Monday, May 11, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁)

Blogger's Preface

ဒီစာအုပ်ဟာ ကျွန်တော်ခဏခဏဖတ်ဖြစ်တဲ့ စာအုပ်များထဲမှ တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်လေးက ပါးပါးလေးပါ။ ဆရာကြီးကတော့ ဒီစာအုပ်ကို သူ့ ရဲ့ ဘာသာရေးစာပေတွေထဲမှာ Masterpiece လို့ သတ်မှတ်ထားခဲ့ ပုံရပါတယ်။ ဆရာကြီးကို တော်တော်များများက ဘာသာပြန်စာပေတွေနှင့်ဘဲ အသိများကြပါတယ်။ နောက်ပြီး သူ့ ရဲ့ ဘ၀တစ်သက်စာမှတ်တမ်းစာအုပ်အထူကြီးကိုလည်း တော်တော်လေးသိကြပါတယ်။

ကျွန်တော် မြန်မာနိုင်ငံပြင်ပရောက်လာတော့ ဒီစာအုပ်ကို အင်တာနက်ပေါ်မှာရှာကြည့်တာ မတွေ့ ပါဘူး။ နီးစပ်တဲ့ပုဂ္ဂိုလ်တွေကို မေးကြည့်တော့လည်း မရှိကြပါဘူး။ အဲဒါနှင့် မြန်မာပြည် ပြန်မှာလိုက်တာ အခုလက်ထဲတော့ ရောက်လာပါပြီ။ ဆူနာမီဆရာတော်က ဒီစာအုပ်ကို ဖတ်ပြထားတဲ့ MP3 ခွေတော့ ရှိပါတယ်။ ဒါပေမယ့် တချို့ နေရာတွေမှာ မသင့်တော်ဘူးလို့ ယူဆပြီးချန်ထားခဲ့တာလေးတွေရှိပါတယ်။ နောက်တစ်ခုက တချို့ က အကြားအာရုံထက် အမြင်အာရုံအားသန်တဲ့သူတွေက စာလေးဖတ်လိုက်ရမှ အားရကြတာရှိပါတယ်။ ဒါကြောင့်အခုစာအုပ်ကို နဲနဲချင်း တင်သွားမယ်လို့ စိတ်ကူးပါတယ်။

ဆရာကြီးရဲ့ ဘာသာရေးစာပေအယူအဆတွေနှင့်ပတ်သက်ပြီး သူ့ လက်ထက်ကစလို့ ယခုအချိန်အထိ ဝေဖန်ခံ နေရဆဲဖြစ်ပါတယ်။ ကျွန်တော့်ကတော့ သူ့ ရဲ့ စာရေးဟန်နှင့် ဘာသာရေးအပေါ် ရိုးသားမှုကို သဘောကျ ပါတယ်။ ဒီစာအုပ်နှင့်ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲလွဲမှုတွေရှိပါတယ်။ ကျွန်တော့်အနေနှင့် ကတော့ စာဖတ်သူများ ကိုယ်တိုင် ဖတ်ရှု ဝေဖန်၊ စမ်းသပ်ကြည့်ပြီး သင့်တော်မယ်ထင်တာကို ယူပြီး၊ မသင့်တော်ဘူး ထင်တာကို ပယ်လိုက်တာက ပိုကောင်းလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့်မူရင်းအတိုင်းဘဲ အကုန်ဖော်ပြပေးသွား ပါမယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

**********************************************************************

အမှာ


ဝတ္ထုရေးသမားတစ်ယောက်၊ သတင်းစာသမား၊ တစ်ယောက်က လောကုတ္တရာရေးဆိုင်ရာ “စိတ်သဘော” အကြောင်းကို ကိုယ်တွေ့ အနေဖြင့် ရေးသားခြင်းအတွက် အံ့သြမိသူများလည်း ရှိကြပေလိမ့်မည်။ သို့ ဖြစ်ရ သည့်အထဲတွင် ပါဠိပါဋ္ဌ်သားများ မပါရှိရုံသာမက ရေးပုံရေးနည်းမှာလည်း ပြတ်ပြတ်တောက်တောက် တင်းတင်းမာမာရှိလှသည်ဟု စွပ်စွဲဖွယ် ရှိသည့်အတွက်ကြောင့် အနည်းငယ် ဖြေရှင်းလိုပါသည်။

