါ ဘယ်ဆီမှလာသော အသံဟူ၍ ဂရုမပြုတော့ဘဲ မိမိအတွင်း၌ ( သောတ၀ိညာဉ် ) ကြားစိတ်ကလေး ဖြစ်ပေါ်လာသည်ဟူ၍ အမှတ်ပြုလိုက်တော့သည်။ တိုး၍ ရင့်ကျက်လာပြန်သောအခါ လောကဟူသည် တခြား၌ ရှိခြင်းမဟုတ်၊ မိမိအတွင်း၌သာ ဖြစ်ချည် ပျက်ချည် လုပ်နေခြင်း ဖြစ်သည်ဟု ထင်မြင်လာတော့သည်။ စိတ်သည် လောကကို ဖန်ဆင်းသည် ဟူသော ဗုဒ္ဓ၏ စကားတော် မှန်ကန်လှခြင်းကိုလည်း လှိုက်လှိုက်လှဲလှဲ သဘောကျလာတော့သည်။ သဘောကျပုံမှာ ဤသို့ တည်း။

အခန်းတစ်ခန်းထဲ၌ လူလေးငါးယောက် ထိုင်လျက်ရှိကြသည် ဆိုပါစို့ ။ စကားမပြောဘဲ တိတ်ဆိတ်စွာ ငြိမ်နေခိုက်တွင် တစ်ယောက်သည် သားကလေးသေဆုံးမှုကို စဉ်းစားမိ၍ ပူလောင်လျက်ရှိ၏။ ဒုတိယ တစ်ယောက်သည် ထီပေါက်၍ ၀ယ်ဖို့ ခြမ်းဖို့  စိတ်ကူးနှင့် ပျော်လျက်ရှိ၏ ။ တတိယတစ်ယောက်သည် ကြွေးပူ၍ စိတ်ညစ်လျက် ရှိ၏ ။ စတုတ္ထလူသည် သားတစ်ယောက် ဘီအေအောင်၍ ၀မ်းသာလျက်ရှိ၏ ။

ဤလူလေးယောက်တို့ သည် ကိုယ့်လောကကို ကိုယ်ဖန်ဆင်းလျက်ရှိကြသည် မဟုတ်လော။ အမှန်မှာ ထိုလူလေးယောက်လုံးသည် တစ်ခန်းတည်းတွင် တစ်ချိန်တည်း အတူထိုင်လျက်ရှိကြသောကြောင့် အခန်းတွင်းရှိ စားပွဲ ကုလားထိုင်စသော အိမ်ထောင်မှုပစ္စည်းများကို အတူတူပင် မြင်နိုင်ကြ၏ ။ လမ်းပေါ်မှ ကားမောင်းသံကိုလည်း အတူတူပင် ကြားကြ၏ ။ အကြော်ဆိုင်မှ အညေုာ်နံ့ ကိုလည်း အတူတူပင် နံကြ၏ ။ သောက်နေကြသော ကော်ဖီကိုလည်း အတူတူပင် ချိုကြ၏။ ထိုင်ကြသော ဆိုဖာများ၏ နူးညံ့ခြင်းကိုလည်း အတူတူပင် ခံစားကြ၏ ။ သို့ ပါလျက် စိတ်ကူးတစ်မျိုးစီရှိကြသည့်အတွက်ကြောင့် ပူသူကပူ၊ ၀မ်းသာသူက ၀မ်းသာ၊ စိတ်ညစ်သူကညစ်၊ ပျော်သူကပျော် ဖြစ်ကြရခြင်းမှာ ကိုယ့်လောကကို ကိုယ့်စိတ်က ဖန်ဆင်းခြင်းပင် မဟုတ်ပါလော။

အကယ်၍ ထိုလူလေးယောက် တို့ သည် မြင်မှု ကြားမှုများနှင့် ပတ်သက်၍ ပစ္စုန်ပ္ပန်တည့်တည့်ကိုသာ အာရုံပြုကာ ရှုကြည့်နေကြမည် ဆိုပါက စိတ်ကူးလောကထဲတွင် မနေဘဲ လက်တွေ့ လောကထဲတွင် အတူတူရှိနေကြမည် မဟုတ်ပါလော။ ‘‘ ဒိဋ္ဌေဒိဋ္ဌမတ္တံ ’‘ ကျင့်စဉ်၏ တန်ဖိုးမှာ စိတ်ကူး ( အိပ်မက် ) လောကသို့ မရောက်စေဘဲ လက်တွေ့ လောကထဲ၌သာ စိတ်ကို ထားစေခြင်းအားဖြင့် တစ်ချိန်တွင် အဟုတ်ရှိ အမှန်ရှိ ပရမတ္တ သဘောတရားကို ထိုးထွင်းသိမြင်နိုင်စေရန် ဖြစ်လေသည်။

No comments:

Post a Comment