Thursday, February 26, 2009

စိပ်ပုတီးမှတဆင့်....... (၁)

(အောက်တွင်ဖော်ပြမည့်ဆောင်းပါးပါ အကြောင်းအရာများသည် ဓမ္မမိတ်ဆွေတစ်ဦးနှင့် ဗဟုသုတအလို့ ငှာ တရားဆွေးနွေးရင်း သိရှိခဲ့သောအကြောင်းအရာများကို တဆင့်ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။ ပါဝင်သောအကြောင်းအရာများသည် ဗုဒ္ဓစာပေကျမ်းဂန်များနှင့် ကိုက်ညီမှုရှိချင်မှရှိမည်ဖြစ်ကြောင်းကို ကြိုတင်အသိပေးလိုပါသည်။ သို့ သော် ဖတ်ရှုသူများအတွက်နှင့် စမ်းကြည့်ချင်သူများအတွက် အကျိုးယုတ်စရာ မဖြစ်နိုင်ဟု ယုံကြည်ယူဆမိပါသဖြင့် ရေးသားဖော်ပြခြင်းဖြစ်ပါသည်။)

*************************************************************************************
ဗုဒ္ဓဘာသာဝင်မြန်မာအများစုတို့ သည် စိပ်ပုတီးစိတ်ခြင်းကို ဘာသာရေးကျင့်စဉ်တစ်ခု အနေဖြင့်လက်ခံကျင့်သုံးလာခဲ့ကြသည်မှာ ရာစုနှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်ပါသည်။ တချို့ ပုဂ္ဂိုလ်များကလည်း စိပ်ပုတီးကို ထေရ၀ါဒဘုရားဟောနှင့် မညီဟု ယုံကြည်ယူဆလျက် လက်မခံခဲ့ကြပါ။ တချို့ ကတော့ လောကီစီးပွားနှင့် ဂမ္ဘီရကျင့်စဉ်များနှင့် စပ်ဆက်ပြီး လက်ခံအသုံးပြုနေကြသည်များလည်းရှိနေပါသည်။

ဗုဒ္ဓမြတ်စွာဘုရား၏အဆုံးအမ စစ်စစ်ကိုမှ လက်ခံကျင့်သုံးချင်ခဲ့သော ကျွန်တော်သည်လည်း တစ်ချိန်တုန်းက စိပ်ပုတီးကို ရှောင်ဖယ်ဖယ်နေမိခဲ့ဖူးပါသည်။ နောက်ပိုင်းမှာတော့ ဗုဒ္ဓက ကောင်းမှုမှန်သမျှကိုလုပ်ပါလို့ ဆုံးမခဲ့တာကိုသတိထားမိပြီး၊ စိပ်ပုတီးစိတ်ခြင်းဟာ ဘာမှမလုပ်ဘဲနေ နေတာထက်စာရင်တော့ ကုသိုလ်စိတ်ဖြစ်နေတာဘဲလို့ တွေးမိပြီး အားတဲ့အချိန်လေးတွေမှာ တခြားထွေထွေထူးထူးမလုပ်ဖြစ်တဲ့ အချိန်တွေမှာ စိပ်ပုတီးနှင့် ဂုဏ်တော်ပွားတာမျိုးကို ပြန်လုပ်ဖြစ်ခဲ့ပါတယ်။

တစ်ရက်တော့ ကျွန်တော်နှင့် အလွန်ရင်းနှီးတဲ့ ဓမ္မမိတ်ဆွေ အစ်ကိုတစ်ဦးနှင့် စကားစပ်မိရင်း စိပ်ပုတီးအကြောင်းဆွေးနွေးဖြစ်ပါတယ်။

