Tuesday, May 26, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄)

ဒိဋ္ဌေဒိဋ္ဌမတံ္တ


ကျွန်ုပ်သည် သောတာပန် ပုဂ္ဂိုလ်အကြောင်းရင်းနှင့် ပတ်သက်၍ နိကာယ်ကျမ်းများကို မွှေနှောက်ရှာဖွေရင်း အတ္တုပ္ပတ္တိကို ဖတ်ရှုမိရာ ‘‘ဒိဋ္ဌေဒိဋ္ဌမတံ္တ ’‘ ဟူသော ဗုဒ္ဓ၏ သြ၀ါဒကို အလွန်နှစ်သက်၍ ပီတိဖြစ်သည့်အလျောက်
၎င်းနည်းအတိုင်း အားထုတ်ဖို့  သန္နိဋ္ဌာန်ချလိုက်သည်။


စိတ်ရိုးရိုး သဘာဝ

ဒိဋ္ဌေဒိဋ္ဌမတံ္တ ဟူသော ပါဠိတော်အရမှာ မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နံကာမတ္တ စသည်ဖြင့် အာရုံ ၆ပါးတို့ ၌ မိမိ၏စိတ်ကို ‘‘ ဘရိတ်အုပ် ’’ ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အနည်းငယ် ရှင်းလင်းရသော် အသံတစ်ခုကြားလျှင်
ဘာသံဟူ၍ပင် မစဉ်းစားစေဘဲ စိတ်ကို ထိန်းထားရမည့်အဓိပ္ပာယ်မျိုး ဖြစ်၏။ အခြားသော ဒွါရပေါက်များ တွင်လည်း ဤအတိုင်းပင်။ ဒွါရခြောက်ပေါက်အနက် မနောဒွါရသည် ထိန်းချုပ်ရန် အခက်ဆုံးဖြစ်သည်ကို တွေ့ ရ၏ ။ ဥပမာ လမ်းပေါ်မှ အော်ဟစ်သံကြားလိုက်ရသည့်အခါ ‘‘ ဘယ်သူ့ အသံပါလိမ့်၊ ဘာကြောင့်အော်ပါလိမ့်၊
ရန်ဖြစ်ကြတာလေလား၊ ငါ့အိမ်သားများနဲ့  ရန်ဖြစ်ကြလေရော့လား၊ ဟိုဘက်အိမ်က လူများနဲ့  မနေ့ က စကားများကြဖူးတယ်၊ သူတို့ ဟာ တယ်ဆိုးတဲ့ လူတွေပဲ၊ အသံကတော့ မိန်းမသံပဲ၊ ရန်တွေ့ တာနဲ့  တူတယ် ’’ စသည်များဖြင့် ရှည်လျားစွာ စဉ်းစားမိတတ်လေတော့သည်။ ဤကား ပြုလုပ်နေကျ စိတ်သဘာဝပေတည်း။


ကြံစည်ခြင်းဖြင့် အချိန်ဖြုန်းခြင်း

ထို့ ပြင် ၎င်းသြ၀ါဒအတိုင်း ကြိုးစား၍ အားထုတ်သောအခါ အာရုံတစ်ခုအကြောင်းနှင့် ပတ်သက်၍ ရှည်းလျားစွာ လိုက်ပြီး စိတ်မကူးရဟု ဆိုခြင်းအားဖြင့် လွန်လေပြီးသော အတိတ်ကာလအကြောင်း၊ မဖြစ်သေးသော အနာဂတ်ကာလအကြောင်းများကို စိတ်မကူးရ ဟူသော အဓိပ္ပာယ်တွေ့ ရှိရသည်။ စိတ်သည် ပစ္စုပ္ပန်တည့်တည့် အပေါ်၌ မနေတတ်ဘဲ ရှေ့ အကြောင်း နောက်အကြောင်းများကို စဉ်းစားချင်တတ်သော သဘာဝရှိ၏ ။ မြင်ခြင်း ၊ ကြားခြင်း ၊ နံခြင်း ၊ လျက်ခြင်း ၊ ထိတွေ့ ခြင်းစသော ပဉ္စာရုံများနှင့် မကြုံကြိုက်ပြန်လျှင်လည်း လွန်လေပြီးသော အဖြစ်အပျက်များ သို့ တည်းမဟုတ် ရှေ့ အဖို့  မည်ကဲ့သို့ ပြုလုပ်မည်ဟူသော အကြံအစည်၊ မည်ကဲ့သို့  ဖြစ်လိမ့်မည်ထင်သည် ဟူသော မှန်းဆချက်၊ မည်ကဲ့သို့  ပြုလုပ်လျှင် ကောင်းပါမည်နည်း ဟူသောစိတ်ကူးတွေး တောချက်များဖြင့် အချိန်ကုန်လျက်ရှိသည်ကို တွေ့ ရသည်။ လွန်လေပြီးသော အဖြစ်အပျက်များနှင့် ပတ်သက်၍လည်း ဤသို့ ပြုမိခဲ့၍သာ တော်ပေတော့သည်။ ထိုသို့ ပြုမိခဲ့လျှင်ကိုယ်ကျိုးနည်းရချေရဲ့ ဆိုကာ
ကိုယ့်ဟာကိုယ် ကျေနပ်ခြင်း၊ ဤသို့ ပြုမိ၍ ခံရသည်၊ ထိုသို့ ပြုမိပါလျှင် တော်လေဦးမည် စသည်ဖြင့် ကိုယ့်ဟာကိုယ် မကျေနပ်ခြင်း စသည်များဖြင့် အချိန်ကုန်တတ်သော သဘာဝရှိသည် ကို တွေ့ ရသည်။


နီးစပ်ရာ ကူးကျော်ပုံ

ထိုကဲ့သို့  စူးစူးစိုက်စိုက် စဉ်းစားဆင်ခြင်ရန် ပြဿနာမရှိသော အခါများတွင်လည်း စိတ်ကလေး အလုပ်လုပ် တတ်ပုံမှာ အတော်ဆန်းကြယ်၏။ ဥပမာ မိတ်ဆွေတစ်ယောက် လေယာဉ်ပျံနှင့် ဆိုက်ရောက်မည့် အကြောင်းကို ဖျတ်ခနဲ သတိရလိုက်မိသည့်အခါ `` ခုတလောမှာ လေယာဉ်ပျံတွေက သိပ်စိတ်မချရဘူး။ ကမ္ဘာမှာ လေယာဉ်ပျံ ပျက်ကျတဲ့သတင်းတွေ ခဏခဏကြားရတယ်။ မန္တလေး ၀ါးတန်းက ‘ ရေချို ’ကိုအေး မောင်တစ်ယောက် ကံကောင်းလို့ ပါလား၊ ဒါထက် ငါးပိရေချိုမစားရတာ တော်တော်ကြာသွားပြီ။ ငံပြာရည်ဖျော်နဲ့ ချည်း စားရတာ ငြီးငွေ့ နေပြီ။ မြိတ်ငံပြာရည်စစ်စစ်ရလျှင်လဲ တော်သေးရဲ့ ၊ တစ်ပြည်လုံး နှံ့ နေအောင်ရောက်ဖူးပြီဆိုပေမယ့် မြိတ်တစ်ခုတော့ ငါမရောက်သေးဘူး။ ပင်လယ်ကူးသင်္ဘောလဲ စီးဖူးအောင် မြိတ်ကိုတော့ တစ်ခေါက်လောက် သွားလည်ဦးမှပဲ။ ဒါပေမယ့် သင်္ဘောစီးချင်းစီးရင်း ဗုဒ္ဓဇယန္တိပွဲတော်ကြီးအတွင်းမှာ အိန္ဒိယ သွားလည်လျှင်တော့ တစ်ဝက်ခနှုန်း ရတယ်ဆိုပဲ။ ဒါပေမယ့် ပတ် ( စ်)ပုတ်အတွက် အခက်အခဲများ ရှိနေဦမလား မဆိုနိုင်ဘူး။ အစိုးရက ငါလိုလူကျမှ ကြေးထူချင် ထူနေဦးမယ် ’’ စသည်များဖြင့် တရှည်တလျားကြီးကူးကျော်ပြေးလွှား တတ်လေသည်။


စိတ်ကလေး၏ ကူးကျော်ပြေးလွှားပုံ အခြင်းအရာမှာ ငယ်စဉ်က ရဖူးသည့် လင်္ကာကလေးတစ်ပုဒ်နှင့် တူလှသည်။


ဘုရားကျွန်တော်
တောင်ပေါ်ကျွန်းက
ဆင်တော်တစ်စီး
အမြီးငွေလိပ်
လိပ်သည့်သင်ဖြူး
ဖြူးသည့်လေညင်း
ညင်းသည့်အမည်း
မည်းသည့်မီးသွေး
သွေးသည့်နံ့ သာ
သာသည့်လမင်း........စသည်ဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ် ပေတည်း။ စိတ်သည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကဲ့သို့  အခြားအရေးကြီးသော အာရုံတစ်ခုနှင့် မတိုက်မချင်း ရှည်လျားစွာ ကူးကျော်ပြေးလွှားတတ်သည်ကို တွေ့ ရသည်။


ပစ္စုပ္ပန်တည့်တည့်


ဤခေတ်တွင် ၀ိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်တည့်တည့်ထားရမည်ဟူသော စကားကို အသုံးပြုတတ်ကြသည်။ ၎င်းတို့ ဆိုလိုပုံရသည်မှာ မိမိတို့  အားထုတ်သော ကမ္မဋ္ဌာန်းအာရုံတည့်တည့် အပေါ်၌သာ စိတ်ကိုထားရမည်ဟု ပြောလိုဟန်တူသည်။ ‘‘ ဒိဋ္ဌေဒိဋ္ဌမတံ္တ ’’ ဟူသော သြ၀ါဒအရ အားထုတ်သော သူအဖို့ မှာ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိ ။ အာရုံနှင့် အာရမ္မဏိက တိုက်ခိုက်၍ ဖြစ်ပေါ်လာသည့် ( ၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်တိုင်း ဖြစ်တိုင်း သိစေ၍ ရှေ့ လျှောက်ပြီး တရှည်တလျားကြီး ကူးကျော်ပြေးလွှား ခြင်း မပြုစေရန် သတိဖြင့် စောင့်ထိန်းထားရသော အလုပ်မျှသာ ရှိသေးသည်။ တစ်နည်းဆိုသော် ကျရောက်လေ သမျှသော အာရုံ တို့ ကိုသိ၍ အတိတ် အနာဂတ်တို့ ကို မလိုက်စေပဲ ပစ္စုပ္ပန် တည့်တည့်အပေါ်တွင် အခါခပ်သိမ်း ထားရခြင်းပင် ဖြစ်သည်။ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိဘဲ အလုပ်တစ်ခုလုံးမှာ မိမိ၏စိတ်ကို ပစ္စုပ္ပန် တည့်တည့်အပေါ်၌ အခါခပ်သိမ်းတည်နေစေဖို့ ပင် ဖြစ်သည်။


စဉ်းစားစိတ်ကူးခြင်း၊ တွေးတောကြံဆခြင်း ဟူသမျှသည် ပစ္စုပ္ပန်တည့်တည့်ထားခြင်း မဟုတ်သောကြောင့် ပယ်ဖျက်ထားရာ၏ ။ အသံတစ်ခု ကြားလိုက်ရသည့်အခါ ‘‘ ဘာသံပါလိမ့် ’’ ဟူ၍ ဆင်ခြင်ခြင်းသည် ပစ္စုပ္ပန် တည့်တည့် မဟုတ်တော့ချေ။ အသံသည် ကုန်ဆုံးသွားပြီဖြစ်၍ ထိုအသံအကြောင်းကို ဆင်ခြင်တွေးတောမိခြင်း သည် အတိတ်ဖြစ်သော အခြင်းအရာကို စဉ်းစားဆင်ခြင်ခြင်းမျှသာ ဖြစ်သည်ဟု နားလည်ရပေမည်။ သို့ မှ သာလျှင် ‘‘ကြားကာမတ္တ၊ မြင်ကာမတ္တ’’ ဟူသော သြ၀ါဒနှင့် ကိုက်ညီပေလိမ့်မည်။

No comments:

Post a Comment