Wednesday, May 13, 2009

မိုးသို့ .....တိုင်တည်ခြင်း

(ဒီခေါင်းစဉ်ကို ဖတ်ပြီး ကျွန်တော့်အကြောင်း ကောင်းကောင်းသိတဲ့ သူတွေကတော့ ပြုံးကြပါလိမ့်မယ်။)

ကိုယ့်အကြောင်းကိုယ် ပြန်စဉ်းစားကြည့်မိတာပါ။
ကျွန်တော်ငယ်ငယ် ကျောင်းသားဘ၀ကို ပြန်သတိရမိပါတယ်။ ကျောင်းက ဆရာမပေးလိုက်တဲ့ အိမ်စာတွေကို အိမ်ပြန်ရောက်ရင် ချက်ချင်းပြီးအောင်လုပ်၊ ကျက်စရာရှိတဲ့စာတွေကျက်။ အားလုံးပြီးသွားတဲ့အချိန်ဆိုရင် ကျွန်တော်စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်နေခဲ့ဖူးပါတယ်။ ငါလုပ်ရမယ့် တာဝန်တွေအားလုံး ပြီးသွားပြီပေါ့။ တာဝန်ကျေပြီပေါ့။

ကျောင်းသားဘ၀ စာမေးပွဲတွေအများကြီးဖြေခဲ့ဘူးပါတယ်။ စာအကုန်ရထားတဲ့ဘာသာမျိုး သွားဖြေရမယ့်နေ့ ဆိုရင် စိတ်ထဲမှာ ဘာထိတ်လန့် စိုးရိမ်စိတ်မှ မရှိဘဲ ပေါ့ပေါ့ပါးပါးဘဲ စာမေးပွဲခန်းထဲဝင်၊ မေးခွန်းလွှာကို ကောက်ကိုင်ပြီး မေးထားသမျှတွေဖြေပြီး အိမ်ပြန်ခဲ့တဲ့ အကြောင်းကိုလည်း ပြန်လည် သတိရမိပါတယ်။

ကျောင်းတွေပြီးလို့  လုပ်ငန်းခွင်ထဲရောက်လာတဲ့အချိန်ကျပြန်တော့ ကိုယ်လုပ်ရမယ့် တာဝန်ဝတ္တရားပိုင်းကို ကျွမ်းကျင်လာပြီးတဲ့နောက် အမှားအယွင်းမရှိလုပ်နိုင်လာတော့လည်း စိတ်ထဲမှာ လွတ်လပ်မှုတစ်မျိုးကို ခံစားရပြန်တာပါဘဲ။ အလုပ်အပေါ်မှာ စိတ်တင်းကျပ်မှုမရှိ လုပ်နိုင်သွားခဲ့ပြန်တာကိုး။

ဒီလိုနဲ့ အချိန်ကျလို့  အိမ်ထောင်ပြု၊ စီးပွားဥစ္စာရှာပြီး လောက ၀တ္တရားတွေ ထမ်းဆောင်ရတဲ့ အလှည့်ရောက်လာ ပြန်တော့လည်း ကိုယ့်ဘက်က အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ပေးလိုက်နိုင်လို့  အစစအဆင်ပြေသွားတာ မျိုးတွေနှင့် တခါတလေ တွေ့ ကြုံရတဲ့အခါမျိုးတွေမှာ စိတ်ကျေနပ်မှုတွေခံစားခဲ့ရဖူးပါတယ်။

