Tuesday, April 21, 2009

စိတ်ကူးများမှတဆင့် (သို့ ) ကျေးဇူးတင်ထိုက်သူများအားလုံးသို့ ....

မတ်လကုန်ခါနီး တစ်ရက်မှာ အင်တာနက်စာမျက်နှာတွေပေါ်က ဓမ္မစာပေတွေ လိုက်ရှာဖတ်ရင်းနဲ့  “၀ိမုတ္တိရသ” ဆိုတဲ့ စကားလုံးလေးကို သွားသတိထားလိုက်မိပါတယ်။ ကိုယ်တိုင်က “၀ိမုတ္တိသုခ” နာမည်နှင့် ဘလော့ဂ်လုပ်ထားတော့ ဒီစကားလုံးလေးက စိတ်ကို တစ်မျိုးလေးဆွဲဆောင်လာပါတယ်။ ဒီ “ရသ” ဆိုတာလေးနှင့်လည်း ဘလော့ဂ်တစ်ခုလောက်ရေးတင်ချင်တဲ့ စိတ်ကူးတစ်ခု အလိုလိုဖြစ်လာပါတယ်။

အဲဒါနှင့် ဘာအကြောင်းမျိုး တင်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ အခုတလော ကိုယ့်ဆီဝင်လာတဲ့ အီးမေးလ်တွေထဲက ကိုပြည့်စုံအောင် (ဖိုးသား) ပို့ လိုက်တဲ့ ဓမ္မဆိုက်တွေရဲ့  လိပ်စာတွေကို သတိရလိုက်ပါတယ်။ အဲဒီပို့ လိုက်တဲ့ လိပ်စာတွေက အများကြီးပါ။ စိတ်ဝင်းစားလို့ တစ်ခုပြီးတစ်ခု လိုက်နှိပ်ကြည့်ဖို့ ကျတော့ အချိန်ကတော်တော်ပေးရပါတယ်။ တချို့ ဆိုက်တွေဆို သူတို့ လုပ်ထားတဲ့ Graphic Effect တွေကြောင့် အတက်နှေးနေတတ်ပါတယ်။ တချို့ ဆိုက်တွေကျတော့လည်း ၀င်ကြည့်လိုက်တော့ သူတို့ တင်ထားတာက ကိုယ်သိပ်စိတ်မ၀င်စားတဲ့ အကြောင်းအရာမျိုးဖြစ်နေတတ်ပြန်ရော။ ဒါတွေကို အချိန်တစ်ခုပေးပြီး လိုက်ကြည့်ရင်တောင် နေ့ ဝက်လောက်တော့ ကုန်မယ်ထင်ပါတယ်။ အဲဒါနှင့် အဲဒီဘလော့ဂ်တွေကို တစ်နေရာတည်းမှာ စုစည်းပြီး သူတို့ အသစ်တင်နေသမျှကို တစ်ထိုင်တည်းနှင့် ဖတ်လို့ ရအောင်လုပ်ပေးဖို့ စိတ်ကူးမိပါတယ်။ ဒါဆိုရင် ဖတ်တဲ့သူလည်း အချိန်မကုန်တော့ဘူး။ နောက်ပြီး သူမဖတ်ချင်တဲ့ စိတ်မ၀င်စားတဲ့စာမျိုးဆိုလည်း ကျော်ဖတ်လိုက်လို့ ရတယ်။ တော်တော်လေးအဆင်ပြေသွားမယ်လို့ ထင်မိပါတယ်။

ဒါနဲ့ နာမည်ကို Register မလုပ်ခင် ဘုန်းဘုန်းဦးလောကနာထနှင့် အွန်လိုင်းမှာတွေ့ တာနှင့် နာမည်ကိုသုံးလို့ ကောင်းမကောင်းတိုင်ပင်မိပါတယ်။ နောက်တခြား ခပ်ဆင်ဆင်နာမည်တွေလည်း ဘုန်းဘုန်းက ထပ်ပြီးရှာပေးပါတယ်။ နောက်ဆုံးတော့ ဒီ “၀ိမုတ္တိရသ” နာမည်ကိုဘဲ Register လုပ်ဖြစ်သွားပြီး စိတ်ကူးထားတဲ့အတိုင်း ဘလော့ဂ်တွေကို စုစည်းပြီးတင်ဖြစ်သွားခဲ့ပါတယ်။

