Saturday, May 30, 2009

“မြစ်တစ်ခု စီးဆင်းမှု နရီ (သို့) ညီလေး ဖိုးသားအတွက် မွေးနေ့လက်ဆောင်”

ညီလေးဖိုးသားရေ

ညီ့ရဲ့  (၂၄) နှစ်ပြည့် မွေးနေ့ အတွက် အမှတ်တရ ဖြစ်အောင် တစ်ခုခု ပေးမယ်လို့ စိတ်ကူး ရင်းက ဒီစာကို မွေးနေ့ လက်ဆောင် အဖြစ် ရေးလိုက်ပါတယ်။

ညီ့ကို ပေါ့ပေါ့ပါးပါး ဟိုတစ်ခါ တုန်းက လိုပဲ အကို ပုံပြင်လေးတွေ ပြောပြမယ်လို့ စိတ်ကူး ထားတယ်။

ညီ့ကို ပထမ တစ်ပုဒ် အနေနှင့် တရားရှာတဲ့ လူငယ်လေး တစ်ယောက် အကြောင်း ပြောပြမယ်။

တစ်ခါက လူငယ် တစ်ယောက်ဟာ တရားကို သိမြင်ချင်လို့ ဆရာကြီး တစ်ဦးဆီကို သွားပြီး သူ့ကို သင်ပြပေးဖို့ တပည့် သွားခံပါတယ်။ ဒီအခါမှာ ဆရာကြီးက လူငယ်ကို လိုအပ်တဲ့ မေးခွန်းလေး တချို့ကို မေးပါတယ်။ အဲဒီလို မေးပြီးသွားတဲ့ အခါမှာတော့ လူငယ်ကို ပြောလိုက် တာက သင့်ကို ကျွန်ုပ် အနေနှင့် တရားကို သင်ပြပေးဖို့ မလိုတော့ ပါဘူးတဲ့။ သင့်ထံမှာ သင်ယူ လေ့လာ သင့်တဲ့ တရားက အလုံ အလောက် ရှိနေပါပြီတဲ့။ သင်တကယ် လိုအပ်တာက ထပ်ပြီး သင်ယူဖို့ မဟုတ်ပါဘူး။ သင်သိထား တာတွေကို လက်တွေ့ ကျင့်ကြံ ကျင့်သုံးဖို့ ပါလို့ ဆရာကြီးက ဆိုလိုက်ပါတယ်။ လူငယ်လည်း ဆရာကြီး ဆီကနေ ပြန်လာခဲ့ ရပါတယ်။

ပထမ ပုံပြင်လေး ကတော့ ဒါလေးပါပဲ ညီရေ။ ကျန်တဲ့ ဆက်ပြီး စဉ်းစားရမယ့် အပိုင်း ကတော့ ညီ့ တာဝန် ဖြစ်သွားပြီနော်။

ဒုတိယ ပုံပြင်ကို ဆက်ပြောပြ မယ်နော်။ ဒီအကြောင်း အရာက မဟတ္တမ ဂန္ဒီကြီးရဲ့  ဖြစ်စဉ်တွေထဲက တစ်ခုလို့လည်း ပြောပါတယ်။ ထားပါလေ။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။ အဓိကက ပုံပြင်က ပေးတဲ့ တစ်ခုခုကို ကိုယ် ရလိုက်ဖို့ပဲ မဟုတ်လား ညီရာ။

တခါက ဆရာကြီး တစ်ယောက် ဆီကို မိခင် တစ်ယောက်က သူ့သားငယ် လေးကို ခေါ်လာပြီး ကလေးကို ဆုံးမပေးပါလို့ အပ်တယ်တဲ့။ ဒီတော့ ဆရာကြီးက ကလေးက ဘာဖြစ်နေလို့ လဲလို့ မေးတယ်။ ကလေးရဲ့ မိခင်က ပြောတာက ဒီကလေးက အချိုတွေ သိပ်စားတယ်။ အဲဒါ သူ့ကို အချို သိပ်မစားဖို့ ဆုံးမပေး ပါလို့ ပြောပါတယ်။ ဒီအခါမှာ ဆရာကြီးက ကလေး မိခင်ကို နောက်တစ်လ ကျမှ ကလေးကို ပြန်ခေါ်လာဖို့ စေခိုင်းလိုက် ပါတယ်။ ဒီလိုနဲ့ နောက်တစ်လ ကြာတော့ မိခင်နှင့် ကလေး တခါ ဆရာကြီးဆီ ပြန်ရောက်လာ ကြပါတယ်။ ဒီအခါမှာတော့ ဆရာကြီးက ကလေးကို ”ကလေး အချိုတွေ သိပ်မစားနဲ့” လို့ ပြောလိုက် ပါတယ်။