လောကလူသားတစ်ယောက်အတွက် ဘ၀ရဲ့ ပြီးပြည့်စုံမှုလို့ ဆိုလာရင် ဇနီး၊ မယား၊ သမီး၊ သား၊ ဥစ္စာစီးပွား၊ အခြံအရံ နှင့် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေထိုင်နိုင်မှုကိုဘဲ တန်ဖိုးထား ပြောကြမှာ ကမ္ဘာ့လူသားတိုင်းရဲ့  (၉၀) ရာခိုင်နှုန်းကျော်လောက်ဖြစ်နေလိမ့်မယ် လို့  ကျွန်တော်ထင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်းဘဲ ဒီပန်းတိုင်တွေအတွက်ပဲ ဘ၀ရဲ့ အချိန်တော်တော်များများကို ဖြတ်သန်းအသုံးချ ခဲ့ပြီးပါပြီ။ အတိုင်းအတာတစ်ခုထိလည်း ကျေနပ်စရာ ကောင်းတဲ့ အခြေအနေတွေကို ရရှိ ပိုင်ဆိုင်ဖြတ်သန်းဖူး ခဲ့ပါပြီ။

တစ်နေ့ ကနာလိုက်ရတဲ့ တရားတစ်ပုဒ်ထဲမှာ ဆရာတော်က “မကျေနပ်ရင် အောက်ကြည့်၊ ကျေနပ်ရင် အထက်ကြည့်” တဲ့။ ဆိုလိုတာက ကိုယ့်ဘ၀ကို အလိုမကျ၊ စိတ်တိုင်းမကျ၊ အားမရ တွေဖြစ်တဲ့ အချိန်အခါမျိုးမှာ ကိုယ့်လောက် အဆင်မပြေ၊ အခြေအနေမလှကြတဲ့ သူတွေကို သတိရပါပေါ့၊ ဒါဆိုရင် ဒေါသထွက် မကျေမနပ်ဖြစ်နေတာတွေ လျော့သွားပါလိမ့်မယ်တဲ့။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အကျေနပ်ကြီး ကျေနပ်နေတဲ့ အချိန်တွေမှာဆိုရင်တော့ ကိုယ့်ထက် အစစသာသူတွေကို သတိရလိုက်ပါပေါ့။ ဒါဆိုရင် သွေးနားထင်ရောက်နေတာ လျော့သွားပါလိမ့်မယ်တဲ့။

ဒီရက်ပိုင်း ကျွန်တော် ဗုဒ္ဓတရားတော်တွေကို အွန်လိုင်းမှာရှာဖတ်ရင်းနှင့် ဘုရားလက်ထက်ကလည်း ကိုယ့်ကိုယ်ကို လောကီဝတ္တရားတွေကျေပွန်လို့  အားရကျေနပ်ပြီး ပါးစပ်ကကို ထုတ်ဖော်ပြောရလောက်အောင် ၀မ်းသာလုံးစို့ နေတဲ့ ပုဏ္ဏားတစ်ယောက်အကြောင်းလေး ဖတ်လိုက်ရပါတယ်။ သူက ဘယ်လိုတွေ ထုတ်ဖော် ပြောသလဲဆိုတော့

၁။ “ငါသည် ထမင်းချက်ပြီးသူ နွားနို့ညှစ်ယူပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ အခြံအရံနှင့်တကွ နေသူဖြစ်၏၊ (ငါ၏) အိမ်ကိုလည်း မိုးပြီးလေပြီ၊ မီးကိုလည်း ထွန်းညှိပြီးလေပြီ၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုပါမူ ရွာသွန်းလိုက်ပါလော့။”


မိုးကို တိုင်တည်ပြီး ပြောလိုက်ပုံလေးပါ....

နောက် သူက ဆက်ပြောပါသေးတယ်

၂။ “(ဤအရပ်၌)မှက် ခြင် မရှိကုန်၊ မြက်တို့ပေါက်ရာ မြစ်ဝှမ်း၌ နွားတို့ ကျက် စားကုန်၏၊ ထိုနွားတို့သည် ရွာချလာသော မိုးကြီးကိုလည်း ခံနိုင်ရည် ရှိကြကုန်၏၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