တင်ပြီးသွားတော့ ထုံးစံအတိုင်း ဟိုပြင်ဒီပြင်၊ ဟိုထည့်ဒီထည့်လုပ်ရင်း ဘလော့ဂ်စာမျက်နှာပေါ်မှာ ထည့်ချင်တာလေးတစ်ခုရှိတာနှင့် ဘယ်လိုလုပ်ရမှန်းမသိလို့ ကိုဝင်းမြင့်ကို အွန်လိုင်းမှာတွေ့ တုန်း လှမ်း အကူအညီတောင်းလိုက်မိပါတယ်။ အဲဒါ ကိုဝင်းမြင့်က စကားပြောနေရင်း တစ်ထိုင်တည်းနဲ့ ဘဲ အဲဒီ Coding ကိုစမ်းပါတော့တယ်။ ကျွန်တော်ထင်တာက သူ ကျွန်တော်ပြောတဲ့ Coding လောက်ပဲစမ်းမယ်ထင်တာ။ နောက်တော်တော်လေးကြာတော့ စာမျက်နှာအသစ်တစ်ခုနှင့် ကျွန်တော်လှမ်းမေးလိုက်တဲ့ Function နှင့် ထွက်လာပါတယ်။

ကျွန်တော် ကိုဝင်းမြင့်ပြလိုက်တဲ့ စာမျက်နှာကို ကြည့်ရင်းနှင့် အတွေးနယ်ချဲ့ လိုက်မိပါတယ်။ ကိုဝင်းမြင့်လုပ်ပေးလိုက်တဲ့ စာမျက်နှာမှာက Feature ကို တော်တော်စုံအောင် ထည့်လို့ ရနေပါတယ်။ ကျွန်တော့် ဘလော့ဂ်တစ်ခုတည်းအတွက် သူလုပ်ပေးထားတာကို သုံးမယ်ဆိုရင် “သတ္တ၀ါနှင့် လက်နက်နှင့် မမျှ” ဆိုသလို ဖြစ်သွားနိုင်ပါတယ်။ ဒါနဲ့  ကိုဝင်းမြင့်နှင့်ဆက်တိုင်ပင်ပြီး အဲဒီစာမျက်နှာပေါ်မှာ တခြား သင့်တော်မယ့် ဓမ္မဆိုင်ရာ အကြောင်းအရာတွေကို စုစည်းတင်ပြသွားဖို့ စီစဉ်လိုက်ကြပါတော့တယ်။

ကိုဝင်းမြင့်နှင့် ကျွန်တော်နှင့် ဒီရက်ပိုင်းတွေအတောအတွင်းမှာ ဆိုက်အသစ်အတွက် တော်တော်လေး အချိန်ပေးဖြစ်ကြပါတယ်။ အသစ်တွေထည့်လိုက်၊ ပြန်ပြင်လိုက်နှင့်။ ကျွန်တော့်ခေါင်းထဲမှာလည်း တစ်နေ့ တစ်နေ့  ဒီဆိုက်ကို ဘာတွေဘယ်လို ပြင်ဆင်ရမလဲလို့ ဘဲ စဉ်းစားဖြစ်နေပါတယ်။ ခေါင်းထဲက ထွက်လာတာတွေပြောလိုက် ကိုဝင်းမြင့်က ချက်ချင်း ချက်ချင်း ထထ လုပ်လိုက်နှင့်။ ကျွန်တော်တို့ နှစ်ယောက်ပေါင်းပြီး စိတ်ကူးတည့်ရာ ကောင်းနိုးရာရာတွေ လုပ်ကြပါတယ်။ (တော်ပါသေးတယ်။ ကျွန်တော်တို့ နှစ်ယောက် ဒီလို ကောင်းတဲ့ ကိစ္စမှာ တွဲမိသွားလို့ ။ တခြားနေရာမှာဆို မလွယ်ဘူး။ )

နောက် Data တွေ ထည့်ဖို့ အတွက်ကို ညီလေး ပြည့်စုံအောင် (ဖိုးသား) နှင့် ကိုအောင်ဦး တို့ ကိုလည်း အကူအညီတောင်းရပါတယ်။ အစ်မ မသန်းသန်းစိန် (သစ္စာအလင်း) ကိုလည်း ဝေဖန်အကြံပြုပြီး လိုတာတွေဖြည့်ပေးဖို့  အကူအညီတောင်းရပါတယ်။ ဘုန်းဘုန်း ဦးလောကနာထ ကိုလည်း လိုအပ်တာများ အကြံပြုညွှန်ကြားပေးဖို့  လျှောက်ထားရပါတယ်။

ကျွန်တော်တို့ လုပ်နေတာကို သိသွားရင်းက Domain အလှူရှင်နှင့် Hosting အလှူရှင်များကလည်း သဒ္ဓါတရားအပြည့်ဖြင့် လှူဒါန်းပေးခဲ့ကြပါတယ်။

