Monday, May 25, 2009

Happy Everyday ပါဘုရား...!

(ဘုန်းဘုန်း ဦးတိက္ခဉာဏလင်္ကာရ (ယောဆရာတော်ဘုရား) ရဲ့  (၃၁) နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ရေးသားပူဇော်ပါသည်။)

လောကကြီးထဲကို လူသားတစ်ယောက် မိခင်ရဲ့ ဝမ်းကြာတိုက်ကနေ ရောက်ရှိလာတဲ့နေ့ ကို မွေးနေ့  (Birthday) ရယ်လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။ နှစ်စဉ် အဲဒီနေ့ ရက်ကို ပြန်ရောက်တိုင်း ရောက်တိုင်းလည်း ဘယ်နှစ်နှစ်မြောက် မွေးနေ့ ရယ်လို့ လည်း သတ်မှတ်တတ်ကြပြန်ပါတယ်။ ကမ္ဘာပေါ်မှာရှိကြတဲ့ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ မတူညီကြပေမယ့်လို့  မိမိတို့ အနေအထားအလျှောက် အခြေအနေ ပေးသလောက် မွေးနေ့ အမှတ်တရ အဖြစ် အဲဒီနေ့ မှာ သတ်သတ်မှတ်မှတ်လေး တစ်ခုခုတော့ လုပ်တတ် ကြပါတယ်။ တချို့ က မွေးနေ့ ကိတ်လှီးမယ်၊ တချို့ က ဘုရားသွားမယ်၊ အလှူဒါန လုပ်မယ်။ တချို့ က ကိုယ့်ဖာသာကိုယ်ဘဲ အမှတ်တရ တစ်ခုခုလုပ်ကြမယ်။ စသည်ဖြင့်ပေါ့...။

ဒါပေမယ့် လူတွေအားလုံးတူညီနိုင်တဲ့အချက်ကတော့ မွေးနေ့  မှာ တတ်နိုင်သလောက် တစ်နေ့ လုံး ကောင်းတဲ့အာရုံတွေနှင့် ဖြစ်နေအောင်၊ မင်္ဂလာရှိအောင်၊ ပျော်ရွှင်စရာကောင်းတဲ့နေ့ လေး တစ်နေ့ ဖြစ်အောင် လုပ်တတ်ကြတာပါဘဲ။

တခြားသူတွေတော့မပြောတတ်ပါဘူး။ ကျွန်တော်ငယ်ငယ် ကလေးဘဝတုန်းကတော့ မွေးနေ့ ကိုရောက်ပြီဆိုရင် မနက်စောစောထ၊ မြတ်စွာဘုရားကို ဆွမ်းတော်ကပ်၊ သောက်တော်ရေကပ်၊ ပြီးတော့ သီလယူ၊ မေတ္တာပို့ ၊ တရားနှလုံးသွင်း စတာတွေလုပ်၊ ပြီးတော့ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်း၊ ပြီးတာနှင့် သူငယ်ချင်းတွေကို ခေါ်ပြီးကျွေး၊ နောက်ပြီးတော့ တစ်နေရာရာကို လျှောက်လည် စသည်ဖြင့် အဲဒီနေ့ လေးကို ထူးထူးခြားခြား ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေနှင့် ပြည့်နေအောင် ကြိုးစားနေထိုင်ပါတယ်။ အဲဒီမွေးနေ့ ပြီးနောက်ရက်တွေကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာ ပါဘဲ။

အခုအသက်ကြီးလာတဲ့အချိန်ရောက်တော့လည်းဘဲ မွေးနေ့ ရောက်ပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကို တခြားနေ့ တွေကထက်စာ ပိုသတိထားလုပ်ရင်း မိမိစိတ်ကိုလည်း ကောင်းတဲ့အာရုံတွေမှာ ပိုပြီး ဂရုစိုက်ထားရင်း အကုသိုလ်ဖြစ်စရာတွေကို တတ်နိုင်သလောက်ရှောင်ရင်း အဲဒီတစ်နေ့ စာကို စိတ်ချမ်းသာအောင် နေထိုင်းရင်း ဖြတ်သန်းတတ်ပါတယ်။ အဲဒီနေ့ ပြီးလို့  နောက်ရက်တွေမှာတော့ ကောင်းဆိုးအာရုံတွေကြားထဲမှာ စိတ်ညစ်လိုက်၊ ပျော်လိုက်နှင့် ဒုံရင်းဘဝကို ပြန်ရောက်သွားတတ်ပါတယ်။

ကျွန်တော် ဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူက “မွေးနေ့ မှာ Happy Birthday ပျော်ရွှင်စရာ မွေးနေ့ လို့ ပြောကြတယ်။ ပျော်လည်း ပျော်ကြတယ်။ နေ့ တိုင်း အဲဒီလိုပျော်လို့  မဖြစ်ဘူးလား။” လို့  တွေးစရာလေး ရေးထားပါတယ်။ ကျွန်တော်တို့ တွေ ကိုယ့်မွေးနေ့ မှာ ထူးထူးခြားခြား ကုသိုလ်ကောင်းမှုတွေလုပ်၊ စိတ်ချမ်းသာစရာတွေလုပ်သလို နေ့ တိုင်း နေ့ တိုင်း ဒီလိုမျိုး လုပ်လို့ ၊ နေထိုင်လို့  မဖြစ်နိုင်ဘူးလားလို့  ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပါတယ်။