သူက နွားကျောင်းသား သူဌေးတစ်ဦးပါ။

၃။ “(ငါ၏ အိမ်ရှင်မ) ဂေါပီသည် လင့်အလိုသို့ လိုက်တတ်၏၊ လော်လည်မှု မရှိ၊ ကာလရှည်စွာက ပေါင်းသင်းခဲ့သော မယားဖြစ်ခဲ့၏၊ ငါ့ကို မြတ်နိုး၏၊ ထိုမယား၏ အပြစ် တစ်စုံတစ်ရာကိုမျှ့ ငါမကြားစဖူး၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ကဲ....သူ့ မိန်းမကောင်းကြောင်းလေးကို ကြွားကြွားလေးပြောထားတာပါ။

၎။ “ငါသည် ကိုယ်ပိုင်အလုပ်ဖြင့်သာ အသက်မွေးမြူ၏၊ ငါ၏ သားသမီးတို့သည်လည်း ငါနှင့်အတူတကွ နေထိုင်ကြကုန်၏၊ အနာရောဂါ မရှိကြကုန်၊ ထိုသားသမီးတို့၏ အပြစ် တစ်စုံတစ်ရာကိုမျှ ငါမကြားစဖူး၊ (မိုးနတ်မင်း) အကယ်၍ ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။”


ဒါကျတော့ သူ့ အလုပ်နှင့် သားသမီးတွေ ကောင်းကြောင်းဗျ။

၅။ “ဤအရပ်၌ ငါ့အား မသင်းမကွပ်ရသေးသော နွားပေါက်တို့လည်း ရှိကုန်၏၊ နို့စို့ နွားငယ်တို့လည်း ရှိကုန်၏၊ ကိုယ်ဝန်ဆောင် နွားမတို့လည်း ရှိကုန်၏၊ အရွယ် ရောက် နွားမတို့လည်း ရှိကုန်၏၊ နွားတို့၏ အကြီးဖြစ်သော နွားလား (ဥသဘ) လည်း ရှိ၏၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက် ပါလော့။”


ဒါကတော့ သူ့ ပိုင်ဆိုင်မှုကို ကြွားတာပေါ့ဗျာ။

၆။ “နွားချည်တိုင်တို့ကို မတုန်လှုပ်စေကုန်မူ၍ မြဲစွာ စိုက်ထားအပ်ကုန်ပြီ၊ ဖြူဆန်မြက် ဖြင့် ပြုအပ်ကုန်သော ကြိုးအသစ်တို့ကို ကောင်းစွာ ကျစ်ထားကုန်ပြီ၊ (ထိုကြိုး တို့ကို) နွားငယ်တို့သည်လည်း ဖြတ်ခြင်းငှါ မတတ်နိုင်ကုန်၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ဒါကကျတော့ သူ့ အလုပ်ကိစ္စတွေမှာ ပြုလုပ်စရာတာဝန်တွေကို လုပ်ပြီးပြီဆိုတာ ပြောပြန်ရော။


သူပြောလိုက်တာလေးတွေကို ဖတ်ကြည့်လိုက်တော့ ပုဏ္ဏားကို တော်တော်အားကျဖို့ ကောင်းနေပါတယ်။ တယ်ဟုတ်တဲ့ လူဘဲ။ ဇနီးကောင်းလည်း ရှိတယ်။ သားသမီးတွေနှင့် တပျော်တပါး။ ဥစ္စာပစ္စည်းကလည်း ကြွှယ်ဝချမ်းသာတယ်။ သူလုပ်ရမယ့် တာဝန်ဝတ္တရားတွေလည်း အကုန်လုပ်ပြီးနေတဲ့သူတစ်ယောက်။ ဘယ်လောက်အားကျဖို့ ကောင်းလဲ။ ကိုယ်တွေများ သူ့ လိုပြောချင်လိုက်တာ ဖြစ်ချင်လိုက်တာ။

အဲဒီမှာဘဲ သူထက်သာတဲ့သူတစ်ဦးက ပေါ်လာပါရောဗျား။ ဘယ်သူများလည်းဆိုတော့.........“ဗုဒ္ဓ” ပေါ့။