ဒီလိုနဲ့  နှစ်ဆန်း (၁) ရက် နေ့ မှာ ကျွန်တော်တို့ ရဲ့ စာမျက်နှာအသစ်ကို စလိုက်နိုင်ပြီဖြစ်ပါတယ်။ တော်တော်များများလည်း ၀င်ရောက်လည်ပတ်နေကြပါပြီ။ ကျွန်တော်တို့ ရဲ့ ဓမ္မဒါနအလှူကြီး အကောင်အထည် ပေါ်သွားခဲ့ပါပြီ။

ကျွန်တော်တို့ မှာက လုပ်ပေးချင်တဲ့ သဒ္ဓါတရားအရင်းခံနှင့် တတ်သလောက်၊ မှတ်သလောက် ကြိုးစားပြီး လုပ်ထားတာဖြစ်လို့  အားနည်းချက်တွေကတော့ အဖက်ဖက်ကရှိနေမှာပါ။ အဲဒါလေးတွေကို အမြင်မတော်တဲ့သူတွေအားလုံးက မေတ္တာ ကရုဏာရှေ့ ထားပြီး ထောက်ပြညွှန်ကြားဆုံးမပေးကြဖို့ လဲ ဖိတ်ခေါ်ချင်ပါတယ်။

ဒီအင်တာနက်စာမျက်နှာ ရေရှည်တည်တံ့ဖို့ အတွက်က ကျွန်တော်တို့ ရော၊ ဓမ္မမိတ်ဆွေများအားလုံးရော ၀ိုင်းဝန်းပါဝင်လက်တွဲဆောင်ရွက်သွားကြဖို့ တော့ လိုပါလိမ့်မယ်။ ဒီလိုနည်းနှင့်ဘဲ မြတ်စွာဘုရားရဲ့ သာသနာတော်ကို ကျွန်တော်တို့ တတ်စွမ်းနိုင်တဲ့ နည်းလမ်းနှင့် တစ်ဘက်တစ်လမ်းကအဓွန့် ရှည်တည်တံ့ပြန့် ပွားအောင် သယ်ပိုးရွက်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဝိမုတ္တိရသ (www.vimuttirasa.com) ကို ဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီလက်တွဲဆောင်ရွက်ပေးကြသော ဆရာတော် ဦးလောကနာထ၊ ကိုဝင်းမြင့်၊ အစ်မ မသန်းသန်းစိန်၊ ကိုအောင်ဦး၊ ကိုပြည့်စုံအောင် (ဖိုးသား)၊ Domain အလှူရှင်၊ Hosting အလှူရှင်၊ လာရောက် လည်ပတ်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေများအားလုံးနှင့် ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျွန်တော်တို့ အဖွဲ့ သားများကိုယ်စား ကျွန်တော့်အနေနဲ့  ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီပို့ စ်ကနေတဆင့် ပြောကြားလိုပါတယ်ခင်ဗျား။

ဒီရက်ပိုင်းထဲ ဆရာတော်တစ်ပါးရဲ့ တရားတော်တစ်ခုထဲက ဘုရားအဆုံးအမ ပါဠိမြန်မာပြန်စာသားလေးကို အချိန်တော်တော်များများမှာ သတိရနေမိတတ်ပါတယ်။ “ကုသိုလ်ကောင်းမှုကို လုပ်မယ်လို့ စိတ်ကူးရုံမျှနဲ့  အကျိုးများလှပြီလို့  ငါဘုရားဟောတော်မူ၏” တဲ့။ ဒါကတော့ ပါဠိကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ ဒီစာကြောင်းလေးဖတ်ရတိုင်း စိတ်ထဲမှာ ကြည်နူးမှုကို ခံစားရပါတယ်။ ဘာဖြစ်လို့ လဲတော့ မသိပါဘူးခင်ဗျာ။ စာဖတ်သူများ အားလုံးကိုလည်း ဒီဘုရားဟော အဆုံးအမလေးကို လက်ဆင့်ကမ်းရင်းနှင့်ဘဲ ဒီစာကို နိဂုံးချုပ်ပါတယ်ခင်ဗျာ။

စိတ္တုပ္ပာဒ မတ္တမ္ပိ ခေါ အဟံ စုန္ဒ ကုသလေသု ဓမ္မေသု ဗဟုပကာရော ၀ဒါမိ။

အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်

ဝိမုတ္တိသုခ
The Bliss Of Emancipation
21 April 2009 (TUE.)


No comments:

Post a Comment