ဆရာကြီးရဲ့ ဒီဆုံးမ စကားကို ကြားတော့ မိခင်လုပ်တဲ့ သူက ဆရာကြီးနှယ် ဒီစကားလေး ပြောဖို့ အရေး ဘာလို့ တစ်လတောင် ချိန်းရတာ လဲပေါ့။ ပြီးခဲ့တဲ့ လကတည်းက ပြောလိုက်လည်း ရသားနဲ့လို့ Complaint တက်ပါတယ်။ ဆရာကြီးက ဒီတော့ ဘာပြန်ပြော သလဲ ဆိုတော့ ငါလည်း ပြီးခဲ့တဲ့ လအထိ အချိုတွေ တအား စားခဲ့တယ်။ ဒီကလေးကို အချိုတွေ မစားဖို့ကို ဆုံးမစကား ပြောဖို့ ငါအရင် အချိုကို မစားဘဲ နေနိုင်အောင် ကျင့်လိုက်တယ်။ အခု အချိန်မှာ ငါ အချို မစားတော့ဘူး။ မစားဘဲ နေနိုင်ပြီ။ ဒါကြောင့် အခု ဒီကလေးကို အချိုမစားဖို့ ငါဆုံးမတယ်လို့ ပြန်ဖြေလိုက် ပါသတဲ့။

ဒုတိယ ပုံပြင်လေးကလည်း ဒီလောက်ပါပဲ ညီရေ။

ကဲ ညီရေ။ အကို ပြောပြချင်တဲ့ ပုံပြင်တွေ ကတော့ အဲဒါလေးပါပဲ။ ညီ ကြိုက်မကြိုက်တော့ မသိပါဘူး။

အဲ... ကြုံတုန်းလေး ဘာသာရေး ဘလော့ဂ် ရေးတဲ့ ဘလော့ဂ်ဂါ အချင်းချင်း တရား စကားလေးတော့ ပြောလိုက်ပါ အုံးမယ်။

အတွေးအခေါ် ပညာရှင် တစ်ယောက်ရဲ့  ထင်ရှားတဲ့ အတွေး အခေါ်လေး တစ်ခုပါ။ သူက ပြောတယ်။ “မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို့ မရပါ” တဲ့။ ညီ ကြားဖူး မလားတော့ မသိပါဘူး။ သူ ဆိုလိုချင်တဲ့ အဓိပ္ပါယ် ကတော့ လူတစ်ယောက်ဟာ မြစ်တစ်ခုမှာ သွားပြီး ရေ ဆင်းချိုးမယ် ဆိုပါတော့။ ပထမ တစ်ကြိမ် ရေချိုးပြီး ပြန်တက်လာလို့ နောက်တစ်ခေါက် မြစ်ထဲ ပြန်ဆင်းတဲ့ အချိန်မှာ ဒီမြစ်ဟာ ခုန သူ ရေဆင်းချိုး ခဲ့တဲ့ မြစ်ရေ မဟုတ်တော့ဘူး။ မြစ်ရဲ့ သဘာဝ ရေက အမြဲ စီးဆင်းနေတဲ့ အတွက် နောက်တစ်ကြိမ် သူပြန်ဆင်းတဲ့ အချိန်မှာ မြစ်ရေက အသစ် ဖြစ်နေပြီ။ ခုနမြစ်ရေ မရှိတော့ ဘူးပေါ့။

ဒီအဆိုကို မြန်မာပြည်က ဆရာတော် တစ်ပါးကတော့ မပြည့်စုံ သေးဘူးလို့ ဆိုပါတယ်။ သူက ထပ်ဖြည့်ပြီး ပြောတာက အမှန်မှာ မြစ်တစ်ခုတည်း ကသာ စီးဆင်းပြီး အသစ် ဖြစ်သွားတာ မဟုတ်ပါ ဘူးတဲ့။ ရေ ဆင်းချိုးတဲ့သူ ကိုယ်တိုင်ကို ကလည်း ဒုတိယ တစ်ခေါက်မှာ အရင်လူ မဟုတ်တော့ဘဲ လူအသစ် ဖြစ်သွားပါပြီတဲ့။

ရုပ်နာမ် ခန္ဓာတို့ရဲ့ သဘော မျက်စိတစ်မှိတ် လျှပ်တပြတ် အတွင်းမှာပဲ အကြိမ်ပေါင်း ကုဋေပေါင်း များစွာ ပျက်ဆီး ကုန်ဆုံးသွား ခဲ့ပြီး အသစ်ပေါင်း အကြိမ်ပေါင်း များစွာ ဖြစ်သွားခဲ့ ပြီကိုး။ မြစ်ရေကလည်း အသစ်၊ လူကလည်း အသစ်။


ကဲ... ညီ့မွေးနေ့ အတွက် စဉ်းစားစရာ လေးတွေ လက်ဆောင် အဖြစ်ပေးလိုက် ပါတယ်။

မွေးနေ့ အတွက် ဆုတောင်း ကိုတော့ ဘုန်းဘုန်းဦးတိက္ခ ဉာဏကို ဆုတောင်းပေး သလိုဘဲ ဆန္ဒပြု ပြောချင်ပါတယ်။ Happy Everyday ပါ ညီရေ။


ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

No comments:

Post a Comment