ပုဏ္ဏားက တစ်ခွန်းထုတ်ပြောလိုက်တာနှင့် မြတ်စွာဘုရားကလည်း ချက်ချင်း တစ်ခွန်းပြန်ပြီးပြောတယ်။ မသိရင် (ခေတ်စကားနှင့်ပြောရရင်တော့) ဗုဒ္ဓက ပုဏ္ဏားကို ဖဲ့ နေသလိုပါဘဲ။

၁။ “ငါသည် အမျက်မထွက်သူ စိတ်၌ စူးဝင်တတ်သော ငြောင့်တံသင်း ကင်းပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ တစ်ညဥ့်သာ နေသူဖြစ်၏၊ ငါ၏ (ခန္ဓာ) အိမ်ကို (ကိလေသာ) အမိုး ဖွင့်လှစ်ထားပြီ၊ မီး (တစ်ဆယ့်တစ်ပါး) ငြိမ်းအေး လေပြီ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


မြတ်စွာဘုရားရဲ့ မိုးသို့ တိုင်တည်ပုံလေးပါ။


ပုဏ္ဏားက နွားတွေအကြောင်းပြောတော့ မြတ်စွာဘုရားက ဒီလိုလေး ပြန်ပြောတယ်။

၂။ “ငါဘုရားသည် (အရိယမဂ်တည်းဟူသော) ဖောင်ကို (ဉာဏ်ဖြင့်) ဖွဲ့ထားပြီး ကောင်းစွာ စီရင်ထားပြီး ဖြစ်ခဲ့၏၊ (ငါသည်) သြဃလေးပါးဟူသော ရေအလျဉ်ကို တွန်းလှန်ပယ် ဖျောက်ကူးမြောက်ပြီးလျှင် နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့ ရောက်ပြီး ဖြစ်ရကား (ငါ့အား) ဖောင်ဖြင့် အကျိုး မရှိတော့ပေ၊ (ကိလေသာဟူ သော) မိုးနတ်မင်း သင်သည် ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။”


ပုဏ္ဏားက သူ့ မိန်းမအကြောင်းပြောတော့ မြတ်စွာဘုရားက ဒီလိုပြန်ဆိုပြန်ရော။

၃။ “ငါ၏ စိတ်သည် (ငါ့) အလိုသို့ လိုက်၏၊ ကိလေသာ အနှောင်အဖွဲ့မှ လွတ်၏၊ ကာလရှည်ကြာစွာ ထက်ဝန်းကျင် ပွါးစေအပ်ပြီးသည်ဖြစ်၍ ကောင်းစွာ ယဉ်ကျေး ပြီးဖြစ်ရကား ငါ့အား မကောင်းမှု မရှိတော့ချေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ပုဏ္ဏားက သူ့ အလုပ်အကြောင်း၊ သားသမီးတွေအကြောင်းပြောတော့ မြတ်စွာဘုရားကလည်း အခုလို

၎။ “ငါသည် တစ်စုံတစ်ယောက်သော သူ၏ အခစားမဟုတ်၊ လောကအားလုံး၌ သဗ္ဗညုတဉာဏ် လောကုတ္တရာ သမာဓိ ချမ်းသာဖြင့် လှည့်လည်နိုင်သူ ဖြစ်၍ အဖိုးအခဖြင့် ငါ့အား အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ပုဏ္ဏားက သူ့ ပိုင်ဆိုင်မှုတွေကို ကြွားတော့ မြတ်စွာဘုရားက ဒီလိုဆိုပါတယ်။

၅။ “ဤသာသနာတော်၌ ငါဘုရားအား မသင်းမကွပ်ရသေးသော နွားပေါက် (ပရိယု-ဋ္ဌာနကိလေသာ) တို့သည်လည်း မရှိကုန်၊ နို့စို့နွားငယ် (အနုသယကိလေသာ) တို့သည်လည်း မရှိကုန်၊ ကိုယ်ဝန်ဆောင် နွားမ (ပုညာဘိသင်္ခါရ) စသည်တို့သည် လည်းကောင်း အရွယ်ရောက်နွားမ (တဏှာ) တို့သည်လည်းကောင်း မရှိကုန်၊ နွားတို့၏ အကြီးဖြစ်သော နွားလားဥသဘ (အဘိသင်္ခါရဝိညာဉ်)သည်လည်း မရှိ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”