စာအရေးအသားနှင့်ပတ်သတ်၍ ကောင်းပုံကောင်းနည်း အမျိုးမျိုးရှိကြသည့်အနက် သာယာနာပျော်ဖွယ် ရှိအောင် ပျော့ပျော့ပျောင်းပျောင်း ညက်ညက်ညောညောနှင့် နူးညံ့သိမ်မွေ့ စွာ ရေးသားခြင်းအားဖြင့် စာဖတ်သူ ၏စိတ်ဓါတ်ကို နူးညွတ်၍ပါလာအောင် ဆွဲဆောင်နည်းကားတစ်မျိုး၊ အဓိပ္ပါယ်ပေါ်လွင်မှုနှင့် ရှင်းလင်းစေမှုကိုသာ အလေးပေး၍ ဒိုးဒိုးဒေါက်ဒေါက်နှင့် ဖြန်းဖြန်းကွဲရေးသားနည်းလည်း တစ်မျိုးရှိပါသည်။ လောကုတ္တရာရေးရာနှင့် ပတ်သတ်သည့် စာပေမျိုးမှာ ဒုတိယနည်းမျိုးထက် ပထမနည်းမျိုးသည် သာ၍သင့်လျော်ခြင်းကိုလည်းကောင်း၊ ရှေးအဆက်ဆက်က ဆရာ့ဆရာတော်ကြီးများသည် အများအားဖြင့် ပထမနည်းအတိုင်း စီရင်ရေးသားကြသည့် အစဉ်အလာရှိခြင်းကို လည်းကောင်း ကျွန်ုပ်နားလည်၍ ၀န်ခံပါသည်။ သို့ ရာတွင် ကျွန်ုပ်အဖို့ မှာ ရေးပုံရေးနည်းနှင့်ပတ်သတ်၍ အစဉ်အလာအတိုင်း မလိုက်နာနိုင်အောင် ဖြစ်ရသည့် အကြောင်းနှစ်ရပ် ရှိပါသည်။

ပထမအကြောင်းမှာ အထက်ပါကောင်းနည်းနှစ်ရပ်ရှိသည့်အနက် ကျွန်ုပ်ကိုယ်နှိုက်က ဒုတိယရေးနည်းကို ပို၍ နှစ်သက်လာခဲ့သူ ဖြစ်ပါသည်။ တစ်သက်ပတ်လုံး ရေးခဲ့ရသည်များမှာလည်း စွန့် စားခန်းများ၊ စုံထောက်ခန်းများ၊ သတင်းစာခေါင်းကြီးများ၊ ဝေဖန်ချက်များ စသည်တို့ ဖြစ်ပေရာ ၄င်းတို့ မှာ ပထမရေးနည်းမျိုးထက် ဒုတိယရေးနည်းမျိုးသည် သာ၍လျော်ကန်သည်ဟု ထင်မြင်ပါသည်။ ဤတွင် ကျွန်ုပ်၏အကြိုက်နှင့် ကျွန်ုပ်၏အလုပ် ကိုက်ညီလျက်ရှိသည်ဖြစ်၍ တစ်သက်ပတ်လုံး ကျွတ်ကျွတ်ဆတ်ဆတ်ရေးတတ်သော အလေ့အထုံတစ်ခု ဖြစ်လာခဲ့ပါသည်။

ဒုတိယအကြောင်းမှာ ကျွန်ုပ်သည် “စိတ်သဘာဝ” အစရှိသည့် လောကုတ္တရာရေးရာ ဆောင်းပါးမျိုးကို “ဒေါသ” ပယ်နိုင်သော အဆင့်သို့ ရောက်ကာမှ တိုင်းပြည်သို့  ရေးသားတင်ပြမည်ဟု ကြံရွယ်ထားခဲ့ပါသော်လည်း (ကျွန်ုပ်၏ “ဖြောင့်ချက်” ဆောင်းပါးများတွင် ရှင်းလင်းဖော်ပြခဲ့ဖူးသည့်အတိုင်း) မခံချင်သော အချင်းအရာများနှင့် ရင်ဆိုင်ရသည်ဖြစ်သောကြောင့် ယခုထက်ရင့်ကျက်အောင် မဆိုင်းတော့ဘဲ တုံ့ ပြန်သောအနေဖြင့် ရေးသားရသည်တွင် “ကိုယ်ရည်သွေး” ဟု စွပ်စွဲချင်စရာများလည်း ပါရှိကောင်း ပါရှိပေလိမ့်မည်။ ကိုယ်ရည်သွေးသည်ဟု အထင်ရောက်သည်နှင့် တစ်ပြိုင်နက် စာဖတ်သူသည် စာရေးသူအပေါ်တွင် အထင်သေးတတ်ခြင်းကိုလည်း ကျွန်ုပ်နားလည်ပါသည်။

စာဖတ်သူများအား ကျွန်ုပ်တောင်းပန်လိုသည်မှာ အထက်ပါအကြောင်းများကြောင့် ကျွန်ုပ်၏စာတွင် အလင်္ကာဒေါသ ငြိစွန်းခြင်း အစရှိသော အပြစ်မျိုးကို ခွင့်လွှတ်၍ ကျွန်ုပ်ဆိုလိုသော အဓိပ္ပါယ်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြမှုရှိ မရှိ၊ အထောက်အထား အကိုးအကားများသည် သဘာဝကျ မကျ အစရှိသည့် အချက်များကိုသာ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်၍ ဆုံးဖြတ်စေလိုပါသည်။

အချုပ်၌ ကျွန်ုပ်၏စာများသည် ပရိသတ်ကိုချော့၍ ဆွဲခြင်းမဟုတ်။ ငေါက်၍ပြောသည့် သဘောမျိုးပင် အချို့ နေရာ၌ ပါရှိသည်ဖြစ်ရာ ဟုတ် မဟုတ်၊ မှန် မမှန်၊ သဘာဝကျ မကျသည်သာ လိုရင်ဖြစ်၍ ပြတ်ပြတ်သားသား စဉ်းစားတတ်သူများအဖို့  အထူးသဖြင့် ရည်ရွယ်ရေးသားသည့် စာများဖြစ်ပါသတည်း။

ရွှေဥဒေါင်း
၂၈-၆-၆၀


No comments:

Post a Comment