Monday, February 23, 2009

မင်္ဂလသုတ်မှ မှတ်သားမိသမျှ (၂)

ဒါန၏ လက်ငင်းအကျိုး

ပဉ္စဂုင်္တ္တရ(၃၃)၌ သီဟစစ်သူကြီးက “ဒါန၏ မျက်မှောက်ဘ၀၌ပင် ရမည့်ကိုယ်တွေ့ အကျိုးကို ညွှန်ပြနိုင်ပါသလား” ဟုလျှောက်ရာ ညွှန်ပြနိုင်ကြောင်း မိန့် တော်မူ၍ အကျိုးငါးပါး ဟောကြားတော်မူခဲ့သည်။ ထိုအကျိုးများကား-
(၁) လူအများချစ်မြတ်နိုးခံရခြင်း။ တိရစ္ဆာန်များပင် ပေးသူကိုချစ်ခင်ကြ၏။ ဤအကျိုးမှာ အကျိုးလိုလားမေတ္တာထားခြင်းဖြင့် ရအပ်သောအကျိုးပင်။
(၂) သူတော်ကောင်းများ အလှူရှင်ထံ ချဉ်းကပ်လာခြင်း။ မလှူသူ့ ထံ မည်သူမျှမလာလိုကြ၊ သူတော်ကောင်းများ လာခြင်းလာလျှင် အလှူရှင်ထံသာ ရောက်လာမြဲတည်း။ သူတော်ကောင်းများ ရောက်လာခြင်းဖြင့် ကုသိုလ်ဖြစ်ခြင်း၊ အဖိုးတန်တရားလက်ဆောင်များ ရခြင်းဖြင့် အကျိုးများလှပေသည်။
(၃) ကောင်းသတင်းကျော်ဇောခြင်း။ သူများကောင်းစားအောင် အကျိုးဆောင်သူမှာ မိမိက ဂုဏ်လုပ်ဖွယ် ပကာသနပြုဖွယ်မလိုပါ။ အများကပင် ဖော်ထုတ်ဂုဏ်တင်လျက် ရှိကြ၍ အစဉ်သတင်းမွှေးလျက် ရှိရသည်။
(၄) မည်သည့်ပရိသတ်ထဲသို့ မဆို ရဲရဲဝံ့ဝံ့ ၀င်ရောက်နိုင်ခြင်း။ မကောင်းမှုပြုထားသူမှာ မိမိအပြစ်တွေး၍ ရွံ့ တတ်လန့် တတ်သော်လည်း သူတပါးအချီးမွမ်း အချစ်အခင် ခံနေရသော ကောင်းမှုရှင်မှာ တွေး၍ရွံ့ စရာ လန့် စရာ မမြင်သဖြင့် အစဉ်ရဲဝံ့လျက် ရှိလေသည်။
ဤအကျိုးလေးပါးကား မျက်မှောက်အကျိုးများတည်း။
(၅) သေသော် နတ်ပြည်ရောက်ရခြင်းတို့ တည်း။

“အများချစ်အပ်၊ သူမြတ်တို့ ချဉ်း၊ ကောင်းသတင်းကြွယ်၊ ပွဲလယ်ဝင်ရဲ၊ ခန္ဓာစဲသော်၊ ရောက်မြဲနတ်ထံ၊ ဤငါးတန်၊ ရရန်လှူကျိုးတွေ။”