ပုဏ္ဏားက နောက်ဆုံး သူ့ တာဝန် လုပ်စရာရှိတာတွေ လုပ်ပြီးတဲ့အကြောင်းပြောချိန်မှာတော့ မြတ်စွာဘုရား ကလည်း ဒီလိုအဆုံးသတ်လိုက်ပါတယ်။


၆။ “နွားလားဥသဘသည် ကြိုးအနှောင်အဖွဲ့တို့ကို ဖြတ်၍ တည်သကဲ့သို့ ငါသည် အထက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့် လည်းကောင်း၊ ဆင်ပြောင်ကြီးသည် ဆင်တုံးမနွယ်ကြိုးကို ချိုးဖြတ်၍ တည်သကဲ့သို့ ငါသည် အောက်ပိုင်း သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့် လည်းကောင်း အမိဝမ်းတိုက်၌ ကိန်းနေခြင်းသို့ တစ်ဖန် ကပ်ရောက်တော့မည် မဟုတ်၊ (ကိလေ သာ ဟူသော) မိုးနတ် မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။”



ဒီတရားတော်ကို ဖတ်နေရင်း ကျွန်တော့် စိတ်နှလုံးတွေ တကယ်ကို တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ တွေမှာ လောကီပြည့်စုံမှုတွေအတွက် အသည်းအသန်ကြိုးစားရုန်းကန်နေရချိန်မှာ ပုဏ္ဏားလိုမျိုးလည်း မကြုံးဝါးနိုင်။ မြတ်စွာဘုရားလိုမျိုး ဥဒါန်းကျူးဖို့ ကတော့ ဝေးလိုက်သည်များ။

နောက် ကျွန်တော်တို့ တွေ အချိန်ပေးလုပ်ကိုင်ရှာဖွေနေကြတာတွေကရော။ တကယ်ကိုယ့်အတွက် ဘာများ အာမခံချက်ပေးနိုင်မှာလဲ။ သေကြပြီဟေ့ဆိုရင် ဘာတွေက၊ ဘယ်သူတွေက ကိုယ့်နောက်ကို ပါလာမှာလဲ။

ဒါဆို တစ်ဘ၀လုံး တာဝန်ဝတ္တရားတွေကျေအောင်လုပ်နေတာတွေ၊ တော်တော်များများကိစ္စတွေမှာ တာဝန် ကျေတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေမှုတွေဟာ တကယ်ဟုတ်လို့ လား။ ကိုယ့်အတွက် တကယ်အသုံးတည့်တဲ့ အရာတွေလား။ ကိုယ့် သံသရာခရီးအတွက် ကိုယ်ဘာများတာဝန်ကျေအောင် လုပ်ထားပြီးခဲ့ပြီလဲ။

မြတ်စွာဘုရားက အဲဒီသုတ်တော်မှာ ဆက်လက်ပြီး ဟောထားတာက-

“သားသမီးရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ မှန်၏- ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏၊ ဥပဓိမရှိသူသည် မစိုးရိမ်ရ။”


ကျွန်တော်တို့  ပိုင်ဆိုင်ထားကြတာတွေက အချိန်တော်တော်များများမှာ ကျွန်တော်တို့ အတွက် စိုးရိမ်မှုကိုဘဲ ဖြစ်စေတာ တကယ်အမှန်ပါ။ ဒီပိုင်ဆိုင်မှုတွေအပေါ်မှာ ငြိတွယ်မှုကြောင့် ပူလောင်မှုတွေဘဲ ဖြစ်စေခဲ့တာပါ။ ဒါတွေကြောင့် ချမ်းသာတယ်ဆိုတာ တဒင်္ဂ၊ ခဏ အချိန်လေးမျှပါ။ ကိုယ်တွေက မငြိအောင်လည်းဘဲ နေမှ မနေနိုင်ကြတာကိုး။ ဒီတော့လည်း “သမုဒယကြောင့် ဒုက္ခဖြစ်တယ်” ဆိုတဲ့ တရားစကားနှင့်က ကွက်တိကိုကျလို့ ။

