Wednesday, May 20, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃)

ရဟန်းပြုဖူးခြင်း

ကျွန်ုပ်မှာ `တရားသမား `တစ်ယောက်၏ နာမည်မျိုးထွက်ခဲ့ပုံ ရသော်လည်း မိရိုးဖလာအားဖြင့် `တရားသမား ` မိဘနှစ်ပါးတို့ မှ ပေါက်ဖွားခဲ့၍ မဂ်ဆိုက် ဖိုလ်ဆိုက် အားထုတ်ခဲ့သော ဆရာတော်ကြီးတစ်ပါး၏
တပည့်ဖြစ်သည်။ တစ်ဖက်တွင် ဆရာတော်ဘုရားနှင့် မိဘနှစ်ပါးတို့ ၏ အကျင့်သီလနှင့် သြ၀ါဒသည် လည်းကောင်း၊ အခြားတစ်ဖက်တွင် အဖော်အပေါင်းနှင့် ခပ်ပျော်ပျော် နေချင်တတ်သည့် ကျွန်ုပ်၏ ၀ါဒနာသည်လည်းကောင်း လွန်ဆွဲသကဲ့သို့  ဖြစ်ခဲ့ရာတွင် တစ်ဖက်တစ်လှည့်စီ ပါခဲ့မိသည်။ သို့ သော်
လူတစ်ယောက်၌ အဆိုးနှင့် အကောင်း ယှဉ်တွဲလျက်ရှိရာတွင် (အကောင်းချည်းသက်သက်ဆိုသောလူမှာ တကယ်ရှားလိမ့်မည်ထင်သည် ) အဆိုးဘက်က ပို၍နာမည်ထွက်ခြင်းမှာ လောက၏ ဓမ္မတာဖြစ်၏ ။ သို့ ဖြစ်၍ ‘‘ ပျော်ချင်တတ်သောရွှေဥဒေါင်း ’’ ဟူ၍သာ လူသိများဟန်ရှိ၍ သားမယားကို စွန့် ပစ်ပြီး ရဟန်းပြု၍
အားထုတ်ခဲ့ဖူးသော အဖြစ်ကိုမူ လူသိနည်းပုံ ရသည်။ သို့ သော် ၃၅နှစ်အရွယ်တွင် ရဟန်းပြုပြီး မဂ်တရား ဖိုလ်တရားအတွက် အကြိတ်အနယ်အားထုတ်ခဲ့ဖူးခြင်းကား အမှန်ဖြစ်ပါသည်။ သို့ သော် တောရကျောင်း တစ်ကျောင်း၌ငှက်ဖျား ဖျား၍ မိဘများ၏ တောင်းပန်ချက် အရ ၅၂ ရက်နှင့်ပင်လူဝတ်လဲခဲ့ရပေသည်။

နှစ်သက်သောနည်းများ

ရဟန်းပြုခဲ့စဉ်က အထက်ပါ ငယ်ဆရာတော်၏ နည်းနာနိသျှအတိုင်းသော်လည်းကောင်း၊ ထို့ နောက် ဤခေတ်တွင် ပေါ်ပေါက်လျက်ရှိသော (မဂ်ပေါက်ဖိုလ်ပေါက်ဆိုသည့်) နည်းနာနိသျှအမျိုးမျိုးအတိုင်းသော် လည်းကောင်၊ ကျင့်ကြံအားထုတ်ခဲ့ဖူးရာ ကျွန်ုပ်အနှစ်သက်ဆုံးသောနည်းမှာ စိတ္တာနုပဿနာခေါ် ၀ိပဿနာ ရှုနည်းနှင့် မာလုကျပုတ္တနှင့် ဗာဟိရတို့ အား ဗုဒ္ဓကိုယ်တော်တိုင် ညွှန်ပြသည့် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းပင်ဖြစ်ပါသည်။

စိတ္တာနုပဿနာရှုပုံ

ကျွန်ုပ်သည် စိတ္တနုပဿနာရှုမှတ်ရာ၌ အတွင်းနှင့်အပြင် (အာရုံနှင့်အာရမ္မဏိက) တိုက်မိခြင်းဖြစ်ပေါ်လာသည့် (၀ိဥာဏ်) စိတ်ကိုသိအောင် ကြိုးစားပါသည်။ ဥပမာ မျက်စိနှင့် အဆင်းတိုက်မိသော အခါ “မြင်စိတ်” ဖြစ်လာခြင်းကိုသိ၍၊ နားနှင့်အသံတိုက်မိသောအခါ “ကြားစိတ်” ဖြစ်လာသည်ဟု သိအောင် သတိပြုကာ စောင့်ကြည့်ပါသည်။ ဒွါရခြောက်ပါးရှိသည့်အနက် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယတည်းဟူသော ဒွါရများ၌ တိုက်မိခြင်းထက် မနောဒွါရနှင့် ဓမ္မာရုံတို့ တိုက်မိခြင်းသည် အကြိမ်ပေါင်းများစွာပိုမိုသည်ဟု တွေ့ ရပါသည်။ (ဆိုလိုရင်းမှာ လူသတ္တ၀ါသည် ကြံစည်စိတ်ကူးနေခြင်းများဖြင့် အချိန်ကုန်ကြရသည်ဟု သိရသည်ဟူလို) ယင်းကဲ့သို့ စိတ်ဖြစ်တိုင်း သိအောင်ရှုမှတ်ရာတွင် ပထမ၌ တစ်ခုတည်းသောစိတ်ကလေးသည် မြင်ချည်တစ်ခါ၊ ကြားချည်တစ်လှည့်၊ စဉ်းစားချည်တစ်ဖုံ၊ တောင်ခုန်မြောက်ခုန် ခုန်လျက်ရှိသည်ဟု မှတ်ထင်မိပါသည်။

