Tuesday, March 17, 2009

ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ

ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ
သပြေကန်ဆရာတော်ကြီး

ဗောဇ္ဈင်
အမည်ရပုံ

‘ဗောဇ္ဈင်’ဆိုတာ ‘ဗောဇ္ဈင်င်္ဂ’ ဆိုတဲ့ ပါဠိမှ ဆင်းသက်လာတဲ့ ဝေါဟာရပဲ။

‘ဗောဇ္ဈင်င်္ဂ’ဆိုတာလည်း ‘ဗောဓိ’နဲ့ ‘အင်္ဂ’နှစ်ပုဒ်ကို ပါဠိနည်းအရ စပ်ထားတာ ဖြစ်ပါတယ်။

‘ဗောဓိ’မှာ ‘နိုးမှု’ ‘သိမှု’ အနက်နှစ်မျိုးနဲ့ ဆိုင်ပါတယ်။

အရိယာဖြစ်တဲ့ ဘုရားတပည့်ဟာ လောကုတ္တရာမဂ်ခဏမှာ သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ တရားခုနစ်ခု အစုအပေါင်းဖြင့် ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးလာတတ်တယ်။

သစ္စာလေးပါးကို သိတတ်တယ်။

နိဗ္ဗာန်ကို ကိုယ်တွေ့ အသိရောက် မျက်မှောက်ပြုတတ်တယ်။

ဒီတော့ သတိစသော တရားခုနစ်ပါး အပေါင်းဟာ ကိလေသာဆိုတဲ့ အိပ်ပျော်ခြင်းမှ နိုးကြောင်း၊ သစ္စာသိကြောင်း၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိကြောင်း တရားအစုဖြစ်လို့ ထိုတရား အစုအပေါင်းကို ‘ဗောဓိ’ ဆိုရပါတယ်။

‘သတိ’စသော တရားတခုခုကိုတော့ ထို‘ဗောဓိ’ခေါ်တဲ့ တရားအပေါင်း၏ အစိတ် ‘အင်္ဂ’ ဆိုရပါတယ်။

ဒါကြောင့် သတိစသော တရားတခုစီကို ‘ဗောဓိအင်္ဂ’၊ ဗောဓိခေါ် တရားအစုအဝေး၏ အစိတ်အင်္ဂါ - ဗောဇ္ဈင်င်္ဂလို့ ဆိုရခြင်း ဖြစ်ပါတယ်။

ဈာနင်္ဂ - ဈာနင်၊ မဂ္ဂင်္ဂ - မဂ္ဂင် ဆိုတဲ့ အမည်များလိုပါပဲ။

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တရားငါးပါးအပေါင်းကို ဈာန-ဈာန်လို့ ဆိုရပြီး၊ ထိုဈာနမည်တဲ့ တရားထဲက ဝိတက်စသော တခုတခုစီကိုတော့ ဈာနအင်္ဂ - ဈာန်၏အစိတ် ဈာနင်ဆိုရသလိုပါပဲ။

သမ္မာဒိဋ္ဌိစသော တရားရှစ်ပါးအပေါင်းကို မဂ္ဂ - မဂ် ဆိုရပြီး၊ ထိုအပေါင်းမဂ်တွင် ပါဝင်သော သမ္မာဒိဋ္ဌိစသော တရားတခုစီ တခုစီကိုတော့ မဂ္ဂအင်္ဂ - မဂ်၏အစိတ်အပိုင်း မဂ္ဂင် ဆိုရပါတယ်။

ဒီတော့ ဗောဓိနဲ့ ဗောဇ္ဈင်င်္ဂဟာ အပေါင်းနဲ့ အစိတ်အဖြစ်ဖြင့် ကွဲပြားကြတယ်။

သတိစသော တရားအပေါင်းနဲ့ အစိတ်သာ ဖြစ်ကြတယ်။

ဗောဇ္ဈင်အမည်ရပုံ တနည်း

တနည်းအားဖြင့် သစ္စာကို သိတတ်သောကြောင့် အရိယာဖြစ်တဲ့ ဘုရားတပည့်ကို ‘ဗောဓိ’ ဆိုရပါတယ်။

အရိယာ ဘုရားတပည့် သစ္စာသိတာ နောက်ကပြောခဲ့တဲ့ သတိစသော ခုနစ်ပါးအပေါင်းနဲ့ သိတာပါပဲ။

ဒါကြောင့် ဒီတရားအပေါင်းနဲ့ အရိယာသာဝကဟာ မကွဲမပြား တခုတည်းပါပဲ။

ဒါကြောင့်ပဲ ‘ဗောဓိ’ဆိုရတဲ့ အရိယာဘုရားတပည့်၏ အစိတ်အင်္ဂါလို့လည်း ဆိုရပါတယ်။

ဒါက ပညတ်အားဖြင့် ဗောဇ္ဈင်ဆိုရတဲ့နည်းပေါ့။

သေနင်္ဂ - စစ်တပ်အင်္ဂါ၊ ရထင်္ဂ - ရထားအင်္ဂါ အစိတ်အပိုင်း ဆိုတာလိုပါပဲ။

ဆင် မြင်း ရထား ခြေသည် အရာဝတ္ထုလေးခုအပေါင်းကို သေနာ - စစ်တပ် ခေါ်တယ်။

တကယ်တော့ ဆင် မြင်း ရထား ခြေသည် ဝတ္ထုသာ အရှိ။ စစ်တပ်ဆိုတာက ထိုလေးခုအပေါင်းကို အစွဲပြု ခေါ်ရတဲ့ အခေါ်ဝေါဟာရ ပညတ်သာ။