ကျွန်တော်တို့ ရဲ့ တကယ်ကျေရမယ့်တာဝန်က ကျွန်တော်တို့ တွေနှင့် တစ်သံသရာလုံး အမြဲလိုက်ပါနေတဲ့ ကိလေသာတွေကို ကုန်အောင်လုပ်ကြဖို့ ပါ။ ဒီဟာတွေကြောင့်ဘဲ ကျွန်တော်တို့ တွေဟာ ဘ၀ဇာတ်ခုံ အဖုံဖုံကို ပုံစံအမျိုးမျိုးနှင့် ကနေကြရတာပါ။

ဒီကိလေသာတွေက ဆွဲချခဲ့လို့ စုတ်ပြတ်စွာ ကျခဲ့ရတဲ့ ဘ၀အခြေအနေတွေ ကြိမ်ဖန်များစွာရှိခဲ့ပါပြီ။ နောင်လည်း သူတို့ တွေက ကိုယ့်ကို ကြုံရင်ကြုံသလို အနေနိမ့်အောင် လုပ်နေကြအုံးမှာပါ။ ဒုက္ခပေါင်းစုံခံစားခိုင်းကြအုံးမှာပါ။

ဒါတွေကို ဘာလို့ ကျွန်တော်သိရက်နဲ့  သံဝေဂ မရနိုင်ရတာလဲ။ ဘာတွေများကောင်းနေလို့ သာယာနေရတာလဲ။ မေးခွန်းများစွာ ကိုယ့်ကိုယ်ကို မေးမိပါတယ်။

“ငါသည် အရိယာမဂ်တည်းဟူသော ဖောင်ကို ကောင်းစွာဖွဲ့ထားပြီးလေပြီ ၊ ဩဃတည်းဟူသော ရေအလျင်ကို ကူးမြောက်၍ နိဗ္ဗာန်ဟူသော တဖက်ကမ်းသို့ ရောက်ပြီးဖြစ်၏၊ ထို့ကြောင့် ငါ့အားဖောင်ဖြင်အကျိုးမရှိတော့ ၊ အို… ကိလေသာတည်းဟူသော မိုးပဇ္ဇုန်.. သင်ရွာလိုက ရွာသွန်းလေလော့…….။”


မြတ်စွာဘုရားရှင်ရဲ့  ရင်ထဲကထွက်လာတဲ့ ဒီနှုတ်ထွက်စကား။ ကျွန်တော် လိုက်ပြီး ရေရွတ်မိပါတယ်။


သြော်...ငါ ဘယ်အချိန်များ ဒီလိုမျိုး ပြောနိုင်မှာပါလိမ့် မိုးရယ်...။


ကျွန်တော့်အာရုံမြင်ကွင်းထဲကို ညပိုင်းတာဝန်ပြီးဆုံးလို့  ခရီးသည်မတင်တော့ဘဲ ဒီအတိုင်းမောင်းသွားတဲ့ ဘက်စ် ကား တစ်စီးဝင်လာပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ ကားရဲ့ အရှေ့ ဘက်အပေါ် Display Screen မှာ “OUT OF SERVICE” တဲ့။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


(ဘုန်းဘုန်း ဦး တိက္ခဉာဏရဲ့ ဘလော့ဂ်က
မဟီမြစ်ကမ်းမှ ကျူးရင့်သံ ကိုဖတ်ပြီး မူရင်း တရားတော် ဓနိယသုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ် ကို ဦးလောကနာထ၏ အကူအညီဖြင့် ထပ်ဆင့်ရှာဖွေဖတ်ရင်းက ဒီဆောင်းပါးကို ရေးဖြစ်ပါသည်။)


No comments:

Post a Comment