Friday, March 6, 2009

သြ၀ါဒပါတိမောက် (သို့ ) မြတ်စွာဘုရားရှင်တိုင်း တို့ ၏ အဆုံးအမတော် (၄)

စိတ် (မနော) နှင့်ပတ်သက်၍ မဇ္ဈိမပဏ္ဏာသ၌ မြတ်စွာဘုရားဟောကြားထားသည်ကို ဤသို့ တွေ့ရပါသည်။

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးကို မပယ်ရသေးသော စိတ်၏ အနှောင်အဖွဲ့ ငါးပါးကို ကောင်းစွာ မဖြတ်ရသေးသော ရဟန်းသည် ဤသာသနာတော်၌ တိုးတက်စည်ပင် ပြန့်ပွားခြင်းသို့ ရောက်နိုင်ဖွယ် အကြောင်းမရှိ။"

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးဟူသည် အဘယ်တို့နည်းဆိုသော် ဤသာသနာ၌ ရဟန်းသည် ဘုရား၊ တရား၊ သံဃာ အကျင့်သိက္ခာတို့၌ ယုံမှား၏။ သို့လော - သို့လော တွေးတော၏။ သက်ဝင်ကြည်လင်ခြင်းမရှိ၊ သီတင်းသုံးဖော်တို့အား မကျေနပ် မနှစ်သက်သော စိတ်ရိုင်းကို၊ ရဟန်း၏ စိတ်သည် အားထုတ်ကျင့်ကြံရန် လိုက်နာရန် မတိမ်းညွှတ်။ ဤသို့ ဘုရား၌ ယုံမှား၊ တရား၌ ယုံမှားခြင်းစသည်တို့သည် စိတ်၏ ငြောင့်တံသင်း ငါးပါးဖြစ်၏။

“ ရဟန်းတို့၊ စိတ်၏ အနှောင်အဖွဲ့ ငါးပါးဟူသည် အဘယ်တို့နည်းဆိုသော် ဤသာသနာ၌ ရဟန်းသည် ကာမဂုဏ်၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ ကိုယ်၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ ရုပ်အဆင်း၌ မကင်းသော တပ်စွန်းခြင်းရှိ၏။ အလိုရှိသလောက် ဝမ်းပြည့်ရုံစားပြီး၊ အိပ်စက်ရခြင်း ချမ်းသာ၊ လဲလျောင်းနေရခြင်း ချမ်းသာ၊ ငိုက်မျဉ်းနေခြင်း ချမ်းသာတို့ကို အစဉ်အားစိုက်၍ နေ၏။ ငါသည် ဤအကျင့်သီလဖြင့် နတ်တစ်ပါးပါး ဖြစ်ရလိမ့်မည်ဟု တစ်ခုခုသော နတ်လောက၌ တောင့်တလျက် အကျင့်မြတ်ကို ကျင့်၏။ ရဟန်းတို့၊ ဤကာမဂုဏ်၌ မကင်းသော တပ်စွန်းမှုရှိခြင်း စသည်တို့ကို စိတ်၏ အနှောင်အဖွဲ့ ငါးပါးဖြစ်၏။

“ ရဟန်းတို့၊ စိတ်၏ ငြောင့်တံသင်း ငါးပါးကို ပယ်ပြီးသော စိတ်၏ အနှောင်အဖွဲ့ ငါးပါးကို ဖြတ်ပြီးသော ရဟန်းသည် ဤသာသနာ၌ တိုးတက်စည်ပင် ပြန့်ပွားခြင်းသို့ ရောက်နိုင်ဖွယ် အကြောင်းရှိပေ၏။ "

ထိုမှတစ်ပါး နေနှင့်လ တို့၏ နေနှင့်လ တို့၏ အညစ်အကြေး ငါးပါးရှိသကဲ့သို့ ပုထုဇဉ်တို့၏ စိတ်သန္တာန်တွင်လည်း အညစ်အကြေး ငါးပါးရှိကြောင်း ကြားနာဖတ်ရှုရဖူးပါသည်။

ပကတိ ပင်ကိုအားဖြင့် ကြည်လင်ရွှန်းပသော နေနှင့်လ တို့အား -

(၁) ဆီးနှင့်များ ဖုံးအုပ်သောအခါ၊
(၂) နွေဦးကာလ မြူထသောအခါ၊
(၃) တိမ်ဖုံးအုပ်သောအခါ၊
(၄) အသူရိန်နတ် ဖမ်းစားသောအခါ၊
(၅) မီးခိုးများ ဖုံးအုပ်သောအခါ။

ဤ ငါးပါးအနက် တစ်ပါးပါးက အနှောင့်အယှက်ပြုလျှင် ညှိုးမှိန်မည်းမှောင်စေတတ်သကဲ့သို့ ထို့အတူ ပကတိပင်ကိုအားဖြင့် ရွှန်းပကြည်လင်နေသောစိတ်ကိုလည်း -

(၁) လောဘ၊
(၂) ဒေါသ၊
(၃) မောဟ၊
(၄) မိဒ္ဓ၊
(၅) ဝိစိကိစ္ဆာ။

ဤငါးပါးတို့မှ တစ်ပါးပါးတို့က အနှောင့်အယှက်ပြုလျှင် မကြည်မလင် မရွှင်မပျ နောက်ကျိသွားလေ၏ ဟူသတည်း။ သဂါထာဝဂ္ဂဒေဝတာ သံယုတ်တွင်လည်း ဤသို့တွေ့ရသည်။

စိတ္တေန နိယျတိလောကော = စိတ်သည် လောကကို ရှေ့ဆောင်၏။
စိတ္တေန ပရိကဿတိ = စိတ်သည် လောကကို ဆွဲငင်၏။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူတိ = အလုံးစုံသော တရားတို့သည်သာလျှင် စိတ်ဟုဆိုအပ်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏။


(ဤဆောင်းပါးကို http://kyawkyawoo81.blogspot.com မှ တဆင့်ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

No comments:

Post a Comment