ကျွန်တော် -
အစ်ကို၊ လူတော်တော်များများ ပုတီးစိတ်ကြတယ်နော်၊ ပုတီးစိတ်တာ ဘာပဲဖြစ်ဖြစ် စိတ်တော့ငြိမ်တာဘဲ။
မိတ်ဆွေ - အင်း....ဘယ်လိုပြောရမလဲညီလေးရ။ အတိုင်းအတာတစ်ခုအထိတော့ စိတ်ငြိမ်မှုရတာဟုတ်တယ်။ ဒါပေမဲ့ တကယ်က ပုတီးစိတ်ရင် စိတ်ငြိမ်ဘို့ ဆိုတာ မလွယ်ဘူး။
ကျွန်တော် - အစ်ကို့ စကားက တစ်မျိုးကြီးပါလား။ တော်တော်များများကကျတော့ စိတ်ငြိမ်အောင်ဆိုပြီး ပုတီးကိုင်ကြတာဘဲ။
မိတ်ဆွေ - သူတို့ တွေ တကယ်သတိမထားမိလို့ ပါ။ ပုတီးစိတ်တာ သူ့ သဘာဝအတိုင်းဆို စိတ်ကို ငြိမ်အောင်ထားလို့ မရဘူး။
ကျွန်တော် - ရှင်းပြပါအုံး အစ်ကိုရ။ ဘာကိုဆိုလိုတာလဲ။
မိတ်ဆွေ - ပုတီးစိတ်တဲ့သူဟာ တစ်ချိန်ထဲမှာ အလုပ် (၃) လုပ်ကို တပြိုင်တည်းလုပ်ရတယ်။ လက်ကလည်း လှုပ်ရတယ်၊ ပါးစပ်ကလည်း ရွတ်ရတယ်၊ စိတ်ထဲကလည်း ကိုယ်ရွတ်တဲ့ ဂါထာ (ဒါမှမဟုတ်) ဘုရားစာကို အာရုံပြုနေရတယ်။ စိတ်ရဲ့ သဘောက ညီလေးလည်း သိတဲ့အတိုင်း တစ်ချိန်မှာ တစ်ခုတည်းဘဲသိလို့ ရတယ်။ ဒီတော့ ပုတီးစိတ်နေတဲ့သူဟာ ဘယ်လို စိတ်ကို ငြိမ်အောင်လုပ်လို့ ရမလဲ။ သူ့ မှာ အလုပ်တွေအများကြီးကို တစ်ချိန်မှာ တစ်ပြိုင်တည်းလုပ်နေရတာ။
ကျွန်တော် - ဒါဆို အစ်ကိုဆိုလိုချင်တာက ပုတီးသမားဟာ စိတ်ကို အပေါ်ယံငြိမ်အောင်လောက်ဘဲ လုပ်လို့ ရမယ်။ တရားအားထုတ်တဲ့ ယောဂီလို ဧကဂ္ဂတာ ကျတဲ့အဆင့်ထိ လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား။
မိတ်ဆွေ - ဒီလိုလည်း စကားကုန်ပြောလို့ မရပြန်ဘူးညီလေးရ။ တချို့ လူတွေ အစ်ကို တွေ့ ဖူးတာရှိတယ်။ ပုတီးစိတ်ရင်း စိတ်က သမာဓိတကယ်ရတဲ့အချိန်မှာ ခုနကပြောခဲ့တဲ့ အလုပ်တွေထဲက တစ်ခုဘဲကျန်ခဲ့ပြီး ကျန်တာတွေက သူ့ အလိုလို ရပ်သွားတတ်ကြတာတွေကြုံဖူးတယ်။ ဥပမာကွာ- အရဟံဂုဏ်တော်ပွားနေတဲ့သူဆိုပါတော့။ သူတကယ် သမာဓိအားကောင်းသွားပြီဆိုရင် ဖြစ်နိုင်ချေရှိတာတွေက သူစိတ်နေတဲ့ပုတီးစေ့ကို ဆက်မစိတ်နိုင်တော့ဘဲရပ်သွားမယ်၊ ပြီးတော့ပါးစပ်ကရွတ်နေတာလည်းဘဲရပ်သွားမယ်၊ သူ့ စိတ်က အရဟံဂုဏ်တော် အပေါ်မှာဘဲကြည်ညိုတဲ့စိတ် တစ်ခုတည်း ဖြစ်နေတော့မယ်။ အဲဒီလိုမှမဟုတ်ဘဲ နောက်တစ်မျိုးဖြစ်နိုင်တာက ပါးစပ်ကရွတ်နေတာနှင့် စိတ်ထဲကဂုဏ်တော်အာရုံပြုနေတာရပ်သွားပြီး လက်ချောင်းလေးတွေက ပုတီးလုံးကိုစွဲချနေတဲ့ဆီမှာဘဲ သူ့ စိတ်ကရောက်သွားတာမျိုးလည်းဘဲ ဖြစ်သွားနိုင်တယ်။ စိတ်က အာရုံတစ်ခုကိုဘဲ ယူလိုက်တော့တဲ့သဘောပေါ့ကွာ။
ကျွန်တော် - သြော်..ပုတီးစိတ်ရင်း ဒါမျိုးတွေ ဖြစ်တတ်သလားဗျ။
မိတ်ဆွေ - ဖြစ်တတ်ကြတယ်။ ဒါကြောင့် တစ်ချို့ တွေပြောတာကြားဖူးလိမ့်မယ်။ အိပ်လဲမငိုက် စိတ်လဲမလွင့်ဘဲ ပုတီးစိတ်ရင်း ပုတီးလက်ကလွတ်ကျသွားတယ်တို့ ၊ ရွတ်နေတဲ့စာသားပျောက်သွားလို့ ဘယ်ကစရွတ်ရမှန်းမသိဖြစ်သွားတယ်တို့ ဆိုတာမျိုးပေါ့။ တကယ်ကအဲဒီလို အတွေ့ အကြုံမျိုးဖြစ်တဲ့အချိန်မှာ ဓမ္မဗဟုသုတလေးရှိရင် သူတို့ အတွက်ကောင်းမယ်။
ကျွန်တော် - ဒါဆို အဲဒီလိုမျိုးအနေအထားဖြစ်ရင် ဘာဆက်လုပ်သင့်သလဲအစ်ကို။
မိတ်ဆွေ - အဲဒီအခြေအနေကတော့ ပုတီးစိတ်တဲ့သူအနေနဲ့ သမာဓိအတော်အသင့်ထူထောင်မိပြီဆိုတဲ့သဘောကို ပြောတာဘဲ။ အဲဒီနောက်ပိုင်းကတော့ သူဘာဆက်လုပ်ချင်သလဲဆိုတာ ပေါ်မှာမူတည်တယ်။ လောကီဘက်ဆက်လိုက်မလား။ လောကုတ္တရာဘက်လိုက်မလား။ ဒါကတော့ သူ့ အားသန်ရာပေါ့။
ကျွန်တော် - လောကုတ္တရာဘက်ကျတော့ အဲဒီနေရာကနေ ဘယ်လို ဆက်လိုက်ရလဲအစ်ကို။
မိတ်ဆွေ - ဒါကတော့ညီလေးရာ။ အစ်ကိုတို့ တရားအားထုတ်တဲ့ ယောဂီတွေ ၀င်လေထွက်လေတို့ ၊ ဖောင်းတယ်ပိန်တယ်တို့ မှတ်လို့  သမာဓိအတော်လေးထူထောင်ပြီးချိန် ၀ိပဿနာဘက်ကူးသလိုဘဲပေါ့။ ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ ထင်ရှားတဲ့အာရုံတွေကို ဆက်ပြီးမှတ်ရုံရှိတော့တာပေါ့။
ကျွန်တော် - အား...သဘောပေါက်ပြီ အစ်ကို။ ဒီလိုဆိုတော့လည်း စိပ်ပုတီးကလည်း ဘယ်ဆိုးလို့ လဲ။ အသုံးချတတ်ရင် ခရီးရောက်တာဘဲ။
မိတ်ဆွေ - ဟုတ်တာပေါ့ညီလေးရာ။ အမှန်က စိပ်ပုတီးကလည်းဘဲ ၀ိပဿနာတရားအားထုတ်မယ့် သမာဓိထူတောင်ချင်တဲ့သူတွေအတွက် Tool တစ်ခုပါဘဲ။ သုံးတတ်ရင်ပေါ့။

(ပုတီးစိတ်နည်းတင်ပေးပါလို့  တောင်းဆိုဖူးတဲ့ ကိုဒေါင်းမင်းအတွက် ဒီပို့ စ်လေးကို တင်ပေးလိုက်ပါတယ်။ ကိုဒေါင်းမင်းလိုချင်တဲ့ပုံစံနှင့် အံဝင် မ၀င်တော့ မကျိန်းသေပါဘူးဗျာ။ ကျွန်တော်လည်း သိထားတာလေးတွေထဲက ကြိုးစားပြီးရေးတင်ပေးလိုက်တာပါ။ )

No comments:

Post a Comment