သဲလွန်စရခြင်း

ထိုကဲ့သို့ သတိမြဲမြဲရှုမှတ်၍ တစ်နှစ်ခွဲခန့် ကြာရှိသောအခါ တစ်နေ့ သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုကို ကြည့်လျက် ရှိစဉ် တစ်ယောက်သောသူက ကျွန်ုပ်၏နာမည်ကို ခေါ်လိုက်သည်နှင့် ရုတ်ကနဲ လှည့်ကြည့်လိုက်ရာတွင် ဘွားကနဲ အသိဉာဏ်တစ်ခု ပေါ်လာ၍ ဒိတ်ကနဲဖြစ်သွားပါသည်။ ကျွန်ုပ်သိလိုက်ရသည်မှာကား အသံကြား၍လှည့်ကြည့်လိုက်သော တစ်ခဏတွင် “မြင်စိတ်” ချုပ်သွား၍ “ကြားစိတ်” ဖြစ်ပေါ်လာသည်ဟူသော အသိဉာဉ်ပင်ဖြစ်သည်။ ကျွန်ုပ်မှာထိုအသိဉာဏ်ကြောင့် အလန့် တကြားနှင့် တအံ့တသြ ဖြစ်သွားမိပါသည်။ ဤတွင်တစ်ခုတည်းသောစိတ်က ဤမှထိုမှ ခုန်နေခြင်းမဟုတ်။ တစ်အာရုံအပြီးတွင် ကုန်ဆုံးသွာ၍ အခြားတစ်အာရုံတွင် အသစ်ဖြစ်လာသည်ဟု ထိုးထွင်း၍ သိမြင်လိုက်ခြင်းဖြစ်သည်။ ဤတွင် ငယ်စဉ်က ဆရာတော်ဘုရားသင်ကြားခဲ့သည့် “ဓူရင်္ဂမံ ဧကစာရံ” ဟူသောပါဠိတော်အရ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်ခြင်းဆိုသည်ကို အသည်းနှလုံးတည်းမှ သဘောကျနိုင်သဖြင့် အကြီးအကျယ် ၀မ်းသာမိပါတော့သည်။ ထိုအချိန်မှစ၍ ကျွန်ုပ်မှာ စိတ်အကြောင်းကို လက်တွေ့ သိမြင်ခြင်းနှင့် ပတ်သတ်၍ သဲလွန်စရခဲ့ပါသည်။

ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်း

စာပေသမားဝိုင်းတစ်ခုတွင် စကားစပ်မိသည်နှင့် ဤအဖြစ်အပျက်ကို ပြောပြမိရာ “ခင်ဗျားကစိတ်အကြောင်းကို ခုမှသိတာကိုးဗျ။ မြတ်စွာဘုရားက ဓူရင်္ဂမံ-ဧကစာရံ အသရိရံ-ဂူဟာသယံ လို့  ဟောထားတယ် မဟုတ်ဘူးလားဗျ” ဟု ၀ိုင်း၍ပြောကြသည်။ ဤသို့ သောအခြင်းအရာမျိုးကြောင့် “စာသမားများ” နှင့် ဆွေးနွေးခြင်းကို ကျွန်ုပ်ရှောင်ကွင်းခဲ့ခြင်းဖြစ်သည်။ သို့ သော် ၄င်းတို့ အနက် တစ်ယောက်သောသူက စဉ်းစားဉာဏ်ရှိပုံရသည်။ ထိုသူက “ခင်ဗျားဖြစ်ပုံ ကောင်းတယ်ဗျ။ စိတ်၏ ဖြစ်ပျက်ခြင်းသဘောတရားကို ယထာဘူတကျကျ မြင်လိုက်ခြင်းဖြစ်လို့ မို့  ဥဒယဗ္ဗယဉာဏ်လို့ ခေါ်ထိုက်တယ်ဗျ။ နောက်နောင် ဘ၀များမှာ ဒီဉာဏ်ဟာ ခင်းဗျာ့အဖို့  မဂ်အခြေဖိုလ်အခြေဖြစ်ပြီး အထောက်အပံ့ဖြစ်စေနိုင်ပါတယ်” ဟုပြောဖော်ရပါသည်။ ကျွန်ုပ်သည် ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်းကို လက်ခံသော်လည်း နောင်ဘ၀များကျကာမှ အထောက်အပံ့ဖြစ်ရမည် ဆိုချက်ကိုမူ ၀မ်းထဲက ကျိတ်၍ ပြုံးမိပါတော့သည်။


No comments:

Post a Comment