ဒီ ပညတ်ကလည်း သမ္မုတိအရ အရှိပဲမို့ စစ်တပ်လို့ပဲ ဆိုရပါတယ်။

အဲဒီ စစ်တပ်ရဲ့ အစိတ် ဆင် မြင်း စသည်ကိုတော့ သေနင်္ဂ - စစ်တပ်ရဲ့ အစိတ်အင်္ဂါ ဆိုပါတယ်။

ဒါလိုပဲ ဘီး ဝင်ရိုး စသော အစိတ်အပိုင်းတွေ စုပေါင်းမိတဲ့အခါ ‘ရထား’ဆိုတဲ့ ဝေါဟာရ ဖြစ်လာရတယ်။

တကယ်တော့ ဘီး ဝင်ရိုးစသော အစိတ်ဝတ္ထုသာ။ တကယ်အရှိ ‘ရထား’ဆိုတာက အမည်ဝေါဟာရ ပညတ်မျှပဲ။

သို့သော်လည်း ဝေါဟာရဟာ လောကသမ္မုတိ လူအများရဲ့ သမုတ်ချက်အရ အရှိပဲ။

ဒါကြောင့် ဘီး ဝင်ရိုး စသော အစိတ်အပိုင်းတွေ စုမိတဲ့အခါ ‘ရထား’ဆိုရပြီး၊ အစိတ်အစိတ် ဘီး ဝင်ရိုး စသည်ကိုတော့ ရထင်္ဂ - ရထား၏ အစိတ်အင်္ဂါ ဆိုရပါတယ်။

အဲဒါလိုပဲ အရိယာ ဘုရားတပည့်ဟာ ဒီတရားအပေါင်းနဲ့ သစ္စာသိတယ်။

အရိယာသာဝကဟာ တကယ်အရှိတော့ မဟုတ်ဘူး။

အဝိဇ္ဇမာန ပညတ်ခေါ်၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိတဲ့ ပညတ်ပါပဲ။

ဒီတရားအပေါင်း အစွဲပြု ပညတ်ထားတာဖြစ်တော့ တရားအပေါင်းရဲ့ အစိတ်ဟာ ပုဂ္ဂိုလ်၏ အစိတ်လို့လည်း ဆိုနိုင်ပါတော့တယ်။

ဒါကြောင့် ယခင် ပထမနည်းအရ သစ္စာသိကြောင်း သတိစသော တရားအပေါင်း၏ အစိတ်အပိုင်းဟုလည်းကောင်း၊ ယခုနည်းအရ သစ္စာမြင်သိ အရိယာသာဝက၏ အင်္ဂါ အစိတ်အပိုင်းဟုလည်းကောင်း ဗောဇ္ဈင်၏အနက်ကို သိရပါတယ်။

ဒါက အဋ္ဌကထာလာနည်းများ ဖြစ်ပါတယ်။

ပါဠိတော်နည်းကို ပြောကြဦးစို့။

ပါဠိတော်လာအရ ဗောဇ္ဈင်အနက်

ရဟန်းတပါးက “မြတ်စွာဘုရား ဗောဇ္ဈင်တွေ ဗောဇ္ဈင်တွေလို့ ဆိုကြပါတယ်၊ ဘယ်မျှလောက်သော အကြောင်းဖြင့် ဗောဇ္ဈင်တွေလို့ ဆိုအပ်ပါသလဲ”၊ ဤသို့လျှောက်ထားတဲ့အခါ -

“ဗောဓာယ သံဝတ္တန္တိ ခေါ ဘိက္ခု တသ္မာ ဗောဇ္ဈင်္ဂါတိ ဝုစ္စန္တိ”

ရဟန်း နိဗ္ဗာန်ကို သိခြင်းငှာ ဖြစ်ကြသောကြောင့် ဗောဇ္ဈင်တရားများဟု ဆိုရတယ်လို့ ဘုရားရှင်က ဖြေကြားတော်မူခဲ့တယ်။

ဒီ ဘုရားရှင် မိန့်ခွန်းတော်အရဆိုလျှင် ဗောဓိ - နိဗ္ဗာန်ကို သိခြင်း၏၊ အင်္ဂ - အကြောင်း၊ ဗောဇ္ဈင်င်္ဂ - နိဗ္ဗာန်ကို သိခြင်းအကြောင်းလို့ ဗောဇ္ဈင်အနက်ရလာပါတယ်။

ဒီအနက်က အမှတ်ရ လွယ်ပါတယ်။

ဒါကြောင့် နိဗ္ဗာန်ကို သိခြင်းအကြောင်းဖြစ်တဲ့ သတိစသော တရားများကို ဗောဇ္ဈင်လို့ ခေါ်ရကြောင်း ဒီပါဠိအရ မှတ်သားဖို့ပါပဲ။


(အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယဥပဥက္ကဌ၊ ကျမ်းပြုအကျော်၊ သပြေကန်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ၏ “ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ”၊ ဒုတိယအကြိမ်နှိပ်-၂၀၀၅၊ စာ ၃၇-၄၀)





Tha Pyay Kan Sayadaw _ 7 Baw Zin

No comments:

Post a Comment