နောက်ပြီးတော့ရှိပါသေးတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တစ်ယောက်နှင့်တစ်ယောက် ဆုတောင်းပေးကြတဲ့အခါမှာ “အသက် ၁၂၀ ရှည်ပါစေ” ဆိုတာလေး ပြောလေ့ပြောထရှိကြပါတယ်။ ကျွန်တော်တို့ တွေကိုယ်တိုင်လည်း အသက်တစ်ရာတမ်းမှာ သက်တမ်းစေ့နေချင်ကြတဲ့ စိတ်ကူးလေးတော့ ရှိတတ်ကြပါတယ်။

ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့ ရတတ်တဲ့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေကို တစေ့တစောင်း လေ့လာမိဖူးပါတယ်။ တချို့ လူကြီးတွေကတော့ သေဆုံးတဲ့အချိန်အထိ စီးပွားရေး၊ ကြီးပွားရေးတွေနှင့်ဘဲ အချိန်ကို ကုန်ဆုံးကြပါတယ်။ တချို့ တွေကတော့ အိပ်၊ စား၊ ပျော်ပါးပြီးဘဲ သေချိန်ရောက်ခဲ့ကြ ပါတယ်။ တချို့ တွေကျတော့ ကျန်းမာရေးမကောင်းတော့လို့  နာတာရှည်ရောဂါသည် ဘဝနှင့် အိပ်ယာထဲမှာဘဲ အချိန်ကုန်လွန် သွားကြပါတယ်။ တချို့ ကျတော့ သူငယ်ပြန်သလိုမျိုးတွေဖြစ်ပြီး မေ့မေ့လျော့လျော့နှင့် သက်တမ်းကုန်ကြပြန် ပါတယ်။ ရှားရှားပါးပါး တချို့ တလေသာ သတိကောင်းကောင်းနှင့် မိမိအကျိုး အများအကျိုးရှိတဲ့ ကိစ္စတွေကို လုပ်ရင်း သက်တမ်းကုန်လို့ သေကြရပါတယ်။

တကယ်လို့ များ ကျွန်တော်တို့ တွေ သက်တမ်းစေ့နေထိုင်နိုင်ကြမယ်ဆိုရင် ဘာတွေလုပ်ကြမှာလဲ။ ဘယ်လို နေ့ စဉ်ဘဝကို ဖြတ်သန်းကြမှာလဲ။ ဒီနေရာမှာ အရေအတွက် (Quantity) နှင့် အရည်အချင်း (Quality) ကို ထည့်သွင်းစဉ်းစားရမယ့် အပိုင်းလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် ဗုဒ္ဓအလိုကျ ဘယ်လို နေထိုင်ရင်ကောင်းမလဲလို့ တွေးမိပြီး စာပေထဲမှာ ကျွန်တော်ရှာတော့ ဂါထာ သုံးပုဒ်ကို သတိထားမိပါတယ်။

၁။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။


၂။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။


၃။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။

ဒီတရားဂါထာတော် သုံးပိုဒ်ကတော့ မြတ်စွာဘုရားရှင်က ကျွန်တော်တို့ ကိုဖြစ်စေချင်တဲ့၊ ဗုဒ္ဓအလိုကျ ကျွန်တော်တို့ တွေ အသက်ရှင်နေရမယ့် ရက်တွေကိုအသုံးချဖို့  ဆုံးမထားတာလေးဖြစ်ပါတယ်။

ကျွန်တော် ကိုယ့်ကိုယ်ကို ထပ်ကွန့် ပြီးစဉ်းစားမိတာ၊ မေးခွန်းမေးမိတာ တစ်ခုက တကယ်လို့ များ မနေရလို့  အခုနေ (ဒါမှမဟုတ်) နောက် ၂၄ နာရီအတွင်းများ သေရတော့မယ်ဆိုပါရင် အဲဒီအဆုံးအမ (၃) ပိုဒ်ထဲက ဘယ်တစ်ခုခုကိုများ လိုက်နာကျင့်ကြံအားထုတ်ဖြစ်ခဲ့ပြီလဲလို့ ပါခင်ဗျား။

ဘုန်းဘုန်း မွေးနေ့ အတွက် အမှတ်တရဖြစ်အောင် တစ်ခုခု ရေးမယ်လို့ စိတ်ကူးရင်း ခေါင်းထဲပေါ်လာတာ လေးတွေကို ချရေးလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း၊ ခင်မင်ရတဲ့ ဓမ္မမောင်နှမတွေကိုလည်း တွေးစရာလေးတွေပေးရင်းပေါ့ခင်ဗျား။

(ဒီဆောင်းပါးလေးနှင့်ဘဲ ဘုန်းဘုန်းမွေးနေ့ အတွက် တပည့်တော် ဓမ္မပူဇာအနေဖြင့် ပူဇော်ဂါရ၀ပြုပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါဘုရား။ ဘုန်းဘုန်းရေ…Happy Everyday! ပါ။)




ရိုသေစွာရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ


No comments:

Post a Comment