ဒါနသံသရာ ရှည်သလော။ ။
အချို့ ကဒါနကို သံသရာရှည်စေတတ်သော တရားဟု ကြောက်လန့် ဖွယ် အဖြစ်ဆိုကြ၏။ သံသရာဝဋ်မှ ကျွတ်လွတ်ရန် လိုလားကြသော အလောင်းတော်များ ဒါနကို လိုလိုလားလား ပြုခဲ့ကြသည်မှာ သံသရာမှလွတ်ကြောင်း ဖြစ်သောကြောင့်သာဖြစ်သည်။ တဏှာသည်သာ သံသရာရှည်ကြောင်းဖြစ်၏။ နည်းမှန်လမ်းမှန်ပြုသော ဒါနမှာ တဏှာကို ပယ်နိုင်ကြောင်းဖြစ်၏။ အလောင်းတော်များမှာ ခုဘ၀ နောင်ဘ၀ သာယာရေးအတွက် မိမိဖို့ ရာ ဘာတစ်ခုမှ မတောင့်တကြ။ သတ္တ၀ါများ ကောင်းစားစေလို ချမ်းသာစေလိုသော စေတနာသာ ထား၍ ပေးကမ်းကြ၏။ ဤဒါနမျိုးကို ပါရမီမြောက်ဒါနဟုဆို၏။ အကယ်၍ တောင့်တလိုလျင်လည်း သံသရာဝဋ်မှ လွတ်ရေးသာ တောင့်တသင့်၏။ သံသရာဝဋ်မှ လွတ်ရန် တောင့်တခြင်းမှာ တဏှာမဖြစ်ပေ။ ထိုဒါနမျိုးကို ၀ိဝဋ္ဋနိဿိတ ဒါနဆို၏။ တဏှာဆန္ဒမကင်းသော ၀ဋ္ဋနိဿိတ ဒါနမျိုးမှာ သံသရာလည်ကြောင်းဖြစ်သော်လည်း တဏှာမပါသော ၀ိဝဋ္ဋနိဿိတမှာ သံသရာမှ မြန်စွာလွတ်ကြောင်းပင်ဖြစ်သည်။

မကြောက်ထိုက်။ ။ ဒါနရှင်မှာ ပေးလှူခိုက် မေတ္တာ၊ ဂရုဏာ၊ မုဒိတာများ ဖြစ်ပွားလျက်ရှိရာ အလှူခံတို့  ခံယူသုံးဆောင်သည်ကို အားရကြည်နူး ရွှင်မြူးဝမ်းသာ စိတ်ချမ်းသာလျက် ရှိနေ၏။ နောင်အခါ တွေးမိတိုင်းလည်း ၀မ်းသာကြည်နူး ရွှင်မြူးလျက်ရှိ၏။ ဤသည်တို့ မှာ လက်တွေ့ ခံစားရသော ဒါနအကျိုးတရားများပင်။ သူတစ်ပါးအပေါ် မေတ္တာ၊ ဂရုဏာ၊ မုဒိတာပွားလျက်ရှိသောကြောင့်လည်း မာန၊ ဒေါသ၊ လောဘ၊ ဣဿာ၊ မစ္ဆရိယစသော တရားဆိုးများ ကင်းရှင်းလျက်ရှိရာ ထိုတရားများ ပါးကြောင်းဖြစ်သော ဒါနကို မလိုက်နာ၊ မပြုကျင့်ထိုက်ပဲ ရှိပါမည်လော။ ဒါနကို ကြောက်သူမှာ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပြီအထင်ဖြင့် ကြောက်ပြေးသော ယုန်မိုက်ပမာ မကြောက်ထိုက်သည်ကို ကြောက်ခြင်းသာ။

ဆုံးရှုံးမှု။ ။ အချို့ မယုံ၍ မိမိမူကား သုံးစား၏။ ထိုသူမျိုးကား ဘ၀နောင်ရေးအတွက် ရှူံးသူဖြစ်သော်လည်း ဤဘ၀မရှူံး၍ တော်သေး၏။ တချို့ မူ လှူလည်း မလှူ၊ စားလည်း မစားရက်။ ထိုသူမျိုးမှာ သာ၍ ဆုံးရှူံးသောသူတည်း။ ထိုသူမျိုးကို ပန်းထိမ်သမားတို့ ၏ ဖားဖိုကဲ့သို့  အသက်ရှူလျက် အသက်မရှင်သူ (သေသူ) ဟု ပညာရှိတို့  ဆိုကြသည်။

(သပြေကန်ဆရာတော်ဘုရားကြီး၏ ပရိတ်ကြီးနိဿယသစ် စာမျက်နှာ ၁၂၈-၁၃၀ မှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment