Thursday, February 19, 2009

မင်္ဂလသုတ်မှ မှတ်သားမိသမျှ (၁)

သုခ (၄) မျိုး

(၁) အတ္ထိသုခ - ငါ့မှာရှိသည်ဟု တွေးမိသောအခါဖြစ်သော ချမ်းသာ။ အလုပ်ကြိုးစားခြင်းဖြင့် ပစ္စည်းတွေရလာ သောအခါ ငါ့မှာပစ္စည်းရှိသည်ဟု တွေးမိတိုင်းဖြစ်သော စိတ်ချမ်းသာမှု ၀မ်းသာအားရမှုတည်း။

(၂) ဘောဂသုခ - သုံးဆောင်ခံစားခြင်းကြောင့်ဖြစ်သော ချမ်းသာ။ အလုပ်ကြိုးစားခြင်းဖြင့် ရလာသော ပစ္စည်းဥစ္စာတွေကို သုံးဆောင်ခံစားရသောအခါ ဖြစ်သောချမ်းသာမှု ၀မ်းမြောက်မှုတည်း။

(၃) အာနဏျသုခ - ကြွေးမရှိသောကြောင့် ဖြစ်သော ချမ်းသာ။ ကြွေးတင်နေသောသူမှာ ထိုကြွေးအတွက် အမြဲပူပန်ရခြင်း၊ ကြွေးမဆပ်နိုင်သောအခါ စိတ်ဆင်းရဲရခြင်း၊ ကြွေးရှင်တို့ အကြိမ်းအမောင်းခံရခြင်း၊ တရားစွဲခံရခြင်းစသည်ဖြင့် ဒုက္ခများလှ၏။ အလုပ်ကြိုးစား၍ ပစ္စည်းပြည့်စုံလာသူမှာ ထိုကြွေးဒုက္ခမရှိ၍ မိမိ၏ကြွေးမြီကင်းရှင်းပြည့်စုံခြင်းကို တွေးမိတိုင်း ပီတိသောမနဿဖြစ်ရသော စိတ်ချမ်းသာမှုပင်တည်း။

(၄) အန၀ဇ္ဇသုခ - အပြစ်မရှိခြင်းကြောင့် ဖြစ်သောချမ်းသာ။ မိမိ၌ အပြစ်မရှိသော ကိုယ်၊ နှုတ်၊ စိတ်ထား သုံးပါးပြည့်စုံသည်ကို တွေးမိသောအခါ ဖြစ်သော စိတ်ချမ်းသာမှုတည်း။

အားလုံးသောချမ်းသာများမှာ တရားသဖြင့်ရလာသော ပစ္စည်းများကြောင့် ဖြစ်ရသောချမ်းသာများတည်း။ မတရားစီးပွားရှာသူမှာ မိမိ၏မတရားမှုကို အာရုံပြုမိသောအခါ စိတ်ဆင်းရဲတတ်ရာ အဘယ်မှာ စိတ်ချမ်းသာမှု အပြည့်အစုံရပါအံနည်း။

(သပြေကန်ဆရာတော်ဘုရားကြီး၏ ပရိတ်ကြီးနိဿယသစ် စာမျက်နှာ ၁၂၂-၁၂၃ မှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment